အခန်း (၉၅)
Vol. 7 Ch. 95
အိမ်ရှေ့မင်းသားသည် သေရည်ခွက်ကို ကောက်ကိုင်ကာ ယဲ့ကျွင်းလင်ကို အရိုအသေပြုရန် ထရပ်ပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ "အရှင်ယဲ့လိုမျိုး လေးစားတန်ဖိုးထားစရာ ပုဂ္ဂိုလ်ကို မဟာကျိုးပြည်ထောင်ကိုယ်စား ဧည့်ခံပြုစုရတဲ့အတွက် အလွန်အင်မတန်မှ ဝမ်းမြောက်ဂုဏ်ယူစရာပါပဲ၊ ကျွန်တော် အရင်တစ်ခွက်သောက်လိုက်ပါ့မယ်၊ အားလုံးပဲ လွတ်လွတ်လပ်လပ် သောက်ချင်သလောက်သာ သောက်ကြပါ"
ထိုသို့ပြောပြီးနောက် သူ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
"ကောင်းလေစွ" ယဲ့ကျွင်းလင်လည်း ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေလျက်။
သူဒီမှာ ဆက်နေရသော အကြောင်းရင်းမှာ ဝိညာဉ်မျိုးနွယ်စုဘက်က နောက်ထပ် ဘာလှုပ်ရှားမှုတွေများ ရှိလာဦးမလဲဆိုတာကို စောင့်ကြည့်ဖို့ပင်။ စနစ်က ဆုလာဘ်ချီးမြှင့်လာခြင်းမရှိသေးသောကြောင့် တာဝန်မပြီးဆုံးသေးမှန်း ယဲ့ကျွင်းလင်တပ်အပ်ခန့်မှန်းမိပေသည်။
ထိုစဥ် လက်ခုပ်သံများ ညံထွက်လာသည်။
အိမ်ရှေ့မင်းသားသည် လက်ခုပ်တီးလိုက်ပြီးနောက် နန်းတွင်းအပျိုတော်များနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြ၏။
မီးခိုးရောင်ဝတ်ရုံနှင့် တည်ငြိမ်သော မျက်နှာထားရှိသည့် အဘိုးအိုတစ်ဦးသည် ရှေးကျကျဗျပ်စောင်းတစ်လက်ကို ကိုင်ဆောင်ကာ ခန်းမထဲသို့ လျှောက်ဝင်လာသည်။
"ဒါက ကျွန်တော်တို့ မဟာကျိုးရဲ့ နံပါတ်တစ် ဂီတပညာရှင် ဆရာနန်ကုန်းပါ၊ စန်းကျိုးပြည်နယ်ရဲ့ နေရာတော်တော်များများမှာ နာမည်အတော်ကြီးတဲ့ ပညာရှင်ပါပဲ၊ သူ တီးမှုတ်တဲ့ တေးဂီတဟာဆိုရင် အချိုးအကွေ့ အနုအဖော့ လှပညင်သာလွန်းပြီး စိတ်နှလုံးကို လှုပ်ရှားစေရုံသာမက နက်နဲတဲ့ တာအိုသဘောတရားအချို့လည်း ပါဝင်တာကြောင့် ကျင့်ကြံသူတွေ နားသောတဆင်ဖို့အတွက် အလွန်သင့်တော်တဲ့ အတွေ့အကြုံတစ်ခုပါပဲ၊ တစ်ခါတုန်းက သက်တမ်းကုန်ဆုံးခါနီး ဝိညာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးဟာ ဆရာကြီးတီးမှုတ်တဲ့ တေးဂီတကို နားထောင်ဖို့အတွက် မိုင်ထောင်ပေါင်းများစွာအထိ ခရီးသွားခဲ့ပြီး နားဆင်အပြီးမှာတော့ ဉာဏ်အလင်းပွင့်လို့ နေရာမှာတင် ဝိညာဥ်အဆင့်တက်ခြင်းကျင့်ကြံသူအဖြစ် တိုးမြင့်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်"
အိမ်ရှေ့မင်းသားက မိတ်ဆက်ပေးလာသည်။
"ဒီအဘိုးအိုရဲ့နာမည်က နန်ကုန်းချန်ဖုန်းလို့ခေါ်ပါတယ်။ အားလုံးပဲ မင်္ဂလာပါ" နန်ကုန်းချန်ဖုန်းသည် ရိုရိုသေသေလည်း မဟုတ်၊ မာနကြီးသည်လည်း မဟုတ်ဘဲ လက်သီးဆုပ်၍ နှုတ်ခွန်းဆက်အမူအရာပြကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သို့သော် ကိုယ်ဟန်အမူအရာများက မသိသာပေသည့် ငြင်းဆန်၍မရသော မာနတစ်မျိုးကို ထုတ်ဖော်ပြသနေသည်။
ယဲ့ကျွင်းလင် မေးစေ့ကို ပွတ်သပ်လိုက်ပြီး တွေးမိသည်။ ဒီအဘိုးကြီးက ဘာလို့ ဒီလောက် မာနကြီးတဲ့ပုံပေါက်နေရတာလဲ?
