အခန်း (၉၆)
Vol. 7 Ch. 96
အိမ်ရှေ့မင်းသား၏ နဖူးတွင် ချွေးစေးများ စီးကျလာသည်။ အခြေအနေတွေ ဘယ်ကနေဘယ်လို ဒီအထိရောက်သွားမှန်း သူလည်းမသိလိုက်ရပါ။ အခုတော့ သေသေကျေကျေ တိုက်ကြခိုက်ကြတော့မည့်ပုံ ပေါ်နေလေပြီ။
နန်ကုန်းချန်ဖုန်းကို တီးမှုတ်ရန် ဖိတ်ကြားသည်အထိ အလွန်အကျွံဧည့်ဝတ်ကျေမိလိုက်ခြင်းကို သူ အလွန်နောင်တရမိသည်။
ဘယ်နေရာမဆို ဉာဏ်များလွန်းတိုင်းလည်း မကောင်းပါလား!
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် လှောင်ပိတ်ခံထားရသော နန်ကုန်းချန်ဖုန်းသည် တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်ထသွားပြီး မျက်နှာသည်လည်း အရောင်ပြောင်းသည်အထိ ပျက်ယွင်းသွားရ၏။ သို့သော် သနားခံတောင်းပန်ခြင်း မပြုဘဲ လည်ပင်းကို မတ်မတ်ထားကာ ယဲ့ကျွင်းလင်ကို ဒေါသအမျက် ချောင်းချောင်းထွက်နေသော မျက်လုံးများဖြင့် ပြင်းထန်စွာ စိုက်ကြည့်နေဆဲပင်။
ဒီကိစ္စကို သူ့ဘက်က လုံးဝ မကျေနပ်ကြောင်း ထင်ရှားလှသည်ပင်!!
"အရှင်ယဲ့၊ ဆရာနန်ကုန်းချန်ဖုန်းက ဒီလိုပဲ စိတ်တိုတတ်ပါတယ်၊ သူက ဘွင်းဘွင်းရှင်းရှင်းကြီးပဲ ပြောတတ်လို့ပါ တစ်ခြားဘာအဓိပ္ပာယ်မှမပါပါဘူး" ဟု အိမ်ရှေ့မင်းသားက ချွေးစေးများကို သုတ်ရင်း ဝင်ရောက်ဖျန်ဖြေသည်။
"အရှင်မင်းသား၊ ကျွန်တော်မျိုး ဒီလို စော်ကားမှုကို သည်းမခံနိုင်ပါဘူး! သေရမယ်ဆိုရင်တောင် ပြောစရာရှိတာတော့ ပြောရပါမယ်၊ ဒီလူ့မှာ ဂီတကို နားလည်ခံစားနိုင်စွမ်း လုံးဝမရှိပါဘူး!"
"လူသတ်ဖို့ တိုက်ခိုက်ဖို့ပဲသိတဲ့ အရိုင်းအစိုင်းကောင်သာသာက ဘာလို့ ကျွန်တော့်ရဲ့ ဂီတကျွမ်းကျင်မှုကို ဒီလိုအောက်တန်းကျတဲ့စကားလုံးတွေနဲ့ စော်ကားရတာပါလဲ?"
