အခန်း (၉၄)
Vol. 7 Ch. 94
လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာသော ထိုသူ၏ ဆူပူကြိမ်းမောင်းခြင်းကြောင့် ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်သည် အကြောက်ကြောက်အလန့်လန့်ဖြင့် စောဒကတစ်ခွန်းပင် မတက်ရဲခဲ့။
အကြောင်းမှာ သူ့ရှေ့မှလူသည် စစ်ဆင်ရေးတစ်ခုလုံး၏ နောက်ကွယ်ကြိုးကိုင်သူများထဲမှ တစ်ဦးဖြစ်ပြီး၊ မရဏချောက်နက်ရှိ သတ္တဝါအားလုံး မှီခိုအားထားရာခေါင်းဆောင်တစ်ဦးဆိုလျှင်လည်း မမှားပေ။ သူတို့အားလုံး၏ အနာဂတ်ကံကြမ္မာသည် ထိုသူတို့၏လက်ထဲတွင်သာ။
"အခု မရဏချောက်နက်ရဲ့ မျိုးနွယ်စုအားလုံးက စစ်ဆင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောက်ရွက်နေကြပြီ၊ ဒါပေမယ့် မင်းက ဝိညာဉ်ဘုရင်တစ်ပါးဖြစ်နေပြီး နောက်ကွယ်မှာ ဒီလိုပျော်မွေ့နေနိုင်သေးတယ်၊ ဝိညာဉ်မျိုးနွယ်စုက စစ်ဆင်ရေးကို လက်လျှော့လိုက်ပြီလို့ သတ်မှတ်လိုက်ရတော့မလား?" အနက်ရောင်ဝတ်ရုံဝတ် သံတမန်က အေးစက်စွာ ပြောလိုက်သည်။
"ဒီလိုပြောတာတော့ မတရားပါဘူးခင်ဗျာ! ဒီငယ်ကျွန်က မဟာကျိုးပြည်ထောင်ကို ထိုးစစ်ဆင်ဖို့ တပ်သားတွေ စေလွှတ်ပြီးပါပြီ၊ မကြာခင်မှာပဲ ကျိုးဧကရာဇ်ကိုယ်တိုင် ရှေ့တန်းထွက်ရတော့မယ်လို့ အာမခံပါတယ်၊ အဲဒီလိုဖြစ်လာရင် သူ့လျှို့ဝှက်စွမ်းအားတွေကိုလည်း မလွဲမသွေကို ထုတ်ပြလာရပါလိမ့်မယ်၊ ဒီလိုဆို ဒီငယ်ကျွန်က သူ့ကိုအနိုင်ယူဖို့ ပိုပြီး ယုံကြည်မှုရှိလာမှာပါ!" ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်သည် ပထုတ်ခံရမည်ကိုကြောက်လန့်စွာဖြင့် အလျင်အမြန် ရှင်းပြလာသည်။
အကယ်၍ အားထုတ်ကြိုးစားမှုကို နားလည်မှုလွဲမှားပြီး ဝိညာဉ်မျိုးနွယ်စုတစ်ခုလုံး၏ အနာဂတ်ကို နှောင့်နှေးစေပါက၊ အခြားသော ဝိညာဉ်ဘုရင်များက ဒေါသဖြေရန်အတွက် သူ့ကိုအရေခွံဝိုင်းနွှာကြလိမ့်မည်သာ။
အနက်ရောင်ဝတ်ရုံဝတ် သံတမန်သည် ဒေါသတကြီး ရယ်မောလိုက်ကာ အော်ဟစ်လာသည်။ "ဦးနှောက်မရှိတဲ့ကောင်၊ မင်း စေလွှတ်လိုက်တဲ့ အင်အား ၈သိန်းရှိတဲ့ တပ်ဟာ ခုနကတင် မြို့တော်အပြင်ဘက်မှာ အကုန် ချေမှုန်းခံလိုက်ရပြီ! ကျိုးဧကရာဇ်တောင် လက်တစ်ချောင်းလှုပ်စရာမလိုလိုက်ဘူးကွ!"
"ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!"
ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်သည် ခေါင်းထဲဒိန်းခနဲမြည်သည်အထိ တုန်လှုပ်သွားရပြီး အံ့သြထိတ်လန့်မှုအပြည့်ဖြင့် သံတမန်ကို စိုက်ကြည့်နေမိသည်။
ထို အင်အား၈သိန်းပါရှိသော တပ်ကြီးတွင် ခန္ဓာပေါင်းစည်းခြင်းအဆင့်မှ ဝိညာဉ်စစ်သူကြီး ဒါဇင်ပေါင်းများစွာ ပါဝင်ပြီး အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်မှ ဝိညာဉ်တပ်မှူး ဆယ်ဦးပင် ကြီးကြပ်ကွပ်ကဲနေသည်မဟုတ်လော။ အကယ်၍ ကျိုးဧကရာဇ် မထွက်လာပါက ၎င်းတို့သည် မဟာကျိုးပြည်ထောင်တစ်ခုလုံးကို ပြောင်းပြန်လန်သည်အထိ သောင်းကျန်းနိုင်မည် သေချာသည်။
သို့သော် ယခုတော့ တပ်မကြီးတစ်ခုလုံး မြို့တော်ထဲသို့ပင် မဝင်နိုင်ဘဲ ညက်ညက်ကျေအောင် ချေမှုန်းခံလိုက်ရသည်တဲ့လေ။
"ဒီမဟာကျိုးမင်းဆက်က တကယ်ကို အဲ့လောက်တောင်အင်အားကြီးမားနေတာလား?!" ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်၏ မျက်နှာသည် လွန်စွာပျက်ယွင်းလို့နေလေပြီ။
အနက်ရောင်ဝတ်ရုံဝတ် သံတမန်က အေးစက်စွာ ပြန်ဖြေလာသည်။ "မင်းရဲ့ အင်အား ၈ သိန်းရှိတဲ့ တပ်ကို ချေမှုန်းခဲ့တာ မဟာကျိုးဧကရာဇ် မဟုတ်ဘူး၊ မဟာကျိုးပြည်ထောင်နား မတော်တဆ ဖြတ်သွားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ၊ မြို့တော်သူမြို့တော်သားတွေကတော့ သူ့ကို ထိပ်သီးကျင့်ကြံသူအရှင်ယဲ့လို့ ခေါ်နေကြတာပဲ"
"ထိပ်သီးကျင့်ကြံသူအရှင်?" ဦးချိုတစ်ချောင်းပါသော ဝိညာဉ်ဘုရင်သည် အံ့အားသင့်သွားပြီးနောက် ရှက်ရွံ့မှုကြောင့် ဒေါသထွက်လာတော့သည်။ အပြင်လောကမှ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကများ သူ့အစီအစဉ်ကို ဝင်ရောက်နှောင့်ယှက်ရဲသည်! အသက်ရှင်ရတာ သိပ်ကိုငြီးငွေ့နေပါသလော။
တစ်ဖက်လူ၏ အင်အားကြောင့် သူခေတ္တအံ့အားသင့်သွားရသော်ငြား ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံသူလောက်က လက်တစ်ချက်တောက်ထုတ်စရာပင်မရှိ။
"စိတ်ချရအောင် ဒီမရဏအမြစ်ဆေးလုံးကို ယူပြီး မင်း ငါ့အတွက် မဟာကျိုးကို သိမ်းပိုက်ပေးရမယ်! နောက်တစ်ကြိမ် ထပ်ပြီး ရှုံးနိမ့်ဖို့ ခွင့်မပြုဘူး!" အနက်ရောင်ဝတ်ရုံဝတ် သံတမန်၏ အမိန့်စကားသည် အေးစက်ပြတ်သားလျက် တိကျ၏။
ဆန်းကြယ်သော ဒီဇိုင်းပုံစံများဖြင့် ဖုံးအုပ်ခြယ်သထားသည့် ခရမ်းရောင်ဆေးလုံးတစ်လုံးသည် ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်ရှေ့တွင် ဖြည်းဖြည်းချင်း လွင့်မျောပေါ်လွင်လာသည်။
ဦးချိုတစ်ချောင်းပါသော ဝိညာဉ်ဘုရင်သည် ဒီတစ်ခေါက်မှာ ၎င်း၏ နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း စိတ်သွင်းမှတ်ယူပြီး ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချကာ လေးနက်သောအသံဖြင့် အာမခံလိုက်သည်။ "ဒီငယ်ကျွန်ကိုယ်တိုင်သွားရောက်ပြီး သံတမန်တော်ရဲ့ ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်!!"
