အပိုင်း (၁၂၈၃)
Vol. 87 Ch. 1283
ပြိုင်စံရှားဂိုဏ်း …..။
နင်ညီအစ်ကိုတို့သည် တပည့်အသစ်များကို ခေါ်ယူပြီးနောက် ကျွင်းချောင်ရှောင်းသည် လုချင်းချင်းအား မြောက်ပိုင်းပင်လယ်ဆီမှ ပြန်လည်ကာ ခေါ်ဆောင်လာခဲ့၏။ သူတို့အနေဖြင့် ဤခရီးကို လာရောက်ချိန်တွင် ကြီးမားသည့် ရတနာများကို မရရှိခဲ့ချေ။
တန်ဖိုးအကြီးဆုံးအရာမှာ ထိုက်ရွှမ်နှလုံးသား ကျမ်းစာပင် ဖြစ်၏။အထဲတွင် မှတ်တမ်းတင်ထားသည့် ကောင်းကင် နှင့် မြေကြီး ဖန်တီးခြင်း အစီအရင်သည် တန်ဖိုးဖြတ်၍မရအောင်ပင် တန်ဖိုးကြီးလွန်းလှသည်။
လမ်းမှာတွေ့သည့် ဓားပြများဆီမှ ပြန်လည်လုယက်ပြီးနောက် ငွေအနည်းငယ်ကိုသာ ပြန်လည် ရှာဖွေနိုင်ခဲ့၏။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် လာရောက်ကာ စေ့ဆော်၏။ "တပည့်တွေ ပိုပြီးတော့ များပြားလာပြီလေ။ ဒီတော့ ဂိုဏ်းနဲ့ပတ်သက်တဲ့ အထောက်အပံ့တွေကို ပိုပြီးတော့ နည်းပါးလာတယ်"
"အဆင်ပြေတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ငါအစောကြီးကတည်းက ကြိုပြီး ပြင်ဆင်ပြီးသား"
သူ့အနေဖြင့် အထူးတာဝန်ဆီမှ အောင်မြင်ပြီး စိတ်ဝိညာဉ်အသွင်ပြောင်း ဆေးလုံးကို ဝယ်ယူခဲ့သည်။ ပြီးနောက် ဂိုဏ်းအတွက် လိုအပ်သည့် ပစ္စည်းပစ္စယာများကို ကြိုတင်ကာ ဝယ်ယူခဲ့၏။ထို့ကြောင့် လုံလုံလောက်လောက် ပြန်ပေးနိုင်သည်။
လီချင်းယန်သည် များပြားလှသည့် အရင်းအမြစ်များနှင့် ပြန်လည်ကာ ထွက်ခွာသွာခဲ့၏။
ကျွင်းချောင်ရှောင်းမှာတော့ အထူးတာဝန်အား မည်ကဲ့သို့ ပြည့်စုံအောင် လုပ်ရမည်ဆိုသည့် အကြောင်းအား စတင်ကာ စဉ်းစားလျက်ရှိ၏။ ပထမဆုံးအနေဖြင့် သူသည် ဂိုဏ်းသားတစ်သိန်းအား ခေါ်ဆောင်ရန် လိုအပ်ပြီး ထိုမှသာလျှင် ပထမအဆင့် ဂိုဏ်းတစ်ခု ဖြစ်လာမှာဖြစ်သည်။
လုံလောက်သည့် တပည့်အရေအတွက် ပြည်စုံသည်နှင့် ၎င်းတို့၏ အားအင်အဆင့်သည်လည်း လိုအပ်ချက်နှင့် ကိုက်ညီပြီးသား ဖြစ်နေ၏။ ထို့ကြောင့် တာဝန်သည် လွယ်လွယ်ကူကူနှင့် ပြည်စုံမှာ သေချာ၏။
ဒုတိယအနေဖြင့် များပြားလှသော ဂိုဏ်းနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ ထိပ်တန်း ကျွမ်းကျင်သူများ၏ အသိအမှတ်ပြုမှုကို ရရှိရန် လိုအပ်နေ၏။ ထိုအရာသည် ဂိုဏ်းသားအရေအတွက် ပြည့်ဝခြင်းထက် ပိုမိုကာ ခက်ခဲ၏။ မည်ကဲ့သို့ ပြည့်စုံအောင်လုပ်ရမည်ကို သူသေချာနားမလည်သေးချေ။
"ရိုးရှင်းတယ်"
