အချိန်ရပ်သွားခြင်း
Vol. 92 Ch. 1281
ရှီမာယူယူသည် ထိုရင်းနှီးသော စွမ်းအားကြောင့် ပျော်ရွှင်သွားသည်။
“အာ ဟား ငါ ပြန်ပြီးလွတ်လပ်သွားပြီ”
ထိပ်တန်းခရမ်းရောင် လျှပ်စီး၏အသံမှာ ဂုဏ်ယူစွာထွက်လာရာ ရှီမာယူယူသည်လည်း ပျော်နေမိသည်။
ထိုစွမ်းအားနှင့်ဆိုလျှင် သူမ အသက်ရှင်နိုင်သည်။
သူမ ဆေးတစ်လုံးစားလိုက်ကာ ထိုဆေးသည် သူမခန္ဓာကိုယ်ကို ပို ကောင်းလာစေရန် မျှော်လင့်မိသည်။
သူမ၏ဝိညာဉ်စွမ်းအား သည်တစ်ကြိမ်တွင် ပြန်ကောင်းလိမ့်မည်ဟု သူမ ထင်မှတ်မထားပေ။ မဟုတ်လျှင် ကောင်းကင်ဘုံဘေးသင့်မှုကိုခံရပြီးမှ ပြန် ကောင်းလာမည်ဟု ကောင်းကင်ဒွန့်မှ အစီအစဉ်ဆွဲထားခြင်းလည်းဖြစ်နိုင် သည်။
သို့မဟုတ်လျှင် သည်တစ်ခေါက်တွင် သူမသည် ထိုလူများကို ကယ်တင် လိုသောကြောင့် မိုးကြိုးအပစ်ခံရသည်ကို ကောင်းကင်ဒွန့်သိသွားခြင်းကြောင့် အပြစ်ပေးခြင်းကိုရပ်လိုက်ခြင်းဖြစ်မည်။
သို့သော် သူမ ဝိညာဉ်စွမ်းအင်ပြန်ကောင်းလာသဖြင့် ထိုအရာများကို သူမ စိတ်ပူစရာမလိုတော့ပေ။
သူမ ဆေးစားပြီးနောက်တွင် မည်သည့်စွမ်းအင်မှမရှိတော့သဖြင့် ကြမ်း ပေါ်တွင် လှဲလျောင်းပြီး သူမအထက်မှ မည်းနက်နေသော ဘေးသင့်မှုတိမ် တိုက်ကို ကြည့်ပြီး မည်သည့်အချိန်ပြီးမလဲဆိုသည်ကို သိချင်မိသည်။
ထိပ်တန်းခရမ်းရောင် လျှပ်စီးသည် သူမခန္ဓာကိုယ်ပေါ်သို့ တွားသွားကာ သူမ၏ နဖူးပေါ်သို့တက်လာပြီး ကောင်းကင်ပေါ်ရှိ ဘေးသင့်မှုတိမ်တိုက်ကို အစားကြူးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ရွှီး…”
မိုးကြိုးဘေးသင့်မှု ကျလာသည်။ သည်တစ်ကြိမ်တွင် အများစုမှာ ထိပ်တန်းခရမ်းရောင် လျှပ်စီးမှ စုပ်ယူလိုက်ပြီး သူမ ခန္ဓာကိုယ်အတွင်းသို့ အနည်းငယ်သာ ထိမှန်လေသည်။
“ရွှီး…”
အနည်းငယ်ဆိုလျှင်တောင် သူမ၏ လက်ရှိခန္ဓာကိုယ်သည် မခံနိုင်ပေ။ နာကျင်လွန်းသဖြင့် သူမ မေ့လဲမတတ်ပင်။
သည်တစ်ကြိမ်တွင် ကောင်းကင်သည် လွန့်လူးသွားပြီး အက်ကွဲပွင့်လာ ကာ လူသားပုံရိပ်တစ်ခု ထွက်လာသည်။ အားလုံးသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်ကုန်ကြသည်။
“အဲဒါဘယ်သူလဲ၊ သူက တကယ်ပဲ မိုးကြိုးဘေးသင့်မှု ဧရိယာကို ဝင်သွား နိုင်တာလား” လူတစ်ယောက်အော်လိုက်သည်။
မိုးကြိုးဘေးသင့်မှုစ,ပစ်သည်နှင့် မိုးကြိုးဘေးသင့်မှုဧရိယာအတွင်းသို့ လူများ မလာနိုင်စေရန် သီးခြားခွဲထားခဲ့သည်။
သို့သော် ထိုလူသည် ထိုနေရာ၏ကောင်းကင်ကို ခွဲကာ ရှီမာယူယူဆီသို့ တိုက်ရိုက်သွားခဲ့သည်။
ဒါက အရမ်းကို အံ့မခန်းပဲ။
