အပိုင်း (၁၂၉၄)
Vol. 87 Ch. 1294
ရွက်သင်္ဘောကြီးနှင့် ပျံသန်းလာသူမှာ မည်သူဖြစ်သနည်း။ ထိုသူသည် ရင်ပဲ ဖြစ်တော့၏။
ဝူခုန်း၏ ရိုက်နှက်မှုကို ခံရပြီး ရှုံးနိမ့်ခဲ့သည့် ကင်းသမားဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်၏။ ပြောရမည်ဆိုလျှင် ကြယ်ကောင်းကင်ခံတပ်၏ ကင်းအဖွဲ့သည် အလွန်တရာ အဆင့်မြင့်မားသည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေ၏။ မကြာသေးသော အချိန်အတောအတွင်းမှာပဲ ရင်သည် စွမ်းအားအပြည့်ဖြင့် မတ်မတ်ရပ်နေနိုင်ခဲ့ပြီ ဖြစ်သည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို စဉ်းစားကာဖြင့် သူ့နဖူးသူ ရိုက်လိုက်မိ၏။ “ဒီလူ့ဆီက ပိုက်ဆံ အကြွေးရှိသေးတာပဲ”
စနစ်သည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ မိန်းမနဲ့အရာအားလုံးကို မေ့ချင်မေ့လိမ့်မယ်။ ဒါပေမဲ့ အကြွေးရှိတာကိုတော့ ဘယ်တော့မှ မမေ့ဘူးပဲ”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က ငါ့ကို သတိရစေချင်တယ်ဆိုရင် ငါ့ဆီမှာ အကြွေးရှိနေမှ ဖြစ်လိမ့်မယ်”
“...........”
စနစ်သည် ဆွံ့အသွားမိ၏။
“ညီငယ်လေး”
အမဲရောင်နတ်ဆိုးက ပြောလိုက်၏။ “အခုရောက်လာတဲ့လူကို ကြည့်ရတာ အားနည်းတဲ့ပုံ မပေါ်ဘူး။ ငါတို့နှစ်ယောက်သွားပြီးတော့ ရင်ဆိုင်ဖို့လိုလား”
“မလိုပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကိစ္စကို ညီလေးတာဝန်သာ ထားလိုက်”
သူ့အနေနှင့် သူ၏ တိုက်ခိုက်ရေးစွမ်းအင်ကို စမ်းသပ်ချင်စိတ် ရှိနေ၏။ ထိုသို့သော အချိန်တွင် လက်ဝှေ့အိတ်တစ်ခုသည် သူ၏ရှေ့တွင် ရောက်ရှိလာခဲ့၏။ အခွင့်အရေးကို သူသည် လက်လွှတ်ပေး၍ မဖြစ်ချေ။
“ရောင်းရင်းကြီး”
ကျွင်းချောင်ရှောင်းသည် လက်ကိုပိုက်ကာဖြင့် စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “ကျုပ်ကို စိတ်မပျက် စေနဲ့”
ဝှစ်
ရွက်သင်္ဘောတစ်စင်းသည် လေဟာနယ်ကို ဖြတ်သန်းကာဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ဦးတည်လာ လျက်ရှိနေသည်။ ပဲ့ဦးတွင် မတ်တပ်ရပ်လျက်ရှိနေသော ရင် ၏ ပုံပန်းသွင်ပြင်သည် မှုန်ကုတ်လျက် ရှိနေ၏။ သူ၏ခေါင်းဆောင်သည် သူ့အား အကျဉ်းထောင် ချိုးဖြတ်ခံရသည့် စုံစမ်းမှုတွင် ပါဝင်ပတ်သတ်စေခြင်း မပြုခဲ့ချေ။ ထိုအစား တရားရေးရာတပ်မှူး သတ်ဖြတ်ခံရသည့် ကိစ္စရပ်ကို စုံစမ်းစစ်ဆေးရန်သာ စေလွှတ်ခဲ့၏။
