← Chapters

အပိုင်း (၁၂၉၆)

Vol. 87 Ch. 1296

အပိုင်း (၁၂၉၆)

Vol. 87 Ch. 1296

ကျွင်းချောင်ရှောင်းသည် ထပ်မံကာ ထွက်သွားခဲ့၏။ သူသည် တစ်ယောက်တည်းပင် ဖြစ်သည်။ ထို့ကြောင့် တပည့်များသည် ထုံးစံအတိုင်း ဆက်လက်ကာ လေ့ကျင့်နေရသည်။ ၎င်းတို့အားလုံးသည် အဆင့်မြင့် ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ရန်အတွက် ဇွဲကောင်းကောင်းဖြင့် ကြိုးစားလျက် ရှိနေကြ၏။ ဂိုဏ်းချုပ်တစ်ယောက် အထက် နယ်မြေဆီသို့ သွားရောက်ရန် တာဝန်ကြီးတစ်ခုအား အားလုံးအတွက် ပခုံးပေါ် ထမ်းတင်ထားသည်ကိုသာ သိရှိမည်ဆိုပါက ကျိန်းသေပေါက် အခုထက်ပိုမို၍ ကြိုးစားကြမှာ သေချာ၏။

ထို့အပြင် အထက်နယ်မြေဆီသို့ မသွားချင်သည့်လူဟူ၍ မရှိချေ။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် အလကား မနေကြပေ။ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်း အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် သူတို့အားလုံးသည် အချိန်တိုင်းလိုလို လေ့ကျင့်လျက် ရှိနေ၏။ တခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် လုချင်းချင်းမှာတော့ သိုင်းနယ်မြေကျင့်ကြံသူအဆင့်ကို ချိုးဖြတ် ဝင်ရောက်ပြီးနောက်တည်ငြိမ်မှု ရရှိရန် ကြိုးစားလျက် ရှိနေ၏။

ထို့အပြင် သူမသည် အမျိုးသမီးတပည့်များအား စတင်ကာ သင်ကြားပြသမှုကို ပြုလုပ်နေသည်။ သို့ပေမဲ့ ကျင့်ကြံခြင်း နည်းလမ်းသည် ဆန်းပြားလွန်းသောကြောင့် တခြားသောသူများအတွက် အကူအညီကောင်း ကိုတော့ မဖြစ်စေခဲ့ပေ။

“စီနီယာအစ်မလု”

ရှရွှေယွင်က ပြောလိုက်သည်။ “ကျွန်မ ရေခဲဓာတ်သဘာဝနဲ့ပတ်သက်တဲ့ တချို့မေးခွန်းတွေကို မေးမြန်းလို့ ရနိုင်မလား”

သူမသည် စုရှောင်မိုကို ရှာဖွေရန်အတွက် ပြိုင်စံရှားဂိုဏ်းဆီသို့ ရံဖန်ရံခါဆိုသလို ရောက်ရှိ ခဲ့၏။ ထိုမှသာလျှင် ပြိုင်စံရှားဂိုဏ်းတွင်ရှိသော တပည့်များနှင့် ပိုမိုရင်းနှီးမည်ဟု တွက်ချက်ထားသေး၏။

“ရတာပေါ့” လုချင်းချင်းက ပြောလိုက်သည်။

“စီနီယာအစ်ကို”

အဝေးတစ်နေရာတွင် ဆောင့်ကြောင့်ထိုင်လျက်ရှိနေသော လီဖေးသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏။ “စီနီယာအစ်မကြီးက အခုတလောမှာ ပြောင်းလဲသွားတဲ့ပုံပဲ။ အထူးသဖြင့် သူမရဲ့ လေသံကို ကြည့်လိုက်။ အရင်ကထက်ပိုပြီးတော့ နူးညံ့လာတယ်”

စုရှောင်မိုက ပြောလိုက်သည်။ “ဟုတ်တယ်။ ဒါက နည်းနည်းတော့ ထူးဆန်းတယ်”

အဝေးဆီမှ လှမ်းလျှောက်လာခဲ့သော လီချင်းယန်သည် လှမ်းကာ ပြောလိုက်၏။ “စီနီယာအစ်မကြီးက ရေခဲဓာတ် သဘာဝကို လေ့ကျင့်တာလေ။ လူတွေကို အေးစက်တဲ့ ခံစားချက်မျိုးကို ပေးစွမ်းတယ်။ ဒါပေမဲ့ သူမက ငါတို့ကို ဂရုစိုက်ပါတယ်”