“အဲဒါ မြင့်မြတ်သောသားတော်ပဲ” ပညာရှိစံအိမ်တော် အဖွဲ့ဝင်များသည် ပျော်ရွှင်စွာ ပြောလေသည်။
ထန်ယွင်သည် ထိုလူပေါ်လာသည်နှင့် ချက်ချင်းပင် မှတ်မိသည်။ သူ့ နှုတ်ခမ်းမှာ အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကွေးတက်သွားသည်။ “လင်းယူ အာ.. သူ့ကို မတွေ့တာတောင်ကြာပြီပဲ…”
ရှီမာယူယူသည် အပေါ်မှဆင်းလာပြီး သူမဘေးသို့လာသော ဝူလင်းယူကို ငေးငိုင်စွာကြည့်မိသည်။
“ငါ ထင်ယောင်ထင်မှားဖြစ်နေတာလား” သူမသည် အားလျော့စွာပြော လိုက်သည် “ညီမ အစ်ကို့ကို အဲလောက်လွမ်းနေတာလား”
ဝူလင်းယူသည် အစပိုင်း သူ့မျက်လုံးထဲတွင် ဒေါသအရိပ်ရှိနေရာမှ သူမ ပြောသည့်စကား ကိုကြားပြီးနောက် မတတ်သာဘဲ နူးညံ့သွားရသည်။
သူသည် သူမဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ မိုးကြိုးအပစ်ခံ ရပြီးနောက် သူမခန္ဓာကိုယ် ဆိုးဝါးစွာ ထိခိုက်ထားသည်ကို မြင်ပြီးနောက် နာကျင်စွာ ပြောလိုက်သည် “ဘာလို့များ အမြဲတမ်း ဒီလိုဖြစ်နေရတာလဲကွာ”
စစ်မှန်သောထိတွေ့မှု၊ ရင်းနှီးသောနွေးထွေးမှုတို့နှင့်အတူ သူမသည် မျက်လုံးများကို ပုတ်ခတ်လိုက်ရင်း ပျော်ရွှင်မှုများ ဖြာထွက်လာသည်။ သူမ ပြုံးပြီး ပြောလိုက်သည် “တကယ်ပဲ အစ်ကိုပဲ”
သူမ မျက်နှာတွင် မျက်အိမ်သာ အဆင်ပြေသည့် တစ်ခုတည်းသော နေရာဖြစ်ကာ တခြားနေရာများသည် မိုးကြိုးအပစ်ခံထားရသဖြင့် မှတ်မိဖို့ပင် မလွယ်ပေ။
သူမပုံစံမှာ ကြောက်စရာကောင်းနေသော်လည်း သူ လုံးဝ အထင်မသေး မိပေ။ သူသည် သူမ၏ လောင်ကျွမ်းထားသာမျက်နှာကို တယုတယပွေ့ပြီး ပြောလိုက်သည် “အင်း ကိုယ်ပါ ကိုယ်ပြန်လာပြီ”
‘ကိုယ်ပြန်လာပြီ’ ထိုစကားသည် သူမ မျက်ရည်များကို ချက်ချင်းပင် ကျဆင်းလာစေသည်။ သူမ မိုးကြိုးအပစ်ခံရပြီး ဒဏ်ရာဒဏ်ချက်များပြည့်နေ စဉ်မှာပင် မငိုခဲ့ပေ။ သူမ သူ့ကိုမည်မျှ လွမ်းနေကြောင်းကို ဘုရားသခင်သာသိ မည်။ သူ့အကြောင်း သတင်းမကြားရသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။ သူမသည် သူ့အသံကိုမကြားနိုင် သူ့ကိုမထိတွေ့နိုင်ဖြစ်ရသည်။ နောက်ဆုံးတွင် သူ ပြန်လာပြီဟု သူမကိုပြောလာသည်။
ဝူလင်းယူသည် ဗလာကျင်းနေသော နေရာအား တစ်ခဏအကဲခတ်နေခဲ့ သည်။ သူမ မိုးကြိုးအပစ်ခံရချိန်တွင် အံကြိတ်ပြီးတောင့်ခံနေသော သူမကို မြင် တွေ့ခဲ့သည်။ သူမသည် ထိုနာကျင်မှုခံစားရချိန်ပင် စောဒကတက်ခြင်း ငိုခြင်း မပြုခဲ့သည်ကို သူ မြင်ခဲ့သည်။ သူ စကားတစ်ခွန်းပြောလိုက်သည်နှင့် သူမ မျက်လုံးများ နီရဲသွားလိမ့်မည်ဟု ထင်မထားပေ။
