← Chapters

ရွှေမြွေလေးက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလိုက်တယ်

Vol. 92 Ch. 1283

ရွှေမြွေလေးက ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလိုက်တယ်

Vol. 92 Ch. 1283

အားလုံးထွက်သွားပြီးနောက်တွင် ဝူလင်းယူနှင့် သူမသာ နှစ်ယောက် တည်း အိမ်ထဲတွင်ကျန်ခဲ့လေသည်။

ရှီမာယူယူသည် သူ၏ ပင်ပန်းနေသောမျက်နှာကိုမြင်ပြီးနောက် ပြော လိုက်သည် “အစ်ကိုလည်း သွားနားတော့လေ ညီမကိုယ့်ဘာသာ ကိုင်တွယ်နိုင် ပါတယ်”

“ကိုယ် ခုနက မင်းရဲ့ရုပ်အဆိုးဆုံးကို မြင်ပြီးသွားပြီ၊ အခုတော့ ပိုကောင်း လာပါပြီ၊ အဲတော့ ရှက်စရာမလိုဘူး” ဝူလင်းယူ ပြောလေသည်။

သူမ အတွေးများကိုမြင်နိုင်သဖြင့် ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည် “သွားလို့ပြောတုန်းကို သွားနားနော်”

“ကိုယ်မင်းနဲ့ဒီမှာနေမယ်” ဝူလင်းယူသည် ထွက်မသွားချင်သဖြင့် ခုတင် အစွန်တွင်ထိုင်လိုက်သည် “မင်းနားစေချင်ရင် ကိုယ်ဒီမှာပဲနားမယ်”

“ညီမကို ဒီလိုမြင်ရတာ ရင်မခုန်ဘူးလား”

“အစတုန်းက မင်းကိုကြည့်ဖို့ကခက်တယ် ဒါပေမဲ့ နောက်ပိုင်းကျ ကြည့်ရ တာပိုခက်လာပြီ” ဝူလင်းယူသည် စနောက်ပြီးပြောလေသည်။

ရှီမာယူယူသည် သူ့ကိုမျက်စောင်းထိုးလိုက်သည်။ သို့သော် သူမ ကိုယ်တိုင်ကလှုပ်မရသဖြင့် မျက်လုံးဖြင့်သာ ကြည့်နိုင်လေသည်။

သူသည် အစောပိုင်းက စိတ်ထဲမရှိဟုပြောခဲ့သည်။ အခု သူမကို ကြည့်ရ ခက်သည်ဟု ပြောပြန်သည်။  ယောက်ျားတွေရဲ့ စကားတွေက တကယ်ပဲ မယုံ ရဘူးပဲ။

ဝူလင်းယူသည် သူမဘေးတွင် လှဲလိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ဝက် မှာပြန်ကောင်းလာသည်ကိုကြည့်ပြီး လက်ကိုဆန့်တန်းကာ သူမ မျက်နှာကို တယုတယပွတ်သပ်ပြီး ပြောလိုက်သည် “ကောင်းပြီ မင်းခန္ဓာကိုယ်က သက်သာနေတုန်းပဲရှိသေးတယ်၊ ဒေါသထွက်ရင် အရေတွေတွန့်သွားလိမ့်မယ်”

“ဟင်း… ညီမ အရေတွန့်သွားရင် အစ်ကို့ကိုပေးမကြည့်ဘူး” ရှီမာယူယူ မျက်နှာရှည်သွားသည်။

“ခန္ဓာကိုယ်ကုနေတုန်းကို မျက်နှာကြီးပုပ်နေရင် နောက်တစ်ခါ မင်း မျက်နှာကြီးရှည်ထွက်လာလိမ့်မယ်၊ ကြည့်မကောင်းဘူး လာ ကိုယ့်ကိုပြုံးပြ” ဝူလင်းယူသည် လက်ချောင်းဖြင့် သူမ မျက်နှာကို အနည်းငယ်ပွတ်သပ်ပြီး ကြောင်တစ်ကောင်ကို စနောက်သကဲ့သို့ စနောက်လေသည်။

