အခန်း (၉၇)
Vol. 7 Ch. 97
နန်ကုန်းချန်ဖုန်းသည် ဦးစွာ မုတ်ဆိတ်ကို ပွတ်သပ်ကာ မဲ့ပြုံးပြုံးလိုက်ပြီးမှ ခဏအကြာတွင် မျက်မှောင်ကြုတ်သွားလျက် အလန့်တကြားဖြင့် မုတ်ဆိတ်ကို ဆွဲနှုတ်လိုက်မိလေသည်။ မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားသင့်လို့မဆုံးနိုင်သေး။
အိမ်ရှေ့မင်းသားသည် ဝိညာဥ်စွမ်းအင်ကို အားဖြည့်ဆေးတိုက်ကျွေးခံလိုက်ရသကဲ့သို့ သွေးများ ဆူပွက်ကာ အသက်ရှူသံများ မြန်ဆန်လာလျက် ရှိန်းတိန်းဖိန်းတိန်းခံစားချက်တို့ ပေါ်ပေါက်လာရလေ၏။
လီဝူကျယ်၏ မျက်နှာသည် ရဲရဲနီစွေးလာပြီး နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး တုန်လှုပ်လာရကာ တဒုန်းဒုန်းရင်ခုန်သံသည် မိုးကြိုးပစ်သံနှင့်ပင် တူနေသလိုလို။
အရမ်းပူတာပဲ၊ တစ်ကိုယ်လုံး မီးစွဲလောင်နေသလိုပါပဲ!!
ယဲ့ကျွင်းလင်သည် တီးခတ်ရာတွင် အာရုံမလွင့်ပျယ်စွာ နစ်မြုပ်ဝင်စားလျက်ရှိပြီး လက်ချောင်းသွယ်တို့၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှသောကြောင့် သဲသဲကွဲကွဲပင် မမြင်နိုင်လောက်အောင် ဝေဝါးသွားကာ ကြိုးများထက်တွင် အရိပ်သဲ့သဲ့မဖြစ်သာ ထင်ကျန်ခဲ့စေသည်။ ငွေဖြူရောင်ရှိသော ဆံပင်ရှည်များသည် စွမ်းအင်အဟုန်ကြောင့် လွင့်ခါလျက်ရှိကာ မျက်လုံးများမှ တောက်ပသော နတ်ဘုံအလင်းတန်းများ ထွက်ကျစီးဆင်းနေပြီး သူ၏ တစ်ကိုယ်လုံးသည် တူးဖော်လို့ရခါစ ပုံမသွင်းရသေးသော သဘာဝကျောက်စိမ်းတုံးတစ်တုံးကဲ့သို့ သလင်းရောင်ဖြင့် ကြည်လင်တောက်ပလျက်ရှိလေသည်။
လူတိုင်းသည် ရုတ်တရက် ရှေးခေတ်နတ်မင်းတစ်ပါး ၎င်းတို့ရှေ့တွင် ကိုယ်ထင်ပြလျက် ပြိုင်ဘက်ကင်း ဗျပ်စောင်းတေးဂီတကို တီးခတ်ဖျော်ဖြေကာ ကောင်းချီးပေးနေသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်သွားကြရ၏။
ဒီလူက ဘယ်လိုလုပ်ပြီး ဒီလို အံ့သြဖွယ်ကောင်းလှတဲ့ တေးသွားမျိုးကို တီးခတ်နိုင်နေတာလဲ? ဒီလို ကောင်းမွန်ထူးခြားလှတဲ့ အရည်အချင်းဟာ အလယ်ပိုင်းစီရင်စုမှာဆို မလွဲမသွေ ထိပ်တန်းအဆင့်သွင်းခံရမှာဖြစ်ပြီး ကျွမ်းကျင်လှပါတယ်ဆိုတဲ့ ဗျပ်စောင်းပညာရှင်မျိုးတောင် စိန်ခေါ်ယှဥ်ပြိုင်ဖို့ ယုံကြည်ချက်မရှိနိုင်လောက်တဲ့ အနေအထားပဲ!