"ကောင်းပြီလေ" အနက်ရောင်ဝတ်ရုံဝတ် သံတမန်သည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး တစ်ကိုယ်လုံးမှာ အနက်ရောင်မြူခိုးတိမ်တိုက်ငွေ့များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။ ဤနေရာတွင် တစ်ကြိမ်တစ်ခါမျှ ပေါ်လာဖူးခြင်းမရှိသကဲ့သို့။
"ဟူး..." ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်သည် ယခုမှသက်ပြင်းချနိုင်ကာ နဖူးမှ ချွေးစေးများကို လက်ဖြင့်သပ်ချလိုက်သည်။ ထို့နောက် သူကိုယ်တိုင်ရေးဆွဲထားသော အစီအစဥ်ကြီး ပျက်စီးလုနီးပါးဖြစ်သွားသည်အား ပြန်တွေးမိရင်း ဒေါသများတလိပ်လိပ်ထွက်လာတော့၏။
ဘုန်း!
ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တောင်တစ်ခုလုံး တုန်ခါလို့သွားသည်။
ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်သည် အနောက်သို့လှည့်ကာ တစ်ဖက်တွင် ကွေးကွေးလေး လှဲနေသော အမျိုးသမီး ကျင့်ကြံသူကို ဆွဲယူလိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လေသည်။ "ငါ့အစီအစဥ်ကျရှုံးသွားတာကို ရယ်စရာကောင်းတယ်လို့ မင်း ထင်နေတာလား?! ပြောစမ်း!!"
အမျိုးသမီး ကျင့်ကြံသူသည် ကြောက်ရွံ့ဖြူဆုတ်နေသာမျက်နှာဖြင့် တုန်ယင်စွာပြန်ဖြေလိုက်သည်။ "အရှင်၊ အရှင်ဝိညာဉ်ဘုရင်၊ ဒီငယ်ကျွန် မရယ်ခဲ့ပါဘူး…"
"မိန်းမယုတ်၊ မင်း လိမ်နေတာ!"
ဘန်း!
ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်သည် သူမကို ဆွဲယူကာ ဒေါသတကြီး ဆုပ်ညှစ်ဖောက်ခွဲပစ်လိုက်ပြီး ကောင်းကင်သို့ လျှပ်တစ်ပြက် ပျံတက်သွားလျက် မိုးခြိမ်းသံကဲ့သို့ အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်စေသောအသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။ "စစ်သားအပေါင်းတို့၊ ဒီဘုရင်နောက်ကို လိုက်ပြီး စစ်ချီကြဟေ့!"
"မှန်လှပါ!!"
ထို့နောက် မရေမတွက်နိုင်သော ဝိညာဉ်အရိပ်များသည် အနက်ရောင်မြူခိုးများဖြင့် ဖုံးလွှမ်းခြုံသိုင်းလျက် ဦးချိုတစ်ချောင်းပါ ဝိညာဉ်ဘုရင်နောက်သို့ အရှိန်ဖြင့်ပြေးလိုက်ရင်း မဟာကျိုးပြည်ထောင်ဆီသို့ ဦးတည်ချီတက်ကုန်ကြတော့၏။
ကောင်းကင်စည်းလုံးညီညွတ်ရေး ခန်းမ။
မျက်နှာဖုံးများ ဝတ်ဆင်ထားသော လှပသိမ်မွေ့ပါသည့် နန်းတွင်းအပျိုတော်တစ်ဖွဲ့သည် ဂေးရှားမယ်များ တီးမှုတ်သော သာယာနာပျော်ဖွယ် တေးဂီတနှင့်အတူ ကျော့ရှင်းစွာ ကခုန်နေကြပြီး ရင်ခုန်သံကို တမူထူးခြားစေသော အနုပညာခံစားမှုအား တက်ညီလက်ညီ ဖန်တီးနေကြပေသည်။