“ညီမပြုံးလိုက်ရင် အရေတွန့်သွားလိမ့်မယ်”

“မစိုးရိမ်နဲ့ ကိုယ့်မှာ အရေတွန့်တာကို ပျောက်စေတဲ့ဆေးရှိတယ်”

“… ဖယ်ပါ”

နှစ်ယောက်လုံးသည် စကားပြောရင်း ရန်ဖြစ်ကြလေသည်။ သိပ် မကြာခင်တွင် နှစ်ယောက်လုံး အိပ်ပျော်သွားလေသည်။

ရှီမာယူယူ၏ ခန္ဓာကိုယ်သည် အလိုအလျောက်သက်သာလာပြီး ဝူလင်းယူသည် ဘေးတိုက်လှဲလျောင်းပြီး နားနေသည်။

အစောပိုင်းက အချိန်ရပ်တန့်သည့်အချိန်က သူ၏ စွမ်းအင်များစွာသုံး လိုက်ရသည်။ ပြီးနောက် သူမကို ဝိညာဉ်စွမ်းအင် ပြောင်းထည့်ပေးရသည်။ သူတို့ပြန်ရောက်သည့်အခါတွင်လည်း သူမကို ကယ်ရသေးသည်။ သူသည် အင်အားကြီးသော်လည်း ပင်ပန်းမှုကိုခံစားရသည်။

ထိုအချိန်အတွင်းတွင် သူမ အိမ်ကိုမည်သူမှ ရောက်မလာပေ။ ဝူလင်းယူ အထဲတွင်ရှိသည်ကို သိသည်နှင့် မည်သူမှ ဘာမှမပြောကြပေ။ ပထမအချက် အနေနှင့် သူမ၏ လက်ရှိအခြေအနေကြောင့် ဝူလင်းယူသည် သူမကို ဘာမှ မလုပ်နိုင်ပေ။ ဒုတိယအချက်အရ အစောပိုင်းက သူ၏အပြုအမူသည် သူမကို မည်သို့တွေးကြောင်းကို အားလုံးကိုရှင်းလင်းစွာ ပြသပြီးဖြစ်လေသည်။ သူ့ ကြောင့်သာမဟုတ်လျှင် ယူယူသည် ဒီနေ့အထိ တောင့်ခံနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် သူ့ကိုကျေးဇူးတင်မိကြသည်။ သူမကဲ့သို့ ထူးချွန် သောလူဘေးတွင် သူတစ်ယောက်တည်းသာ ထိုက်တန်သည်ဟုလည်း တွေး ကြသည်။

အချိန်ရပ်တန့်ခြင်း… တိုင်းပြည်တစ်ခုလုံးတွင် ထိုအရာကို နားလည် သည့်သူမရှိပေ။ သူသာ တစ်ဦးတည်းသောလုပ်နိုင်သူဖြစ်သည်။ သူ၏ အရည်အချင်းနှင့်ဆိုလျှင် တခြားအရာကိုပြောရန်မလိုပေ။

ဝူလင်းယူသည် ကြာကြာမအိပ်လိုက်ပေ။ သူ အမြန်ပင်နိုးလာပြီး နှစ်ခြိုက်စွာအိပ်မောကျနေသော သူမကို အချစ်များပြည့်လျှံနေသော မျက်လုံး များဖြင့် ကြည့်နေခဲ့သည်။

အရင်ကဆိုလျှင် သူသည် တစ်စုံတစ်ယောက်ကို ချစ်သည်ဆိုသည့် ခံစားချက်ကို မသိခဲ့ပေ။ သူသည် အဆုံးမရှိငိုကြွေးတတ်ပြီး နူးညံ့မှုနှင့် က္ကန္ဒြေရ ကာ အတင်းပြောတတ်သည့် မိန်းကလေးများကို မုန်းတီးခဲ့သည်။ သူသည် နတ်ဆိုးဧကရာဇ်ဆိုလျှင်တောင် မိန်းကလေးများကို အနားအကပ်မခံခဲ့ပေ။

