← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

အေး တော်တော်တော့ရှေ့ရောက်တဲ့ကောင်ပဲ!

တိုင်းပြည်အုပ်စိုးသူတစ်ဦးအတွက် ဘိုးဘွားသင်္ချိုင်းဆိုသည်မှာ မည်မျှအထိ အရေးပါလှကြောင်းကို မသိလေသလော။ အပြင်လူတစ်ဦး ကြည့်ချင်တိုင်းဝင်ကြည့်လို့ရသည့် ဆပ်ကပ်ပြပွဲရုံလည်းမဟုတ်။

အိမ်ရှေ့မင်းသားသည် ဖခင်ဖြစ်သူ၏တွန့်ဆုတ်မှုကို အကဲခတ်မိစွာဖြင့် အလိမ္မာသုံး၍ ငြင်းပယ်လာသည်။ "အရှင်ယဲ့၊ ဘိုးဘွားသင်္ချိုင်းဆိုတာက ကျွန်တော်တို့ရဲ့ အဆက်ဆက်သော ဘိုးဘွားများ အနားယူရာ ဂူသင်္ချိုင်းဖြစ်ပါတယ်၊ သန့်စင်မြင့်မြတ်လှတဲ့ အရှင်ယဲ့ရဲ့ခန္ဓာမှာ ညစ်ညမ်းမှောင်မိုက်မှုတွေ စွန်းထင်းပေကျံသွားမှာ စိုးရိမ်မိပါတယ်"

ထို့နောက် သူသည် ရိုကျိုးစွာဖြင့် စကားလမ်းကြောင်းလွှဲလိုက်သည်။ "အရှင်ယဲ့က ကျွန်တော်တို့ ဝိညာဉ်မျိုးနွယ်စုတပ်ကို ပြန်လည်ခုခံရာမှာ အများကြီးပါဝင်ကူညီပေးခဲ့ပါတယ်၊ အသင့်ကို ကျိုးပြည်ထောင်က အရင်ဦးဆုံး နွေးနွေးထွေးထွေး ဧည့်ခံကြိုဆိုသင့်တယ်မဟုတ်လား? တော်ဝင်မီးဖိုဆောင်က ပြင်ဆင်ထားတဲ့ နန်းတော်စားပွဲ မကြာခင်စတင်တော့မှာပါ၊ အခုပဲ ထျန်းဟယ်ခန်းမကိုသွားပြီး စားကြသောက်ကြဦးစို့လေ"

ကျိုးဧကရာဇ်ကလည်း ဝင်ပြောလာသည်။ "အရှင်ယဲ့၊ ဒီတောင်းဆိုချက်ကိုတော့ မဖြည့်ဆည်းနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ၊ ကိုယ်တော်တို့ မဟာကျိုးတော်ဝင်မိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းကို ပေါ့ပေါ့ဆဆ ဖွင့်လှစ်ပေးလို့ မရလို့ပါ၊ ဒါပေမယ့် အရှင်ယဲ့က နန်းတော်ရဲ့အထူးဧည့်သည်တော်ဖြစ်တဲ့အတွက် ကိုယ်တော်တို့ ကောင်းနိုင်သမျှအကောင်းဆုံး ဧည့်ခံပေးမှာပါ၊ တော်ဝင်ဘဏ္ဍာတိုက်မှာ အရှင်ယဲ့လိုချင်တဲ့ရတနာများရှိရင်လည်း စိတ်တိုင်းကျရွေးချယ်ယူဆောင်နိုင်ပါတယ်"

မဟာကျိုးမင်းဆက်သည် အရှေ့ပိုင်းစီရင်စုရှိ မသေမျိုးမင်းဆက်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာတိုက်တွင် နှစ်ပေါင်းများစွာ စုဆောင်းသိမ်းဆည်းထား‌သော ရတနာမျိုးစုံမှာ အခြားကျင့်ကြံသူများကို ရူးသွပ်တပ်မက်စေနိုင်မည်ဖြစ်သော်ငြား ယဲ့ကျွင်းလင်ကိုတော့ လုံးဝမဆွဲဆောင်နိုင်ပါပေ။

