အပိုင်း(၁၂၈၈)
Vol. 87 Ch. 1288
တောင်ခြေတွင်တော့ ကြီးမားလှသော အခမ်းအနားပွဲကြီးတစ်ခု တည်ရှိလို့နေခဲ့သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး မှ ဂိုဏ်းချုပ်များနှင့် လေးစားရလောက်သည့် ကျွမ်းကျင်သူများအားလုံးတို့သည် ဤနေရာတွင် ရောက်ရှိနေကြသည့် အပြင် ပင်လယ်ဒေသမှ စွမ်းအားမြင့်ကျင့်ကြံသူများပင်လျှင် စုဝေးလျက်ရှိနေကြ၏။
၎င်းတို့အားလုံးသည် ပြိုင်စံရှားဂိုဏ်းရောက်ရှိလာမည်ကို အလောတကြီးဖြင့် စောင့်မျှော်လျက်ရှိနေကြသည်။ ပြိုင်စံရှားဂိုဏ်းသည် လက်ရှိ သိုင်းတာအိုဆွေးနွေးပွဲ၏ အဓိကစီစဉ်သူဖြစ်နေသည်မဟုတ်ပါလား။
“သူလာပြီ။ ဂိုဏ်းချုပ်ကျွင်းလာပြီကွ။” ရုတ်တရက် တစ်စုံတစ်ယောက်သည် ကျယ်လောင်စွာ ထအော်လိုက်တော့၏။
တစ်လောကလုံးတွင်ရှိသော သိုင်းကျင့်ကြံသူတစ်သိန်းကျော်လောက်ရှိနေသည့် တည်နေရာကြီးတွင် စိတ်ဝိညာဉ်စွမ်းအင်များ လှုပ်ခါသွားခဲ့ကြ၏။ ၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာဖြင့် ပြိုင်စံရှားဂိုဏ်း၏ ဂိတ်တံခါးဆီသို့ လှမ်းကာကြည့်ရှု လိုက်ကြသည်။
ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည် ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုနှင့်အတူ လျှောက်လှမ်းလာသည်ကို ၎င်းတို့က မြင်လိုက်ကြရ၏။ ပြိုင်စံရှားဂိုဏ်းသားများသည် ဦးခေါင်းကို မော့ထားကြ၏။ ခန္ဓာကိုယ်ဆီမှ သံမဏိကဲ့သို့ မာကြောလှသည့် စိတ်ဓာတ်၏ အရှိန်အဝါများသည် ထွက်ပေါ်လျက်ရှိနေ၏။
“သူအရမ်းကို ကြည့်ကောင်းတာပဲ။”
ရှစ်ကျန်းရွမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။ သူမသည် အထူးဧည့်သည်ခုံတွင် ထိုင်လျက်ရှိနေသည်။
သေသေချာချာစဉ်းစားပြီးသည့်နောက်မှာတော့ ကျန်းစွန်းဖန်းဟွာနှင့် လန့်ရှင်းရွဲ့တို့သည် တံခါးပိတ်ကျင့်ကြံ လျက်ရှိနေသော ခန်းမသခင်အား သိုင်းတာအိုဆွေးနွေးပွဲအကြောင်း သွားရောက်ကာ သတင်းပေးရတော့၏။ ခန်းမသခင်ဆီမှ တုန့်ပြန်မှုသည် တံခါးပိတ်ကျင့်ကြံရာမှ ချက်ချင်းထွက်လာခြင်းပင် ဖြစ်တော့သည်။ တစ်နှစ်တာ ကြာမြင့်လာပြီဖြစ်သော်လည်း ဤမျက်မှန်တပ်ထားသည့် အမျိုးသမီး သည် ပိုမိုကာ ကြည့်ကောင်းပြီး ချောမောလာခဲ့၏။ ထို့အတူ အားအင်အဆင့်သည်လည်း သိသိသာသာပင် တိုးတက်လာခဲ့၏။
“ရှင်းရောင်”
အနောက်ဘက်စင်မြင့်မှာရှိနေသော ကျန်းတယ်ကျွင်းသည် အသံပို့လွှတ်လိုက်တော့၏။ ရှန့်ကွမ်းရှင်းရောင်သည် ခေါင်းကိုညိတ်ပြီးနောက် အစီအရင်နှင့်ပေါင်းစပ်ကာ ပုံရိပ်ယောင်အစီအရင်ကြီးမှတဆင့် မြင်ကွင်းများကို စတင်ကာပြသတော့၏။