သို့သော် တစ်နေ့ကို လူသားတစ်ယောက်နှင့် သဘောတူညီချက်စာချုပ် ယူကာ နှစ်ပေါင်းများစွာ အနေနီးသွားလိမ့်မည်ဟု အနည်းငယ်သိနေခဲ့သည်။ စာချုပ်မှတဆင့် သူသည် သူမ၏ ခံစားချက်များ၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှုများကို သိလာရပြီး သူ့နှလုံးသားသည် သူမနှင့်အတူ အတက်အကျ ဖြစ်ကာ တဖြည်းဖြည်းနှင့် သူမ၏ ခံစားချက်များနှင့် ရောထွေးလာသည်။ နောက်ဆုံးတော့ သူမကို သူ့နှလုံးသားတွင့် နေခွင့်ပြုလိုက်သည်။

ပြီးနောက် သူမသည် အရင်က သူကြုံတွေ့ခဲ့ရသော မည်သည့် မိန်းကလေးနှင့်မှ မတူပေ။ သူမသည် သတ္တိရှိပြီး သတိရှိထားကာ ကြံ့ခိုင် သည့်အပြင် အလုပ်လုပ်ရာတွင် လုံံလရှိပြီး သူမ ဘေးပတ်ဝန်းကျင်မှလူများကို စိတ်ရင်းဖြင့်ဆက်ဆံသည်။ သူမ ဆိုးသွမ်းသည့် တချို့နေ့ရက်များရှီသော်လည်း အများစုအချိန်များတွင် သူမ၏ ကိုယ်ပိုင်လုံခြုံရေးကိုပင် ဂရုမစိုက်ပေ။ သို့သော် ထိုအရာများအားလုံးသည် သူမ အပြစ်ကင်းစင်ခြင်းမဟုတ်သော်လည်း သူ့ကို ဆွဲဆောင်နေခြင်းဖြစ်သည်။

သူ့နှလုံးသားတွင် သူမ ရှိနေသည်ကို ဝမ်းသာမိသည်။ သူတို့သည် တစ်ယောက်နှင့် တစ်ယောက် စောင့်ရှောက်ကြသည်။

သူမ သူ့ကိုလွမ်းသည်ဟု ပြောခဲ့စဉ်ကို ပြန်တွေးလိုက်ရင် နွေးထွေးမှုကို ခံစားရသည်။

“နောက်တစ်ခါ အဲလိုအန္တရာယ်များတာတွေ မလုပ်နဲ့” သူသည် သူမ၏ နှုတ်ခမ်းပေါ် အနမ်းခြွေပြီးနောက် မတ်တတ်ထကာ တံခါးဖွင့်ပြီး ထွက်သွား လေသည်။

တချို့မှာ ခြံဝန်းကို စောင့်ကြည့်နေတုန်းပင်ဖြစ်သည်။ ပြီးခဲ့သည့် တစ်ခေါက်က ရှီမန်ဖန်သည် ဝင်လာကြည့်ရာ သူတို့ပင်ပန်းနေသည်ကို မြင်ခဲ့ရ သည်။ ထို့ကြောင့် သူတို့ကို မေးခွန်းမထုတ်ခဲ့ပေ။ အခု ဝူလင်းယူထွက်လာသည် ကိုမြင်သောအခါ တစ်ယောက်နှင့်တစ်ယောက်လည်း သိနေကြသဖြင့် သူမ၏ အခြေအနေကို မေးလိုက်သည်။