ဘိုးဘွားသင်္ချိုင်းကို ကျူးကျော်ဝင်ရောက်ခြင်းသည်မှာလည်း လျှို့ဝှက်ဆန်းကြယ်သော ထိုသူခိုး၏ ရည်ရွယ်ချက်ကို စိတ်ဝင်စားမိရုံသက်သက်သာ ဖြစ်၏!

ဘုရင်မှ သူ့ကိုဝင်ခွင့်ပေးရန် ဆန္ဒမရှိပါလျှင်လည်း ယဲ့ကျွင်းလင် အတင်းအကျပ် တိုက်တွန်းနေမည်မဟုတ်ပေ။ သူကိုယ်တိုင်ကလည်း နဂိုကတည်းက ပေါ့ပေါ့ပါးပါး စိတ်သဘောထားရှိသူသာဖြစ်သည်။

"ထားလိုက်ပါတော့။"

ယဲ့ကျွင်းလင် လက်ကို ဝှေ့ယမ်းလိုက်သည်။

အိမ်ရှေ့မင်းသားသည် တိတ်တဆိတ် သက်ပြင်းချကာ အပြုံးတစ်ခုဖြင့်ပြောလာသည်။ "အရှင်ယဲ့က အကျိုးသင့်အကြောင်းသင့်စဥ်းစားပေးတတ်တဲ့ လူတစ်ယောက်မှန်း ကျွန်တော်သိပါတယ်၊ အားလုံးပဲ ဒီဘက်ကို ကြွပါ!"

ထို့နောက် အဖွဲ့သည် နန်းတော်စားပွဲသို့ သွားရောက်ခဲ့လေသည်။

မဟာကျိုးနယ်မြေမှ အဝေးတစ်နေရာတွင်။

မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပတ်ဝန်းကျင်နှင့် ရစ်ပတ်ခြုံလွှမ်းနေသည့် တောင်တစ်လုံးရှိသည်။ နေသာသော နေ့ရက်ဖြစ်သော်ငြား နေရောင်ခြည်သည် ထိုနေရာတစ်ဝိုက်ကိုတော့ လုံးဝ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိပေ။

အရပ်မျက်နှာ တစ်ခုချင်းစီတွင် သံချပ်ကာဝတ်စုံဝတ်ဆင်ကာ လှံကိုင်ထားသော ဝိညာဉ်စစ်သားအချို့ စောင့်ကြပ်နေသည်ကို တွေ့နိုင်သည်။ ၎င်းတို့သည် အမူအရာမဲ့လျက် ခပ်မတ်မတ်သာရပ်နေပြီး ပြင်းထန်သော ယင်စွမ်းအင်များကို ထုတ်လွှတ်နေ၏။

တောင်၏ နက်ရှိုင်းသောတစ်နေရာတွင်...

အရိုးဖြူများဖြင့် တည်ဆောက်ထားသော နန်းတော်တစ်ခုတည်ရှိသည်။

စားပွဲထက်တွင် အစားအသောက်ပန်းကန်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့အားလုံးမှာ လူ့အသွေးအသားနှင့် အမျိုးမျိုးသော လူ့အင်္ဂါအစိတ်အပိုင်းများ၊ အနက်နှင့်အဖြူရောသည့် မျက်ဆံမျက်လုံးများအား ပြင်ဆင်တည်ခင်းထားခြင်းပင်။

