အခန်း (၉၂)
Vol. 7 Ch. 92
"ကျိုးဧကရာဇ်မင်းမြတ်ခင်ဗျာ၊ ဒါက ဘာတွေပါလဲ...?" ယဲ့ကျွင်းလင်သည် ဘေးပတ်ပတ်လည်ရှိအငွေ့အသက်များကို မျက်လုံးအားမှေးကျဥ်းလျက်အကဲခတ်ရင်း မေးလိုက်သည်။
သူ၏ မှတ်ဉာဏ်များအရ ထိုကဲ့သို့သော ပြည်ထောင်မင်းဆက်များသည် ဂိုဏ်းများ၊ အထက်တန်းလွှာ မိသားစုများနှင့် မတူဘဲ တိုင်းပြည်ကံကြမ္မာဟု ခေါ်သော လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုကို ဝှက်ဖဲတစ်ဖြစ်လဲ အားသာချက်တစ်ခုအဖြစ် ပိုင်ဆိုင်ထားသည်။
ထို တိုင်းပြည်ကံကြမ္မာဆိုသည့်အရာ၏ အကျိုးသက်ရောက်မှုသည် အလွန်နက်နဲလှ၏။ ၎င်းသည် ကျင့်ကြံရေးကို အထောက်အကူပြုနိုင်ရုံသာမက၊ ဒဏ်ရာဒဏ်ချက်များကိုလည်း ကုသပေးနိုင်ပြီး ကိုယ်ကာယအင်အားကိုပင် တိုးမြှင့်ပေးနိုင်သည်။
တိုင်းပြည်ကံကြမ္မာကို တည်ဆောက်ရာတွင် အခြေခံအုတ်မြစ်မှာ သာမန်ပြည်သူများဖြစ်လေသည်။
ထီးနန်းထက်မှ အုပ်စိုးသူသည် တိုင်းပြည်ကံကြမ္မာ၏ ကောင်းချီးကို ခံယူလိုပါက ပြည်သူအများအပြား၏ အသိအမှတ်ပြုမှုကို ခံယူရမည်ဖြစ်၏။
ထို့ကြောင့် တိုင်းပြည်ကံကြမ္မာ တည်ဆောက်ခြင်းဆိုသည်မှာ ဘုရင်နှင့်ပြည်သူကြား နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းဟု ဆိုရပေမည်။
ဆိုရိုးစကားအရ ရေစီးသည် လှေကို ခရီးတွင်နိုင်စေသကဲ့သို့ မှောက်လိုမှောက်၊ လှန်လိုလှန် ပြုသမျှလည်း နုစေနိုင်သည်။
ယခုအချိန်တွင် ကျိုးဧကရာဇ်၏ ခန္ဓာကိုယ်အခြေအနေသည် သိပ်တော့ ကောင်းမွန်နေပုံမပေါ်ပေ။ သူသည် မဟာကျိုးပြည်ထောင်၏ တိုင်းပြည်ကံကြမ္မာကို အသုံးပြု၍ ဒဏ်ရာများကို ကုသနေပြီး အရာရာကိုသတိချပ်နေရကာ မည်သည့်အချိန်တွင်မဆို ပျံသန်းတိမ်းရှောင်ရန် အသင့်ပြင်ထားသော ကြောက်လန့်နေသည့်ငှက်တစ်ကောင်အလား။
"အိုး၊ ထိပ်သီးကျင့်ကြံသူအရှင်ယဲ့ရှေ့မှာ ရယ်ချင့်စဖွယ်တွေတော့ ဖြစ်ကုန်ပါပြီ"
ကျိုးဧကရာဇ်က ခပ်မဲ့မဲ့ပြုံးလျက် ပြောလာသည်။
ယဲ့ကျွင်းလင်ကို ပထမဆုံး မြင်သောအခါ သူသည် ထိုသူ၏ ငယ်ရွယ်သော အသွင်အပြင်ကို အနည်းငယ် အံ့အားသင့်သွားရသည်ပင်။ အကြောင်းမှာ အမျိုးမျိုးသော ကောလာဟလများအရ ဤသူသည် ဇရာထောင်းနေသော၊ လက်ပေါက်ကပ်လှသော၊ ရှေးရိုးစွဲ ဆံဖြူအဘိုးအိုတစ်ဦး ဖြစ်လိမ့်မည်ဟု ကျိုးဧကရာဇ်၏ မသိစိတ်တွင် စွဲမှတ်မိခဲ့လေသည်။