ဝှစ် ဝှစ်

ရုတ်တရက် အေးစက်သည့်လေများသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့၏။ အားလုံးခေါင်းလှည့်ကာ ကြည့်လိုက်သည့်အချိန်မှာပဲ လုချင်းချင်းသည် ၎င်းတို့ကို စူးစိုက်ကာ ကြည့်ရှုနေသည်ကို မြင်လိုက်ရသည်။ “ဘာလို့ သွားပြီး မကျင့်ကြံတာလဲ။ ဒီမှာ လာပြီး စကားများနေတယ် ဟုတ်လား”

ဝှစ် ဝှစ်

ချက်ချင်းပဲ စုရှောင်မို၊ လီဖေးတို့သည် အရိပ်ပင် မမြင်နိုင်အောင် ပျောက်ကွယ်သွားခဲ့၏။ လီချင်းယန်၏ နှုတ်ခမ်း များသည် တဆတ်ဆတ် တုန်ယင်သွား၏။ သူသည် စိတ်ထဲမှ ကြိတ်ကာ ပြောလိုက်မိ၏။ “အင်း.... သူမ ဂရုစိုက်တဲ့ ပုံစံက နည်းနည်းကြမ်းတာလေးတော့ ရှိတာပေါ့”

.............

ဘုန်း ဘုန်း

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ၏ အတွင်းမှာတော့ ရီရှင်းချန်သည် ချွေးတပေါက်ပေါက် ကျကာဖြင့် လက်သီး ချက်များကို ထုတ်ဖော်လျက် ရှိနေသည်။ သူသည် ရှေ့တွင် ရှိနေသော စိတ်ဝိညာဉ်သားရဲများ အားလုံးကို သတ်ဖြတ်လျက် ရှိနေ၏။ သူ၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်နေခဲ့သည်။ သူပိုင်ဆိုင်သည့် ပုလ္လင်ကြီးအား ဂိုဏ်းချုပ် ယူဆောင်သွားသည့်အတွက် ဂရုမစိုက်ခဲ့ချေ။ သူ ဂရုစိုက်သည်မှာ ဂိုဏ်းချုပ်ကဲ့သို့ ထိပ်ဆုံးအဆင့်ကို ရောက်ရှိပြီးသည့်နောက် အထက်နယ်မြေဆီသို့ တက်လှမ်း၍ လက်စားချေရန်ပင် ဖြစ်သည်။

အား အား …..။

ဘုန်း ဘုန်း ဘုန်း ……..။

ဒေါသတကြီး အော်ဟစ်သံများနှင့် ပေါက်ကွဲသံများသည် ကျယ်လောင်စွာ ထွက်ပေါ်လျက် ရှိနေတော့၏။ ပုံရိပ်ယောင် တည်နေရာထဲတွင် တည်ရှိနေသော စိတ်ဝိညာဉ်သားရဲများ အားလုံးသည် သတ်ဖြတ်ခြင်း ခံနေရ၏။

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူ၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများ သည် ထွန်းတောက်လျက် ရှိနေသည်။ ပို၍ အားကောင်းလာလေ၊ ပို၍ နက်ရှိုင်းသည့် အမုန်းတရားများ ဖြစ်တည် လာလေ ဖြစ်တော့၏။ လက်ရှိအခြေအနေမှာတော့ သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံး သိုင်းအင်ပါယာအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိချင်နေမိ၏။ ထိုမှသာလျှင် အထက်နယ်မြေဆီသို့ တက်လှမ်းပြီး ဧကရီလင်းရောင်အား သွားရောက်ရှာဖွေကာ သတ်ဖြတ်နိုင်မှာ ဖြစ်သည်။

“လာခဲ့ကြ”

စားသောက်ခန်းအတွင်းမှာတော့ ရီရှင်းချန်သည် အရက်မူးအိမ်မက်ဝိုင်အား စားပွဲပေါ်တွင် တင်ကာ အော်လိုက်၏။ “ဒီနေ့ အရက်သောက်ပြိုင်ကြမယ်”

အရက်ဂျိူးသည် သွားကိုဖြီးကာ ပြောလိုက်တော့၏။ “ကောင်းပြီ။ လုပ်လိုက်ကြတာပေါ့”