အဓိက အကြောင်းအရင်းမှာ သူသည် ထောင်သား၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသောကြောင့်ပင်။ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာခဲ့သည်ဆိုသော်လည်း အချိန်ကာလတစ်ခုအထိ သူ၏ ထိပ်ဆုံးအဆင့်ဆီသို့ မရောက်ရှိ ခဲ့ပေ။ ထို့ကြောင့်ပင်လျှင် သူ့အား တရားရေးရာတပ်မှူး သတ်ဖြတ်ခံရသည်ကို သွားရောက်စစ်ဆေးရန် တာဝန် ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
“ကွမ်ကျူးနဲ့ ဟယ်ချီတို့က ဒီနေရာကို ရောက်လာခဲ့တယ်။ ပြီးတော့ တရားရေးရာ တပ်မှူးကလည်း ဒီကို ရောက်လာတယ်ဆိုတော့ ဒီနေရာမှာ တစ်စုံတစ်ခု လွှဲမှားတာ ဖြစ်နေတာပဲ”
ရင်သည် မြေပုံတစ်ခုကို ထုတ်ယူ ပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ရှိရာ နေရာဆီသို့ လှမ်းကြည့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် သူတို့လူများ တစ်စုံတစ်ခုဖြစ်ပွားခဲ့သည့် နေရာနှင့် အနီးဆုံးတွင် သက်ရှိများနေထိုင်သည့်ဂြိုဟ် ဟူ၍ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုသာလျှင် တည်ရှိ၏။
“ငါ ဖြစ်နိုင်သမျှ အမြန်ဆုံး စုံစမ်းရမယ်။ ပြီးရင် တခြားသူတွေ အားလုံးနဲ့ မြန်မြန်သွားပူးပေါင်းပြီး အဓိက ပြဿနာကောင်တွေကို ပြန်ဖမ်းရမယ်” ငရဲကြီးကိုးထပ်ထဲတွင် ရှိနေသော အကျဉ်းသားများ လွတ်မြောက်သွားမှု သည် ကိစ္စကြီးတစ်ခုပင် ဖြစ်နေသည်။ ထိုတာဝန်အား သူ မပါဝင် ၊ မပတ်သက်ရဘူးဆိုပါက သူ၏ ကင်းသမား ဆိုသော ရာထူးသည် နာမည်ခံသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
ရွှီး ……..။
ရုတ်တရက် ရွက်သင်္ဘောကြီးသည် အရှေ့ဆီသို့ လှမ်းတက်ရာမှ ရပ်တန့်သွားခဲ့၏။ ပဲ့ဦးတွင် မတ်တပ်ရပ်လျက် ရှိနေသော ရင်သည် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ အမူအရာများသည် လေးနက်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ပေါ်ပေါက်လာခဲ့၏။ ထိုသူ၏ ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ ရင်းနှီးလျက် ရှိနေသည်။
“မင်းပဲ”
ရင်၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ တစ်ဖက်လူ၏ ဝတ်စုံနှင့် ပုံပန်း သွင်ပြင်သည် သူရဲကောင်းစိတ်ဝိညာဉ်ကို ဆင့်ခေါ်ကာဖြင့် တိုက်ခိုက်သွားသည့် လူတစ်ယောက်နှင့် ဆင်တူလျက် ရှိနေသည်ကို သူသုံးသပ်လိုက်ပြီး ဖြစ်၏။ ကွာခြားချက်တစ်ခု ရှိသည်ဆိုလျှင်တောင်မှ ယခင်လူသည် ခေါင်းတုံး ဖြစ်ပြီး လက်ရှိအချိန်တွင် ဆံပင်များရှိနေသည့် လူတစ်ယောက် အဖြစ်သာ ကွာခြား၏။