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် ပြောလိုက်၏။ "နေ့ကောင်းတစ်ရက်ကို ရှာဖွေပြီးတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ သိုင်းတာအိုဆွေးနွေးပွဲတစ်ခုကို ကျင်းပလိုက်မယ်။ ပြီးတော့ ရှိရှိသမျှဂိုဏ်းတွေနဲ့ ထိပ်တန်းကျွမ်းကျင်သူတွေကို တက်ရောက်ဖို့ ဖိတ်ကြားခိုင်းလိုက်မယ်။ ပြီးရင် သိုင်းမဟာမိတ်ခေါင်းဆောင်အဖြစ် ငါ့ကိုရွေးချယ်အောင် လုပ်ရမယ်"
"တစ်ကယ့်ကို အကြံကောင်းပဲ ။ ဒါပေမဲ့ …"
စနစ်က ပြောလိုက်သည်။ "သိုင်းတာအို ဆွေးနွေးပွဲဆိုတာက လုပ်ချင်တိုင်း လုပ်လို့ရတာမဟုတ်ဘူးလေ။ ဂိုဏ်းတော်တော်များများက ပူးပေါင်းပြီးကြေညာပေးမှ ဖြစ်မှာ။"
"ဒါတော့ ပြဿနာမဟုတ်ပါဘူး"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ "ထိုက်ရွှမ်ဂိုဏ်းဆီကို အရင်သွားမယ်"
………..
ထိုက်ရွှမ်ဂိုဏ်း ……။
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေ၏။ ပြီးသည့်နောက်မှာတော့ သူသည် လာရသည့်ရည်ရွယ်ချက်အား သေသေချာချာ ရှင်းပြလိုက်၏။
"ဒါ … ဒါက …. "
ဂိုဏ်းချုပ်ယုလင်းဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက သိုင်းတာအို ဆွေးနွေးပွဲတစ်ခုကို ဘာလို့ ကျင်းပချင်တာလဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ "ကျုပ်ကို မဟာမိတ်ခေါင်းဆောင်အဖြစ် ရွေးချယ်စေဖို့ပေါ့"
"...."
ယုလင်းဟန်နှင့် အကြီးအကဲရှ တို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ အားလုံးသည် ဤဂြိုလ်ကြီး၏ ခေါင်းဆောင်သူတစ်ယောက် ဖြစ်လာချင်မိ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပိုမိုကာ တည့်တိုးဆန်လွန်းလှ၏။ မည်သည့် ပရိယာယ်ကိုမှမသုံးဘဲ သူဖြစ်ချင်သည့် အရာများကို တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောဆိုနေလေသည်။ ထိုသို့သော လူမျိုးကို မြင်ဖူးကြသည်မှာ သူတို့အတွက် ပထမဆုံးသာ ဖြစ်ပေလိမ့်မည်။
"ခင်ဗျားတို့ မလုပ်နိုင်ဘူးလား"
"လုပ်နိုင်ပါတယ်။ လုပ်နိုင်ပါတယ်"
ယုလင်းဟန် သည် အနည်းငယ် တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။ "ဒါပေမဲ့ အခြား ပထမအဆင့်ဂိုဏ်းတွေရဲ့ သဘောတူညီမှုကို ရဖို့လည်း လို့အပ်သေးတယ်။ ပြီးမှ တူတူကြေညာကြတာပေါ့"
"ခင်ဗျားတို့ဂိုဏ်းက သဘောတူညီဖို့ပဲ လိုတာ။ ကျန်တာက အားလုံးကျုပ်တာဝန် ထားလိုက်" ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။ လက်ရှိအချိန်မှာတော့ ယုလင်းဟန်သည် မည်သို့မှ ရွေးချယ်ခွင့်မရှိပဲ သဘောတူညီလိုက်ရတော့၏။