ထိုအချိန်တွင် ယဲ့ကျွင်းလင်နှင့် အခြားသူများကတော့ ပွဲကြည့်စင်ထက်ထိုင်ရင်း မဟာကျိုး၏ အဆင့်မြင့်ဆုံးသော နန်းတော်စားပွဲအား ခံစားသက်ဝင်နေကြတော့၏။
စားသောက်ပွဲ၏ ပါဝင်ပစ္စည်းများမှာ သာမန်မဟုတ်ပါဘဲ ရှားပါးဆန်းကြယ်သော ငှက်များနှင့် ထူးထူးဆန်းဆန်း တိရစ္ဆာန်များကို ချက်ပြုတ်ထားခြင်းဖြစ်ပြီး ကျန်ဟင်းလျာများမှာလည်း သဘာဝရတနာသိုက်များမှ ရယူစုဆောင်းထားခြင်းဖြစ်သောကြောင့် ဟင်းလျာတစ်ပွဲချင်းစီ အလွန်တန်ဖိုးကြီးမားပြီး စားသုံးသူ၏ ကျန်းမာရေးနှင့်ခွန်အားအတွက် များစွာအကျိုးဖြစ်စေသည်။ သာမန် ကျင့်ကြံသူများသည်ပင် ထိုစားသောက်ပွဲအား စားသုံးပြီးနောက် နေရာတွင်ပင် အဆင့်တက်နိုင်ချေရှိသည်အထိ အကျိုးသက်ရောက်မှု သိသာလှပေ၏။
လီဝူကျယ်သည် သေရည်အိုးကို ကောက်ကိုင်၍ ခေါင်းကိုမော့ပြီး တရှိန်ထိုးမော့သောက်လိုက်ရာ မျက်နှာတစ်ပြင်လုံးရဲရဲနီလျက် အော်ဟစ်ချီးကျူးလိုက်သည်။ "ဒီသေရည်က အတော်လေးတော့ပြင်းသားပဲ!"
ပုရှောင်ရှီးသည် အသားတစ်တုံးကို ကောက်ကိုင်ကာ ပါးစပ်ထဲထည့်ဝါးနေပြီး ကြွက်မျက်နှာလေး ပျော်ရွှင်မြူးထူးလာလျက် အော်ဟစ်လိုက်သည်။ "အရမ်းအရသာရှိတာပဲ~"
ဟုန်ချန်ယဲ့ကတော့ တို့ကနန်း ဆိတ်ကနန်းမျှသာမြည်းစမ်းပြီး တူကို ပြန်မကိုင်တော့ပေ။ ဤလုပ်ရပ်သည် အိမ်ရှေ့မင်းသားအား စိတ်မတင်မကျဖြစ်လာစေသောကြောင့် ခပ်ရွံ့ရွံ့လှမ်းမေးမိလိုက်သည်။ "အရှင်ဟုန်၊ အရသာမတွေ့တာများရှိလို့လား"
ဟုန်ချန်ယဲ့က ပြန်မဖြေဘဲ လက်ပိုက်လျက်သာ မျက်လုံးများကို မှိတ်ပြီး အနားယူနေသည်။ ရသာရုံကိုသာ ပျော်မွေ့စေသည့် ထိုအစားအစာများအား သူလုံးဝ အာသာမရှိလှ။
လျစ်လျူရှုခံလိုက်ရသောကြောင့် အိမ်ရှေ့မင်းသားလည်း နည်းနည်းရှက်သွားရ၏။
ယဲ့ကျွင်းလင်က ဝင်ပြောပေးလိုက်ရသည်။ "ဂရုစိုက်မနေပါနဲ့၊ သူက ဝိတ်ချနေတာလေ!"
"ဪ အဲ့ဒီလိုကိုး၊ အရှင်ဟုန်က တကယ်ကို စည်းကမ်းရှိတာပဲ" အိမ်ရှေ့မင်းသားက သက်ပြင်းချလျက်ဆိုလိုက်သည်။
"မင်းအမေကြီးကို ဝိတ်ချတာလား!" ဟုန်ချန်ယဲ့သည် ဒေါသစိတ်ကိုထိန်းချုပ်ရလွန်းသဖြင့် မျက်လုံးထောင့်မှကြွက်သားများပင် တလှုပ်လှုပ်ဖြစ်သွားရသော်ငြား နားပင်းဟန်သာဆောင်လျက် ဒေါသကိုအတင်းအကျပ် မျိုချလိုက်ရတော့၏။