အပိုင်း (၁၂၉၁)
Vol. 87 Ch. 1291
ထူးဆန်းသည့်စွမ်းအင်လှိုင်းများသည် ဝတ်ရုံကြီးတစ်ခုကို လွှမ်းခြုံပြီးသည့်နောက်မှာတော့ သူ၏ မြင်ကွင်းရှေ့တွင် ပေါ်လာခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ “လာ။ ငါ့ကိုရိုက်စမ်း။” ဟူသည့် အသံကို ကြားလိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ ချက်ချင်းပဲ စနစ်ဖြစ်ကြောင်းကို နားလည်လိုက်မိသည် “ချီးတဲ့မှ။ ဒါ တကယ့်ကို အကောင်အထည်အဖြစ် ဖြစ်တည်နိုင်တာပဲ။”
သူ ဘာကို စောင့်မျှော်နေရမည်နည်း။
ရွှီး
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ သူ၏ ညာဘက်လက်သီးတွင် ဓားနှင့် သိုင်းအင်ပါယာတစ်ယောက်၏ စွမ်းအင်များစုဝေးလာခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ ရှေ့ကို လှမ်းသွားကာ လက်သီးဖြင့် ထိုးလွှတ်လိုက်၏။ ထိုလက်သီးချက်ထဲတွင် နှစ်ပေါင်းများစွာ မြိုသိပ်ခဲ့ရသော ဒေါသတရားများ ပါဝင် လျက်ရှိ၏။
“ငါ့ကို ရိုက်စမ်း။ ဟုတ်လား။ ကောင်းပြီ။ ရိုက်ကိုရိုက်ရမယ်။”
ဘန်း
ကြမ်းတမ်းလွန်းလှသော အသံကြီးတစ်ခုသည် နားကွဲလုမတတ် ထွက်ပေါ်လာခဲ့တော့၏။ တည်နေရာတစ်ခုလုံးသည် တွန့်လိမ်သွားခဲ့ပြီးသည့်နောက်မှာတော့ လေဟာနယ်ထဲတွင် လှိုင်းများပင် ဖြစ်တည်လာခဲ့သည်။
အင်ပါယာကိုးယောက်တို့သည် မျက်လုံးအပြူးသားဖြစ်သွားကြ၏။
ဂိုဏ်းချုပ်ကျွင်းသည် မြားတစ်စင်းကဲ့သို့ ရှေ့ကိုလှမ်းလျှောက်ပြီး တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ ဘာမှန်းမသိသည့် အရာ တစ်ခုသည် ဂိုဏ်းချုပ်ကျွင်းအား လွင့်စင်သွားအောင် တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်သည်။
ဘုန်း ……..
ကျွင်းချောင်ရှောင်းသည် အမြှောက်ဆံတစ်ခုကဲ့သို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် တွင်းကြီး တစ်ခုထဲသို့ နစ်ဝင်သွားခဲ့တော့၏။ သူ၏ ညာဘက်မျက်နှာပေါ်တွင် ခြေရာကြီးတစ်ခုသည် အထင်းသား တည်ရှိနေ၏။
ရိုးရှင်းလှချေသည်။ သူသည် မျက်နှာကို အကန်ခံလိုက်ရခြင်းပင် ဖြစ်သည်။
“အင်း”
စနစ်သည် သက်ပြင်းချကာ ပြောလိုက်၏။ “အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။”
သူ့အနေနှင့် ကျွင်းချောင်ရှောင်းကို ရိုက်နှက်ချင်နေသည်မှာ ကြာပြီဖြစ်၏။ ယခု တစ်ချက်လောက်ကန်ရပြီးသည့် နောက်မှာတော့ စိတ်ချမ်းသာလျက်ရှိမိသည်။
“ချီး … ချီးတဲ့မှ”
ကုန်းရှန့်သည် တွင်းထဲမှ ကြိုးစားကာ မတ်တပ်ထရပ်လိုက်၏။ သူ၏ အကန်ခံလိုက်ရသည့် မျက်နှာကို အုပ်ကာ ကာဖြင့် အံ့အားတသင့် ပြောလိုက်၏။ “အဲလောက်အားကောင်းတယ်ဟုတ်လား။”
စနစ်သည် ဒုတိယအကြိမ် သူ၏ မူလသွင်ပြင်ဆီသို့ ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် ကျွင်းချောင်ရှောင်းသည် သေသေချာချာ မမြင်ခဲ့ဖူးချေ။ ယခု ဒုတိယအကြိမ် မြင်ရသည့်အချိန်မှာတော့ အကန်ခံလိုက်ရ၏။ မယုံကြည်နိုင်စရာ ကောင်းလှချေသည်။