နန်ကုန်းချန်ဖုန်းသည် ယဲ့ကျွင်းလင်ကို လက်ညှိုးထိုးကာ ဒေါသတကြီး ရှုတ်ချပြစ်တင်သည်။
"ဆရာရယ်... ဒုက္ခပါပဲ!" အိမ်ရှေ့မင်းသားလည်း ကူကယ်ရာမဲ့စွာ ခေါင်းကိုခါယမ်းမိလိုက်သည်။ နန်ကုန်းချန်ဖုန်းတစ်ယောက် ဂုဏ်သိက္ခာရှိရှိ သေဆုံးနိုင်ပါစေတော့ဟု မျှော်လင့်ရုံသာ တတ်နိုင်တော့ပေသည်။ မဟာကျိုးပြည်ထောင်၏ အထင်ရှားဆုံး ဂီတပညာရှင်မှာ ဤမျှနှင့်အဆုံးသတ်ရပေတော့မည်။
စားသောက်ပွဲတစ်ခုလုံးရှိလေထုမှာ ထိလိုက်ရုံမျှဖြင့် ပေါက်ထွက်တော့မတတ် တင်းမာနေပေ၏။
လီဝူကျယ်သည် နန်ကုန်းချန်ဖုန်းအား မကြည်လင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ဟုန်ချန်ယဲ့ကမူ မျက်လုံးများကိုသာ မှိတ်ထားဆဲဖြစ်ကာ မျက်နှာသည် နဂိုပုံစံအတိုင်း တည်ငြိမ်နေသော်လည်း ယောင်ယောင်လေးကွေးနေသော နှုတ်ခမ်းထောင့်ဖျားမှတစ်ဆင့် သူ၏ အတွင်းစိတ်ကို ခန့်မှန်းနိုင်ပေသည်။
ကောင်းလိုက်တဲ့ စကားတွေ!
ဒီအရှင် မင်းဘက်က ရပ်တည်နေတယ်နော် ဗျပ်စောင်းသမားလေး!
ဒါပေမယ့် သူတီးတာကလည်း အဟုတ်ကို သာမန်ပါပဲလေ…
ဟုန်ချန်ယဲ့သည် တစ်ချိန်က အလယ်ပိုင်းစီရင်စုမှ ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သောကြောင့် ကြားဖူးသိဖူးမြင်ဖူးတာတွေ အလွန်တရာမှကို စုံစုံစိများပြားလှသောကြောင့် ထိုမဟာကျိုး၏အတော်ဆုံးဗျပ်စောင်းပညာရှင်မှာ အလယ်ပိုင်းစီရင်စုတွင် နေရာတကာတွေ့နိုင်သော သာမန်အဆင့်ပညာရှင်လောက်သာရှိကြောင်း သိထားပေသည်။
ယဲ့ကျွင်းလင်ကတော့ စားသောက်ပွဲအလယ်တွင် ထိုင်နေဆဲဖြစ်ပြီး ရုတ်တရတ်ရန်ပြန်မတွေ့နိုင်သေးဘဲ ခေတ္တမျှစဥ်းစားကာ တစ်ခုခု ပြောရန် ပြင်နေစဉ်။
သူ့စိတ်ထဲတွင် စနစ်၏ အသိပေးချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်- 【တင်၊ ပိုင်ရှင်ဟာ ရွေးချယ်မှု မစ်ရှင်တစ်ခုကို စတင်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်ရှင်။】
【ရွေးချယ်မှု ၁: ပိုင်ရှင်ဟာ ဒေါသအမျက်ချောင်းချောင်းထွက်ပြီး နန်ကုန်းချန်ဖုန်းကို ကွပ်မျက်ဖို့ အမိန့်ပေးရပါမယ်။ ဒီတာဝန်ကို ပြီးမြောက်နိုင်ရင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်ခုကို ဆုလာဘ်အဖြစ် ရရှိပါမယ်!】
【ရွေးချယ်မှု ၂: ပိုင်ရှင်ကိုယ်တိုင် ဝင်ရောက်တီးခတ်ပြပြီး နန်ကုန်းချန်ဖုန်းကို ရှက်ရွံ့အားငယ်စေရပါမယ်။ ဆုလာဘ်အနေနဲ့ ထိပ်တန်းအဆင့် အိမ်မွေးတိရစ္ဆာန် အစားအစာ (နို့အရသာ) ဆယ်အိတ် ရရှိပါမယ်ရှင့်!】
【အဆင့်အမြင့်ဆုံး အိမ်မွေးတိရစ္ဆာန် အစားအစာ】: များများစားလေ၊ ပိုပြီးမြန်မြန် ကြီးထွားလေ!