ဟုန်ချန်ယဲ့၏ မျက်နှာသည်လည်း လွန်စွာအံ့အားသင့်သွားဟန်ရှိပြီးနောက် ဗျပ်စောင်းတေးဂီတတွင် ပါဝင်စီးမြောလာသော မဟာတာအို သဘောတရား၏ အဓိပ္ပာယ်ကို ခံစားလိုက်ရသည်။ အလယ်ပိုင်းစီရင်စုမှ သူ၏ အတိတ်အတွေ့အကြုံများနှင့် ပေါင်းစပ်လိုက်သော် ဉာဏ်အလင်းတံခါးသစ်ကို တွန်းဖွင့်နိုင်လိုက်သကဲ့သို့ အတွေးအမြင်သစ်များ ရရှိခဲ့လေသည်။
ဘုန်း!
ဟုန်ချန်ယဲ့၏ ကျင့်ကြံဆင့်အရှိန်အဝါသည် တည်ငြိမ်စွာ သို့သော် အားပြင်းစွာပင် မြင့်တက်လာပြီး အထွဋ်အထိပ်သို့တက်ရောက်ခြင်းနယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိကာ နောက်ဆုံးတွင်တော့ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားသည်။
ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်ကို ချိုးဖျက်ရန် တစ်ဆင့်သာ လိုတော့ပေသည်!
လီဝူကျယ်သည် ရွှံ့စေးရုပ်တုကဲ့သို့ နေရာတွင် မလှုပ်မယှက် ငြိမ်သက်စွာ ရပ်နေပြီး တေးသွားသံစဥ်၏ တွန်းအားပေးမှုဖြင့် သူသည်လည်း ဉာဏ်အလင်းတံခါးတစ်ချပ်ကို တွန်းဖွင့်နိုင်လိုက်သည်သာ။
ဂတ်စ်အချိုရည်ပုလင်းတစ်လုံးကို လှုပ်ခါပြီးဖွင့်လိုက်သကဲ့သို့ အဖုံး(အတားအဆီး)မှာ ဖောင်းခနဲပေါက်ထွက်(ကျိုးပျက်)သွားကာ ခန္ဓာပေါင်းစည်းခြင်းအဆင့်မှ အထွဋ်အထိပ်သို့တက်ရောက်ခြင်းအဆင့်သို့ တက်ရောက်နိုင်သွားသည်။ ယခင်ကထက် အဆပေါင်းရာနှင့်ချီ၍ ပိုမိုအားကောင်းသော အရှိန်အဝါများ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နက်မှောင်သောဆံနွယ်များသည် ရိုက်ခတ်အားကြောင့် လွင့်ပျံလို့နေကာ မျက်လုံးများထဲမှ လျှပ်စီးပြက်ပြက် လက်သကဲ့သို့ အေးစက်သော အလင်းတန်းများ တဖျတ်ဖျတ် တောက်ပနေ၏။
ထို့နောက် ဆရာသခင်ဖြစ်သူကို အလွန်ချစ်ခင်လေးစားစွာ ကိုးကွယ်ယုံကြည်မှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ဘုန်း!!