ဟုတ်ပေသည်။ ဤအရာမှာ အားပင်သိပ်မစိုက်ခဲ့ဟု ပြောဆိုရပေမည်။ဓားနှင့် သိုင်းအင်ပါယာ အဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီးဖြစ်သော ကျွင်းချောင်ရှောင်းကို ဤကဲ့သို့ ကန်နိုင်ဖို့ဆိုသည်မှာ စနစ်သည် အလွန်တရာ အားကောင်းမှသာ ဖြစ်ပေလိမ့်မည်။
ဒင် ………
“လက်ခံသူသည် အဓိကတာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါသည်။ များပြားလှသည့် သိုင်းအတွေ့အကြုံ အမှတ်များကို ရရှိခဲ့၏။”
ဒင်
“လက်ခံသူသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။”
ဟူး ဟူး …….။
တွင်းနက်ကြီးထဲတွင် မတ်တပ်ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းအား ဆန်းကြယ်လှသည့် အော်ရာများ လွှမ်းခြုံသွားခဲ့၏။ အထူးတာဝန်ကို ပြည့်စုံပြီး ဓားနှင့် သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိစပင် ရှိသေးသည်။ သူသည် အဓိကတာဝန်ကို ပြည့်စုံစေပြီးသည့်နောက် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ထပ်မံ ချိုးဖြတ်ရောက်ရှိသွားခဲ့၏။
သို့ပေမဲ့ ကျင့်ကြံခြင်းနှင့် အားအင်အဆင့် ပိုမိုအားကောင်းခဲ့သည့် ကျွင်းချောင်ရှောင်းသည် လက်ရှိ အခြေအနေမှာတော့ မပျော်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဟိုခွေးကောင်သည် သူ့အား လေထဲတွင် လွင့်စင်သွားအောင် ကန်ကြောက်ခဲ့သည်မဟုတ်ပါလား။
ဒင်
“လက်ခံသူသည် အဓိကတာဝန်ကို ပြည့်စုံစေခဲ့တော့၏။ ထို့ကြောင့် ချိန်ကိုက်ဗုံးသည် ချက်ချင်းပဲ ဖယ်ရှားပေးခဲ့၏။”
သိုလှောင်လက်စွပ်ထဲတွင်ရှိနေသော ချိန်ကိုက်ဗုံးသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။
ထိုချိန်ကိုက်ဗုံးပေါ်တွင် အချိန်မည်မျှကျန်သည်မှာ အရေးမကြီးတော့ချေ။ အရေးကြီးသည်မှာ ကျွင်းချောင်ရှောင်း သည် အချိန်ကာလ အကန့်အသတ်တစ်ခုကို ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ ဤ ချိန်ကိုက်ဗုံးကြီးအား ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်၏။
ဆယ်နှစ်တာအလုပ်ကြိုးစားမှုအောက်တွင် အရာအားလုံးသည် လွတ်လပ်ချိန်အဖြစ် ရောက်ရှိခဲ့၏။ အိမ်သာတက်လျှင်ပင် ခြိမ်းခြောက်ခြင်းကို ခံနေရသော အရာကြီးသည် ယခု မရှိတော့ပေ။
“လက်ခံသူ”
စနစ်က ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်။”
ပြီးသည့်နောက်မှာတော့ စနစ်သည် ချိန်ကိုက်ဗုံးနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။ ချိန်ကိုက်ဗုံးသည် မရှိတော့ချေ။ ထို့အတူ စနစ်လည်း မရှိတော့ပေ။ ၎င်းတို့နှစ်ခုလုံးသည် လက်ခံသူအား ထားရစ်ခဲ့ပြီ ဖြစ်၏။
“မင်းနောက်နေတယ်လို့ ငါထင်ခဲ့တာပဲ။”
ကျွင်းချောင်ရှောင်းသည် မျက်ရည်များ ဝိုင်းလျက်ရှိ၏။ စနစ်သည် သူ့အား နှိပ်ကွပ်တတ်သည့် အရာတစ်ခုဖြစ်သည်ဆိုသော်လည်း သူအားကောင်းလာစေမည့်လမ်းတွင် တကယ့်ကို ကောင်းမွန်သည့် လမ်းညွှန်ပြသသူ တစ်ဦးအဖြစ် တည်ရှိခဲ့ဖူး၏။ သူ ပိုမိုကာအားကောင်းလာခြင်းသည် စနစ်ကြောင့်ဟုလည်း ပြောဆို၍ ရနိုင်သည်။