"ဟင်? ဒီလိုအချိန်မှာ ရွေးချယ်မှု မစ်ရှင်တစ်ခုတဲ့လား?" ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။
ရွေးချယ်မှု ၁ သည် ရိုးရှင်းသော်လည်း ဆုလာဘ်ကတော့ အလွန်နည်း၏။ သူစားသောက်နေသော ယခု တစ်နပ်စာအတွက်ပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ သုံးစွဲခဲ့ရသည်မဟုတ်လော!
ထို့ပြင် နန်ကုန်းချန်ဖုန်းကို ကွပ်မျက်ရန် အမိန့်ပေးခြင်းကို ရွေးချယ်လိုက်လျှင် အခြားသူများကသူ့အား ကြောက်စရာကောင်းသော ဒေါသအိုးတစ်ယောက်အဖြစ်သာ မြင်သွားကြပေလိမ့်မည်။
အကယ်၍ ထိုသတင်း ပျံ့နှံ့သွားပါက သူ၏ ပြီးပြည့်စုံသော သူတော်စင်ပမာပုံရိပ်ကို ထိခိုက်စေမည်မဟုတ်လော!
ရွေးချယ်မှု ၂ သည် ကိုယ်တိုင်လက်စွမ်းပြတီးခတ်ကာ နန်ကုန်းချန်ဖုန်းအား လူအများရှေ့အရှက်ကွဲအောင် ပါးဖြတ်ရိုက်ခြင်းဖြစ်ပြီး အောင်မြင်ပါက ထိပ်တန်းအဆင့် အိမ်မွေးတိရစ္ဆာန် အစားအစာ ဆယ်အိတ် ရရှိမည်ဖြစ်သည်။
ပစ္စည်းဖော်ပြချက်အရ ၎င်းသည် သူ့အိမ်မွေးတိရစ္ဆာန်၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ပေးပြီး ကြီးထွားမှုကိုလည်း အရှိန်မြှင့်ပေးနိုင်သည်ဆို၏!
လက်ရှိစီးတော်မြင်းဖြစ်သော ခွင်းဖန်းသည် အထွဋ်အထိပ်သို့တက်ရောက်ခြင်းနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိသည်။ ရှေးခေတ်နတ်သားရဲတစ်ကောင်၏ သန့်စင်သော သွေးသားဝိညာဥ်ကြောင့် ကျင့်ကြံဆင့်တူများနှင့်ယှဥ်တိုက်လျှင်ပင် ခွင်းဖန်းဘက်က ရှုံးနိုင်စရာအကြောင်းမရှိပေ!
သို့သော်လည်း ပို၍ကြီးထွားတိုးတက်မည်ဆိုပါက ပိုလို့ကြွားဝါရအဆင်ပြေမည်မဟုတ်လော!
ထိပ်တန်း အိမ်မွေးတိရစ္ဆာန် အစားအစာများ ပိုင်ဆိုင်ထားပါက ခွင်းဖန်း၏ကျင့်ကြံဆင့်သည် ပိုမိုမြန်ဆန်စွာ တိုးတက်လာမည်ဖြစ်ပြီး ဖြည်းဖြည်းချင်း ကြီးထွားလာဖို့ကို မေးထောက်စောင့်ဆိုင်းနေစရာ မလိုတော့ပေ!
အတွေးများစွာ သူ့စိတ်ထဲတွင် တဖျတ်ဖျတ် ပြေးလွှားနေပြီး နောက်ဆုံးတွင်တော့...
အောက်ဘက်တွင် သူ့ကို ကြောက်ရွံ့ခြင်းကင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေဆဲဖြစ်သည့် နန်ကုန်းချန်ဖုန်းကို ပြန်ငုံ့ကြည့်ရင်း ယဲ့ကျွင်းလင်သည် ဝတ်ရုံလက်စကို ခပ်ဖြည်းဖြည်း ခေါက်တင်လိုက်ကာ အပြုံးဖြင့်ပြောသည်။ "သီချင်းတစ်ပုဒ်လောက် တီးရုံလေးပဲ မဟုတ်လား? ဒီအရှင်အတွက်တော့ လက်တစ်ဖက်နဲ့တင်လုံလောက်တာပေါ့!"
