ချိပ်ပိတ်တဲ့သူက သူပဲ
Vol. 92 Ch. 1288
ရှီမာယူယူသည် ရင်းနှီးသောရောင်ဝါတစ်ခုကို ခံစားမိပြီး ခေါင်းခါရမ်း ရင်းနှင့် ခြေလှမ်းနှစ်လှမ်းမျှ နောက်ဆုတ်ပြီး ပြောလိုက်သည် “မဟုတ်ဘူး မဖြစ်နိုင်ဘူး…”
သူမ ထိုသို့ထိတ်လန့်သည်ကို အားလုံးမြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့သည် အဖြစ်အပျက်ကိုမေးချင်သော်လည်း ရှီမာကျိယွင်၏ ဖိအားအောက်တွင် မမေးရဲကြပေ။
ဝူလင်းယူသည် သူမ ပခုံးများကို ကိုင်ထားပြီး သူမ ခံစားရသက်သာစေရန် စွမ်းအင်အနည်းငယ်သုံးပြီး ထောက်ပံ့ပေးထားသည်။
“အဲတော့ အခုနားလည်သွားပြီလား” ရှီမာကျိယွင်သည် သူ၏ ဝိညာဉ် စွမ်းအင်ကို ဖယ်ရှားလိုက်ပြီး မေးလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူသည် သူ့ကို ကြည့်လိုက်သည် “အဲဒါက အဖေနဲ့အမေ ကျွန်မကို ပေးခဲ့တဲ့ချိပ်မဟုတ်ဘူးလား ဘယ်လိုလုပ် ရှင် ဖြစ်နေရတာလဲ”
သူမသည် ခန္ဓာကိုယ်ထဲမှ အမှောင်ဝိညာဉ်စွမ်းအင် ချိပ်ကို ရင်းနှီးလွန်း သည်။ ထိုသည်ကို သူမ မိဘများမှ ချိပ်ပိတ်ပေးခဲ့သည်ဟု သူမ အမြဲတွေးထင်ခဲ့ သည်။ အကြောင်းမှာ သူမ မွေးဖွားပြီးနောက်တွင် သူတို့၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားခဲ့သည်ဟု ရှီမာလျူယွင် ပြောခဲ့ခြင်းကြောင့်ဖြစ်သည်။
သူမ ထိုအရာကို ကြားစဉ်က သူမ မိဘများသည် ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ချိပ်ပိတ်ပေးခဲ့သည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ချိပ်ပိတ်သူများမှာ သူမ မိဘများဟု အမြဲတွေးနေခဲ့သည်။
သို့သော် အခု ရှီမာကျိယွင်၏ ရောင်ဝါသည် သူမ ခန္ဓာကိုယ်ထဲမှ ရောင်ဝါ နှင့် တူညီသည်ဟု ခံစားမိလိုက်သည်။ ဆိုလိုသည်မှာ ထိုအမှောင်ဝိညာဉ် စွမ်းအားကို ချိပ်ပိတ်ပေးသူမှာ ရှီမာကျိယွင် ဖြစ်သည်။
အမှန်သာဆိုလျှင် သူမကို မွေးဖွားပြီးနောက် သူမ မိဘများ၏ ဝိညာဉ် စွမ်းအင်ကို အသုံးပြုခဲ့သလား သူမ မသိတော့ပေ။ သူတို့ကို ရှာနိုင်မည်လားကို လည်း မသိတော့ပေ။
အဲဒါသာ အမှန်ဆိုရင် သူမ မျက်စိရှေ့က သူမရဲ့ အဘေးလို့ပြောနေတဲ့ လူကြီးက အကုန်လုံးကိုသိထားတာလား။
“မင်းအဖေ မင်းကိုမျိုးနွယ်ကို ပြန်ခေါ်လာတော့ ငါတို့အတွက် ပြဿနာ တွေအများကြီးသယ်လာပေမဲ့ ငါတို့က မင်းကိုမစွန့်ပစ်ခဲ့ကြဘူး။ ငါက မင်းကို ချိပ်ပိတ်ပေးခဲ့တဲ့လူဆိုပေမဲ့ မျိုးနွယ်က အကြီးအကဲတွေလည်း ကူညီပေးခဲ့ကြ တယ်၊ မဟုတ်ရင် ငါတစ်ယောက်တည်းနဲ့ ချိပ်ပိတ်နိုင်မှာမဟုတ်ဘူး”
“အဲတော့ ကျွန်မ ခန္ဓာကိုယ်အကြောင်းလည်း သိတာပေါ့” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့သာ မင်းရဲ့ခန္ဓာကိုယ်အကြောင်းမသိရင် ဘာလို့များချိပ်ပိတ်ပေး တော့မှာလဲ” ရှီမာကျိယွင် ဆက်ပြောလေသည် “ငါတို့က မင်းကို ဒီနှစ်တွေမှာ လက်လွှတ်လိုက်ပေမဲ့ အရင်က ဘယ်တုန်းကမှ မစွန့်ပစ်ဖူးဘူး”
သူပြောသည့် စကားများကို ရှီမာယူယူ မယုံချင်သော်လည်း သူမ ခန္ဓာ ကိုယ်ထဲမှ ချိပ်သည် အမှန်ဖြစ်နေသည်ကို ပြောနေသလိုပင်။