“ဟုတ်တယ်။ ကျုပ်ပဲ”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ သူ၏ အားအင်အဆင့် တိုးတက်ပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ယခင်ကထက်ပို၍ နောက်တီးနောက်တော့ လုပ်လျက် ရှိနေသည်။
ရင်၏ မျက်လုံးများသည် ရုတ်တရက် လေးနက်သွား၏။ ခေါင်းဆောင်၏ ပြောဆိုချက်အရဆိုလျှင် ငရဲကြီး ကိုးထပ်တွင် ရှိနေသော အဓိကပြဿနာကောင်များ လွတ်မြောက်သွားခြင်းသည် ဤလူနှင့် သက်ဆိုင်လျက် ရှိနေ၏။ သူသည် တခြားသောကိစ္စများကို စုံစမ်းရန် ဤနေရာသို့ ရောက်ရှိလာခဲ့သည်ဆိုသော်လည်း မထင်မှတ်ဘဲ အဓိကပြဿနာကောင်ကြီးနှင့် လာ၍ တွေ့နေရပြီ ဖြစ်၏။
“ကောင်လေး”
ရင်က ပြောလိုက်သည်။ “ထောင်ထဲမှာရှိတဲ့ အဓိကပြဿနာကောင်တွေကို လွှတ်ပေးလိုက်တာ မင်းလား”
ကျွင်းချောင်ရှောင်းက ပွင့်ပွင့်လင်းလင်းဖြင့် ပြောလိုက်မိ၏။ “အမှန်ပါပဲ”
သူ့အနေနှင့် ကြယ်ကောင်းကင်ခံတပ်ကို ဖျက်ဆီးပစ်ရန် စီစဉ်နေပြီဆိုမှတော့ ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုအပ်တော့ချေ။
“ထောင်ထဲက အကျဉ်းသားတွေကို စေလွှတ်လိုက်တယ်ဆိုတာက တကယ့်ကို ကြီးမားတဲ့ အပြစ်တစ်ခုပဲ”
ရင်သည် ရွက်သင်္ဘောထဲမှ ပျံသန်းထွက်ခွာလာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ရှေ့ ပေအနည်းငယ်တွင် လွင့်မျောလျက် ရှိနေ၏။ သူ၏ အနောက်ဘက်တွင် ရှိနေသော ဝတ်ရုံကြီးသည် လေထဲတွင် လွင့်မျောနေခဲ့၏။ “အခု အညံ့ခံပြီးတော့ ခံတပ်ထဲကို လိုက်ခဲ့။ အပြစ်ပေးမှုကို ခံယူလိုက်”
“အားနာပါတယ်”
ကျွင်းချောင်ရှောင်းက ပွင့်ပွင့်လင်းလင်းပဲ ငြင်းပယ်လိုက်၏။ “ကျုပ်အနေနဲ့ ထပ်ပြောအုံးမယ်။ ကျုပ်ကို ပြစ်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ ဖမ်းလို့ရတယ်ဆိုတာ သေမျိုးလောကကြီးထဲမှာ မရှိကို မရှိဘူး။ အထူးသဖြင့် ခင်ဗျားတို့ ကြယ်ကောင်းကင်ခံတပ်ပေါ့”
သူသည် ဤကဲ့သို့သော အမူအကျင့်မျိုးကို အမှန်ပင် မုန်းတီးလွန်းလှ၏။ မည်သည့်ခွင့်ပြုချက်မှ မရှိဘဲနှင့် အဘယ်ကြောင့် ဥပဒေဆိုသည့် အကြောင်းအရာများကို တပ်ကာ လုပ်ချင်တိုင်း လုပ်နေရသနည်း။
