← Chapters

အပိုင်း (၁၂၉၃)

Vol. 87 Ch. 1293

အပိုင်း (၁၂၉၃)

Vol. 87 Ch. 1293

ဓားနှင့်သိုင်းအင်ပါယာတစ်ယောက်ဖြစ်ပြီး တည်နေရာချိုးဖြတ်ခြင်းအလယ်အဆင့်ကို ချိုးဖြတ်ဝင်ရောက်ပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကြယ်ကောင်းကင်ခံတပ်ကြီးအား စဦးသွားကာ ဖျက်ဆီးရန် အကြံအစည်အား စတင်စဉ်းစားတော့၏။

“ငါထောက်ခံတယ်”

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ စိတ်ပူနေစရာမလိုဘူး။ ရဲရဲရင့်ရင့်သာ လုပ်လိုက်”

ကင်းသမားဆယ့်နှစ်ယောက်နှင့် ခံတပ်သခင်တို့အား အနိုင်ယူနိုင်ရန်ဆိုသည်မှာ ကျွင်းချောင်ရှောင်း အတွက် မသေချာဘူးဆိုလျှင်တောင်မှ စနစ်၏ စတိုးသည် ကျိန်းသေပေါက် အောင်မြင်ရန် ကူညီပေးနိုင်ပေလိမ့်မည်။ သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုရန်တော့ လိုအပ်နေသေးသည်။ အဆင့်မြှင့်တက်ပြီးသည့်နောက်မှာ တော့ စနစ်သည် လုံးလုံး မပြောင်းလဲသေးချေ။

ဘာပဲပြောပြော ကုန်းရှန့်အနေနှင့် အခန်းထဲတွင် ပုန်းအောင်းနေရမည့်ကိစ္စရပ်များကို သူ မည်သို့မှ သဘောကျလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှေ့ကိုထွက်ပြီး တိုက်ခိုက်ခြင်းကိုသာ အားပေးနေခြင်း ဖြစ်သည်။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကြယ်ကောင်းကင်ခံတပ်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သေသေချာချာ စဉ်းစားဖို့လိုတယ်။ အလျင်လိုလို့ မဖြစ်ဘူးလေ”

ရွှီး

သူ၏ အသိစိတ်သည် သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ အထူးတာဝန်ဆီမှ ဆုလာဘ်အဖြစ် ရရှိထားသည့် အရာရှေ့၌ မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် တွေးလိုက်သည်။ “ငါ ဘာပစ္စည်း ကောင်းတွေများ ရအုံးမှာလဲ။ အထူးပစ္စည်းလို့ ရေးထားတယ်”

သူသည် ထိုအရာပေါ်သို့ လက်ကို တင်လိုက်တော့၏။

“ဒင်... လက်ခံသူသည် အထူးပစ္စည်းအား အသက်သွင်းရန်အတွက် ဂိုဏ်းစုဆောင်းမှတ်တစ်သိန်းအား အသုံးပြုရန် လိုအပ်၏။ ကျေးဇူးပြုပြီး ရွေးချယ်ပါ။”

“လက်ခံမည် - လက်မခံပါ”

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ဒါက ဘာလို့ ပိုက်ဆံကုန်ရတာလဲ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက အဓိကတာဝန်ကို ပြည့်စုံအောင် ပြုလုပ်ခဲ့ပြီးပြီလေ။ ဒီတော့ စနစ်ကလည်း အဆင့်မြင့်တဲ့ အခြေအနေတစ်ခုကို ပြောင်းလဲသွားတယ်။ ပြီးတော့ ဂိုဏ်းစုဆောင်းမှတ် နှစ်သိန်းကိုလည်း ရထားသေးတယ် မဟုတ်လား။ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို ပြန်သုံးရတာကို ဘာလို့ စိုးရွံ့နေတာလဲ”

“...........”