အစပိုင်းတွင် သူမ မိုးကြိုးဘေးသင့်မှုတွင် ပါဝင်သည်ကို မြင်သောအခါ လူများနေသည်ကို ကြည့်ပြီး ထွက်လာရန် မရည်ရွယ်ထားပေ။ သူမ ထိုသို့ ဆိုးဝါးသောအခြေအနေကို မြင်ပြီးမှ စိတ်မကောင်းဖြစ်သောကြောင့် ထွက်လာ ခြင်းဖြစ်သည်။
“မငိုနဲ့လေ မင်းငိုရင် ကိုယ့်ရင်တွေနာတယ်” ဝူလင်းယူသည် သူမ မျက်လုံးမှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ မျက်ရည်မှာ ဆားဓာတ်ပါ သဖြင့် မျက်ရည်များ မျက်နှာပေါ်ကျသောအခါ ပို၍နာကျင်လေသည်။
“ဘာလို့ အခုမှပြန်လာတာလဲ” ရှီမာယူယူသည် ရုတ်တရက် အပြစ်တင် လေသည်။
“အခြေအနေတွေ တည်ငြိမ်သွားတာနဲ့ ကိုယ်ချက်ချင်းပြန်လာတာပဲ မင်း ဒီလိုအခြေအနေဖြစ်နေတယ်ဆိုတာကို စောစောကသာသိရင် စောစောပြန်လာ ပါတယ်” ဝူလင်းယူသည် သူမ အပြစ်တင်မှုကိုကြားပြီးနောက် အလျင်အမြန်ပင် ရှင်းပြလေသည်။
ရှီမာယူယူသည် သူ၏ ရှင်းပြချက်ကို နားမထောင်ချင်သဖြင့် ပြောလိုက် သည် “ညီမဒီလိုဖြစ်အောင် မိုးကြိုးအပစ်ခံနေရတာကို အခုပြန်လာတော့ ညီမ ရဲ့ရုပ်ဆိုးတဲ့ပုံကြီးကို မြင်သွားပြီမဟုတ်ဘူးလား”
ဝူလင်းယူသည် မှင်တက်သွားသည်။ သူမ ထိုအကြောင်းကို ပြောနေခြင်း ဖြစ်သည်။ သူမ မျက်လုံးမှ ရှက်ရွံ့မှုကိုမြင်သောအခါ သူ ဆွဲဆောင်မှုရှိသည့် အပြုံးပြုံးကာ ပြောလိုက်သည် “မင်း ဘယ်လိုပုံပဲဖြစ်ဖြစ် ကိုယ့်မျက်လုံးထဲမှာ လှပါတယ်”
သူပြောပြီးနောက် သူမနှုတ်ခမ်းကို အနမ်းတစ်ပွင့်ပင် ပေးလိုက်သေး သည်။
သူ၏ အနမ်းကြောင့် ရှီမာယူယူ၏ နှလုံးသားများအရည်ပျော်သွားရ သည်။ သူ့မျက်လုံးမှ နူးညံ့မှုကိုမြင်ပြီးနောက် သူမ နှုတ်ခမ်းသည် ပျော်ရွှင်သော အပြုံးအဖြစ် ကွေးတက်သွားသည်။
“ကျွတ်”
သူမ နှုတ်ခမ်းလှုပ်ရှားမှုသည် မျက်နှာကိုသက်ရောက်သဖြင့် နာကျင်စွာ အသက်ရှုမိသည်။
“မလှုပ်နဲ့ ကိုယ် မင်းကိုကုပေးမယ်” ဝူလင်းယူ ပြောလိုက်သည်။
“မလုပ်ပါနဲ့” ရှီမာယူယူ သူ့ကိုတားလိုက်သည်။ “ဘေးသင့်မှုက ဆက်ဖြစ် နေတုန်းပဲ၊ အစ်ကိုအရင်သွားနှင့်လိုက် အလောတကြီးဝင်လာလို့ သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်၊ မိုးကြိုးဘေးသင့်မှုမလာခင်ကို အမြန်သွားလိုက်တော့”
“ရတယ်” ဝူလင်းယူသည် ဂရုမစိုက်ဘဲ ပြောလေသည်။
သူသည် သူမလက်ကိုကိုင်ပြီး သူ၏ဝိညာဉ်စွမ်းအားတချို့ပေးရန် ပြင်ဆင် လေသည်။ သူတို့ခေါင်းပေါ်မှ မိုးကြိုးဘေးသင့်မှုသည် မီတာဝက်လောက်သာ လိုတော့သည်။
“လင်းယူ”
ရှီမာယူယူသည် ထိတ်လန့်စွာဖြင့် အော်လိုက်ရာ အပြင်မှလူများ လန့်သွားကြလေသည်။