ဂလု ဂလု ဂလု

အရက်မူးအိမ်မက်ဝိုင်တစ်ဂျားကို သောက်သုံးပြီးသည့်နောက်မှာတော့ ရီရှင်းချန်၏ မျက်လုံးများသည် ဝေဝါးလာခဲ့ တော့၏။ သူ၏ မျက်လုံးထဲတွင်တော့ မေ့ဖျောက်၍ မရနိုင်ခဲ့သည့် မှတ်ဉာဏ်များသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။ သူသည် ဝမ်းနည်းမှုကို ဖြေဖျောက်နိုင်ရန်အတွက် အရက်ကို သောက်သုံးခြင်း ဖြစ်သော်လည်း ပိုမိုကာ ဝမ်းနည်းလာခဲ့တော့၏။

ယနေ့မှာတော့ အားညိုသည် အလွန်ပဲ သောက်ခဲ့တော့သည်။

ထို့အပြင် ယနေ့မှာတော့ အားညိုသည် အရက်ဂျိုးအား ရှုံးနိမ့်ခဲ့၏။

ယနေ့မှာတော့ အားညိုသည် လီချင်းယန်၏ ပခုံးပေါ်သို့ တင်ကာ အခန်းဆီသို့ ပြန်လည်ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။

အားညိုသည် ပါးစပ်မှ တတွတ်တွတ် ရွတ်ဆိုလျက် ရှိ၏။ “ကျုပ် လက်စားချေချင်တယ်။ ကျုပ် လက်စားချေချင်တယ်”

......

အထက်နယ်မြေ

ဆန်းကြယ်လှသည့် ဟောခန်းကြီးတစ်ခုအတွင်းမှာတော့ တိမ်များဖုံးလွှမ်းလျက် ရှိနေသည့် ဧကရီလင်းရောင်က ပြောလိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တစ်စုံတစ်ယောက်က သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ် ရောက်ရှိခဲ့တယ် ဟုတ်လား”

“ဟုတ်ပါတယ် သခင်”

ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းချုပ်လေ”

“ဪ” ဧကရီလင်းယောင်သည် ခေါင်းညိတ်လိုက်၏။

ခါးကုန်းကုန်းနှင့် အဘိုးအိုသည် သက်ပြင်းကိုချကာ ပြောလိုက်သည်။ “ဒီလူက အပြစ်ပေးခံရတုန်းက သိုင်းနယ်မြေ ကျင့်ကြံသူအဆင့်ပဲ ရှိသေးတာ။ အချိန်တိုအတွင်းမှာပဲ သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိ နိုင်တယ်ဆိုတော့ သူ့ရဲ့ တိုးတက်မှုနှုန်းက ကြောက်မက်ဖွယ်ရာ ကောင်းနေပြီ”

“ဒါကို နယ်မြေသခင် သိလား”

“မသိသေးပါဘူး”

“အင်း ကောင်းပြီ”

ခါးကုန်းကုန်းနှင့် အဘိုးအိုသည် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “နယ်မြေသခင်ဆီက ရထားတဲ့ သတင်း အရဆိုရင် သူက အထက်နယ်မြေမှာရှိတဲ့ သစ္စာဖောက်ကို ငရဲကြီးကိုးထပ်မှာ သွားပြီး ချုပ်နှောင်ထားဖို့ ဆုံးဖြတ်ထားခဲ့တယ်ဆိုတဲ့သတင်းပဲ။ ဒီလူက အရမ်းကို အန္တရာယ်များတယ်။ အောက်နယ်မြေတွေက သူ့ကို မဖိနှိပ်နိုင်ဘူးဆိုရင် ကြီးမားတဲ့ ဒုက္ခကို ခံစားရမှာ”

ဧကရီလင်းရောင်က ပြောလိုက်သည်။ “နယ်မြေသခင်က သေမျိုးလောကကြီးကို သိပ်ပြီးတော့ ထည့်တွက်တဲ့ ပုံစံ မရှိဘူး”