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အမြို့မြို့အနယ်နယ်တိုင်းတွင် ရှိနေသော ပုံရိပ်ယောင်အစီအရင် အတားအဆီးကြီးသည် ရုတ်တရက် ပွင့်သွားခဲ့၏။ ကျွင်းချောင်ရှောင်းတစ်ယောက် သူ၏ တပည့်များကို ဦးဆောင်ကာ လှမ်းလျှောက်လာခဲ့သည့်မြင်ကွင်းသည် အမြို့မြို့အနယ်နယ်ရှိ ပုံရိပ်ယောင်မြင်ကွင်းထဲတွင် ပေါ်ပေါက် လာခဲ့သည်။
“စပြီ။ နောက်ဆုံးတော့ စပြီပဲ။”
သာမန်လူများနှင့် သတင်းကိုကြား၍ တက်ရောက်ခွင့်မရရှိသည့် သိုင်းကျင့်ကြံသူများအားလုံးသည် ဤနေရာသို့ ကြိုတင်ရောက်ရှိလာခဲ့ကြပြီး ကြည့်ရှုနေကြခြင်းပင်ဖြစ်သည်။
အားလုံး၏ အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်း သည် ပွဲခင်း၏ အလယ်တည့်တည့် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် အရှေ့တွင် ရှိသော မိုက်ကြီးအား လှမ်းကိုင်ကာဖြင့် ကြည်လင်ရှင်းလင်းသည့်အသံနှင့် ပြောလိုက်၏။
“တစ်လောကလုံးမှာရှိနေတဲ့ သိုင်းကျင့်ကြံသူတွေအားလုံးက ဒီပွဲကို တက်ရောက်တဲ့အတွက် တကယ့်ကို လေးလေး နက်နက်နဲ့ နွေးထွေးစွာ ကြိုဆိုပါတယ်။
ဒီအစီအစဉ်ကို အဓိကပံ့ပိုးပေးထားတဲ့သူကတော့ ပြိုင်စံရှားဂိုဏ်းပဲ ဖြစ်ပါတယ်။”
“………..”
အားလုံးသောသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြသည်။ ဤကဲ့သို့သော ဖွင့်ပွဲ အခမ်းအနားမျိုး တွင် ဂိုဏ်းအား ထပ်မံကာ ကြော်ငြာနေဦးမည်လား။ သူသည် ဂိုဏ်းသားအရေအတွက် တစ်သိန်းကို ရရှိခဲ့ပြီးပြီဖြစ်သောကြောင့် မျက်နှာပြောင်တိုက်ကာဖြင့် ထပ်မံကာ ကြေညာနေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် လေးလေးနက်နက် ပြောလိုက်မိ၏။
“သိုင်းတာအိုဆွေးနွေးပွဲမစတင်ခင်မှာ အားလုံးကြည့်ရှုနိုင်တဲ့ အရာတစ်ခုကို ကျုပ် ထုတ်ဖော်ပြသချင်သေးတယ်။”
“အားလုံးကြည့်ရှုနိုင်တဲ့အရာဟုတ်လား။”
စွမ်းအားမြင့်ကျင့်ကြံသူများ၏ မျက်နှာတွင် အံ့အားသင့်မှုများနှင့် ပေါ်ပေါက်လာတော့ခဲ့၏။ လက်ရှိအခြေအနေ မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် စင်မြင့်၏ အောက်တွင် ညီညီညာညာနှင့် မတ်တပ်ရပ်လျက်ရှိနေကြသည်။