ကြည်လင်သော အသံသည် ခန်းမအတွင်း ပဲ့တင်ထပ်ကာ ရှိရှိသမျှ လူအပေါင်းကို ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စေလိုက်သည်။
နန်ကုန်းချန်ဖုန်း၏ မျက်နှာမှာတော့ ဒေါသကြောင့် မှောင်ကျသွားလျက်။
လက်တစ်ဖက်နဲ့တင် သီချင်းတီးဖို့လုံလောက်တယ်တဲ့လား?
ဘယ်လောက်တောင် မာနကြီးလိုက်တဲ့ စကားတွေလဲ!
သူ ငယ်စဉ်က နာမည်ကျော် ဗျပ်စောင်းဆရာများထံတွင် အပတ်တကုတ် ပညာသင်ယူခဲ့ပြီး ဗျပ်စောင်းတီးရာတွင် ကျွမ်းကျင်တိုးတက်စေရန် များစွာကြိုးစားအားထုတ်ခဲ့ရ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့လေပြီ။ သူသည်လည်း ဗျပ်စောင်းပညာအား အလုံးစုံကျွမ်းကျင်တတ်မြောက်နေပါပြီဟု မပြောဝံ့သေးသော်လည်း အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို ကြည့်လျှင် သူသည် အကောင်းဆုံးသော ဗျပ်စောင်းတီးပညာရှင်များထဲမှ တစ်ဦးအပါအဝင် ဖြစ်ချေသည်။
သို့သော် သူ၏ရှေ့မှ ဤအရိုင်းအစိုင်းကား ဗျပ်စောင်းကို ကျင်လည်စွာတီးခတ်ရန် လက်တစ်ဖက်သာ လိုသည်ဟု လေကျယ်ရဲသောသတ္တိမျိုး ဘယ်ကရလာခဲ့ပါသနည်း?
သွေးဆာနေတဲ့ နတ်ဆိုးတစ်ကောင်လို့ လူအများဆီကသမုတ်ခံနေရတာ မအံ့သြတော့ပါဘူး။ ခြေလက်ခန္ဓာ ကောင်းကောင်းဖွံ့ဖြိုးပေမယ့် ဦးနှောက်ကတော့ တင်းပြည့်ကျပ်ပြည့် မဟုတ်ရှာဘူးကိုး။
အိမ်ရှေ့မင်းသားလည်း ထူးဆန်းသည်ဟုခံစားရကာ တိုးတိုးရေရွတ်လိုက်သည်။ "ဒီလိုကြီးပြောတာကတော့ လွန်လွန်းတယ်၊ တကယ်လို့ လက်တစ်ဖက်နဲ့လွယ်လွယ်တီးနိုင်လောက်တဲ့အထိ ရိုးရှင်းရင် ဒီကမ္ဘာမှာ ဗျပ်စောင်းပညာရှင်တွေ ဘာလို့ရှိနေတော့မှာလဲ?"
ဆိုရိုးစကားအရ လူတိုင်းသည် သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင်တော့ ကျွမ်းကျင်သူများသာဖြစ်ကြသည် ဆိုသလို ကျင့်ကြံရေးလောကတွင်လည်း ထိုနည်းတူပင်။ သင်မည်မျှပင် အင်အားကြီးမားနေပါစေ၊ အရာရာကိုတော့ သိနားလည်နိုင်မည်မဟုတ်ပေ။ ကျယ်ပြောလှသော ဤကမ္ဘာကြီးတွင် သင့်အတွက် အသိပညာမပြည့်စုံသေးသော နယ်ပယ်တစ်ခုခုတော့ သေချာပေါက်ကိုရှိရပေမည်။
အိမ်ရှေ့မင်းသားသည် ယဲ့ကျွင်းလင် စကားလွန်လေပြီဟု တွေးလိုက်မိ၏။
ရောင်းရင်းရေ၊ ဒီလိုအရှက်ဗြန်းဗြန်းကွဲခံမယ့်အစား အသေခံလိုက်တာမှကောင်းလိမ့်ဦးမယ်နော!