“ငရဲကြီးကိုးထပ်ကို နယ်မြေဟောခန်းက တည်ဆောက်ထားတာလေ။ အဲထဲမှာ အရမ်းအားကောင်းတဲ့ အစီအရင်တွေ ရှိတယ်လေ။ သစ္စာဖောက်ကို သေမျိုးလောကဆီကို စေလွှတ်လိုက်မယ်ဆိုရင် သူ့ရဲ့အဆင့်နဲ့ ကျင့်ကြံခြင်းကလည်း ဖိနှိပ်ခံလိုက်ရမှာပဲ။ ဒီတော့ ပြဿနာ မရှိနိုင်ဘူး။ ဟုတ်တယ်မလား” ခါးကုန်းကုန်းနှင့် အဘိုးအိုက မေးမြန်းလိုက်၏။

ဧကရီလင်းရောင်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “အမှတ်မထင် ကိစ္စတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်”

မဲမှောင်လျက်ရှိနေသည့် ဥမင်လမ်းကြောင်းထဲမှာတော့ အပေါ်ပိုင်း ဗလာကျင်းလျက်ရှိသည့် လူတစ်ယောက် သည် ဆံပင်များ ပွစာကျဲလျက်ရှိ၏။ သူက လှမ်းလျှောက်လာခဲ့၏။ သူ၏နောက်တွင်တော့ စွမ်းအားမြင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် လိုက်ပါလာကြသည်။

၎င်း၏ ကျောဘက်တွင် ထူးဆန်းလှသည့် ဆေးမင်ကြောင်များ ရေးထိုးထားခဲ့ပြီး ၎င်း၏ ကြွက်သားများသည် ဖုဖောင်းကာ တင်းမာလျက် ရှိသည်။ ၎င်းအား ကြည့်ရှုရသည်မှာ အလွန်ကြမ်းတမ်းလှသည့် သားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ပင်။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ဤလူတစ်စုသည် အစီအရင်တစ်ခု၏ ရှေ့ဆီသို့ရောက်ရှိလာတော့၏။ “မင်း ထွက်မသွားခင်မှာ တစ်စုံတစ်ခု ပြောချင်သေးလား” လိုက်ပါပို့ဆောင်သည့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ ခေါင်းဆောင်က မေးလိုက်သည်။

အစီအရင်၏ရှေ့တွင် ရပ်လျက်ရှိနေသည့် ဆေးမင်ကြောင်နှင့်လူသည် လက်ကို အသာမြှောက်ပြီးသည့်နောက် သူ၏ ရှုပ်ထွေးလျက်ရှိသည့် ဆံပင်များကို အသာစည်းလိုက်၏။ သူ၏ ဖြူလျော်လျက်ရှိနေသည့် မျက်နှာပေါ်တွင် ကြမ်းတမ်းလှသည့် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ “ကျုပ် ပြန်လာပြီဆိုရင် တရားရေးရာဟောခန်းကြီး ဖျက်ဆီး ခံရတဲ့နေ့ရောက်ပြီပဲ”

“ခေါင်းမာလိုက်တာ”

ခေါင်းဆောင်သည် အေးစက်စက် ပြောလိုက်သည်။ “ကိုယ့်ရဲ့လုပ်ရပ်အတိုင်း ကိုယ်ပြန်ခံရမှာပဲ။ ဒီတော့ ငရဲကြီးကိုးထပ်ကို သွားပြီးတော့ ကိုယ့်အပြစ်ကို ဆင်ခြင်တော့”

“ဟား ဟား ဟား ဟား”

ဆေးမင်ကြောင်နှင့်လူသည် ရှေ့ဆီသို့ အသာတိုးလှမ်းသွား၏။ ပြီးသည့်နောက်မှာတော့ သူသည် တည်နေရာ ရွေ့ပြောင်းခြင်းကို ခံလိုက်ရလေသည်။ သူ၏ ရယ်သံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပျံ့လွင့်ကာ ကျန်ရစ်ခဲ့တော့၏။

“ခေါင်းဆောင်”

နောက်လိုက်များထဲမှ တစ်ယောက်သည် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ “ဒီသစ္စာဖောက်က အရမ်းကို အန္တရာယ်များတယ်။ ဘာလို့များ သူ့ကို တစ်ခါတည်း မသတ်ခဲ့ရတာလဲ။ ဘာလို့ အလုပ်ရှုပ်ခံပြီးတော့ သေမျိုးလောကထဲ သွားချုပ်နှောင်ထားခဲ့တာလဲ”