၎င်းတို့သည် တပည့်တစ်သိန်းကျော်ကို ခေါ်ဆောင်မလာခဲ့ချေ။ လက်ရွေးစင်တပည့်တစ်သောင်းကိုသာ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ထဲတွင်ရှိသော မိုက်ကြီးကို မြှောက်ကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းအနေနဲ့ ပထမအဆင့် ဂိုဏ်းတစ်ခုကို ဖြစ်လာတာကို အားလုံး မျက်မြင်တွေ့ရဖို့လေ။”
“ဘာ … ပြိုင်စံရှားဂိုဏ်းက ပထမအဆင့် ဂိုဏ်းတစ်ခုဖြစ်လာမှာ ဟုတ်လား။”
“ဒါပေမဲ့ ဂိုဏ်းအဆင့်တက်ထားတာက မကြာသေးဘူးမလား။”
ကုန်းရှန့်၏ အသံသည် ပုံရိပ်ယောင်မြင်ကွင်းမှတဆင့် ကုန်းမြေတိုက်ကြီးဆီသို့ ပျံ့နှံ့သွားသည့်အချိန်မှာတော့ အားလုံး၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့ကြ၏။ ၎င်းတို့၏ နှလုံးသားထဲတွင် အကြိတ်အခဲကြီးဖြစ်လို့နေခဲ့၏။
အခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် အထူးထိုင်ခုံတွင် ထိုင်လျက်ရှိနေသော မြို့တော်ဝန်ဟန်နှင့် တစ်ခြားသောသူများမှာတော့ အံ့အားသင့်မှုမရှိချေ။ ထို့အပြင် ၎င်းတို့၏ အထင်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်အရဆိုလျှင် ကျိန်းသေပေါက် ထိပ်တန်း အဆင့်တွင် တည်ရှိနေပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အသာလှည့်ပြီးသည့်နောက် သူ၏ လက်များကို ဖြန့်ကားကာ ပြောလိုက်၏။ “မြို့တော်ဝန်ရှဲ့၊ ဆရာအိုက်၊ ဆရာဟန်၊ နတ်စမ်းချောင်းဂိုဏ်း၊ သတ်ဖြတ်ခြင်းနတ်ဘုရားကျောင်း၊ နတ်ဆိုးမိစ္ဆာဂိုဏ်း နဲ့ အခြား ရောင်းရင်းတွေ ၊ အဖွဲ့အစည်းတွေ အကုန်လုံးကို ကျုပ်က ကျေးဇူးတင်တယ်။ ခင်ဗျားတို့ရဲ့ ပံ့ပိုးပေးမှု၊ ခက်ခဲအောင် ပြုလုပ်မှုတွေ မရှိဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းက ဒီနေ့လိုမျိုး အားကောင်းလာမှာ မဟုတ်ပါဘူး။”
မြို့တော်ဝန်ရှဲ့၊ အိုက်ရှန်းရီနှင့် တစ်ခြားသူများအားလုံးသည် ဂုဏ်ယူစွာဖြင့် ပြုံးလျက်ရှိနေကြ၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်း၏ မိတ်ဆွေများဖြစ်ကြပြီး ဒဏ္ဍာရီလာဂိုဏ်းတစ်ခု ပေါ်ပေါက်လာသည်ကို မျက်မြင်ကိုယ်တွေ့မြင်နေ ကြပြီဖြစ်၏။
သတ်ဖြတ်ခြင်းနတ်ဘုရားဂိုဏ်းနှင့် နတ်ဆိုးမိစ္ဆာဂိုဏ်းရှိ လူများမှာတော့ ရှက်ရွံ့လျက်ရှိနေ၏။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းနှင့် ရန်သူများဖြစ်ခဲ့ကြပြီး ပြိုင်စံရှားဂိုဏ်း၏ ခက်ခဲသည့်လမ်းစဉ်တွင် ၎င်းတို့သည် အခန်းကဏ္ဍ တစ်ခုအနေဖြင့် ခက်ခဲအောင်ပြုလုပ်ခဲ့သည့်လူများပင်ဖြစ်ကြသည်။
“ဟုတ်ပြီ။”