နန်ကုန်းချန်ဖုန်းသည် မဟာကျိုး၏ နာမည်ကျော်ဗျပ်စောင်းပညာရှင်တစ်ဦးဖြစ်သည်။ သူ့ဘက်က ဤသို့ စကားဖြင့်ကျူးလွန်စော်ကားလာပါက အဆင့်အတန်းရာထူးပိုမြင့်မားပြီး အင်အားအရာတွင်လည်း ပိုကြီးမားသူတစ်ဦးအနေဖြင့် ကွပ်မျက်စီရင်လိုက်ဖို့ မခက်ခဲပါ။ ဤသို့မဆင်မခြင်ကြွားလုံးထုတ်ခြင်းကတော့ မိမိသိက္ခာကျဖို့လမ်းကိုသာ အစပျိုးနေကြောင်း လူတိုင်းသိနိုင်ပေသည်။
"ဆရာသခင် မှန်တယ်! လက်တစ်ဖက်နဲ့တင် တီးလို့ရနေတာကို!" လီဝူကျယ်သည် ရင်ဘတ်ကို ကော့ကာ ဝါကြွားစွာ မြှောက်ပင့်လိုက်သည်။
သူ ဘာကြောင့် ယုံကြည်ချက်အပြည့်ဖြင့် ဝါကြွားနေမှန်း သူကိုယ်တိုင်ပင် မသိသော်ငြား မည်သို့ပင်ဖြစ်စေ သူသည် တပည့်တစ်ဦးအနေဖြင့် ဆရာသခင်၏ နှုတ်ထွက်စကားတိုင်းကို မျက်စိမှိတ်လျက်သာ ပစ်ယုံလိုက်မည်ပင်။
"လာ! မင်း သတ္တိရှိရင် လာခဲ့! ငါ မင်းကို တိမ်တက်ဗျပ်စောင်းငှားပြီး တီးခတ်ခိုင်းမယ်! မင်း ဘယ်လို တေးသွားမျိုးနဲ့ ကမ္ဘာကိုလှုပ်ခတ်စေမလဲ ကြည့်ရတာပေါ့!"
နန်ကုန်းချန်ဖုန်းသည် ပြောရင်းဆိုရင်း အလွန်အမင်း ဒေါသထွက်ကာ အသံထွက် ရယ်မောလိုက်သည်။ "ဘာဖြစ်တာလဲ? မင်း မတီးရဲဘူးပေါ့? ဟားဟားဟား၊ မင်းသက်သက် လေကျယ်နေတာပဲဆိုတာ ငါ သိပြီးသား! မင်းသာဗျပ်စောင်းကို လက်တစ်ဖက်နဲ့တီးနိုင်ရင် ဝက်တွေအတောင်ပေါက်ပြီး ထပျံကြရောပေါ့! မင်းလို တိုက်ခိုက်ဖို့ပဲသိတဲ့ ကျင့်ကြံသူတစ်ယောက်က ဗျပ်စောင်းပညာအကြောင်း ဘာမှနားလည်မှာမဟုတ်ဘူး!"