ခဏလောက် တွေးပြီးသည့်နောက် သူသည် လက်ခံမည်ဆိုသည့်အရာကို ရွေးချယ်လိုက်၏။

“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်တစ်သိန်းကို အသုံးပြု၍ အထူးပစ္စည်းကို အသက်သွင်းခဲ့၏။ ထို့ကြောင့် ပထမမျိုးဆက်၏ ဝိညာဉ်ချိန်ကိုက်ဗုံးကို ရရှိခဲ့၏။ ထိုအရာအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပါပြီ”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၀၀၀၀၀”

ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာသည် အေးခဲသွားခဲ့၏။ သူသည် ချက်ချင်း မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။ သူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို အသုံးပြုပြီးသည့်နောက် ပထမပျောက်ကွယ်သွားခဲ့သော ဝိညာဉ်ချိန်ကိုက်ဗုံးအား ပြန်လည် ဝယ်ယူခဲ့မိသည်။ သောက်ကျိုးနည်းလှချေသည်တကား။

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ငါ ဒါကြီးနဲ့ ဘာလုပ်ရမှာလဲ”

စနစ်က ပြောလိုက်သည်။ “ပထမမျိုးဆက်ရဲ့ ဝိညာဉ်ချိန်ကိုက်ဗုံးက လက်ခံသူရဲ့ ခန္ဓာကိုယ်နဲ့ ကွဲထွက်သွားတဲ့ အရာတစ်ခု ဖြစ်နေပြီလေ။ ဒီတော့ ဒီအရာကို တခြားဆီမှာသာ အသုံးပြုလိုက်မယ်ဆိုရင် အချိန်မရွေး ဖောက်ခွဲလို့ ရတဲ့ ပစ္စည်းအဖြစ် ပြောင်းလဲသွားမှာလေ”

“အဲလိုလား”

ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် အုတ်ခဲကဲ့သို့အရာကို လှမ်းကာ ကြည့်လိုက်၏။ ထင်မှတ်ထားသည့် အတိုင်းပင် ထိုအပေါ်တွင် အချိန်ကာလကို မရေးထားသေးချေ။ အနီရောင်ခလုတ်လေး နှစ်ခုသာလျှင် ပါဝင်၏။ ဘယ်ဘက် ဘေးမှာတော့ ခွဲမည့်အချိန်ကို သတ်မှတ်နိုင်စွမ်း ရှိနေသည့်အရာတစ်ခု ရှိလို့နေခဲ့၏။

“ဒါက ချက်ချင်းနဲ့ ခဏဆိုပြီး ခွဲခြားထားတာပဲ။ လက်ခံသူ... လက်ကို ခပ်ဝေးဝေးကို ရွှေ့ထားရင်ကောင်းမယ်။ အမှတ်မထင် နှိပ်မိရင် တစ်ခါတည်း ပေါက်ကွဲသွားလိမ့်မယ်”

“..........”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ချိန်ကိုက်ဗုံးအား ပြန်ချလိုက်၏။ ပြီးနောက် အော်ဟစ်လိုက်သည်။ “ပြောရမယ်ဆိုရင် ငါက ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို အသုံးပြုပြီးတော့ ဗုံးကြီးကို ဝယ်ခဲ့တာပေါ့”

“မင်း ဒါကြီးကို သုံးပြီးတော့ ကြယ်ကောင်းကင်ခံတပ်ကို ဖောက်ခွဲပစ်လို့ရတယ်မဟုတ်ဘူးလား” စနစ်က ပြန်ပြော လိုက်သည်။

“ဒါက အဲလောက်တောင် အားကောင်းတာလား”

“လက်ခံသူ ... ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းတောင် ကုန်ကျနိုင်တဲ့ ချိန်ကိုက်ဗုံးကို ဘယ်တော့မှ သံသယမဝင်နဲ့။ မဟုတ်ရင် အထူးပစ္စည်းဆိုပြီး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလေ”

“..........”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ နေကာမျက်မှန်ကို ကောက်ကာ တပ်လိုက်သည်။ သူ၏ လက်များသည် နဖူးပေါ်သို့ တင်ကာဖြင့် ဆံပင်များကို အသာသပ်တင်ကာ ဟန်ပါပါဖြင့်ပြောလိုက်တော့သည်။ “ကောင်းပြီ။ ဒါဆိုရင် ကြယ်ကောင်းကင် ခံတပ်ကို တစ်ခါတည်း ဖောက်ခွဲလိုက်ကြစို့”