ထိုထက်အရေးကြီးသောအချက်မှာ ကျိုးဧကရာဇ်သည် သူ၏ ပြီးပြည့်စုံသော အထွဋ်အထိပ်သို့တက်ရောက်ခြင်း ကျင့်ကြံဆင့်ဖြင့်ပင် ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်အတိအကျကို မမြင်နိုင်ခြင်းပင်။
"ဒီလူက သူ့ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ဖို့ ကျင့်စဥ်တစ်ခုခု သုံးထားတာများလား?" ကျိုးဧကရာဇ် စိတ်ရှုပ်ရှုပ်ဖြင့် တွေးလိုက်မိသည်။
သို့သော်လည်း ဟွမ်ကျိုးနယ်တိုက်ပွဲမှ ကြားသိရသောသတင်းများအရ ကျိုးဧကရာဇ်သည် ယဲ့ကျွင်းလင်အပေါ် လွန်စွာအထင်ကြီးလေးစားမိလှပေ၏။
အကြောင်းမှာ တိုင်းပြည်တစ်ခုလုံး၏ ကံကြမ္မာကို သယ်ဆောင်ထားသော သူဧကရာဇ်ကိုယ်တိုင်မှလွဲ၍ မဟာကျိုးပြည်ထောင်တစ်ခုလုံးတွင် အရှင်ယဲ့ကို ခြိမ်းခြောက်နိုင်သူ တစ်ဦးတစ်လေမှ မရှိသောကြောင့်ဖြစ်သည်။
ယဲ့ကျွင်းလင်က "ကျိုးဧကရာဇ်မင်းမြတ်၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အတိအကျ ပြောပြနိုင်မလား?" ဟု မေးခွန်းစလိုက်သည်။
ကျိုးဧကရာဇ် တမင် ချောင်းဟန့်လိုက်သည်။ အိမ်ရှေ့မင်းသားလည်း အရိပ်အကဲနားလည်စွာဖြင့် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများကို ခန်းမကြီးမှ ထွက်ခွာရန် အချက်ပြလိုက်ပြီး လူအနည်းငယ်သာ ချန်ရစ်စေခဲ့၏။
"မရဏချောက်ကမ်းပါးက ဝိညာဥ်မျိုးနွယ်စုဟာ ကိုယ်တော်တို့ကျိုးပြည်ထောင်ကို အကြောင်းမဲ့သက်သက် လာရောက်တိုက်ခိုက်ခဲ့တာပါပဲ၊ မဟာကျိုးပြည်တစ်ခုလုံး လုံးဝမျှော်လင့်မထားခဲ့တဲ့ အဖြစ်အပျက်ကြီးပေါ့၊ တရားရုံးဝန်ကြီးများကတော့ နန်းတော်ထဲမှာ ဝိညာဉ်မျိုးနွယ်စု လိုချင်တပ်မက်နေတဲ့ ဘဏ္ဍာပစ္စည်းတစ်ခုခု ရှိနေတာကြောင့်ဖြစ်မယ်လို့ ခန့်မှန်းနေကြတယ်၊ ဒါကြောင့် သူတို့ ဒီလောက် အင်အားအများကြီး စုစည်းခဲ့တာလို့ ယူဆရတာပါပဲ"
ကျိုးဧကရာဇ်သည် အားကိုးရာမဲ့စွာ သက်ပြင်းချလျက် ညည်းညူလိုက်သည်။ "ဒါပေမယ့် ပြဿနာက မဟာကျိုးရဲ့ အရှင်သခင်ဖြစ်တဲ့ ကိုယ်တော်တောင် သူတို့လိုချင်လှပါချည်ရဲ့ဆိုတဲ့ ပစ္စည်းက ဘာလဲဆိုတာ မသိသေးပါဘူး"
ယဲ့ကျွင်းလင်လည်း ခဏတာ စကားလုံးပျောက်ရှသွားရ၏။ ဒါဆို ဘုရင်ကိုယ်တိုင်တောင် ဘာမှမသိထားဘူးပေါ့?
"ဒါဆိုရင် အရှင်မင်းမြတ် ဒီဒဏ်ရာတွေကို ဘယ်လိုရခဲ့တာပါလဲ?"