ပြီးသည့်နောက် သူကပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း သိုင်းတာအိုဆွေးနွေးပွဲကို ဘယ်အချိန် ကျင်းပကြမှာလဲ"
"နှစ်လကြာပြီးရင်ပေါ့။ ကဲ နှုတ်ဆက်ပါတယ်"
ကျွင်းချောင်ရှောငိးသည် အချိန်ရသည်နှင့်တပြိုင်နက် တောက်ပအလင်းနတ်ဂိုဏ်းဆီသို့ တစ်ခါတည်း သွားရောက်လိုက်၏။ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထက်တွင် မတ်မတ်ရပ်ပြီးသည့်နောက် သူ၏ ရည်ရွယ်ချက်ကို တစ်ခါတည်း ပြောဆိုခဲ့လိုက်၏။
အဓိကဟောခန်းတွင် ရှိနေသော ဂိုဏ်းချုပ်နှင့် အထက်ပိုင်းလူများကို ကြည့်ရှုပြီး သူသည် မထူးမခြားနားသလို ပြောလိုက်သည်။ "ကဲ ကျုပ်ပြောချင်တာ ပြောပြီးပြီ။ ဘယ်သူက သဘောတူပြီး ဘယ်သူက သဘောမတူဘူးလဲ"
စုရှောင်မိုနှင့် ရှရေွှယွင်တို့၏ ရင်းနှီးပတ်သက်မှုကြောင့် သူသည် ထိုက်ရွှမ်အအေးဂိုဏ်းသို့ ရောက်ရှိချိန်တွင် ယဉ်ယဉ်ကျေးကျေးနှင့် ဆက်ဆံခဲ့၏။ သို့ပေမဲ့ တခြားဂိုဏ်းများဆီသို့ ရောက်ရှိချိန်မှာတော့ သူသည် သူ၏ အစစ်အမှန်ပုံရိပ်ကို ထုတ်ဖော်ပြသပြီ ဖြစ်၏။ ဤကဲ့သို့သော ရုပ်ရည်မျိုးသည် အခြားသောဂိုဏ်းများမှ စုပေါင်း၍ ရိုက်နှက်ချင်သည့် ရုပ်ရည်မျိုးပင် ဖြစ်၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် မပြုလုပ်ရဲကြပေ။ သဘောတူညီရုံသာ တတ်နိုင်ကြ၏။
"သဘောတူပါတယ်။ သဘောတူပါတယ်"
လောကပုန်ကန်နတ်ဂိုဏ်း၏ ကောင်းကင်ယံထက်မှာတော့ အောင်းဝူရှန်း သည် လေ့ကျင့်ရာမှ ရပ်တန့်ပြီးနောက် သူ၏ ခြေထောက်များသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏ဘေးတွင် ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်လျက် ရှိနေပြီး ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းသော အော်ရာများကို ထုတ်ဖော်နေကြောင့်ပင်။
"ကျုပ် သဘောတူပါတယ်။ သဘောတူပါတယ်" ဟောခန်း၏ရှေ့တွင်ရှိသောဂိုဏ်းချုပ်သည် မြန်မြန်ဆန်ဆန်ပင် ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် လေးနက်သော မျက်နှာပေါ်၌ အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
သူသည် အောင်းဝူရှန်း၏ ပုခုံးကို အသာပုတ်ကာ ပြောလိုက်၏။ "ဒီလိုအခြေအနေကနေ ပြန်ပြီးကောင်းမွန်လာအောင် ကြိုးစားနိုင်တယ်ဆိုတော့ မင်းက တကယ့်ကိုတော်တဲ့လူပဲ"
"...."