“ဟုတ်ပြီ”

စနစ်က ပြောလိုက်၏။ “အခု လက်ခံသူရဲ့ အားအင်အဆင့်အရဆိုရင် ဒါကို အသုံးပြုဖို့တောင် မလိုဘူး ထင်တယ်”

ကုန်းရှန့်သည် ဤစကားကို အမှန်ပင် ချစ်မြတ်နိုးသွားခဲ့၏။ အထူးတာဝန်နှင့် အဓိကတာဝန်များကို ပြည့်စုံပြီး သည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ချိုးဖြတ် ရောက်ရှိခဲ့၏။ ထို့အပြင် ဓားနှင့်သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ သူသည် ကင်းသမားဆယ့်နှစ်ယောက်ကို ရင်ဆိုင်ရန် ဆိုသည်မှာ ပြဿနာတစ်ခုတော့ မဟုတ်တော့ချေ။ သူ့အနေနှင့် ဝှက်ဖဲ များကို ထုတ်ဖော်၍ အသုံးမပြုဘူး ဆိုလျှင်တောင်မှ အလွန်တရာ အားကောင်းလှသည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူသည် ကြယ်ကောင်းကင် ခံတပ်ကို ဖျက်ဆီးပစ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

“ဒီလို လုပ်ရအောင်”

ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ငါ အရင်ဆုံးသွားပြီးတော့ စမ်းကြည့်ရမယ်”

သူ့အနေဖြင့် အဆင့်ချိုးဖြတ်ရောက်ရှိထားခဲ့သည်မှာ တစ်လနီးပါးခန့်ရှိနေပြီ ဖြစ်သောကြောင့် အဆင့်တက်မှုသည်တည်ငြိမ်သွားပြီဖြစ်သည်။သို့ပေမဲ့ သူ၏ အစစ်အမှန် အားအင်အဆင့်ကို တစ်ခါမှ မစမ်းသပ်ခဲ့ရသေးချေ။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို အားကုန်ထုတ်ဖော်၍ တိုက်ခိုက်မည်ဆိုပါက ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးပင် ခုခံနိုင်လိမ့်မည် မဟုတ်သည်ကို စိုးရိမ်မိ၏။

တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာ အထက်နယ်မြေဆီသို့ တရားဝင် တက်လှမ်းနိုင်သည့် အခြေအနေဆီသို့ တိုးတက်ရောက်ရှိခဲ့သည်။ ထို့ကြောင့် သေမျိုးစကြဝဠာရှိ ဂြိုဟ်များ အသီးသီးသည် ကုန်းရှန့်၏ စွမ်းအားမြင့် ထုတ်ဖော်မှုကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

“နေအုံး”

ကျွင်းချောင်ရှောင်းသည် ကင်းသမားများနှင့် တိုက်ချင်ခိုက်ချင်သည့် စိတ်များကို အသာဖိနှိပ်ကာဖြင့် ဂိုဏ်း၏ အဆောက်အအုံကို အဆင့်မြှင့်တင်နိုင်သည့်အရာဆီသို့ သွားကာ ကြည့်ရှုလိုက်၏။ ဤအရာသည်လည်း ပထမဦးဆုံးအရာကဲ့သို့ပင် ဂိုဏ်းစုဆောင်းမှတ်များနှင့် ထပ်မံ ဝယ်ယူရမှာ ဖြစ်၏။