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်၏။ “ကျုပ်အနေနဲ့ ကျုပ်အားနည်းနေတဲ့အချိန်မှာ လာပြီးတော့ မဟာမိတ်ဖွဲ့ခဲ့တဲ့ တောင်ပြာဂိုဏ်းနဲ့ မြောင်ဟွာခန်းမတို့ကို လည်း တကယ်ပဲ ကျေးဇူးတင်မိတယ်။”
ရှစ်ကျန်းရွမ်သည် ရှက်ရွံ့သွားမိ၏။ ကျွင်းချောင်ရှောင်းသည် သူမကို စိုက်ကြည့်ကာ ပြောဆိုလျက်ရှိနေ၏။ ထို့ကြောင့် ရှက်ရွံ့ပြီး ဘာလုပ်ရမှန်းကို မသိခဲ့ချေ။
တောင်ပြာဂိုဏ်း၏ အကြီးအကဲ၏ မျက်နှာသည်လည်း နီရဲလျက်ရှိသည်။ သူကတော့ ရှက်ရွံ့နေသည်မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်းနှင့်မဟာမိတ် ဖွဲ့ခဲ့ပြီးသည့်နောက်မှာတော့ သူသည် ပြိုင်စံရှားဂိုဏ်း၏ ကာကွယ်ပေးမှုကို အောက်တွင် သာ အစဉ်အမြဲနေခဲ့ရသည်ဖြစ်၏။ ပြိုင်စံရှားဂိုဏ်းသည် သူ့ဆီမှ မည်သည့်အကျိုးကျေးဇူးကိုမှ မရရှိခဲ့ပေ။
ထို့အပြင် လက်ရှိ ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်အရဆိုလျှင် အဆင့် ၄ ၊ အဆင့် ၅ ဂိုဏ်းများကို မဆိုနှင့်။ ပထမ အဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းများပင် ၎င်းတို့နှင့် မဟာမိတ်ဖွဲ့ရန် ထိုက်တန်လှသည်မဟုတ်ချေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ သူ မကျော်ကြားခင်ကတည်းက မဟာမိတ်ပြုလုပ်ခဲ့သည့် ဤဂိုဏ်းနှစ်ဂိုဏ်းကို အလွန်ပင် ကျေးဇူးတင်နေမိ၏။
“ဒီနေရာမှာ ကျေးဇူးတင်ရမယ့်လူတွေ အများကြီးပဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီကျွင်းက တစ်ခုချင်းစီ၊ တစ်ယောက်ချင်းစီကို ထုတ်ပြီး မပြောတော့ပါဘူး။ ဒါဆိုရင် အခုထပ်လာမှာက ဟောခန်းသခင် ရီထျန်းချန်ကို ကြိုဆိုလိုက်ကြရအောင်။ သူ့အနေနဲ့ ပြိုင်စံရှားဂိုဏ်းကို အသိအမှတ်ပြု ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ကြိုဆိုလိုက်ရအောင်”
တည်နေရာအြခြေအနေသည် အနည်းငယ် ကြောင်အအနိုင်လှသည် ဆိုသော်လည်း ရီထျန်းချန်သည် ရုတ်တရက် စင်မြင့်ပေါ်တွင် ပေါ်ပေါက်လာခဲ့၏။
ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ လက်ထဲတွင်ရှိသော မိုက်အား အသာလှမ်းယူပြီး သူကြိုတင်ရေးသားထားသည့် စာများအား စတင်ကာ ရွတ်ဆိုသည်။ သို့ပေမဲ့ စာများသည် မေ့လျော့နေသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ စကားလုံးတစ်လုံးစီကို ဖြစ်ညှစ်ကာ ပြောလိုက်သည်။ “ဂိုဏ်းအသိအမှတ်ပြုမှုကို စတင်မယ်။”
ပထမအဆင့် ဂိုဏ်းတစ်ခုအတွက် အနည်းဆုံးသော လိုအပ်ချက်သည် ဂိုဏ်းသားတစ်သိန်း ပြည့်ရန်ဖြစ်၏။ ထို့အပြင် …….