"ဆရာနန်ကုန်း၊ စလိုက်ပါတော့" အိမ်ရှေ့မင်းသားက ရိုရိုသေသေ ပြောသည်။
နန်ကုန်းချန်ဖုန်းသည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ချိတ်ထိုင်ကာ ဗျပ်စောင်းကို ဒူးထက်တွင်တင်ပြီး စကြဝဠာအား ပဲ့တင်ထပ်စေသော သာယာနာပျော်ဖွယ် တေးသံများကို ဖြည်းဖြည်းချင်း စတင်တီးခတ်လေသည်။
တေးသွားသည် အလွန်ချောမွေ့သာယာပြီး အရပ်မျက်နှာအနှံ့ လွတ်လပ်စွာ ပဲ့တင်ထပ်လို့နေကာ လူတို့၏ စိတ်ဝိညာဉ်များကိုပင် ဆေးကြောသန့်စင်နိုင်ပုံရ၏။
လီဝူကျယ်၏ မျက်နှာအမူအရာ အနည်းငယ် လှုပ်ရှားသွားပြီး နားကိုအသာစောင်းကာ တီးခတ်သံအား ဂရုတစိုက် နားထောင်နေလိုက်သည်။
ပုရှောင်ရှီးလည်း ဂီတသံသာကို နှစ်သက်မြတ်နိုးနေပုံရပြီး သူမ၏ ခန္ဓာကိုယ်ကို မထိန်းနိုင်ဘဲ စည်းချက်အလိုက် ညင်ညင်သာသာ ယိမ်းခါနေမိသည်။
ဟုန်ချန်ယဲ့ကတော့ မျက်နှာမဲ့မဲ့ဖြင့် မျက်ခွံပင်လှန်မကြည့်အား။
ယဲ့ကျွင်းလင်ကတော့ ဒုတိယပိုင်းကို နားဆင်ရသောအခါ ရှည်လျားကျယ်လောင်စွာ သမ်းဝေလိုက်ပြီး လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်၍ ငိုက်မျဉ်းလာသည်။
အာရုံမရှိလှသော ထိုတစ်ယောက်ကို နန်ကုန်းချန်ဖုန်းမြင်သောအခါ အိုမင်းသောမျက်နှာထက် စိတ်အလိုမကျဟန်ထင်ဟပ်လာတော့၏။
ဒင်းက ဒါ ဘာအဓိပ္ပာယ်လဲ?
ဒီအဘိုးအိုရဲ့ စောင်းပညာကို မထီမဲ့မြင်ပြုတာလား?!
သူ တီးခတ်သော တေးဂီတကို နားဆင်ပြီး ကျေးဇူးအထပ်ထပ်တင်ကာ အဖိုးတန်ပညာတစ်ရပ်အဖြစ် သတ်မှတ်သွားခဲ့ကြသည့် ကျင့်ကြံသူတွေ ဘယ်လောင်တောင်များလိုက်လေသလဲ? ဒါပေမယ့် ဒီတိရစ္ဆာန်ကောင်ရှေ့မှာတော့ သားချော့တေးနဲ့မခြားတော့ပါလား..
နန်ကုန်းချန်ဖုန်းသည် စော်ကားခံရသည်ဟု ခံစားရကာ တီးခတ်လို့အပြီးတွင် ဒေါသတကြီးထရပ်ကာ အေးစက်စွာ ပြောလာသည်။ "အရှင်မင်းသား၊ နောက်နောင် ဒီလိုပွဲတော်မျိုးမှာ ဒီအဘိုးအိုကို ထပ်ခေါ်ဖို့ မလိုတော့ပါဘူး၊ ဒီအဘိုးအို မျက်နှာအပျက်ခံမယ့်အစား အငတ်ပဲခံလိုက်ပါတော့မယ်!"
အိမ်ရှေ့မင်းသားသည် အနည်းငယ် ချောင်းဟန့်လိုက်ပြီး မေးလာသည်။ "ဆရာနန်ကုန်း၊ ဘာကိုဆိုလိုတာပါလဲ?"
နန်ကုန်းချန်ဖုန်းသည် အလယ်ဗဟိုတွင် ငိုက်မျဥ်းနေသော ယဲ့ကျွင်းလင်ကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် "သူ့ကို မေးကြည့်!" ဟု ဆောင့်အော်လိုက်သည်။
အိမ်ရှေ့မင်းသားလည်း ဂရုတစိုက်ဖြင့် မေးလိုက်ရ၏။ "အရှင်ယဲ့၊ ဆရာနန်ကုန်း တီးခတ်တဲ့ တေးဂီတကို မနှစ်သက်လို့များပါလား?"