“ပြောင်းလဲမယ်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကုန်ဆုံးပါသည်”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၁၀၀၀၀”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြည့်ရှုပြီးသည့်နောက် ပျော်ရွှင်သွားမိတော့၏။ သူ စနစ်နှင့် ပြန်လည် ချိတ်ဆက်ပြီးသည့်နောက်မှာတော့ အထဲတွင်ရှိနေသော ဆေးခန်းမဆောင်နှင့် ပန်းပဲခန်းမဆောင်တို့သည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ သူသည် စဦးအဆင့် ဆေးလုံး တော်တော် များများကို ပြန်လည်ကာ သန့်စင်လိုက်၏။ တပည့်များသည် များပြားလှသည့်အရေအတွက်ဆီသို့ ရောက်ရှိ ပြီးသည့်နောက်မှာတော့ သူ့အနေနှင့် တပည့်များလုံလောက်စေသည့် ဆေးလုံးများကို ပြန်လည်ကာ ဖော်စပ်နိုင်မှ ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ချီစုစည်းခြင်း စဦးအဆင့် ဆေးလုံးအား ရွေးချယ်လိုက်သည့် အချိန်မှာတော့ သူသည် ချက်ချင်း စိတ်ဓာတ်ကျသွားမိ၏။ အဘယ်ကြောင့်ဆိုသော် ဖော်စပ်နိုင်သည့်ဆေးလုံးတစ်သောင်းဆီသို့ တိုးတက်သွားသည်နှင့် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အသုံးပြုကာ ပြန်လည်၍ လဲလှယ်နေရ၏။

“ချီးတဲ့မှ”

ချီစုစည်းခြင်းဆေးလုံး တစ်သောင်းကို ရရှိရန်အတွက် သူသည် ဂိုဏ်းစုဆောင်းမှတ် တစ်ဆယ်နှင့် လဲလှယ်နေရ၏။ ထို့ကြောင့် သိုင်းပညာ အရင်းအမြစ်များ အားလုံးကို ဝယ်ယူနေရသည်ဆိုသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။

စနစ်က ပြောလိုက်သည်။ “လက်ခံသူက ခန်းမဆောင်တွေကို ပြန်ပြီး အသုံးပြုလို့ရတာ ကံကောင်းတယ်လို့ ပြောရမှာ မဟုတ်လား”

“........”

ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွားတော့၏။ သူ့အနေနှင့် စနစ်၏ ဤကဲ့သို့သော လုပ်ဆောင် နိုင်မှုများ ပြန်လည်ရရှိခြင်းသည် ကောင်းကင်ယံမှ ပေးလိုက်သော ကောင်းချီးပင် ဖြစ်တော့၏။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ်များနှင့် တွက်ကပ်မနေသင့်တော့ချေ။

“ထားလိုက်တော့။ ထားလိုက်တော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့အနေနဲ့ တာဝန်တွေ အများကြီး လုပ်ပြီးတော့ ဂိုဏ်းစုဆောင်းမှတ်တွေ ရှာလို့ရသေးတာပဲ။ ငါ ကျွင်းချောင်ရှောင်းက ဒီလို ကိစ္စသေးသေးလေး တွေကို ဖက်တွယ်တတ်တဲ့ လူမျိုး မဟုတ်ဘူး”

ဝယ်ယူနိုင်သည့် ပစ္စည်းစာရင်းကို ဖွင့်ပြီးသည့်နောက်မှာတော့ သူသည် သက်တန့်ရောင်စဉ်ကျမ်း အပိုင်းခုနှစ်ကို ကြည့်ရှုလိုက်၏။ လက်များကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “နောက်ဆုံးတစ်ခုကို ဝယ်ပြီးပြီဆိုရင် ငါ့လက်ထဲ မှာ အပိုင်းခုနှစ်ပိုင်းလုံး ရောက်သွားပြီပဲ။ ဒါဆိုရင် နတ်ဘုရား နဂါးတွေကိုတောင် ဆင့်ခေါ်နိုင်တဲ့ အခြေအနေ ရောက်သွားမှာပဲ”

“ချီးတဲ့မှ... ဒါကို ဝယ်ဖို့ နောက်ထပ် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းကို ထပ်သုံးရမယ် ဟုတ်လား”

ဂိုဏ်းစုဆောင်းမှတ် နှစ်သိန်းအား စနစ်သည်ဝါးမျိုခဲ့ပြီးပြီ ဖြစ်၏။ လက်ရှိ ဂိုဏ်းစုဆောင်းမှတ်များအား အသုံး ပြုကာ ထပ်မံကာ ဝယ်ယူရပေးဦးမည်။ သို့ပေမဲ့ နာကျင်စရာ ကောင်းလှသည်ဆိုသော်လည်း ထိုအရာကို လက်ခံ ရပေလိမ့်မည်။

သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်ခုသည် သူ၏ရှေ့တွင် စီစီရီရီ တည်ရှိလို့နေ၏။ ကံဆိုးစွာဖြင့် နတ်ဘုရားနဂါးကို ဆင့်ခေါ်နိုင်စွမ်းတော့ မရှိချေ။ ဤသိုင်းနည်းစနစ်ဆီမှ နက်နဲလှသော သိုင်းအသိပညာများ ထွက်ပေါ်လျက် ရှိနေ၏။

“ဒီထဲမှာ ဘာကို လျှို့ဝှက်ထားတာလဲ”

ကျွင်းချောင်ရှောင်းသည် ကြိတ်ကာပြောလိုက်မိ၏။ ဖြူမဲညီနောင်တို့၏ ပြောဆိုမှုအရဆိုလျှင် ဤကျမ်းစာထဲတွင် ကောင်းမွန်လှသည့် အခွင့်အရေးတစ်ခု တည်ရှိနေ၏။ ထိုအရာကိုသာ သူရှာဖွေနိုင်သည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအဆင့်သည် တမဟုတ်ချင်း တိုးတက်သွားမှာ သေချာသည်။ “ငါ ဒါကို မရှာနိုင်ဘူး ဖြစ်နေတယ်”

ကျွင်းချောင်ရှောင်းသည် နှစ်နာရီကျော်ကြာ စဉ်းစားပြီးသည့်နောက်မှာတော့ ဘာကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ထို့ကြောင့် လျှိုဝမ်ရှစ်ဆီသို့ သွားရောက်ပြီးသည့်နောက်မှာတော့ လျှိုဝမ်ရှစ်၏ နတ်ဘုရားလက်နက်ကို ယူကာ ဆရာဖန်းကို အဆင့်မြှင့်တင်ရန် ပေးလိုက်တော့၏။

“ညီငယ်လေး”

ပန်းပဲခန်းမဆောင်ထဲမှ လျှောက်ထွက်လိုက်ခြင်းမှာပဲ အဖြူရောင်နတ်ဆိုး၏ အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီကို ရွက်သင်္ဘောတစ်စင်း ချဉ်းကပ်လာတယ်”

ရွှီး

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ သူသည် အဆုံးအစမဲ့ ကျယ်ပြောလှသည့် စကြဝဠာထဲသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ် အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် စကြဝဠာထဲ၌ ရှိသည့် ဖိအားများကို ကောင်းကောင်း ခုခံနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

“မြန်လိုက်တာ”

သူတို့ဆီသို့ ဂိုဏ်းချုပ်ပေါ်လာသည်ကို မြင်သည့်အချိန်မှာတော့ အမည်းရောင်နတ်ဆိုးသည် တွေးလိုက်မိ၏။ “ညီငယ်လေးရဲ့ လက်ရှိအဆင့်က ငါ့ထက် ဘယ်လိုမှ မနိမ့်ကျဘူးပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် မီးကျီကြီးနှစ်ခုကဲ့သို့ စူးရှလျက် ရှိနေ၏။ သူသည် ထိုကဲ့သို့သော မျက်လုံး များနှင့် မှောင်မဲလျက် ရှိနေသော စကြဝဠာကြီး အတွင်းပိုင်းဆီသို့ လှမ်း၍ ကြည့်ရှုလိုက်သည်။

ချက်ချင်းပဲ အမြန်နှုန်း ကောင်းကောင်းနှင့် ပျံသန်းလာသည့် ရွက်သင်္ဘောကြီးတစ်စင်းကို မြင်လိုက်ရသည်။ ထိုပေါ်တွင်တော့ ခပ်တောင့်တောင့်နှင့် ကြွက်သားများအပြည့်ရှိသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် ပဲ့ဦးပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည်ပြုံးကာ ပြောလိုက်သည်။ “မိတ်ဆွေဟောင်းကြီးက ရောက်လာခဲ့ပြီပဲ”

All Chapters