ထို့အပြင်ဆိုတာ မရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူပြောပြောပြီးချင်းမှာပဲ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို မဖိနှိပ်တော့ဘဲ အစစ်အမှန်အဆင့်ကို ထုတ်ဖော် ပြသလျက်ရှိနေသောကြောင့်ပင်။
ဝှစ်
ဝှစ်
ဝှစ်
ချက်ချင်းပဲ တည်နေရာတစ်ခုလုံးတွင် အားကောင်းလွန်းလှသော ကျင့်ကြံခြင်းအဆင့်များ၏ အော်ရာများသည် လွှမ်းခြုံသွားခဲ့၏။ များပြားလှသော ဂိုဏ်းအသီးသီးမှ အကြီးအကဲများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်သည်အထိ ထိတ်လန့်တုန်လှုပ်သွားမိ၏။ ၎င်းတို့၏ မျက်လုံးများထဲတွင် ခြောက်ခြားမှုများနှင့် ပြည့်နှက်နေလေ၏။
အမြင့်ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေသော သိုင်းအင်ပါယာကိုးယောက်သည်ပင်လျှင် မျက်လုံးအပြူးသားနှင့် ဖြစ်မိနေကြသည်။
“ကောင်းကင်ဘုံ”
စိတ်ဝိညာဉ်အင်ပါယာသည် မယုံကြည်နိုင်သလို ပြောလိုက်၏။ “ဒီလူတစ်သောင်းထဲမှာ အနိမ့်ဆုံးကျင့်ကြံခြင်း အဆင့်က သိုင်းဘုရင်ပါလား။”
အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းခေါ်ဆောင်လာခဲ့သည့် တပည့်များထဲတွင် အနိမ့်ဆုံး သိုင်းကျင့်ကြံသူအဆင့် သည် သိုင်းဘုရင်အဆင့်ပင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် အော်ရာများကို ထုတ်ဖော်လိုက်သည့်အချိန်မှာတော့ တည်နေရာကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲပင် ဖြစ်သွားခဲ့၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဂိုဏ်းအသီးသီးတို့ စုဝေးပြီး သိုင်းဘုရင်အဆင့် ကျင့်ကြံသူ များကို စုစည်းမည်ဆိုလျှင်ပင် သိုင်းဘုရင်အယောက်တစ်သောင်း ရှိလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ထိုပမာဏ တည်ရှိလို့နေသည်။ မည်မျှတုန်လှုပ်ဖို့ ကောင်းလိုက်သနည်း။
“သိုင်းဘုရင်တွေတင်မကဘူး။”
အင်ပါယာကျင်းက ပြောလိုက်၏။ “ဒီထဲမှာ သိုင်းအုပ်စိုးသူ ၅၀၀ နဲ့ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ ၅၀ ရှိနေသေး တယ်။”
သူ့အနေနှင့် ဆက်မပြောတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း၏ တပည့်များ၏ အားအင်အဆင့်ကို အကြမ်းဖျဉ်းကြည့်ရှုလိုက်သည်ဆိုသည်နှင့်သူသည် ဆွံ့အမိသည်အထိ ထိတ်လန့်တုန်လှုပ်လျက်ရှိနေသည်။
“သူတို့ ဘယ်လိုများ လေ့ကျင့်ခဲ့တာလဲ။”
“မယုံနိုင်စရာပဲ။ တကယ့်ကို မယုံနိုင်စရာပဲ။”
တစ်ခြားသော သိုင်းအင်ပါယာများ၏ နှုတ်ခမ်းများသည်လည်း တုန်ယင်လျက်ရှိ၏။
တိုက်ဆိုင်စွာဖြင့် သူတို့ကိုးယောက်၏မျက်နှာသွင်ပြင်အား ပုံရိပ်ယောင်မြင်ကွင်းက သေချာပြသလျက်ရှိသည်။ ကုန်းမြေတိုက်ထဲတွင်ရှိသော သိုင်းကျင့်ကြံသူများသည် ထိုအရာကို မြင်ပြီးသည့်နောက်မှာတော့ သိုင်းအင်ပါယာ ကိုးယောက်တို့ပင်လျှင် တုန်လှုပ်လျက်ရှိနေသည်ကို မျက်မြင်ဒိဌိတွေ့မြင်ကြသည်။