ပြီးပြည့်စုံသော အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံသူတစ်ဦးကို မဟာကျိုးပြည်ထောင်အတွင်း မည်သူက ဒဏ်ရာရစေနိုင်ခဲ့သနည်း? ထို့ပြင် ထိုကျင့်ကြံသူမှာ တိုင်းပြည်ကံကြမ္မာကို သယ်ဆောင်ထမ်းပိုးထားသော ကျိုးဧကရာဇ်ကိုယ်တော်တိုင်လည်းဖြစ်နေသည်။
"အရှင်ယဲ့က အဓိက မေးခွန်းကို မေးလိုက်တာပဲ၊ ဝိညာဉ်မျိုးနွယ်စုတပ် မဟာကျိုးပြည်ကို တရားဝင် တိုက်ခိုက်ခြင်းမပြုမီအချိန်တုန်းက ကိုယ်တော်တို့ဘိုးဘွားသင်္ချိုင်းကို နောက်ခံအကြောင်းရင်း မည်မည်ရရမသိရတဲ့ သူခိုးဓားပြတစ်ဦး လာရောက်ကျူးကျော်ခဲ့ဖူးတယ်၊ ကိုယ်တော်သိလိုက်တာနဲ့ ချက်ချင်းဆိုသလို အဲဒီနေရာကို အမြန်ပြေးပြီး တိုင်းပြည်ကံကြမ္မာရဲ့ ကောင်းချီးနဲ့ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သူခိုးကို ခုခံတိုက်ထုတ်ခဲ့တယ်"
ဤအကြောင်းအရာကို ပြောသောအခါ ကျိုးဧကရာဇ်၏ မျက်နှာတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုများ လွှမ်းမိုးလာသည်။ "ထူးဆန်းတာက အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ သူခိုးဟာ အလွန်အင်အားကြီးမားတယ်လို့ ကိုယ်တော်တိတိကျကျ ခံစားမိခဲ့တာပဲ၊ ကိုယ်တော်တောင် သူ့ကိုမယှဥ်နိုင်လောက်ပေမယ့် သူကတွန့်ဆုတ်သွားပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်၊ နောက် သိပ်မကြာခင်မှာတော့ ဝိညာဉ်မျိုးနွယ်စုက မဟာကျိုးပြည်ထောင်ကို စတင်တိုက်ခိုက်လာတော့တာပါပဲ"
ထိုစကားကိုကြားသော် အိမ်ရှေ့မင်းသား၏မျက်နှာအမူအရာလည်း ပြောင်းလဲသွားရသည်။
ခမည်းတော်ဧကရာဇ်က ဘိုးဘွားသင်္ချိုင်းကို ကျူးကျော်ဝင်ရောက်လာသော လျှို့ဝှက်ဆန်းကြယ်သည့် ထိုသူခိုးကို တိုင်းပြည်ကံကြမ္မာစွမ်းအားအသုံးပြုပြီး အတင်းအကျပ် ပြန်လည်တိုက်ထုတ်ခဲ့ရသည်ဟု သူကြားသိထားရသော်ငြား နောက်ကွယ်တွင် ဤသို့စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုပါ ထပ်မံပါရှိနေမည်ဟု သူထင်မထားခဲ့ပေ။
တိုင်းပြည်ကံကြမ္မာစွမ်းအားဟာ အလွန်အင်အားကြီးမားလှပြီး ကျိုးဧကရာဇ်၏ နဂိုမြင့်မားပြီးသား ကျင့်ကြံဆင့်နှင့် ထပ်လောင်းပူးပေါင်းလိုက်သည့်အခါ ဘေးဒုက္ခကျော်လွှားခြင်း ထိပ်တန်းအဆင့် ကျင့်ကြံသူများဖြင့်ပင် ယှဥ်နိုင်သည်အထိ တိုးမြှင့်ပေးနိုင်ပေသည်။ ထိုသို့အထောက်အကူများဖြင့် ဧကရာဇ်ကိုယ်တော်တိုင်ပင် မယှဥ်နိုင်ခဲ့ပါဆိုသည့် ဝန်ခံစကားအားကြားပါလျှင် ထိုသူခိုး၏အင်အား မည်မျှပင်ကြီးမားမည်ဖြစ်ကြောင်း တွက်ဆနိုင်ပေ၏။
အံ့သြစရာအကောင်းဆုံးမှာ ထိုလူသည် ဆက်မတိုက်ခိုက်ဘဲ နောက်ဆုတ်သွားခြင်းပင်။