တစ်ချိန်တုန်းက မောက်မာခဲ့ဖူးသော သခင်လေးသည် ရီရှင်းချန်၏ ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။ ထို့ပြင် ကုန်းရှန့်၏ရှေ့တွင် မတ်တပ်ရပ်နေသည့်အချိန်မှာတော့ သူ့အနေဖြင့် အသက်ပင် ရဲရဲမရှုရဲခဲ့ချေ။
အောင်းဝူရှန်း သည် လက်သီးကို ဆုပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ခက်ခက်ခဲခဲ သူ၏ ဦးခေါင်းကိုမော့လိုက်၏။ မျက်လုံးဆီ မျက်ရည်များသည် တတောက်တောက် နှင့် ကျဆင်းလျက်ရှိ၏။ "ကျုပ် ပြိုင်စံရှားဂိုဏ်းရဲ့ စာမေးပွဲကို သွားပြီးဖြေလို့ရလား"
သူ့အနေဖြင့် ပြန်လည်၍ အားကောင်းလာရန် ကြိုးစားနေသည့် အချိန်တွင် အကြောင်းအရာ တော်တော်များများကို စဉ်းစားနေမိ၏။ နောက်ပိုင်းတွင် သူသည် ရီရှင်းချန်ကိုရှုံးရခြင်းမှာ သူ၏ သိုင်းကျင့်ကြံခြင်း ပါရမီကြောင့် မဟုတ်ပေ။
ကောင်းမွန်သည့် ဂိုဏ်းချုပ်တစ်ယောက် မရှိသောကြောင့်ဖြစ်ကြောင်း နားလည်ခဲ့မိ၏။ ယနေ့မှာတော့ သူသည် ကျွင်းချောင်ရှောင်းပေါ်လာချိန်မှာတော့ မည်သို့မျှ မနေနိုင်တော့ချေ။ ပြိုင်စံရှားဂိုဏ်း၏ စာမေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး ဖြစ်၏။
"ငါသား"
လောကပုန်ကန်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လေးနက်စွာပြောလိုက်မိ၏။ "မင်းက သခင်လေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဒီမှာရှိသမျှ အရာတွေကို ဆုံးရှုံးရမှာနော်"
"ကျွန်တော် ဂရုမစိုက်ဘူး"
အောင်းဝူရှန်းက အော်ဟစ်လိုက်၏။ "ကျွန်တော်ပိုပြီး အားကောင်းချင်တယ်"
လောကပုန်ကန်နတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အချိန်အေတာ်အကြာ တိတ်ဆိတ် ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာတော့ ပြောချင်သည့် အကြောင်းအရာများကို မျိုချကာဖြင့် မေးလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျုပ်ရဲ့သားက ခင်ဗျားတို့ဂိုဏ်းရဲ့ စာမေးပွဲကို ဝင်ပြီးဖြေချင်နေတယ်။ အဆင်ပြေပါ့မလား။"
"ဂိုဏ်းချုပ်အောင်း"
ကျွင်းချောင်ရှောင်း၏ အသံသည် ကောင်းကင်ယံထက်ဆီမှ လွင့်ပျံလာခဲ့တော့၏။ "တော်ဝင်မိသားစုရဲ့ လူပဲဖြစ်ဖြစ်၊ အပြင်လူပဲ ဖြစ်ဖြစ် ပြိုင်စံရှားဂိုဏ်းရဲ့ စာမေးပွဲကို ဝင်ပြီးဖြေခွင့်ရှိတယ်။ ဒါပေမဲ့ အောင်မြင်မှပဲ အထဲကို ဝင်ခွင့်ရမယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း"
အောင်းဝူရှန်းသည် ခက်ခက်ခဲခဲ မတ်တပ်ပြီးသည့်နောက်မှာတော့ လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "ကျွန်တော် အရှေ့တောင် ရန်ကျူးကို အခုပဲ သွားတော့မယ်"
ကျွင်းချောင်ရှောင်းသည် ပြန်၍ မပြောချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် အဝေးကြီးဆီသို့ ပျံသန်းရောက်ရှိပြီး ဖြစ်၏။