ခေါင်းဆောင်က ပြောလိုက်၏။ “ဒီလူက ပြန်လည်မွေးဖွားနိုင်စေတဲ့ စိတ်ဝိညာဉ်မျိုးကို ပိုင်ဆိုင်တယ်လေ။ ဒီတော့ သူ သေတိုင်းသေတိုင်းမှာ ပြန်လည်မွေးဖွားလာတယ်။ ပိုပြီးတော့လည်း အားကောင်းလာတယ်။ ဒီတော့ သေမျိုး လောကဆီကို စေလွှတ်ပြီးတော့ ချုပ်နှောင်ထားခြင်းက သူ့အတွက် အကောင်းဆုံးသော နည်းလမ်းပဲ”

“ကျွန်တော် နားလည်ပါပြီ”

နောက်လိုက်သည် နားလည်သွားမိ၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ “စကြဝဠာထဲမှာ ဒီလိုမျိုး ထပ်တလဲလဲ မွေးဖွားနိုင်တဲ့လူဆိုတာ တကယ့်ကို ကြောက်ဖို့ ကောင်းတဲ့လူပဲ။ ဆိုးတာက သစ္စာဖောက် ဖြစ်နေတာပဲ”

………

ဝှစ်

သေမျိုးလောက၏ တည်နေရာဂိတ်တံခါးသည် ရုတ်တရက် ပွင့်လှစ်သွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ အလင်းတန်းတစ်ခုသည် လေဟာနယ်အတွင်းဘက်မှ ဖြစ်တည်လာပြီးသည့်နောက် ကြယ်ကောင်းကင် ခံတပ်ဆီသို့ ရောက်ရှိလာသည်။

“သူလာပြီပဲ”

ရှုပ်ထွေးလှသည့် အစီအရင်ကြီး၏ ရှေ့တွင် ရပ်တန့်လျက်ရှိနေသည့် ခံတပ်၏သခင်သည် ပုံမှန်ထက် ပိုကာ လေးနက်လျက်ရှိနေသော အမူအရာဖြင့် ရပ်လျက် ရှိနေသည်။ နယ်မြေဟောခန်းဆီမှ သတင်းအချက် အလက်ကို ရရှိပြီးပြီဖြစ်၏။ လက်ရှိ ချုပ်နှောင်ရမည့် ရာဇဝတ်သားသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သေသေချာချာ ချုပ်နှောင်ထားရန်နှင့် လွတ်မြောက်မသွားစေရန် နယ်မြေဟောခန်းသည် သူ့အား အထပ်ထပ် မှာကြားထားသည်။

“အင်း”

ဤနေရာတွင်ရှိသော အဓိကပြဿနာကောင်များ လွတ်မြောက်သွားသည်ကိုသာ အထက်နယ်မြေသည် သိသည်ဆိုပါက သူ့အား အပြစ်ပေးပေလိမ့်မည်။

“မဖြစ်သေးဘူး၊ မဖြစ်သေးဘူး။ ဒီကိစ္စကို နယ်မြေဟောခန်း သိစေလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါ့ရဲ့ရာထူးက ပျောက်ကွယ်သွားတာ ကိစ္စမရှိဘူးဆိုပေမဲ့ ငါ့ရဲ့အသက် ဆုံးရှုံးသွားတာက ကိစ္စကြီး ဖြစ်လိမ့်မယ်”

ခဏလောက် စဉ်းစားနေတုန်းမှာပဲ ရှုပ်ထွေးလျက် ရှိနေသည့် ဆံပင်များနှင့် ဆေးမင်ကြောင်လူသည် အစီအရင်ထဲမှ လျှောက်ထွက်လာခဲ့၏။ ထိုသူသည် အနားပတ်ဝန်းကျင်ကို လှည့်ကြည့်ကာ ပြောလိုက်၏။ “ဒါ ကျုပ်ကို ချုပ်နှောင်ထားမယ့် ငရဲကြီးကိုးထပ်ဆိုတာလား”

ဝှစ်

ခံတပ်သခင်သည် လက်ကို အသာမြှောက်လိုက်၏။ ပြီးသည့်နောက်မှာတော့ ချိန်းကြိုးများကို အသာဆွဲယူကာဖြင့် ၎င်းအား ချုပ်နှောင်တော့သည်။ အထက်နယ်မြေဆီမှ စေလွှတ်လိုက်သည့် အကျဉ်းသားသည် ငရဲကြီးကိုးထပ်၏ နဝမမြောက်အလွှာတွင် ချုပ်နှောင်ထားသည်ဆိုသည်မှာ အံ့အားသင့်စရာတော့ မဟုတ်တော့ချေ။ ၎င်းသည် အန္တရာယ်ပေးနိုင်မှု အဆင့်တစ်အဖြစ် တည်ရှိလို့နေသည်။