ထိုအချိန်တွင် ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြန်သည်။
အိမ်ရှေ့မင်းသား၏ စိတ်နှလုံးသည် အလွန်အမင်းတုန်လှုပ်သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်ကြွေးကြော်လိုက်သည်။ "ဘေးဒုက္ခကျော်လွှားခြင်း အလယ်အလတ်အဆင့်! အရှင်ယဲ့က တကယ့်ကို မသေမျိုးနတ်ဘုံတက်လှမ်းမယ့် ပါရမီရှင်တစ်ပါးပါဲ"
ကျင့်ကြံဆင့်၏ အရှိန်အဝါနှင့် ထူးချွန်ပြောင်မြောက်သော ဗျပ်စောင်းစွမ်းရည်ကို ပေါင်းစပ်ရသော် ယဲ့ကျွင်းလင်မှာ နတ်ဘုရားတို့၏ ကူညီလမ်းပြခြင်းဖြင့် "ချွမ်ယွီထျန်းရှ" (Quan Yu Tian Xia) ကို တီးခတ်နေသကဲ့သို့ ပုံဆောင်၏။
ထူးဆန်းသော စွမ်းအင်လှိုင်းဂယက်များ လှုပ်ခတ်သွားပြီး တာအိုသဘောတရားနှင့် ဆက်နွယ်ရောယှက်နေသော သံစဥ်လှိုင်းများသည် မိုင်ကိုးသောင်းအထိ ပဲ့တင်ရိုက်ခတ်၍ တောင်တန်းမြစ်မင်းများတစ်လျှောက် စီးဝင်ပျံ့နှံ့လို့သွားလေသည်။
ကမ္ဘာမြေပေါ်ရှိ သက်ရှိအားလုံးကို ဗျပ်စောင်းသံဖြင့် တစ်ဖန်ပြန်လည် သန့်စင်ပေးလိုက်သကဲ့သို့။
တစ်နှစ်ပတ်လုံး ပြင်းထန်စွာ နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေသော ဆင်းရဲသားများသည် အသစ်တစ်ဖန်ပြန်မွေးဖွားလာသကဲ့သို့ အားအင်မျိုးကို ရရှိခဲ့ကြသည်။ အိုဟောင်းကာအရိုးစွဲနေသော ရောဂါလက္ခဏာများ ပပျောက်ကင်းစင်လို့သွားပြီး အိမ်အပြင်သို့ ပျော်ရွှင်စွာ ပြေးထွက်ကာ ကောင်းကင်ထက်ပျံတက်တော့မလို အော်ဟစ်ခုန်ပေါက်ကြတော့၏။
မဟာကျိုးပြည်ထောင်၏ စစ်သားများအပါအဝင် အမျိုးမျိုးသော ဂိုဏ်းများမှ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ဉာဏ်အလင်းပွင့်လန်းသွားရကာ ကျင့်ကြံဆင့်များသည် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်သွားကြတော့သည်။
"ဒါဟာ အံ့ဖွယ်ဖြစ်ရပ်ကြီးပဲ! အံ့ဖွယ်ဖြစ်ရပ်!!"
"ကောင်းကင်ဘုံက ငါတို့ရဲ့မဟာကျိုးပြည်ကို ကောင်းချီးပေးနေတာပဲ!"
လူတိုင်းသည် ဝမ်းသာလုံးဆို့ကာ မျက်ရည်များစီးကျလျက် ကျေးဇူးတင်စွာ အော်ဟစ်နေကြသည်။
မမြင်နိုင်သော မဟာကျိုးပြည်ထောင်၏ တိုင်းပြည်ကံကြမ္မာသည်လည်း ရူးသွပ်သောအရှိန်ဖြင့် အားအင်ပြည့်ကာ မြင့်တက်လာနေသည်။
ရွှမ်ကျန်းခန်းမတွင်...
ကျိုးဟွမ်သည် အဖြူရောင်အလင်းရောင်ဖြင့် ဝန်းရံထားလျက် ထိုင်နေသည်။ ထိုအချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်ပုံရပြီး တိုင်းပြည်ကံကြမ္မာ၏ အင်အားမြင့်တက်လာခြင်း အကူအညီဖြင့် နှစ်ပေါင်းများစွာသော ကြိုးစားအားထုတ်မှုကို ပေါင်းစပ်ကာ သူ၏ ခန္ဓာကိုယ်ပေါ်၌ နှစ်ရှည်လများ ချည်နှောင်ထားခဲ့သော တုပ်နှောင်မှုကို တိုက်ရိုက်ပင် ချိုးဖျက်လိုက်နိုင်သည်။
ယနေ့မှစ၍ ကျိုးဟွမ်သည် ဘေးဒုက္ခကျော်လွှားခြင်းနယ်ပယ်သို့ တရားဝင် တက်ရောက်သွားပြီဖြစ်ပြီး စန်းကျိုးပြည်နယ်ရှိ မသေမျိုးမင်းဆက်များအနက် တစ်ဦးတည်းသော မသေမျိုးအရိပ်အဆင့် ဘုရင်တစ်ပါး ဖြစ်လာခဲ့ပေသည်။
"ဘယ်သူက ငါ့ရဲ့ မဟာကျိုးပြည်ထောင်ကို ကူညီနေတာလဲ? ဒီဗျပ်စောင်းသံရဲ့ လားရာကို နားထောင်ကြည့်ရင် ထျန်းဟယ်ခန်းမက ဖြစ်ပုံရတယ်!"