ဝှစ် ဝှစ် ….။
ပြိုင်စံရှားဂိုဏ်း တပည့်များ၏ ကျင့်ကြံခြင်းအဆင့်နှင့်အော်ရာများသည် ဆက်လက်ထုတ်ဖော်လျက်ရှိနေတုန်းပင် ဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းသည် ဦးခေါင်းကိုမော့ပြီး ရင်ကိုကော့ကာဖြင့် အကောင်းမွန်ဆုံးသော ဟိတ်ဟန် များကို ထုတ်ဖော်လျက်ရှိနေ၏။
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခုတည်ရှိလို့နေခဲ့သည်။ နှစ်ပေါင်းများစွာ တိုးတက်အောင် ကြိုးစားပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းသည် အားနည်းလွန်းသော ကြက်ပေါက်ကလေးတစ်ကောင်မှသည် အလွန်တရာ အားကောင်းလွန်းသော နဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။
ယနေ့အချိန်တွင် သူသည် လောကကြီးတစ်ခုလုံးတွင်ရှိနေသော သိုင်းကျင့်ကြံသူများ၏ အရှေ့တွင် မတ်တပ်ရပ်ကာ အော်ဟစ်နိုင်ပြီဖြစ်၏။ “လောကကြီးထဲမှာ ကျုပ်ရဲ့ ပြိုင်စံရှားဂိုဏ်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့လူ ဘယ်သူရှိလဲ။”
ယခုမရှိချေ။ ထို့အတူ အနာဂတ်တွင်လည်း ရှိလာလိမ့်မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဆယ်နှစ်အတွင်း ဘာမှန်းမသိသည့် ဂိုဏ်းတစ်ခုမှသည် ထိပ်တန်းဂိုဏ်းတစ်ခုဆီသို့ ဖန်တီးပေးနိုင်ခဲ့ပြီး များပြားလှသည့် သိုင်းဘုရင် များကို ဖန်တီးပေးနိုင်ထား၏။ထို့အပြင် သိုင်းအုပ်စိုးသူများကလည်း နေရာအနှံ့ပေါများလွန်းနေသည်။
မည်သူမှသည် ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်နိုင်လိမ့်မည်မဟုတ်ချေ။ ဘေးတစ်ဖက်တွင် ရပ်လျက်ရှိနေသော ရီထျန်းချန်သည် မိုက်ကို အသာကောက်ယူကာ ပြောလိုက်၏။ “မူလအားဖြင့် ဂိုဏ်းအသိအမှတ်အပြုလုပ်ငန်းစဉ်ကို တစ်ခုချင်းစီပြုလုပ်ဖို့ စီစဉ်ထားခဲ့တယ်။”
သူသည် ပြုံးလိုက်၏။ ပြီးသည့်နောက်မှာတော့ နာနာကျင်ကျင်နှင့် ပြောလိုက်သည်။ “ကြည့်ရတာ ဒါတွေမလိုတော့ပါဘူး။”
“ပထမအဆင့်”
“ပထမအဆင့်”
ပွဲကြည့်နေသည့် သိုင်းကျင့်ကြံသူများသည် ကျယ်လောင်စွာ အော်ဟစ်လျက်ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းသည် တကယ်ပင် ထိပ်တန်းဂိုဏ်းတစ်ခုအဖြစ် ထိုက်တန်လွန်းလှ၏။
“ဂိုဏ်းချုပ်ကျွင်း”
ရီထျန်းချန်သည် ပထမအဆင့်ဂိုဏ်းဟု ရေးထိုးထားသော ကျောက်စိမ်းပြားကို ထုတ်ယူကာ ကမ်းပေးလိုက်၏။ ပြီးသည့်နောက်မှာတော့ လေးနက်တည်ကြည်သည့် အသံဖြင့် ပြောလိုက်သည်။ “ပထမအဆင့် ဂိုဏ်းတစ်ခုဖြစ်လာတဲ့အတွက် ဂုဏ်ယူမိပါတယ်။”
“ကျေးဇူးပါပဲ။” ကျွင်းချောင်ရှောင်းသည် ထိုအရာကို လှမ်း၍ ယူလိုက်၏။
“ပထမအဆင့်။ ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ပထမအဆင့် ဂိုဏ်းတစ်ခု ဖြစ်သွားခဲ့ပြီ။”