“ငရဲကြီးကိုးထပ်ထဲမှာ ရှိနေတဲ့ အဓိကပြဿနာကောင်တွေ အကုန်လုံးကို လွှတ်ပေးနိုင်တယ်ဆိုတာ တကယ့်ကို စွမ်းရည်ရှိတာပဲ။ ဒါပေမဲ့ မင်းအနေနဲ့ ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုကို လုပ်ခဲ့တာလည်း ဟုတ်တယ်”
ရင်သည် အေးစက်စက် ပြောလိုက်၏။ သူသည် ဘာတွေ ညာတွေကို စဉ်းစားမနေချေ။ သူ၏ ရင်ထဲတွင် တရားမျှတမှု ဆိုသည့်အကြောင်းအရာသာ ရှိ၏။ မည်သူ မှန်သည်။ မည်သူ မှားသည်ကို သူစိတ်မဝင်စားချေ။ သူ၏ တရားမျှတမှုသည် ကြယ်ကောင်းကင် ခံတပ်နှင့်သာ သက်ဆိုင်လျက် ရှိနေသည်။
ဟူး ဟူး
အားကောင်းပြီး ပြင်းထန်လွန်းသော အော်ရာများသည် ရင်ဟူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာလျက် ရှိသည်။ ပြီးသည့်နောက်မှာတော့ ထိုစွမ်းအင်များ အားလုံးသည် သူ၏ ညာဘက်လက်သီးဆီသို့ ရောက်ရှိသွားခဲ့၏။ သူသည် ရင်ထဲတွင်ရှိနေသော တရားမျှတမှုကို စွဲကိုင်ကာဖြင့် ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုမျိုးကို ကျိန်းသေပေါက် ထုတ်ဖော်တော့မှာ သေချာ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မတိုက်ခိုက်ခင်မှာ ခင်ဗျားအနေနဲ့ ကိုယ့်ကတိကိုယ် တည်သင့်တယ်”
သူသည် ရုတ်တရက် ပြောလိုက်၏။ “ခင်ဗျား ကျုပ်ကို အကြွေးတင်နေတဲ့ ပိုက်ဆံတွေပေးတော့”
နောက်ဆုံးအကြိမ်တုန်းက လောင်းကြေးတွင် သူသည် အနိုင်ရရှိခဲ့၏။ သို့ပေမဲ့ တစ်ဖက်သူသည် မေ့မျောသွား ခဲ့သည့်အပြင် လက်ထဲတွင် သိုလှောင်လက်စွပ်လည်း မပါခဲ့ချေ။ ထို့ကြောင့် မတိုက်ခိုက်ခင်တွင် ငွေကြေးကိစ္စ များကို အရင်ဆုံးပြောမှ ဖြစ်ပေလိမ့်မည်။
“...........”
ရင်သည် ပြန်လည် အမှတ်ရပြီးသည့်နောက် သူ၏မျက်နှာအိုကြီးတွင် ရှက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ ပြီးနောက်သူက ပြောလိုက်၏။ “မင်းအနေနဲ့ တစ်သန်းကို မလိုချင်တော့ဘူးလို့ ငါထင်တာလေ”
“ချီးတဲ့မှ...”
ကျွင်းချောင်ရှောင်းက အော်လိုက်၏။ “ခင်ဗျားအနေနဲ့ ကျုပ်ကို အကြွေးပေးကို ပေးရမယ်”
“ဘာပဲပြောပြော ဒီကိစ္စက ပြီးသွားပြီ။ ပြီးတော့ မင်းက ငါ့ကို တစ်ခါတည်း တောင်းခဲ့တာမှ မဟုတ်တာ။ ထားလိုက်ပါတော့” ရင်က ပြန်ပြောလိုက်သည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားစကားကို ခင်ဗျား မတည်ဘူးပေါ့”
“ကျုပ်ရင်က ဘယ်တော့မှ ကျုပ်စကားကို မတည်တဲ့အလုပ် မလုပ်ဘူး”
“ဒါဆိုရင် ပိုက်ဆံတွေပေးလေ”
“မင်းကိုမှ ငါ အကြွေးမတင်တာ။ ဘာလို့ ပေးရမှာလဲ”
“ချီးတဲ့မှ”
................