သွေးနံ့သည် လေထုထဲတွင် သိပ်သည်းစွဦ ပျံ့နှံ့နေသည်။

မီးခိုးရောင်နှင့် အဖြူရောင်နှောသော အသားအရေရှိပြီး နဖူးတွင် ဦးချိုတစ်ခုပါရှိသော ဝိညာဉ်သတ္တဝါတစ်ကောင်သည် လူသားအရေခွံဖြင့် ဖုံးအုပ်တန်ဆာဆင်ထားသည့် ပလ္လင်ပေါ်တွင် ထိုင်နေသည်။ ၎င်း၏ ပန်ကာကဲ့သို့ ဝိုင်းစက်ပြန့်ကားသော လက်ဝါးကြီးသည် လေထဲတွင် တွဲလောင်းချထားသော မျက်လုံးအမြောက်အမြားကို ဆုပ်ကိုင်ကာ ပါးစပ်ထဲသို့ပစ်ထည့်၍ ဝါးစားလိုက်ပြီး ၎င်း၏ မျက်နှာထက်တွင် စိတ်ကျေနပ်သွားသောအကြည့်တစ်ခု ကြောက်မက်ဖွယ်ပေါ်ပေါက်လာသည်။

"အရှင်မင်းကြီး၊ ဒါက မင်းကြီးအတွက် သေရည်ခွက်ပါ"

ထိုဝိညာဥ်သတ္တဝါ၏ ခြေရင်းတွင် ဆံပင်ဖရိုဖရဲ၊ အဝတ်အစားကင်းမဲ့လျက်၊ ခန္ဓာကိုယ်တစ်ခုလုံး အမာရွတ်များဖြင့် အပြည့်ဖုံးအုပ်ထားသော လူသားအမျိုးသမီး ကျင့်ကြံသူတစ်ဦးသည် တုန်ယင်နေသော လက်များဖြင့် လတ်ဆတ်၍ ပျစ်ချွဲသော သွေးများဖြင့် အပြည့်ဖြည့်ထားသည့် ကြေးဝါသုံးချောင်းပါ ခွက်ကို မြှောက်ကိုင်လို့ထားသည်။

ဒါတွေက မွေးကင်းစကလေးရဲ့ သွေးရည်တွေဖြစ်ပါတယ်...

ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်သည် ခွက်ကို ဆွဲယူကာ တစ်ခါတည်း အကုန်အစင်မော့သောက်လိုက်ပြီးနောက် ခွက်ကို ပြန်လည်ပစ်ချ၍ အမျိုးသမီး ကျင့်ကြံသူအား အတင်းအကျပ် ပွေ့ဖက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည် "ငါကိုယ်တော်မြတ် ပျော်တယ်ဟေး!"

မရဏချောက်နက်မှ သူ့လူများကိုသိမ်းသွင်းစည်းရုံးကာ လူ့ကမ္ဘာလောကကို သိမ်းပိုက်အောင်နိုင်နေသည့်အတွက် သူလွန်စွာစိတ်လှုပ်ရှားလို့နေပေသည်။ ဤသို့မှောင်မိုက်ညစ်ညမ်းသောနေရာမျိုးတွင် သူဆက်ပြီးသည်းခံနေထိုင်ဖို့ မလိုအပ်တော့ပေ။

"ဒီအခွင့်အရေးကိုရဖို့ နှစ်ပေါင်းဘယ်လောက်တောင်ကြာအောင် စောင့်ဆိုင်းခဲ့ရလဲ၊ ရတုန်းလေး အမိအရဆုပ်ကိုင်ပြီး အစွမ်းပြရမှာပေါ့။ မဟာကျိုးမင်းဆက်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ရင် ဝိညာဉ်မျိုးနွယ်စုထဲမှာ ဒီဘုရင်ရဲ့ဂုဏ်သတင်းဟာ ပိုလို့တောင် မြင့်မားလာလိမ့်မယ်!"

"အရေးအကြီးဆုံးကတော့ ဟိုလူအုပ်စုရဲ့ အသိအမှတ်ပြုမှုကိုရရှိဖို့ပဲ၊ ဒီလိုသာဆိုရင် နောင်များမှာ အရှေ့ပိုင်းစီရင်စုရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကြားထဲ နေရာတစ်ခု ရနိုင်လိမ့်မယ်!"