“ငါတို့ ပြိုင်စံရှားဂိုဏ်းက ပထမအဆင့်ဂိုဏ်းပဲ။”
ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် ပုံရိပ်ယောင်မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက်မှာတော့ စိတ်လှုပ်ရှား စွာဖြင့် အော်ဟစ်လျက်ရှိနေ၏။ ၎င်းတို့၏ အောင်ပွဲခံသည့်အသံသည် ကောင်းကင်ကြီးတစ်ခုလုံးသို့ပင် ပျံ့နှံ့လျက် ရှိနေ၏။
“ရောင်းရင်း”
ဆေးဥယျာဉ်ခန်းမဆောင်ထဲတွင် ထိုင်လျက်ရှိနေသော အကြီးအကဲဝေသည် ရေနွေးခွက်ကို ကောက်မော့ကာဖြင့် တုန်ယင်နေသည့်လက်အစုံဖြင့် ရေနွေးခွက်ကို အသာပြန်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ မျက်ရည်များ ဝိုင်းလျက် ရှိသည့် မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျားမလုပ်နိုင်တဲ့ကိစ္စကို ကျုပ်လုပ်နိုင်ခဲ့ပြီ။”
လက်ရှိအခြေအနေမှာတော့ လီချင်းယန်၊ ရှောင်ကျီ၊ စုရှောင်မိုနှင့် တစ်ခြားသောသူများ၏ မျက်လုံးထဲတွင်လည်း ဂုဏ်ယူမှုများနှင့် ပြည့်နှက်နေကြ၏။ ၎င်းတို့သည် အားအနည်းဆုံးအခြေအနေတွင် ရှိနေသည့်အချိန်၌ ပြိုင်စံရှားဂိုဏ်း ထဲဝင်ရောက်ခဲ့ကြသူများဖြစ်သည်။ ဂိုဏ်းချုပ်နှင့်အတူ တစ်လှမ်းချင်း လှမ်းတက်ပြီး သည့်နောက်မှာတော့ တစ်လောကလုံး၏ ထိပ်ဆုံးအဆင့်အခြေအနေဆီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။
ဒင်
သတိပေးသံသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာ၏။
စနစ်၏ ပုံပန်းသွင်ပြင်သည် ရုတ်တရက်ပြောင်းလဲသွားခဲ့၏။ ဒုတိယအဆင့်ဆီမှသည် ပထမအဆင့်ဆီသို့ ပြောင်းလဲ သွားခဲ့ခြင်းဖြစ်၏။
ကျွင်းချောင်ရှောင်းသည် စင်မြင့်ပေါ်တွင် အသာရပ်ပြီးသည့်နောက်မှာတော့ ခေါင်းကို အသာငုံ့လိုက်၏။ သူ၏ ကြိုးစားခဲ့သမျှ အားလုံးသည် နောက်ဆုံးတွင် အကောင်အထည်ဖြစ်တည်လာခဲ့ပြီးဖြစ်၏။ ၎င်းသည် စိတ်လှုပ်ရှားမှုကို မည်သို့မှ မထိန်းချုပ်နိုင်တော့ပဲ မျက်လုံးထောင့်တွင် မျက်ရည်စများနှင့် ဖြစ်တည်လာခဲ့သည်။
“လက်ခံသူ”
စနစ်က ပြောလိုက်သည်။ “ဒီလိုမျိုးလုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။”
သူ့အနေနှင့် စနောက်ခြင်း၊ ရိသဲ့သဲ့လုပ်ခြင်းမဟုတ်ပေ။ အစစ်အမှန် ဂုဏ်ယူမိခြင်းပင် ဖြစ်၏။
ဟူး
ကျွင်းချောင်ရှောင်းသည် သက်ပြင်းအရှည်ကြီးချလိုက်၏။ သူသည် မိုက်ကိုလှမ်းယူကာဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။
“အခု သိုင်းတာအိုဆွေးနွေးပွဲက တရားဝင် စတင်ပြီ။ ဒီတစ်ကြိမ် ခေါ်ဆိုလိုက်တဲ့ပွဲရဲ့ ရည်ရွယ်ချက်ကတော့ ကျုပ် … ကျွင်းချောင်ရှောင်းက ဒီသိုင်းကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးရဲ့ မဟာမိတ်အဖွဲ့ခေါင်းဆောင်အဖြစ် ဖြစ်ချင်တယ်။ ဘယ်သူက သဘောတူလဲ။ ဘယ်သူက သဘောမတူဘူးလဲ။”