"မဟုတ်မှလွဲရော… …"
ကျိုးဟွမ်၏ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများတွင် ကြောက်ရွံ့လေးစားမှုများ ပြည့်နှက်နေသည်။
ထိုအချိန်တွင်...
ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင် ဦးဆောင်သော ဝိညာဉ်မျိုးနွယ်စုတပ်သည် မဟာကျိုးနယ်မြေကို ကျူးကျော်ဝင်ရောက်လာကာ တစ်လမ်းလုံး ရန်လိုကြမ်းကြုတ်စွာ တိုက်ခိုက်သတ်ဖြတ်လျက် မင်းနေပြည်တော်အတွင်းသို့ဝင်ရောက်ဖို့ ကြိုးစားနေပေသည်။
သို့သော် မမျှော်လင့်ဘဲ အခြေအနေများ ပြောင်းလဲသွားခဲ့သည်!
စွမ်းအင်ပြည့်ဝပြီး စည်းချက်ညီသော ဗျပ်စောင်းတေးဂီတသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်လျက် လွင့်ပျံလာပြီး အလွန်နက်နဲသော အင်အားများကို ခံစားသိရှိနိုင်ပေ၏။
ယဲ့ကျွင်းလင် တီးမှုတ်သော ဗျပ်စောင်းတေးသံသည် လူသားမျိုးနွယ်စုအတွက် အလွန်အကျိုးရှိသော်လည်း မရဏချောက်နက်မှ သတ္တဝါများသာ နားဆင်ခံစားလိုက်ပါက ထွန့်ထွန့်လူးပူလောင်သော ဝေဒနာကိုသာ ခံစားရပေလိမ့်မည်။
"အား… …" နေမင်းကို အလုံးစုံဖုံးအုပ်ထားနိုင်သည်အထိ ကြီးမားသော အနက်ရောင်မြူခိုးတိမ်တိုက်ကြီးတစ်ခုအတွင်း နာကျင်ခံစားနေရသောအော်ဟစ်သံများ တသီတတန်းကြီး ထွက်ပေါ်လာသည်။
ဝိညာဉ်မျိုးနွယ်စု သတ္တဝါများစွာသည် တစ်ကိုယ်လုံး အဖြူရောင်အငွေ့များ ထောင်းထောင်းထလျက် အသွေးအသားတို့မှာ လျင်မြန်စွာ အရည်ပျော်အငွေ့ပျံသွားကြလျက်။
အမှောင်မှော်စွမ်းအားကို အသုံးပြု၍ ခုခံကာကွယ်သော်လည်း အလုပ်မဖြစ်ပေ။
ဝိညာဥ်တပ်ကြီးတစ်ခုလုံး ကျိန်စာပြင်းပြင်းတိုက်ခံလိုက်ရသကဲ့သို့ ပျက်စီးမှုမျိုးကို ကြုံတွေ့နေရခြင်းဖြစ်သည်။
"အရှင်မင်းကြီး၊ ကယ်တော်မူပါ၊ ကယ်တော်မူပါ… …" လက်အောက်ငယ်သားများမှာ နာကျင်စွာလူလှိမ့်လျက် ငိုကြွေးမြည်တမ်းနေကြသည်။
ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် အံ့အားသင့်ခြင်းနှင့် ဒေါသထွက်ခြင်း နှစ်မျိုးလုံးကို တစ်ပြိုင်နက် ခံစားနေရပြီး မုန်တိုင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်ကို ထုတ်လွှတ်ကာ ကောင်းကင်သို့မျက်နှာမူလျက် အော်ဟစ်လိုက်သည်။ "ဘယ်သူ လုပ်နေတာလဲဟေ့? ဒီဘုရင်ကိုရန်စရဲတဲ့အထိ သတ္တိရှိနေတာပေါ့၊ ပုန်းမနေဘဲ ထွက်လာခဲ့စမ်းကွ!!!!"