ယဲ့ကျွင်းလင်က နားကိုစိတ်ရှုပ်စွာကုတ်လျက် ပြန်ဖြေလိုက်သည်။ "အင်း အဲ့ဒီလိုပါပဲ"
သူသည် အသံမြင့်မြင့် ဆူဆူညံညံ သီချင်းများကိုသာ ကြိုက်နှစ်သက်တတ်သည်ပင်။ နန်ကုန်းချန်ဖုန်း တီးမှုတ်သော သံစဥ်မှာ အလွန်ညင်သာအေးဆေးလွန်းလှပြီး တီးခတ်သူမှာလည်း အိုစော်နံနေသည့်အဘိုးကြီးတစ်ဦးမျှသာဖြစ်သောကြောင့် သူနည်းနည်းမှစိတ်မဝင်စားလှ။
စောင်းတီးမှုတ်သံတွင် ပါဝင်သည့် အနည်းငယ်မျှသော တာအိုသဘောတရားသည်လည်း ကျင့်ကြံအားထုတ်ခြင်းပင်မရှိ၊ လှဲလျောင်းကာ နို့လက်ဖက်ရည်သောက်နေတတ်သော သူလိုလူအတွက် အသုံးဝင်ခြင်း စိုးစဥ်းမျှမရှိပါချေ။
"အယ်" အိမ်ရှေ့မင်းသား၏ မျက်နှာသည် ရှက်ရွံ့သွားဟန်ပင်။ ဆရာနန်ကုန်း တီးခတ်သော တေးဂီတကို ထိုသို့သတ်မှတ်ခံရမည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပေ။
အလွန်ထူးဆန်းသော တုံ့ပြန်မှုဟု သူခံစားနေရသည်။ သူလည်းအစောက အာရုံစိုက်နားထောင်နေခဲ့သည်လေ။ မနှစ်မြို့စရာ တစ်စုံတစ်ရာမှ မခံစားခဲ့ရပါ။
အိမ်ရှေ့မင်းသားသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော ဟုန်ချန်ယဲ့ကိုမြင်သော် အားတက်သရောဖြင့် တိုးတိုးလေးပြောလိုက်သည်။ "ကြည့်ပါဦး၊ အရှင်ဟုန်တောင် တေးသံကိုသဘောကျလွန်းလို့ သေချာခံစားနားထောင်ဖို့အတွက် မျက်လုံးတွေကို မှိတ်ထားသေးတာ!"
ယဲ့ကျွင်းလင်၏ အကဲဖြတ်ချက်ကို လက်ခံရရှိပြီးနောက် နန်ကုန်းချန်ဖုန်းသည် ဒေါသအလွန်ထွက်ကာ သွေးအန်တော့မတတ်ဖြစ်သွားသည်။ ဤသည်မှာ မာနကြီးပြီး နာမည်ကျော်ကြားသော သူ့အတွက်တော့ အရှက်ရစရာတုံ့ပြန်မှုပင်! သူ၏ ပါရမီစွမ်းရည်ကို တိုက်ရိုက်စော်ကားတိုက်ခိုက်လာခြင်းပင်။
"တိတ်စမ်း! အရိုင်းအစိုင်းကောင်၊ ကျွဲပါးစောင်းတီးဆိုတာ မင်းလိုကောင်ကိုပြောတာ!" နန်ကုန်းချန်ဖုန်း မထိန်းနိုင်တော့ဘဲ လူကြားသူကြားတွင် ဆူပူငေါက်ငမ်းလာသည်။
ဘုန်း!
အေးစိမ့်သော သတ်ဖြတ်လိုစိတ် အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာသည်။
"အဘိုးကြီး၊ ခင်ဗျားက သေတွင်းတူးချင်နေတာပဲ!" လီဝူကျယ်၏ မျက်လုံးများမှ အေးစိမ့်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ခါးတွင် ချိတ်ထားသော ဓားရိုးကို ဆုပ်ကိုင်ကာ ရုတ်တရက် ထရပ်လိုက်ပြီး ဓားကို ဆွဲထုတ်ကာ နန်ကုန်းချန်ဖုန်းကို ခုတ်ထစ်ဖို့ ချိန်ရွယ်လိုက်တော့၏။
ဆရာသခင်မတားသရွေ့ နန်ကုန်းချန်ဖုန်းကို တစ်ချက်တည်းဖြင့်အပြတ်ရှင်းလိုက်ဖို့ သူလက်မတွန့်ပါ။