အောင်းဝူရှန်းသည် သူတို့ဂိုဏ်း၏ ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံ၏။ ထိုနည်းစနစ်ကြောင့်ပင် သူသည် အလွန်တရာမောက်မာခဲ့၏။ သို့ပေမဲ့ သူသည် အလွန်ငယ်ရွယ်သေး၏။ ပြိုင်စံရှားဂိုဏ်းနှင့် ရန်ဖက်အဖြစ် ဖြစ်တည်ခဲ့ခြင်းသည် နဂါးကျားပြိုင်ပွဲတွင်သာ ဖြစ်၏။ တခြားသော ကြီးမားသည့် အမှားများကို ပြုလုပ်ခဲ့သူတစ်ယောက်လည်း မဟုတ်ပေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေရန် အရည်အချင်း ပြည့်မီသူ တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
ကျွင်းချောင်ရှောင်းသည် ပြိုင်စံရှားဂိုဏ်းကို ဝင်ရန်အတွက် ရှိရှိသမျှ လူများကို လက်ခံနေမည်မဟုတ်ချေ။ မတူညီသည့် စိတ်နေစိတ်ထား၊ အခြေခံနှင့် အရည်အချင်းအပေါ်မူတည်၍ ရွေးချယ်ခြင်းပင် ဖြစ်၏။ တစ်ချို့လူများသည် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခွင့် မရှိကြချေ။
ဥပမာအားဖြင့် လိုင်လီနတ်ဂိုဏ်းဆီမှ မုရုံရှင်းပင် ဖြစ်၏။ သူမသည် ရှောင်ကျီကို ထိခိုက်နာကျင်အောင် ပြုလုပ်ခဲ့၏။ ထို့ကြောင့် အောင်းဝူရှန်းနှင့် မတူညီသည့် ပုံပန်းသွင်ပြင်မျိုး ရှိသူတစ်ယောက်ဟု ဆိုရပေမည်။
…………
ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ သိုင်းအင်ပါယာကိုးယောက်တို့ ပြန်လည်ပေါ်ပေါက်လာသည့် သတင်းသည် ပြန်လည်ငြိမ်သက်သွား၏။ လက်ရှိအချိန်မှာတော့ အခြားသော ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းတစ်ပုဒ်သည် တည်နေရာတစ်ခုလုံးဆီသို့ ပြန့်နှံ့သွားခဲ့၏။
နှစ်လကြာပြီးသည့်နောက် သိုင်းတာအိုဆွေးနွေးပွဲသည် ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်နေရာသည် ပြိုင်စံရှားဂိုဏ်းပင် ဖြစ်၏။ ဂိုဏ်းကပဲ ဖြစ်ဖြစ်၊ မိသားစုကလန်ကပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုခုက ဖြစ်ဖြစ်၊ လွတ်လပ်သော ကျင့်ကြံသူပဲ ဖြစ်ဖြစ် မည်သူမဆို ထိုဆွေးနွေးပွဲသို့ တတ်ရောက်ရမည် ဖြစ်သည်။
"သတင်းကြီးပဲ။ သတင်းကြီးပဲ"
လမ်းတစ်လျှောက်တွင် ရှိနေကြသော သိုင်းကျင့်ကြံသူများသည် သတင်းနှင့်ပတ်သက်၍ အပြင်းအထန် ဆွေးနွေးလျက် ရှိနေကြ၏။
"သိုင်းတာအိုဆွေးနွေးပွဲကို ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဦးစီးတာလေ။ ဂိုဏ်းတွေ၊ ကလန်တွေတင်မကပဲ တခြား လွတ်လပ်တဲ့ ကျင့်ကြံသူတွေပါ ပါဝင်နေတယ်။”
“ကောင်းကင်ဘုံ …. ကုန်းမြေတိုက်ကြီးမှာရှိတဲ့ တစ်ကယ့်ကို လေးစားရတဲ့ လူတွေက ထိုဆွေးနွေးပွဲကို သွားကြမှာပေါ့။”
“ဒါက တစ်ကယ့်ကို မယုံကြည်နိုင်စရာကောင်းတဲ့ သတင်းတစ်ခုပဲ "