အော်ဟစ်သံသည် တောင်များကို ချိုးဖျက်ကာ ကောင်းကင်ကို ကွဲကြေပြိုလဲစေတော့မတတ်။
ကံမကောင်းစွာဖြင့် ဗျပ်စောင်းတေးဂီတသည် မည်သည့် အနှောင့်အယှက်မှ မရှိဘဲ သာယာချိုမြိန်စွာ ဆက်လက်ပဲ့တင်ထပ်လို့နေသည်။
အချိန်တိုတစ်ခုအတွင်း ထူထပ်သိပ်သည်းသောသော ဝိညာဉ်မျိုးနွယ်စု သတ္တဝါတပ်ကြီးသည် ညက်ညက်ပါအောင် ချေမှုန်းခံလိုက်ရပြီး မူလက အရေအတွက်၂သိန်းတွင် ယခုတော့ ဆယ်ဦးအောက်သာ ရှင်ကျန်ခဲ့တော့လေသည်။
ဝိညာဉ်တပ်မှူး အချို့သည် ဆက်လက်ရပ်တည်နိုင်ရန်ပင် အနိုင်နိုင် ရုန်းကန်နေကြရပြီး ၎င်းတို့၏ ခန္ဓာကိုယ်များမှာ အရည်ပျော်လုနီးပါးအခြေအနေသို့ ရောက်ရှိကာ တဖြည်းဖြည်းအားနည်းလာသောစိတ်စွမ်းအင်အဟုန် မကုန်ဆုံးခင် အသံလွှင့်တိုက်တွန်းလျက်ရှိကြ၏။ "အရှင်မင်းကြီး… … အမြန်ဆုတ်ပါ… … လူသားမျိုးနွယ်စုဘက်မှာ စွမ်းအားရှင်တစ်ပါး ရောက်ရှိနေပုံရပါတယ်… …"
ထို့နောက် ၎င်းတို့သည် ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။
"မဖြစ်ဘူး!!"
ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်၏ မျက်လုံးများသည် ကွဲထွက်လုနီးပါးနီရဲကာ ဝမ်းနည်းပမ်းနည်းဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးသည်လည်း အရွယ်အစားစုံဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး အမြင်တွင် လွန်စွာကြောက်စရာကောင်းလှသော်ငြား ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်၏ အားကိုးဖြင့် သူသည် နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်နိုင်ခဲ့သည်ပင်။
သို့သော် တောင့်ခံထားရသည့် ဖြစ်စဥ်တစ်ခုလုံးမှာ သူ့တစ်သက်တွင် အဆိုးရွားဆုံးသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခုသာ ဖြစ်ပေသည်။
"ဘယ်သူလဲ? ဘယ်သူလုပ်နေတာလဲ? !!!"
ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် ပေါက်ကွဲလျက် ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ သူသည် အဆုံးထိ ဆုတ်ခွာရန် မရွေးချယ်ဘဲ ဒေါသစိတ်ကိုပြန်လည်မျိုသိပ်လျက် စိတ်ငြိမ်အောင်ထိန်းကာ ခေါင်းမာစွာဖြင့် ရှေ့သို့ တိုးဝင်သွားသည်။
သူ့အနေဖြင့် ရှင်သန်လွတ်မြောက်ရန် မည်သည့်နည်းလမ်းမှ မရှိကြောင်း သူသိ၏။