← Chapters

အခန်း (၉၈)

Vol. 7 Ch. 98

အခန်း (၉၈)

Vol. 7 Ch. 98

သန်းပေါင်းများစွာသော တပ်ကို ဦးဆောင်ကာ မဟာကျိုးပြည်ထောင်သို့ ဒုတ်ဒုတ်ထိ သွားရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်တစ်ခုလုံး ပြိုက်ခနဲ ချေမှုန်းခံခဲ့ရသည်။ ဒီတိုင်းဆုတ်ခွာလှည့်ပြန်သွားလျှင် သေချာပေါက် ယခုထက်မလျော့သောညှင်းပန်းမှုဖြင့် အပြစ်ပေးခံရမည်ဖြစ်၏။

မကြာမီ ဦးချိုတစ်‌ချောင်းပါ ဝိညာဥ်ဘုရင်၏ ခန္ဓာကိုယ်တွင် အဖြူရောင်အငွေ့များ တထောင်းထောင်းထွက်လာသည်။ နာကျင်မှုသည် နှလုံးသားကို ဆွဲဆုတ်ပြီး အရိုးများကို ထိုးဖောက်ကာ အသက်ဝိညာဥ်ကိုပင် ခြိမ်းခြောက်လာလျက်။

"မဖြစ်ဘူး၊ ဒီတိုင်းဆက်နေနေရင်… …"

ဦးချိုတစ်‌ချောင်းပါ ဝိညာဥ်ဘုရင်သည် အံကိုတင်းတင်းပါအောင်ကြိတ်ကာ မကောင်းဆိုးဝါး အငွေ့အသက်များ လျှံထွက်နေသော ခရမ်းရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ဒါက သံတမန်တော် ပေးထားတဲ့ မရဏအမြစ်ဆေးလုံးပဲ။

"အခြေအနေတွေက ဒီအထိ ဆိုးရွားလာမှတော့ ဒီဆေးလုံးကိုစားဖို့ပဲကျန်တော့တယ်၊ ဒီဘုရင် ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ နောက်ကွယ်က စွမ်းအားရှင်ဆိုတဲ့လူကို ရအောင်ရှာပြီး ဆုံးမပေးမယ်!"

ဦးချိုတစ်‌ချောင်းပါ ဝိညာဥ်ဘုရင်သည် ဆေးလုံးကို မျိုချကာ ကောင်းကင်သို့မော့ချီ၍ သံရှည်ကြီးဆွဲလျက် အော်ဟစ်လိုက်ရာ မျက်လုံးများမှ ကောင်းကင်ပြင်ကို ဖောက်ထွက်သွားတော့မတတ် စူးရှသော အနက်ရောင်နှင့်ခရမ်းသွေးနှော နတ်ဘုရားအလင်းတန်းနှစ်စင်း ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်အတွင်းတွင် ပြင်းထန်စွာလောင်ကျွမ်းနေသော အင်အားတစ်ခုကို ခံစားလိုက်ရပြီး ကျင့်ကြံဆင့်မှာ ‌ဘေးဒုက္ခကျော်လွှားခြင်း အစောပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်ထိတိုင်အောင် တိုးမြင့်သွားလေပြီ။

ဦးချိုတစ်‌ချောင်းပါ ဝိညာဥ်ဘုရင်၏ အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းလာပြီး သူ၏ တစ်ကိုယ်လုံးမှာ အနက်ရောင်နှင့်ခရမ်းရောင်နှောသော အရောင်အဝါဖြင့် ဖုံးလွှမ်းကာ ခရီးဝေးတစ်ခုနှင်တော့မည့် နတ်ဆိုးကြယ်ပျံတစ်စင်းနှင့် အလားသဏ္ဍာန်တူလှ၏။

သူဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လူအပေါင်းက ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးအစုံဖြင့် မော့ကြည့်ကြလျက်သားပင်။

ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် မိမိ၏ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ ဗျပ်စောင်းသံ၏ သက်ရောက်မှုသည်လည်း နည်းသည်ထက် နည်းလာသည်ကို ခံစားမိလိုက်သည်။

တိုးတက်နေတဲ့ အရာအားလုံးဟာ အဲဒီ မရဏအမြစ်ဆေးလုံးရဲ့ အစွမ်းသတ္တိပါပဲ!

ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် ဤတိုးတက်မှုများမှာ ယာယီအချိန်အတိုင်းအတာတစ်ခုအတွက်သာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မတွေးဝံ့စရာ ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်ကြောင်း သိသော်လည်း သူ့အတွက် နောက်ဆုတ်ဖို့ရာလမ်းမရှိတော့ပါချေ။ သံတမန်တော်မှ ပေးအပ်ထားသောတာဝန်ကို မဖြစ်မနေ ပြီးမြောက်အောင် လုပ်ဆောင်ရမည်!

"သတ်မယ်! သတ်မယ်! မင်းကို သတ်ပစ်မယ်!"

ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်၏ မျက်လုံးများမှာ နာကျည်းဒေါသကြောင့် သွေးရောင်သန်းနေပြီး သူ၏ မျက်နှာတွင် လူသတ်လိုစိတ်များ ပြည့်နှက်နေသည်။

အသက်ရှူသံ တစ်ချက်စာမျှ ကျန်ရှိနေသရွေ့ သူသည် မင်းနေပြည်တော်ကို ချိုးဖျက်ကာ လူသတ်ပွဲကြီးကို မရရအောင်ကျင်းပမည်ဖြစ်၏။ သူ၏ နောက်ဆုံးအချိန်တွင် ကျန်ရှိသောဆန္ဒနှင့်စွဲလမ်းမှုမှာ ထိုသူကိုသတ်ဖြတ်ဖို့ရန်သာ။

ထိုအချိန်တွင် စိတ်အားထက်သန်သော ဗျပ်စောင်းသံသည် အထွဋ်အထိပ်သို့တိုင် ရောက်ရှိသွားပြီး အတူပါလာသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားသည် ပို၍ပင် အားကောင်းလာလေသည်။

မဟာကျိုးပြည်ထောင်၏ ဒေသအသီးသီးတွင် ထူးဆန်းသော ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခြင်းက ကမ္ဘာကို တုန်လှုပ်သွားစေခဲ့သည်!

ထွန်းလင်းတောက်ပသော လမင်းသာသည် ပင်လယ်ပြင်မှ မြင့်တက်ထွက်ပေါ်လာသကဲ့သို့!

ခမ်းနားသော တောင်တန်းများနှင့် မြစ်မင်းအသွယ်သွယ်၏ပုံရိပ်ကား စုတ်ချက်ကောင်းကောင်းဖြင့် ရေးဆွဲခြယ်သထားသကဲ့သို့!

ကြယ်များသည် ကြည်လင်သော ကောင်းကင်ပြာထက် တုနှိုင်းမဲ့စွာ တောက်ပလို့နေသကဲ့သို့!

နေနှင့်လတို့က တစ်ပြိုင်နက် ထွက်ပေါ်ထွန်းလင်းလျက် နဂါးနှင့် ဖီးနစ်တို့က သံပြိုင်တေးသီကြူးနေကြသကဲ့သို့!

(ယဲ့ကျွင်းလင်ရဲ့ဗျပ်စောင်းသံကြောင့် ကျိုးပြည်ထောင်တစ်ခုလုံး ထူးဆန်းအံ့သြဖွယ်ကောင်းချီးတွေနဲ့ ပြည့်နှက်သွားပြီး သဘာဝတရားကြီးပါ ကပြောင်းကပြန်တွေ ဖြစ်လာတော့တာပေါ့)

… …

မဟာကျိုးပြည်ထောင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး ကြွေးကြော်သံများက ကောင်းကင်သို့တိုင် စီစီညံသွားသည်။

"ဘာ?!"

ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် ကမ္ဘာမြေ၏အပြောင်းအလဲများကြောင့် ကြောက်လန့်တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ လေးလံအားပြင်းသော ထိုးနှက်ချက် တည့်တည့်ခံလိုက်ရသည့်အလား ချိုင့်ဝှမ်းတစ်ခုအတွင်း လဲကျသွားပြီး ဖုန်တလုံးလုံးသာထလာတော့သည်။

"အား အား အား အား အား!" ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်၏ မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့ကာ ရွှံ့ထဲတွင် လူးလှိမ့်နေသော တောဝက်တစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်နာကျင်ခံစားနေရသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်ထဲမှ သွေးစီးကြောင်းများ လျင်မြန်စွာ အငွေ့ပျံပျောက်ကွယ်သွားကာ အရိုးဖြူများကို ပေါ်လာစေပြီး အရိုးများပင်လျှင် ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းရာများဖုံးလွှမ်းလျက် နောက်တစ်စက္ကန့်အကြာတွင် ပြိုကွဲကျိုးကြေသွားတော့မည့်ပုံပေါ်နေသည်။

"ဘယ်သူ လုပ်နေတာလဲ? ဘယ်သူလဲ! သတ္တိရှိရင် ဒီဘုရင်ရှေ့မှောက် ထွက်လာခဲ့စမ်း!!"

ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် နောက်ဆုံးတော့ တောင့်မခံနိုင်တော့ဘဲ လုံးဝ ပြိုလဲသွားသည်။ သူသည် နောက်ကွယ်မှ ဗျပ်စောင်းတီးသူကိုသာ မြင်လိုခြင်းဖြစ်ပြီး သူသေဆုံးရသည့်အကြောင်းရင်းကိုလည်း မသေခင်သိသွားချင်သည့်စိတ်ဆန္ဒ ပြင်းပြစွာတည်ရှိလာ၏။

ကံမကောင်းစွာဖြင့် ဤအတွေးပင်လျှင် သူ့ကိုဆက်ပြီး အားဖြည့်မပေးနိုင်တော့ပါ!