သိုင်းကျင့်ကြံသူများ ဆွေးနွေးနေတုန်းမှာပဲ မြို့တွင်ရှိနေသော အစီအရင်ဆရာများသည် ပုံရိပ်ယောင်အစီအရင်များကို တက်တက်ကြွကြွနှင့် ပြင်ဆင်လျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် နောက်နှစ်လအတွင်း ကျင်းပမည့် သိုင်းတာအိုဆွေးနွေးပွဲအား အမြို့မြို့နယ်နယ်တွင် ပုံရိပ်ယောင်အစီအရင်များနှင့် ပြသရန် စီစဉ်ကြမှာ ဖြစ်သောကြောင့်ပင်။
မည်မျှ ကြီးမားလှသည့် အစီအရင်ဖြစ်သနည်းဆိုလျှင် အမြို့မြို့အနယ်နယ်အရပ်ရပ်တွင် များပြားလှသည့် ပုံရိပ်ယောင်အစီအရင်များကို တည်ဆောက်ထားလျက် ရှိနေ၏။ ထို့ကြောင့် ဤတာအိုဆွေးနွေးပွဲသည် ကုန်းမြေတိုက်ကြီးကို လွှမ်းမိုးနိုင်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်လာမှာ သေချာ၏။
အထူးတာဝန်ကို ပြည်စုံရန် ကျွင်းချောင်ရှောင်းသည် သမိုင်းတွင် တကယ့်ကို ပြည့်စုံခမ်းနားလှသည့် ဆွေးနွေးပွဲကြီးကို စတင်ရန်ပြင်ဆင်လျက် ရှိ၏။ ဆွေးနွေးပွဲသို့ တက်ရောက်ရန် မိစ္ဆာဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းများ အားလုံးလည်း ဖိတ်ကြားခြင်းကို ခံခဲ့ရသည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကဲ့သို့ ဂိုဏ်းပင်လျင် ဖိတ်ကြားခြင်းကို လက်ခံရရှိ၏။ သူတို့သည် သွားရမလား၊ မသွားရဘူးလားဆိုတာ စဉ်းစားလျက်ရှိ၏။ နောက်ဆုံးမှာတော့ သွားကိုသွားရပေမည်။ မသွားပါက ပြဿနာတတ်တော့မည် ဖြစ်၏။
သတ်ဖြတ်ခြင်း နတ်ဘုရားကျောင်းနှင့် နတ်ဆိုးမိစ္ဆာဂိုဏ်းတို့သည်လည်း စတင်ကာ ပြင်ဆင်ကြတော့သည်။
ဂိုဏ်း၊ မိသားစု၊ အဖွဲ့အစည်း၊ လွတ်လပ်သော ကျင့်ကြံသူများ အားလုံးသည် ဖိတ်စာကို ရရှိသည်ဆိုသည်နှင့် စတင်ကာ တက်တက်ကြွကြွနှင့် ပွဲတက်ရန် စီစဉ်ကြလေ၏။
မြောင်ဟွာခန်းမ …….။
ကျန်းစွန်းဖန်းဟွာသည် ဖိတ်စာကို ကိုင်ပြီးနောက် ဇဝေဇဝါ အမူအရာမျိုးနှင့် ဖြစ်လျက်ရှိ၏။
"ခန်းမသခင်ကို ပြောရမှာလား"
စုရှောင်မိုနှင့် ရှရွှေယွင်တို့၏ စေ့စပ်ပွဲကို တတ်ရောက်ပြီးသည့် နောက်မှာတော့ ရှစ်ကျွန်းရွှမ်သည် ဂိုဏ်းဆီသို့ ပြန်ရောက်သည်နှင့် တပြိုင်နှက် တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်ခဲ့၏။ ယခုအချိန်အထိ ထွက်မလာသေးချေ။
"ကျင်းပဖို့က နှစ်လလောက်ကျန်သေးတယ်လေ။ အဲအခါကျမှ အခြေအနေ ကြည့်လုပ်ကြတာပေါ့" လန့်ရှင်းရွဲ့က ပြောလိုက်၏။
"ကောင်းပါပြီ"
တစ်ကယ်တော့ မြောင်ဟွာခန်းမတွင် ရှိနေသော အကြီးအကဲများ အားလုံးသည် ခန်းမသခင်တစ်ယောက် တံခါးပိတ်ကျင့်ကြံခြင်းသည် ပိုမိုအားကောင်းစေရန် ဖြစ်ကြောင်းနားလည်မိ၏။ သို့ပေမဲ့ သူမနှင့် သူမဂရုစိုက်ရသည့် လူကြားရှိ အဆင့်ကွာခြားချက်သည် ကြာလေ ပိုမိုကာ ကွာခြားလာလေဖြစ်ကြောင်း သူတို့ ကောင်းကောင်း နားလည်နေမိကြသည်။ ထိုအရာနှင့်ပတ်သက်၍ မည်သို့မျှ ကူညီပေး၍လည်းမရချေ။