“ဟေး ဟေး... ကျုပ်ကို ဒီထက် ငြင်ငြင်သာသာ လုပ်လို့ရမလား။ မင်းတို့ သေမျိုးအမှိုက်တွေ... ငါသာ ဖမ်းဆီးခံ ထားရတာ မဟုတ်ရင် လက်ချောင်းတစ်ချောင်းတည်းနဲ့ မင်းတို့ကို ဖိပြီးသတ်လို့ရတယ်”

“ခင်ဗျား ပါးစပ်ပိတ်ထားလို့ ရမလား”

ကျွီ

ဆေးမင်ကြောင်နှင့်လူသည် မရပ်မနား စကားပြောဆိုလျက်ရှိနေတုန်းမှာပဲ နဝမမြောက် အကျဉ်းခန်းသည် ပိတ်သွားပြီ ဖြစ်၏။ မဲမှောင်လျက်ရှိနေသည့် ပတ်ဝန်းကျင် တည်နေရာထဲတွင် သူတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ သူသည် အမှတ်မထင် ထိုင်ချလိုက်ပြီးနောက် ပြောလိုက်သည်။

“မဖြစ်သေးဘူး။ ငါ့ကိုငါ သတ်သေဖို့ နည်းလမ်းကို စဉ်းစားရမယ်။ ဘဝတစ်ခုလုံးကို ဒီအကျဉ်းထောင်ထဲမှာ မြှုပ်နှံထားလို့ မဖြစ်ဘူး”

ဘန်း ဘန်း ဘန်း

သူသည် ဘေးနားတွင်ရှိနေသော ကျောက်တုံးတစ်တုံးကို ကောက်ယူကာဖြင့် သူ၏ခေါင်းကို အချက်ပေါင်းများစွာ ထုနှက်လိုက်၏။ မျက်နှာတစ်ခုလုံးတွင် သွေးများချင်းချင်းရဲသွားတော့သည်။ ကျောက်အမှုန်အမွှားများသည် ပင်လျှင် တည်နေရာအနှံ့ကို ပျံ့နှံ့ကုန်သည်။ ပြီးသည့်နောက်မှာတော့ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “ငါ သေဖို့ ဒီလောက်ခက်တာလား”

..................

“အခု”

စကြဝဠာ ကောင်းကင်ယံထဲမှာတော့ ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဘာဖြစ်မလဲ”

သူသည် စကြဝဠာထဲတွင် ထူးဆန်းသည့်အလင်းတန်းကြီးတစ်ခု အောက်သို့ ဆင်းသက်သွားကြောင်း မြင်လိုက်ရ၏။ ထိုအလင်းတန်းကြီးသည် ကြယ်ကောင်းကင်ခံတပ်ဆီသို့ ဦးတည်သွားသည်ဖြစ်ကြောင်း ကိုလည်း သေသေချာချာ မြင်ခဲ့ရသည်ဖြစ်၏။

ဝေါ့

အောက်ဘက်ဆီမှ သွေးအန်သည့်အသံ ထွက်ပေါ်လာခဲ့၏။ မြင်ကွင်းကို သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် ကင်းသမားတစ်ယောက်၏ ရွက်သင်္ဘောပေါ်သို့ ရောက်ရှိနေသည်သာမက သူ၏ ခြေထောက်အောက်တွင်တော့ ခပ်ဝဝနှင့်လူတစ်ယောက် တည်ရှိလို့နေသည်။ ထိုလူသည် ကင်းသမား ဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်လည်းဖြစ်၏။ ထိုသူက နာကျင်မှုကို အောင့်အည်းသည်းခံကာဖြင့် အားပြတ်စွာဖြင့် ပြောလိုက်မိသည်။ “မင်း … မင်းက ရင် မဟုတ်ဘူး။ ဘယ်သူလဲ”

“ကျုပ်လေ... လူချော ကျွင်းချောင်ရှောင်းပဲ”

All Chapters