"လူသားမျိုးနွယ်မှာ ကြောက်စရာ စွမ်းအားရှင်တွေ ရှိနေတယ်… …" ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် ကြောက်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

လုံးဝမကျေနပ်ပါ၊ ခံပြင်းစိတ်ကသာ ကြီးစိုးနေတော့သည်!

ဘုန်းတန်ခိုးအရှိန်အဝါ ကြီးမားလှသော ဝိညာဥ်မျိုးနွယ်စု၏ ဘုရင်ဖြစ်သူ ဘေးဒုက္ခကျော်လွှားခြင်းကျင့်ကြံဆင့်မှ မသေမျိုးအရိပ်ဘွဲ့တော်ရ ကျင့်ကြံသူတစ်ဦးက ဘယ်သူကသတ်လို့သတ်မှန်းပင် မသိလိုက်ရပါဘဲ ဒီလိုပုံစံဖြင့်သာ သေဆုံးရတော့မည်တဲ့လား?

တကယ်ပဲ ရှက်စရာကောင်းလိုက်တဲ့ ဘဝအဆုံးသတ်ပါလား!

နောက်ဆုံးတွင် တိုးတက်မလာသည့်အခြေအနေကြောင့် စိတ်ပျက်အားငယ်စွာဖြင့် ဦးချိုတစ်ချောင်းပါ ဝိညာဥ်ဘုရင်သည် မြေမှုန့်အဖြစ် ပြိုကွဲပျောက်ကွယ်သွားရကာ သူ၏ အသိစိတ်ဝိညာဥ်ပင်လျှင် ထာဝရ အမှောင်ထုထဲ၌ တိတ်ဆိတ်စွာ တိုးဝင်ပျောက်ရှသွားခဲ့သည်။

ထျန်းဟယ်ခန်းမတွင် ယဲ့ကျွင်းလင်၏ လက်ချောင်းများသည် ဗျပ်စောင်းကြိုးများကို ဆက်လက်တီးခတ်နေပြီး ခဏအကြာတွင် လက်ချောင်းများ၏လှုပ်ရှားမှု တဖြည်းဖြည်းနှေးကွေးသိမ်မွေ့လာကာ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရောင်အဝါသည်လည်း စတင် ပျောက်ကွယ်လို့လာသည်။'

နောက်ထပ်ခဏအကြာတွင် "ချွမ်ယွီထျန်းရှ" သီချင်းသည် ပြီးဆုံးသွားခဲ့လေပြီ။

ပရိသတ်ထုတစ်ခုလုံး တိတ်ဆိတ်ငြိမ်ကျလျက်သား။

စကားပုံထဲကလို အပ်ကျသံပင် ကြားနိုင်ရလောက်မည့် တိတ်ဆိတ်မှုမျိုးပင်!

"ဟူး… …" ယဲ့ကျွင်းလင်သည် လေးလံသော ထွက်သက်တစ်ချက်ကို ရှူထုတ်လိုက်ပြီး သူ၏ နဖူးမှ ချွေးသီးများကို သုတ်လိုက်သည်။

ယခုလေးတင် တီးခတ်ရသည်မှာ အလွန်ပျော်ရွှင်စရာကောင်းပြီး ကိုယ့်ကိုယ်ကိုပင် မေ့လျော့သွားသည့် အခြေအနေထိတိုင်း စီးမျောသွားခဲ့မိသည်ပင်။ "ချွမ်ယွီထျန်းရှ" သီချင်းသည် စာသားမပါ တေးသွားသက်သက်သည်ပင် အံ့သြဖွယ်ကောင်းလှ၏!

(စာသားတွေကို ရှာလို့မရခဲ့ပေမယ့် ချွမ်ယွီထျန်းရှရဲ့အဓိပ္ပာယ်ဟာ ကမ္ဘာကိုအုပ်စိုးခြင်းလို့ အမည်ရပြီး သူရဲကောင်းတစ်ယောက်ရဲ့ ဘဝဖြတ်သန်းပုံနဲ့‌အောင်နိုင်မှုအလီလီကို ဖွဲ့ဆိုထားတယ်လို့ သိရပါတယ်)

【တင်၊ ဝိညာဥ်မျိုးနွယ်စုတပ်ကို အနိုင်ယူနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ နတ်ဘုရားအဆင့် ငါးပါးဒြပ်စင် ဝိညာဥ်အမြစ်များဖြစ်တဲ့ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်ပါတယ်ရှင့်။】

သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်သည် ခပ်ရွှင်ရွှင် မြူးထူးနေသောလေသံဖြင့် ထွက်ပေါ်လာသည်။

ယဲ့ကျွင်းလင်: "? ? ?"

စာစဉ်ပြီး၏

All Chapters