လက်ရှိမှာတော့ စနစ်သည် ပျောက်ကွယ်သွားပြီဖြစ်၏။ ထိုအရာကို သူလက်မခံနိုင်ချေ။
“ဒါက လက်မခံသင့်လည်း လက်ခံရမှာပဲ။ ဘာလို့လဲဆိုတော့ ငါက အသက်ရှိတဲ့ လူတစ်ယောက်မဟုတ်ဘဲ အချက်အလက်တွေရဲ့ အပိုင်းအစဖြစ်နေလို့ပဲ။”
စနစ်၏ နောက်ကျောသည် တဖြည်းဖြည်း ဝေဝါးလာခဲ့၏။ အသံသည်လည်း တဖြည်းဖြည်း အားနည်းလာခဲ့၏။ ပြီးသည့်နောက်မှာတော့ ချိန်ကိုက်ဗုံးကြီးနှင့်အတူ ကောင်းကင်ယံထက်တွင် ပျောက်ကွယ်သွားခဲ့၏။
မပျောက်ကွယ်ခင်မှာတော့ စနစ်သည် ဗလာဖြစ်နေသည့် မျက်နှာကြီးနှင့်လှည့်ကာ ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ်။”
“မဟုတ်ဘူး……။”
ပျောက်ကွယ်သွားသည့်ပုံရိပ်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တင်းမာခက်ထန်စွာဖြင့် အော်ဟစ်လိုက်တော့၏။ လက်ရှိအခြေအနေမှာတော့ အသုဘနှဲသံလေးသာ ထည့်လိုက်မည်ဆိုလျှင် အလွန်တရာ ဝမ်းနည်းလှသည့်မြင်ကွင်းမျိုးအဖြစ်သို့ ပြောင်းလဲသွားမှာသေချာ၏။
“ဘဝသံသရာ…….”
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပြက္ခဒိန် ၂၀၁၉ ခုနှစ် …..။
ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းသည် အားလုံး၏ အရှေ့မှာပဲ နန်းပလ္လင်ထက်သို့ တက်လှမ်းနိုင်ခဲ့ပြီး သည့်နောက်မှာတော့ လူချောအင်ပါယာဆိုသည့် ဘွဲ့နာမည်ဖြင့် သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့၏။ သို့ပေမဲ့ နန်းပလ္လင်ကို ဆက်ခံပြီးသည့်နောက်မှာတော့ သူသည် သုံးရက်သုံးညတိတိ ကြီးမားလှသည့် တွင်းနက်ထဲတွင် မတ်မတ်ရပ်လျက်ရှိသည်။
မြို့တော်ဝန်ဟန်နှင့် တစ်ခြားသောအင်ပါယာအသီးသီးတို့သည် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် သူ၏ ချစ်မြတ်နိုးလှသော လူတစ်ယောက် သေဆုံးသွားခဲ့သောကြောင့် ဤကဲ့သို့ ဝမ်းနည်းကြေကွဲနေခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့ကြ၏။
သူရဲကောင်း သူရဲကောင်းတိုင်း၏ အားနည်းချက်သည် လှပသော အမျိုးသမီးများပင် ဖြစ်၏။ ဓားနှင့်သိုင်း အင်ပါယာအဆင့်ဆီသို့ ရောက်ရှိပြီး အလွန်အားကောင်းလှသည့် ပြိုင်စံရှားစွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်ပင် လျှင် အလှအပနွံ့ထဲမှ ရုန်းမထွက်နိုင်ခဲ့ချေ။ လူငယ်လူရွယ်များအနေနှင့် တကယ့်ကို သတိထားသင့်သည့် အရာမျိုးပင် ဖြစ်လေသည်။
……..
“ဒုတိယစီနီယာအစ်ကို”
နဂါးဦးခေါင်းတောင်ထိပ် …. ခြံဝန်းထဲ၏ အပြင်ဘက်မှာတော့ လီဖေးသည် တီးတိုးမေးလိုက်၏။ “ဂိုဏ်းချုပ်က သိုင်းအင်ပါယာ ဖြစ်ပြီးတဲ့နောက်မှာ ပျော်နေသင့်တာမဟုတ်လား။ ဘာလို့ အခန်းထဲ ပြန်ရောက်ပြီးကတည်းက တစ်ခါမှ ပြန်ထွက်မလာတော့တာလဲ။”
လီချင်းယန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ငါလည်း ဘယ်သိပါ့မလဲ။”
“ကျုပ်အထင်အရဆိုရင်….”