ဦးချိုတစ်ချောင်းပါသော ဝိညာဉ်ဘုရင်သည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ မဲ့ပြုံးပြုံးလိုက်သည်။

အမျိုးသမီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူမ၏ လှပသော မျက်နှာတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် စန်းကျိုးပြည်နယ်မှ ရွှေအမြုတေအဆင့်ရှိ လှည့်လည်ကျင့်ကြံသူတစ်ဦးဖြစ်သော်ငြား ဤဝိညာဥ်ဘုရင်ထံတွင် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးနောက် နေ့ရောညပါ နာကျင်စွာ ညှဉ်းပန်းခံခဲ့ရပေ၏။

ထိုကာလအတွင်း သူမသည် လူမဆန်သော မြင်ကွင်းများစွာကိုလည်း မြင်တွေ့ခဲ့ရသည်။ စိတ်ပိုင်းဆိုင်ရာ သန်မာမှုသည်လည်း နောက်ဆုံးတော့ တောင့်မခံနိုင်စွာ ပြိုလဲခဲ့ရပြီး သူမကိုယ်သူမ သတ်သေပစ်ချင်သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံဆင့်သည် အလွန်မြင့်မားပြီး ကျင့်စဥ်အချို့ဖြင့် သူမ၏လှုပ်ရှားမှုများကို ချုပ်ကိုင်ကန့်သတ်ထားသောကြောင့် သတ်သေဖို့ရာပင် မစွမ်းသာသောအခြေအနေ၌။

"ဒီလောက်တောင်ကြာနေပြီ၊ ဘာသတင်းမှ ပြန်မကြားရသေးဘူးလား? ခွင့်တာ့နဲ့ ဝိညာဥ်တပ်ရဲ့ အင်အားနဲ့ဆိုရင် ကျိုးဧကရာဇ်တစ်ယောက် ဒီတစ်ကြိမ်တော့ ကိုယ်တိုင်ဝင်တိုက်နေရလောက်ပြီ"

"ဒီဘုရင် အကြောက်ဆုံးကလည်း တိုင်းပြည်ကံကြမ္မာကို သယ်ဆောင်ထားတဲ့ အဲ့ဒီကျိုးမျိုးရိုးဧကရာဇ်ပဲ!"

ဦးချိုတစ်ချောင်းပါသော ဝိညာဉ်ဘုရင်၏ မျက်လုံးများ စူးရှပြင်းထန်လာသည်။

ထိုအချိန်တွင် ထူးဆန်းသော အနက်ရောင်မြူခိုးတစ်သုတ် ခန်းမထဲသို့ လွင့်ဝင်လာပြီး အနက်ရောင်ဝတ်ရုံနှင့် ခေါင်းစွပ်ကို ဝတ်ဆင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦး ထွက်ပေါ်လာသည်။ ဦးထုပ်အောက်မှ ထွက်လာသော အသံတိုးတိုးတွင် ဒေါသအငွေ့အသက်များကို ခံစားမိနိုင်ပေသည်။

"အသုံးမကျတဲ့ကောင်! မင်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ?!"

ဦးချိုတစ်ချောင်းပါသော ဝိညာဉ်ဘုရင်သည် ဆူ‌ငေါက်ခံလိုက်ရသော်လည်း စိတ်မဆိုးရုံသာမက ကြောက်လန့်တုန်လှုပ်သွားဟန်ပင်ပေါ်၏။ သူသည် ပလ္လင်ပေါ်မှ အမြန်ဆင်း၍ ဒူးထောက်ကာ တုန်ယင်သော အသံဖြင့် ဆိုသည်။ "ဒီငယ်သားက သံတမန်တော်ကို နှုတ်ဆက်ပါတယ်... "

All Chapters