ကြည့်ရသည်မှာ ကောင်းကင်ဘုံဘေးသင့်မှုသည် မဆင်မခြင်ဝင်လာ သော လူကိုမကျေနပ်သဖြင့် ပုံမှန်မိုးကြိုးထက် ပိုထူသော မိုးကြိုးသွားကိုပစ် လိုက်သည်မှာ များစွာအားကောင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဝူလင်းယူသည် ရှီမာယူယူ၏ မျက်လုံးထဲမှ စိုးရိမ်မှုကိုမြင်လိုက်ရသည်။ သူပြုံးပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ မိုးကြိုးလျှပ်စီးသည် လေထဲတွင် ရပ်တန့်သွားလေသည်။
မိုးကြိုးဘေးသင့်မှုတင်မဟုတ်ဘဲ ဘေးသင့်မှုတိမ်တိုက်ဧရိယာ မိုးကြိုး သွားများ တစ္ဆေမျိုးနွယ်များအားလုံး ရပ်တန့်ကုန်ကြသည်။
“ဒါက”
လူတစ်စုသည် မှင်တက်ကုန်ကြသည်။ ငြိမ်သက်ပြီး ပုံမှန်အတိုင်းသာ နေတတ်သော ထန်ယွင်သည် ခုံမှထပြီး ရပ်တန့်နေသောမြင်ကွင်းကို မယုံကြည်စွာ ကြည့်လေသည်။
“ဒါက ဒါက… အချိန်ရပ်တန့်တာလား”
သူသည် ဝူလင်းယူအားကြည့်ပြီး ထိုမြင်ကွင်းကို မယုံနိုင်ဖြစ်နေသည်။
“အချိန်.. ရပ်တန့်တာလား”
အနားမှလူများသည် ထိုအရာကိုမသိကြသော်လည်း သူပြောသည့်စကား ကိုကြားလိုက်သောအခါ နားလည်သွားကြသည်။
လေဟာပြင်ပိတ်ခြင်း၊ အချိန်ရပ်တန့်ခြင်း၊ နှစ်ခုလုံးသည် ပတ်ဝန်းကျင်ကို ထိန်းချုပ်သည့်အရာဖြစ်ကာ လူအများစုသည် လေဟာပြင်ပိတ်ခြင်းကို သိကြ သော်လည်း အချိန်ရပ်တန့်ခြင်းကိုတော့ ဝူလင်းယူလုပ်သည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။
အပြင်မှလူများသည် အချိန်ရပ်တန့်ခြင်းနှင့် မရင်းနှီးသောကြောင့် ကြောင်အမ်းအမ်းဖြစ်သွားကြသည်။
“လင်းယူ ဒါက….” ရှီမာယူယူသည် သူ့ကို စိုက်ကြည့်လိုက်သည်။
“ဟာ… ဘာမှမမေးနဲ့တော့ ကိုယ်တို့အချိန်မရှိဘူး မင်းကိုအရင် ကုပေး မယ်”
ဝူလင်းယူသည် သူမကို နူးညံ့စွာပြုံးပြပြီး ဘယ်ဘက်လက်ဖြင့် သူမပခုံး ကိုဖက်ကာ ညာဘက်လက်သည် သူမနဖူးကိုတင်လိုက်ရာ နွေးထွေးသော ခံစားမှုတစ်ခုသည် သူမခေါင်းမှ ခြေလက်များအရိုးများဆီသို့ စီးဝင်သွားရာ သူမ ခန္ဓာကိုယ်မှ နာကျင်မှုများစွာ သက်သာသွားရလေသည်။
နှစ်မိနစ်အကြာတွင် သူ လက်ကိုဖယ်လိုက်ပြီး သူမကို ကြမ်းပြင်ပေါ်သို့ တင်ပြီး ပြောလိုက်သည် “ဒါက ကိုယ်အလုပ်နိုင်ဆုံးဟာပဲ ဒါပေမဲ့ မင်း ဘေးသင့် မှုကို ကျော်ဖြတ်ဖို့မလုံလောက်သေးဘူး ကိုယ်မင်းကိုအပြင်မှာစောင့်နေမယ်”
သူပြောပြီးနောက်တွင် သူမဘေးမှပျောက်သွားပြီး ဘေးသင့်မှုတိမ်တိုက် အပြင်ဘက်တွင်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လေထဲမှ မိုးကြိုး ဘေးသင့်မှုသည် အဆက်မပြတ်ပစ်ခတ်လေသည်။
***