အိမ်ရှေ့မင်းသားသည် ခေါင်းငိုက်စိုက်သာချထားရင်း ချွေးစေးများ တလိမ့်လိမ့် စီးကျနေသည်။ မူလက ရိုးရိုးရှင်းရှင်း စားသောက်တီးခတ်ပွဲလေး ကျင်းပရုံသာဟု စီစဥ်ထားခဲ့သော်လည်း အခြေအနေများသည် ဤမျှဆိုးရွားပြင်းထန်လာမည်ဟု သူမထင်ထားခဲ့ပေ။
ထိုင်လျက်သာငြိမ်နေသေးသော ဆံဖြူလူငယ်ကို သူတိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး ထိုနေရာတွင်ပင် ဒေါသပေါက်ကွဲကာ လူသတ်ပွဲ စတင်တော့မည်ကို စိုးထိတ်လို့နေမိ၏။
အံ့သြစရာကတော့ ဆံဖြူလူသတ်နတ်ဘုရားက ဒေါသတောင်ထွက်မလာခဲ့တာပါပဲ။
ယဲ့ကျွင်းလင် ခပ်အေးအေးသာ ပြုံးလျက် ဆိုလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို ငါ တစ်ခါလောက် စမ်းကြည့်တာပေါ့"
"ဟမ့် စမ်းကြည့်ပေါ့ကွာ!" နန်ကုန်းချန်ဖုန်းသည် ဦးစွာ အံ့အားသင့်သွားရပြီး ထို့နောက် မဲ့မဲ့ရွဲ့ရွဲ့ပြုံးလျက် ဤမာနကြီးသော အရိုင်းအစိုင်းကောင် ကိုယ့်စကားနှင့်ကိုယ် ချောင်ပိတ်ရိုက်ခံရမည့်အချိန်အား မျှော်လင့်မိနေသည်။
တိမ်တက်ဗျပ်စောင်းသည် ယဲ့ကျွင်းလင်ရှေ့တွင် လွင့်မျောလျက်ရောက်ရှိပြီး ကြိုးတစ်ချောင်းစီမှ ကြည်လင်တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေကာ အသွင်အပြင်မှာ သာမန်နှင့်အတူ အလွန်ထူးခြားပုံရသည်။
ယဲ့ကျွင်းလင်သည် ဗျပ်စောင်း၏ ကိုယ်ထည်ကို ညင်ညင်သာသာ ပွတ်သပ်လိုက်ပြီး စိတ်ထဲတွင်မေးခွန်းထုတ်လိုက်သည်။ "စနစ်ရေ၊ ငါ့ ဗျပ်စောင်းတီးကျွမ်းကျင်မှု အဆင့်ဘယ်လောက်လဲ?"
အရင်က စနစ်ထဲသို့မှန်မှန်ဝင်လျှင် ရရှိတတ်သောဆုလာဘ်အသေးစားများတွင် တူရိယာတီးမှုတ် တီးခတ်ခြင်း ကျွမ်းကျင်မှုလက်ဆောင်ထုပ်များ ပါရှိတတ်ပြီး ကြိုးစားလေ့ကျင့်ဖို့ပင် မလိုအပ်ဘဲ တစ်ချက်နှိပ်ရုံဖြင့် ရုတ်ချည်းအဆင့်မြှင့်နိုင်သည်ကို သူ မှတ်မိနေသည်။
【တင်၊ သတိပေးချက်၊ ပိုင်ရှင်ရဲ့ ဗျပ်စောင်းတီးကျွမ်းကျင်မှုသည် လက်ရှိမှာ အထွဋ်အထိပ်အဆင့် ဖြစ်ပါတယ်ရှင်!】
တူရိယာ ကျွမ်းကျင်မှုအဆင့်များမှာ- စဦးအဆင့်၊ ဝင်ခွင့်အဆင့်၊ ထူးချွန်အဆင့်၊ ထူးကဲအဆင့်နှင့် အထွဋ်အထိပ်တို့ ဖြစ်သည်။
နန်ကုန်းချန်ဖုန်းကဲ့သို့ တစ်သက်လုံးနီးပါး ကြိုးစားအားထုတ်ခဲ့သူတစ်ဦးသည် ဝင်ခွင့်အဆင့်ကိုပင် ကျားကုတ်ကျားခဲ တွယ်တက်လာခဲ့ရခြင်းဖြစ်ပြီး ထိုအဆင့်နှင့်ပင် စန်းကျိုးပြည်နယ်တွင် ကြီးမားသော ကျော်ကြားမှုကို ပိုင်ဆိုင်ရရှိခဲ့ကာ မရေမတွက်နိုင်သော ကျင့်ကြံသူအပေါင်း၏ လေးစားချစ်ခင်မှုကို ရရှိခဲ့ပေ၏။
ယခု ယဲ့ကျွင်းလင်၏ ဗျပ်စောင်းတီးကျွမ်းကျင်မှုကတော့ သိုဝှက်တိတ်ဆိတ်စွာဖြင့်ပင် အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး အရှိန်နှုန်းကတော့ ကြောက်မက်ဖွယ်ရာပင်!