ကျွင်းချောင်ရှောင်းနှင့် ရင်တို့သည့် တဖြည်းဖြည်း ရှေ့တိုးလာပြီးသည့်နောက် တစ်ယောက်နှင့်တစ်ယောက် ခါးထောက်ကာဖြင့် ပက်ပက်စက်စက် ဆဲဆိုလျက် ရှိနေတော့သည်။ ခံစားချက်ကို မထိန်းချုပ်နိုင်သောကြောင့် တံတွေးများသည် တစ်ယောက်မျက်နှာ တစ်ယောက်စင်လျက် ရှိနေလေသည်။
“.........” စနစ်သည် ဆွံ့အသွားမိ၏။
စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းကို ရရှိရန်အတွက် လက်ခံသူနှင့် တစ်ဖက်လူတို့သည် မျက်နှာနှင့်နားများ နီရဲသည်အထိ ပက်ပက်စက်စက် ဆဲဆိုလျက် ရှိနေတော့၏။ ထိုသူများသည် တည်နေရာ ချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများဟု ပြောဆိုပါက မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ ဤနှစ်ကောင်သည် တကယ့်ကို အရူးများသာဖြစ်၏။
ဟူး ဟူး
ရင်သည် အချိန်အတော်ကြာ ဆဲဆိုပြီးသည့်နောက်မှာတော့ သူ၏ ပါးစပ် တစ်ခုလုံးပင် ခြောက်ကပ်လာခဲ့၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “အခု ပိုက်ဆံကိစ္စ မပြောနဲ့အုံး။ မင်း ငါနဲ့ ကြယ်ကောင်းကင်ခံတပ်ကို လိုက်ခဲ့။ ပြီးတော့ အပြစ်ပေးမှုကို ခံတော့”
“ဒီလို လုပ်ရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ထပ်ပြီး လောင်းရအောင်။ ခင်ဗျား နိုင်တယ်ဆိုရင် ကျုပ်ကို ကြယ်ကောင်းကင်ခံတပ်ဆီကို ခေါ်သွား။ ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကိစ္စကို မပြောတော့ဘူး။ ဒါပေမဲ့ ကျုပ်နိုင်သွားမယ်ဆိုရင်တော့ ခင်ဗျား စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်း ပေးရမယ်”
သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းဟု ထပ်တိုးကာ မတောင်းခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ရွက်သင်္ဘောသည် တကယ်ပင် တန်ကြေးရှိသည့်အရာ ဖြစ်သည်ကို သူသိရှိပြီးဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူကို အနိုင် ရရှိသည်ဆိုပါက ထိုသင်္ဘောကြီးကို အပိုင်သိမ်းရပေလိမ့်မည်။
“ကောင်းပြီ”
ရင်က ပြောလိုက်၏။ “ဒါပေမဲ့ မင်းဆီမှာ ငွေကြေးရှိလို့လား”
“ရှိတာပေါ့။ သိပ်ရှိတာပေါ့”
ဘုန်း
ပြောပြောပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ရင်၏ရှေ့တွင် ပေါ်ပေါက်လာခဲ့တော့၏။ ပြီးသည့်နောက် သူသည် ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်တော့သည်။ “ခင်ဗျားက တကယ့်ကို သောက်တလွဲကောင်ပဲ”
ရင်သည် မျက်လုံးအပြူးသားဖြစ်သွား၏။ သူ၏ မျက်နှာတွင်ရှိသော အမူအရာသည် တဖြည်းဖြည်းနှင့် ပျက်ယွင်း သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ အနောက်ဘက်သို့ လွှင့်စင်သွားခဲ့ပြီးသည့်နောက် များပြားလှသည့် ဥက္ကာခဲများနှင့် တိုက်မိသွား၏။