စုရှောင်မိုသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီလိုမျိုး လူတွေကို တွေဝေငေးငိုင်စေတာ အချစ်ကြောင့်ပဲ။ အချစ်ကသာလျှင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်။”
သူ၏ ခန့်မှန်းချက်မှာ တစ်ဝက်သာ မှန်ခဲ့၏။ ကျွင်းချောင်ရှောင်းသည် တကယ်ပင် ချစ်ခြင်းမေတ္တာကြောင့် ခံစားနေရ ခြင်းပင်ဖြစ်၏။ သို့ပေမဲ့ ၁၅၀၀ ချစ်ခြင်းမေတ္တာမျိုး မဟုတ်ချေ။ ၅၂၈ ကဲ့သို့သော သံယောဇဉ်မျိုးကြောင့် သူသည် ဤကဲ့သို့ ခံစားနေရခြင်းပင် ဖြစ်သည်။
စနစ်မရှိသည့် ပထမဦးဆုံး ရက်တွင် သူတွေဝေစဉ်းစားခဲ့မိ၏။ စနစ်ထွက်သွားပြီး ဒုတိယမြောက်နေ့တွင်လည်း သူစဉ်းစားလျက်ပင် ရှိသေး၏။ စနစ်ထွက်သွားပြီး ခုနှစ်မြောက်ရောက်သည့်အချိန်မှာတော့ …….
ဟူး ဟူး ဟူး
စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဂိုဏ်းစုဆောင်းမှတ် ၁၀ သန်းဟု ရေးသားထားသော စာရွက်များကို မီးရှို့လျက်ရှိနေ၏။ ပြီးသည့်နောက်မှာတော့ ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလျက်ရှိ၏။ “ဒီနေ့မှာ မင်းသေဆုံးသွားတာ ခုနှစ်ရက်မြောက်နေ့ပဲ။ ဒီဂိုဏ်းစုဆောင်းမှတ်တွေကို ယူပြီး ကောင်းကောင်းသုံးဖြုန်းပါ။ မလုံလောက်ဘူးဆိုရင် ငါထပ်ပြီးတော့ မီးရှို့ပေးအုံးမယ်။”
နောက်တစ်ရက် …။
ကျွီ
ကျွင်းချောင်ရှောင်းသည် တံခါးကို တွန်းဖွင့်ပြီးသည့်နောက်မှာတော့ တုံနိဘာဝေ မျက်နှာသွင်ပြင်မျိုးနှင့် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့၏။
စနစ်သည် ပြန်မလာခဲ့ပေ။ သို့ပေမဲ့ သူ၏ အနာဂတ်မှာတော့ ဆက်သွားလျက်ရှိနေ၏။ သူသည် သူစိတ်သူ ထိန်းသိမ်းနိုင်မှ ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်”
စားသောက်ခန်းထဲမှာတော့ လျှိုဝမ်ရှစ်သည် ရင်နာစွာနှင့် ပြောလိုက်မိ၏။ “ဘာတွေဖြစ်နေတာလဲ။ နှင်းဆီဧကရီက ထားခဲ့လို့လား။ အခုထိ အသဲကွဲနေတုန်းလား။”
“……..”
စားသောက်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် သူ၏ တူကို အသာချလိုက်၏။ အတိတ်တုန်းကသာဆိုလျှင် သူ့အား နှင်းဆီဧကရီနှင့် စနောက်သည်ဆိုပါက အလွန်တရာ စိတ်ဆိုးတတ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် ဘာတစ်ခုမှ ပြောချင်စိတ်မရှိချေ။
ကျွင်းချောင်ရှောင်းအနေနှင့် သူ့စိတ်ကို ထိန်းသိမ်းခဲ့သည်ဆိုသော်လည်း လဝက်ခန့်ကြာမြင့်ပြီးနောက်စနစ်၏ ပြောဆိုသံများအား မကြားရသည်ကို အသားမကျသလို ဖြစ်မိနေ၏။ တစ်ခါတစ်ရံ သူသည် တွေဝေငေးမိုင်စွာဖြင့် ရပ်နေမိသည်။
“လီဖေး”
“ရှိပါတယ်။”
“ငါ ဆိုးဆိုးရွားရွားခံစားနေရတယ်။”
…
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ လှေကားထစ်တွင် ထိုင်လျက်ရှိပြီး တပည့်များ ဘောလုံးကစားသည်ကို ထုံးစံအတိုင်း ကြည့်ရှုလျက်ရှိနေ၏။ ထိုအချိန်မှာပဲ သူ၏ နားထဲတွင် ကြည်လင်ရှင်းလင်းလျက်ရှိသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
“ဒင်
ပြိုင်စံရှားဂိုဏ်း အဆင့်မြင့်ဗားရှင်း အသက်ဝင်လျက်ရှိသည်။”
“ဒင်
ပြိုင်စံရှားဂိုဏ်း အဆင့်မြင့် ဗားရှင်းသည် အောင်မြင်စွာ အသက်ဝင်ခဲ့ပြီဖြစ်သည်။ အချက်အလက်များကို စတင်ကာ စုစည်းနေသည်။”
“ဒင်
အချက်အလက်စုစည်းမှုအောင်မြင်သည်။ လက်ခံသူသည် စနစ်၏ အကူအညီကို ရယူမည်လား။”
“ရယူမည် သို့မဟုတ် မရယူပါ။”