“သူမ အဆင်ပြေပါတယ် နောက်နှစ်ရက်လောက်နေရင် ကောင်းသွားမှာ” ဝူလင်းယူ ပြောလိုက်သည်။

ထိုအချိန်တွင် စားပွဲထိုးဝင်လာသည်။ သူသည် ဝူလင်းယူနှင့် ပိုင်ထာ့ကို ကြည့်ပြီး ပြောလိုက်သည် “တာဝန်ခံ ပညာရှိစံအိမ်တော်က အဖွဲ့ဝင်တွေ ရောက်နေကြတယ် သူတို့က မြင့်မြတ်သောသားတော်ကို တွေ့ချင်တယ်လို့ ပြောနေကြတယ်”

ပိုင်ထာ့သည် ဝူလင်းယူကိုကြည့်ပြီး ပြောလိုက်သည် “မြင့်မြတ်သော သား‌တော် သူတို့ကိုသွားတွေ့မှာလား”

“ဟုတ် ကျွန်တော် ရှင်းပြစရာတွေရှိတယ်” ဝူလင်းယူသည် ပြောပြီး နောက် ခြံဝန်းမှထွက်သွားလေသည်။

“ကောင်းပြီ မင်းတို့လည်းလူစုခွဲလိုက်ကြတော့ မင်းတို့ဒီမှာစောင့်နေရင် လည်း တောင်ကြားဒုခေါင်းဆောင်က ထွက်လာမှာမဟုတ်ဘူး” ပိုင်ထာ့သည် ပြောပြီးနောက် ဝူလင်းယူနောက် လိုက်သွားလေသည်။

“ကျွန်တော် ဒီမှာစောင့်နေမယ်” ဖက်တီးကျူသည် ပြောရင်းနှင့် စင်္ကြံမှာ ထိုင်လိုက်လေသည်။ သူသည် ရှီမာယူယူကို မတွေ့ရလျှင် စိတ်ချမည်မဟုတ် ပေ။

“ငါတို့ထွက်သွားရင်တောင် စိတ်ချမှာမဟုတ်ဘူး ဒီမှာပဲစောင့်နေမယ်” ဘေဂုံထန် ပြောလေသည်။

“အင်း”

တခြားသူများလည်း သဘောတူကြလေသည်။ အစောပိုင်းက မိုးကြိုး ဘေးသင့်မှုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ အခုလက်ရှိ ရှီမာယူယူ၏ အခြေအနေကို သူတို့မတွေးရဲလောက်အောင်ဖြစ်ကာ သူမကို မမြင်ရလျှင်စိတ်ချနိုင်မည်မဟုတ်ပေ။

ရှီမာယူယူသည် အိပ်မောကျနေခဲ့သော်လည်း သူမ၏ အံ့ဖွယ်အသိစိတ် မှာ နိုးကြားနေသဖြင့် ဝူလင်းယူထွက်သွားသည်ကို သိလိုက်သည်။ သို့သော် သူမသည် လက်ရှိအခြေအနေကို အာရုံစိုက်ရနေရသည်။ ယောက်ယက်ခတ်နေ သော ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်ခြင်းထက် အဆုံးမရှိ တိုးလာသော ယုံကြည်လေးစားမှု စွမ်းအားကို ထိန်းချုပ်ရန်လိုအပ်နေသည်။

သူမ ယုံကြည်မှုစွမ်းအားကို မြင်တိုင်းတွင် အကူအညီမဲ့စွာ ခံစားရသည်။ ဒီလောက်ကောင်းတဲ့ဟာကို သုံးလို့မရဘူး ဆိုးလိုက်တာ။

ဖြစ်ခဲ့သော အဖြစ်အပျက်များကြောင့် သူမခန္ဓာကိုယ်အတွင်းမှ ယုံကြည် မှုစွမ်းအားသည် ပြည့်လာကာ တစ်ခါတလေတွင် သူမအား လဲကျသွားမတတ် ဖြစ်စေသည်။ ထို့ကြောင့် သူမ အခြေအနေ တည်ငြိမ်သည်နှင့် ထကာ ဝိညာဉ် စေတီအတွင်းသို့သွားလိုက်သည်။