ဝုန်း
ရင်သည် ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ လက်သီးချက်သည် ရုတ်တရက် ဆန်လွန်းလှသည်သာမက အားလည်း အတော်ပါဝင်သည်။ ထို့ကြောင့် ရင်၏ မျက်လုံးထဲတွင် ထိတ်လန့် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားခဲ့တော့သည်။
သူသည် ပထမတစ်ကြိမ်က ရှုံးနိမ့်ခဲ့၏။ ထိုအရာသည် တစ်ဖက်လူမှာ ထူးခြားသည့် သူရဲကောင်း စိတ်ဝိညာဉ်ကို ဆင့်ခေါ်ခဲ့သောကြောင့်သာ ဖြစ်၏။ တိုက်ခိုက်ရေး အားအင်အဆင့်သည် အလွန်တရာ အားနည်းလွန်းလှ၏။ သို့ပေမဲ့ မတွေ့ရသည့် လအနည်းငယ်အတွင်းမှာပဲ တစ်ဖက်လူသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အားအင်အဆင့်ကို ပိုင်ဆိုင်နေလေ၏။
ဝှစ် ……..။
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ရင်ဟူ၏ အရှေ့တွင် ထပ်မံကာ ပေါ်ပေါက်လာသည်။ သူသည် ညာဘက် လက်ကို ဝှေ့ယမ်းကာဖြင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အားအင်လှိုင်းများနှင့်အတူ ထပ်မံကာ ထိုးနှက်ပြန် သည်။
ဘုန်း
ရင်သည် ရှောင်ရှားရန် အချိန်ဟူ၍ မရှိတော့ချေ။ ထို့ကြောင့် မျက်နှာညာဘက်ခြမ်းကို တိုက်ရိုက်ပင် ထိုးခံ လိုက်ရတော့သည်။ အမြောက်ဆန်တစ်ခုကဲ့သို့ နောက်ဘက်သို့ လွှင့်စင်သွားပြီးသည့်နောက် ပျက်စီးလျက်ရှိသော ဂြိုဟ်ကြီးတစ်ခုထဲသို့ ပြုတ်ကျသွားခဲ့၏။
“မ …. မဖြစ်နိုင်ဘူး” သူသည် ကြီးမားလှသော တွင်းကြီးထဲမှ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးသည့်နောက် သူ၏ မျက်နှာတစ်ခုလုံးသည် ဖူးရောင်လျက် ရှိနေတော့၏။ သူသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့သော ကျွင်းချောင်ရှောင်းကို လှမ်းကြည့်ကာ မယုံကြည့်နိုင်သလို ပြောလိုက်တော့၏။ “ဒါ... ဒါ မဖြစ်နိုင်ဘူး”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီးသည့်နောက်မှာတော့ ပြောလိုက် တော့သည်။ “ခင်ဗျားက တကယ့်ကို အားနည်းတယ်”
ဟူး
ကောင်းကင်နှင့် မြေကြီးအတွင်းတွင် ရှိသော ဓာတ်သဘာဝများသည် စုဝေးလာပြီးသည့်နောက်မှာတော့ ကြီးမား သည့် လက်ကြီးတစ်ခုအဖြစ် ဖြစ်တည်လာခဲ့၏။ ထိုအရာသည် ရင်ဆီသို့ ကျဆင်းလာခဲ့၏။
ဘုန်း ဘုန်း ဘုန်း
မူလအားဖြင့် စုတ်ပြတ်လျက်ရှိနေသော ဂြိုဟ်ကြီးသည် ကျွင်းချောင်ရှောင်း၏ လက်ဝါးရိုက်ချက် အောက်တွင်တော့ အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။
ရင်သည် မြေဆီလွှာ၏ အတွင်းဘက်တွင် နစ်မြှုပ်လျက် ရှိနေတော့၏။ ပြီးသည့်နောက်မှာတော့ သူသည် မေ့မျောသွားခဲ့တော့၏။ ဒုတိယအကြိမ်မြောက် တိုက်ခိုက်သည့် အချိန်တွင် တကယ့်ကို တစ်ဖက်စောင်းနင်း ပွဲကြီးပင် ဖြစ်တော့၏။
လူချောအင်ပါယာ၏ အားအင်အဆင့်သည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။