ထို့နောက် ဝိညာဉ်မျိုးနွယ်စုတပ် ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ထိုအဖြစ်အပျက်နှစ်ခုကြားတွင် မလွဲမသွေ ဆက်စပ်မှုတစ်ခုခုတော့ ရှိရမည်။
"ပြဿနာအရင်းအမြစ်က ဘိုးဘွားသင်္ချိုင်းမှာ ရှိပုံရတယ်" ယဲ့ကျွင်းလင်၏ မျက်လုံးများ တောက်ပလာသည်။
ကျိုးဧကရာဇ်၏ ဖော်ပြချက်အရ ဆက်စပ်လိုက်ပါလျှင် ဝိညာဉ်မျိုးနွယ်စုသည် ထိုလျှို့ဝှက်ဆန်းကြယ်သော ငတက်ပြား၏ ညွှန်ကြားချက်ဖြင့် ဘိုးဘွားသင်္ချိုင်းအား အလုံးစုံသိမ်းပိုက်ရန် မဟာကျိုးပြည်ထောင်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ခြေလှမ်းစလာခြင်းဖြစ်မည်။
ဤအကြံအစည်၏နောက်ကွယ်တွင် သေချာပေါက် အကျိုးအမြတ်ကြီးကြီးတစ်ခုတော့ ပါဝင်ပေလိမ့်မည်။ ထိုသူတို့သည် အင်အားကို အကြောင်းမဲ့သက်သက်ဖြုန်းတီးရလောက်အောင် အသိဉာဏ်ကင်းမဲ့သူများမဟုတ်ချေ။
သို့သော် ထူးဆန်းသည်မှာ ကိုရွှေငတက်ပြားသည် ကျိုးဧကရာဇ်ကို ချေမှုန်းနိုင်လောက်သော အင်အားရှိပါလျက် အဘယ်ကြောင့် ရုတ်တရက် ရပ်တန့်ကာ နောက်ဆုတ်သွားရပါသနည်း။ ဤဘိုးဘွားသင်္ချိုင်းတွင် သက်စွန့်ဆံဖျား လာရောက်ရှာဖွေစရာ ဘာရတနာများရှိနေသနည်း။
သံသယဝင်စရာတွေချည်းပဲ!
ယဲ့ကျွင်းလင် စဥ်းစားလေလေ ပို၍ စိတ်ဝင်စားလာလေလေ ဖြစ်သည်။
သူသည် မူလက ဤကျင့်ကြံရေးလောကထံသို့ ကူးပြောင်းလာခဲ့ပြီး သူများထက်တစ်ကွက်ကျော်နိုင်သော ရွှေလက်ညှိုးတစ်ခုကို ပိုင်ဆိုင်ထားသည်။ အားကြိုးမာန်တက် ကျင့်ကြံအားထုတ်ရန် မလိုအပ်ဘဲ တစ်ချိန်လုံး လှဲလျောင်းအနားယူနိုင်သောကြောင့် သူ့စိတ်ထဲတွင်လည်း အပျော်အပါးလိုက်စားရန် ကြွားဝါဇိမ်ယူရန်မှလွဲ၍ တစ်ခြားအတွေးမရှိခဲ့။
သူ့ဘဝကို အနာဂတ်တွင်လည်း ထိုအတိုင်းသာ ဆက်လက်ဖြတ်သန်းသွားရမည်ဟု ထင်မှတ်ထားသော်လည်း ရုတ်တရတ် လျှို့ဝှက်သည်းဖိုဇာတ်လမ်းများထဲ ဝင်ရောက်ပက်သက်မိသွားပြီး သူကိုယ်တိုင်လည်း စိတ်ဝင်စားမှုကြောင့် ပါဝင်ဖြေရှင်းဖို့ တက်ကြွလာပေတော့၏။
"ဒီလို ထူးဆန်းတဲ့ကိစ္စမျိုးလည်း ရှိနေတယ်ပေါ့? လီဝူကျယ် မျက်မှောင်ကြုတ်လိုက်သည်။
ဘေးတွင်ရှိသော ဟုန်ချန်ယဲ့သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အလေးအနက်စဥ်းစားရင်း အလယ်ပိုင်းစီရင်စုတွင် ကြားခဲ့ဖူးသော ကောလာဟလတစ်ခုကို ပြန်လည်အမှတ်ရမိသွားကာ မျက်လုံးများလက်ခနဲတောက်ပသွားသည်။
"ကျိုးဧကရာဇ်မင်းမြတ်၊ ရှေ့ရောက်လွန်းတယ်လို့တော့ မထင်ပါနဲ့၊ ဒါပေမယ့် ကျွန်တော်မျိုးကို ဘိုးဘွားသင်္ချိုင်းဆီ ခေါ်သွားနိုင်မလား?" ယဲ့ကျွင်းလင်က တည့်တိုးပင် မေးလိုက်သည်။
နဂါးပလ္လင်ပေါ်မှ ကျိုးဧကရာဇ်သည် ထိုင်နေရာမှဆတ်ခနဲခါးမတ်လျက် တိတ်ဆိတ်သွားသည်။