သူမသည် အိပ်ရာပေါ်သို့ ချက်ချင်းလှဲလျောင်းလိုက်သည်။ သူမသည် ခန္ဓာကိုယ်လှုပ်ရှားမရသော်လည်း ထိုနေရာတွင်ရှိပါက အနည်းဆုံးတော့ ယုံကြည်မှုစွမ်းအား မတိုးလာသဖြင့် ပိုစိတ်ချရကာ ကောင်းစွာအိပ်ပျော်သည်။

“ယူ…”

မှေးနေချိန်တွင် သူမအကိုက်ခံရသည်ကို ရှီမာယူယူခံစားလိုက်ရသည်။ ပြီးနောက်တွင် သူမ ခေါင်းထဲတွင် တိုးညင်းသောအသံတစ်သံပေါ်လာသည်။

သူမ မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်ဘတ်ပေါ်တွင် ရစ်ခွေနေသော ရွှေမြွေ လေးကို မြင်လိုက်သည်။ သူမ နိုးလာသည်ကိုမြင်လိုက်သောအခါ ပျော်ရွှင်စွာ ပြောလေသည် “ယူယူ နိုးလာပြီလား”

ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ ရွှေမြွေလေးကို မြင်ပြီးနောက် သူမ စက္ကန့်အနည်းငယ် ငေးငိုင်သွားပြီးမှ သတိပြန်ဝင်လာသည် “မင်း စာချုပ် ကိုသုံးပြီး အသံပြောင်းလိုက်တာလား”

“ဟုတ်တယ် ဟုတ်တယ် ယူယူ ငါတို့ စာချုပ်ချုပ်လိုက်ပြီ” ရွှေမြွေလေး၏ အသံသည် ပျော်ရွှင်မှုများပြည့်နေကာ စာချုပ်တည်ထောင်ရသည်ကို မကျေမနပ်ဖြစ်မနေပေ။

သူမ သိခဲ့သည်။ ဒီကောင်လေး စကားပြောရန်ကြိုးစားသည့် အချိန်တိုင်း တွင် စကားအနည်းငယ်သာ ထွက်လာခဲ့သည်။ ရုတ်တရက်ကြီး ဘာလို့ စကား ပြောသွက်လာတာလဲလို့… သူ့အသံကိုပြောင်းလိုက်တာကိုး။

ဒါပေမဲ့ ဒီကောင်လေးက သူမနဲ့ စာချုပ်ချုပ်ဖို့ ဘယ်လိုတွေးလိုက်တာလဲ။

ရွှေမြွေလေးသည် သူမ စဉ်းစားနေသည့်အရာကို သိသဖြင့် ရှင်းပြလေ သည်  “ဘာလို့လဲဆိုတော့ အိပ်မက်လေးနဲ့ တခြားသူတွေက ယူယူ့အတွက် မိုးကြိုးဘေးသင့်မှုကို ကာပေးကြတယ် ယူယူတို့အကုန်အတူတူ ဒဏ်ရာရကြ တယ်၊ ငါတစ်ယောက်တည်း မလုပ်နိုင်ဘူး ငါလည်း ယူယူတို့နဲ့အတူရှိချင် တယ်၊ မကောင်းဘူးလေ နောက်တစ်ခါဆိုရင်တော့ ငါလည်း ယူယူတို့နဲ့ အတူရှိ နေနိုင်ပြီ ဟီးဟီး….”

ရှီမာယူယူသည် သူ၏ ဖြူစင်သောအကြည့်ကိုကြည့်ပြီး မည်သို့ပြောရ မည်ကို မသိတော့ပေ။ တစ်ခါစာချုပ်တည်ထောင်လိုက်သည်နှင့် လွတ်လပ်မှု ဆိုသည်မှာမရှိတော့ပေ။

***

All Chapters