"မြန်မြန်တီးတော့၊ ဟန်လုပ်မနေနဲ့!" နန်ကုန်းချန်ဖုန်းသည် ခပ်မဲ့မဲ့ဖြင့် တမင်လျှို့ဝှက်ဆန်းကြယ်ချင်ယောင်ဆောင်နေသောလူကို တွန်းအားပေးလိုက်သည်။
"တိတ်စမ်း! ဆရာသခင်က တီးခတ်ဖို့ အနုပညာကိုခံစားသက်ဝင်နေတာ!" လီဝူကျယ်က မျက်နှာပြောင်ပြောင်ဖြင့် သို့သော် လေးနက်တည်တံ့သော လေသံဖြင့်ပင် ဝင်ရောက်ဆူငေါက်လိုက်သည်။
အိမ်ရှေ့မင်းသားသည် စိတ်ဖိစီးစွာ နဖူးကိုအသာပွတ်လျက် ရန်ပွဲကို တည့်တည့်ကြည့်ရန်ပင် မဝံ့ရဲတော့။
ယဲ့ကျွင်းလင်ထံမှ မည်မျှကြောက်စရာကောင်းလှသည့် တေးသွားများထွက်ကျလာလောက်မည်နည်းဟု သူကြိုတင်ခန့်မှန်းနေမိသည်။
ယဲ့ကျွင်းလင်သည် ဘယ်ဘက်လက်ဖြင့် ကြိုးများကို အသာညှိကာ၊ ညာဘက်လက်ဖြင့် သံစဉ်များကို ရွေးချယ်စမ်းသပ်လျက်၊ အသက်ကို ဝဝရှူသွင်းပြီး လျင်မြန်စွာ စတင် တီးခတ်လိုက်တော့၏။
ဗျပ်စောင်းသံ ရုတ်တရက် ထွက်ပေါ်လာပြီး တေးသွားသည် စိတ်အားထက်သန်၍ အင်အားကြီးမားကာ ပြင်းထန်သော သတ်ဖြတ်စိတ်ကို သယ်ဆောင်ထားသည်။
ကမ္ဘာကို အထက်စီးမှငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါး၏ခံစားချက်တွင်၊ သူရဲကောင်းတစ်ယောက်၏ ကိုယ့်ခြေထောက်ပေါ်သာ ကိုယ်ရပ်တည်တတ်သော ရဲဝံ့လွတ်လပ်သည့် စိတ်ဓာတ်ကိုလည်း ခံစားနိုင်ပေသည်။
ဟုန်ချန်ယဲ့သည် တရားမှတ်နေဟန်အနေအထားမှ ရုတ်တရက် မျက်လုံးများ ပွင့်ဟလာပြီး မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သွားဟန်ဖြင့် မျက်ဆံများတဖျတ်ဖျတ်တောက်ပလာလျက် ရေရွတ်လိုက်မိသည်။ "ဒါ၊ ဒါက..."
တေးသွားကား ဆက်လက်ထွက်ပေါ်လျက်။
ယဲ့ကျွင်းလင် အားထည့်၍ အစွမ်းကုန် တီးခတ်လိုက်ရာ တီးခတ်သံသည် တဖြည်းဖြည်း ပို၍ ပြင်းထန်လာပြီး တေးသွား၏ သဘောတရားသည် တဖြည်းဖြည်း ပို၍ စိတ်အားထက်သန်လာကာ အထက်စီးဆန်ပြီး ရိုးရိုးရှင်းရှင်းနှင့် ခမ်းနားလှ၏။
သူ တီးမှုတ်နေသော တေးသွားသည်ကား ယခင်ဘဝမှ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်ခဲ့သော Rule the World ဆိုသည့် ကမ္ဘာကို အုပ်စိုးပါဟု အဓိပ္ပာယ်ရသော တေးသွားပင်။