ရှီမာလျူယွင်နှင့် ရှီမာလျူဖန်တို့သည် ချိပ်အကြောင်းမသိသော်လည်း သူတို့ အပြန်အလှန်ပြောသည်များကို ကြားပြီးနောက် အနည်းငယ်နားလည် သွားသည်။
“ဒါပေမဲ့ အဲဒါအမှန်ဆိုရင် ကျွန်မက ဘာလို့မျိုးနွယ်ကြောင့် ထိခိုက်ခဲ့ရ တာလဲ ဘာလို့ယိလင်းတိုင်းပြည်မှာ သောင်တင်ခဲ့ရတာလဲ”
“မင်းက အနိမ့်တိုင်းပြည်မှာ သောင်တင်ခဲ့တာမဟုတ်ပါဘူး” ရှီမာကျိယွင် သူမကို အမှန်ပြင်ပေးလေသည်။
“အနိမ့်တိုင်းပြည်မှာ သောင်တင်ခဲ့တာ မဟုတ်ဘူးပေါ့”
“မင်းအဖေ မင်းကိုခေါ်သွားတုန်းက မျိုးနွယ်အကြီးအကဲတချို့က အဲဒါကို သိထားကြတယ်၊ တကယ်တော့ အဲဒါကပဲ မင်းအဖေနဲ့ မျိုးနွယ်က လိုချင်တဲ့ အရာပါပဲ” ရှီမာကျိယွင် ဆက်ပြောလေသည် “မင်းက ထက်မြက်တဲ့ကလေးပါ နားလည်သင့်ပါတယ်၊ မင်းသရုပ်မှန်ကထူးခြားတယ်၊ အတွင်းဒေသကလူတွေ အကုန်လုံးက မင်းကိုစောင့်ကြည့်နေကြတယ် မင်းကိုသတိထားမိကြတယ်၊ မင်းကို တိုက်ခိုက်ခံရမှာစိုးလို့ ငါတို့က ကာကွယ်ခဲ့ကြတာ၊ မျိုးနွယ်က မင်းကို ကာကွယ်နိုင်ပေမဲ့ အခုလိုမျိုး မင်းကြီးပြင်းလာနိုင်မှာလား”
“….”
အဖြေမှာ လုံးဝမဟုတ်ပေ။
“မင်းကို အပြင်မှာထားဖို့က မင်းအဖေနဲ့ ငါတို့သဘောတူခဲ့ကြတာပဲ၊ မင်း နေရာကို ဘယ်သူမှမသိအောင် ကာကွယ်ဖို့အတွက် မင်းကိုအဝေးကိုခေါ်သွားဖို့ မင်းအဖေကို ပြောခဲ့ကြတယ်၊ ဒါပေမဲ့ သူ ထွက်သွားပြီးတော့ ပြန်မလာဘူးလို့ ငါတို့ထင်မထားကြဘူး ထိုအကြီးအကဲသည် သူမ မျိုးနွယ်သို့ရောက်လာသည့် အချိန်က ပျောက်သွားသည့်အချိန်ထိ စဉ်းစားရင်း နောင်တရမိနေသည်။
ရှီမာယူယူ နှုတ်ဆိတ်သွားသည်။ သူမသည် သူပြောသည့်အကြောင်းများ ကို စဉ်းစားရန် အချိန်လိုသည်။
“မျိုးနွယ်ခေါင်းဆောင် အကုန်လုံးကိုသိထားမှတော့ လျူရွှမ် ဘယ်မှာလဲ ဆိုတာကိုလည်း သိမှာပဲ” ရှီမာလျူဖန် မေးလိုက်သည်။
“ငါမသိဘူး၊ အစတုန်းကတော့ ကလေးကိစ္စရှင်းပြီးတာနဲ့ သူပြန်လာဖို့ ကတိထားခဲ့ကြတယ်၊ ဒါပေမဲ့ သူပျောက်သွားခဲ့တယ်၊ ဒါပေမဲ့ သူ့စရိုက်အရ တော့ သူ သတင်းတွေကြားပြီးတာနဲ့ တစ္ဆေလောကကို သွားလောက်တယ်” ရှီမာကျိယွင် ပြောလိုက်သည်။
“ကျွန်မအဖေ ဒဏ်ရာရာကို သိပြီးတာတောင် ဘာလို့သူ့ကိုရှာဖို့ လူမလွှတ်ခဲ့တာလဲ”
“ဘယ်တုန်းက မလုပ်ခဲ့လို့လဲ၊ မျိုးနွယ်က ခွင့်မပြုရင် မင်းဦးလေးနှစ် ယောက်က ဒီလောက်နှစ်တွေအကြာကြီးကို ရှာလို့ဖြစ်နိုင်မလား” ရှီမာကျိယွင် ဆက်ပြောလေသည် “ကောင်းပြီ ကလေး လောကကြီးက မင်းထင်သလောက် မဆိုးသွမ်းပါဘူး မျိုးနွယ်ကလည်း မင်းထင်သလောက် နှလုံးသားမမဲ့ဘူး အိမ်ကို ပြန်လာခဲ့ပါ”
သူသည် ထိုစကားကို တည်ငြိမ်စွာပြောလိုက်သော်လည်း ထိုစကားသည် လူကြီးမှ လူငယ်မျိုးဆက်ကိုပေးသော အချစ်နှင့် မျှော်လင့်ချက်ကို ခံစားမိ လိုက်သည်။
အဲတော့ ဦးလေးနှစ်ယောက်က သူတို့ တိတ်တဆိတ်သဘောတူညီချက် ကြောင့် နှစ်ပေါင်းဒီလောက်ကြာအောင် ရှာခဲ့တာပေါ့။
“ကျွန်မ စဉ်းစားဖို့အချိန်လိုတယ်” သူမသည် မသိထားသော တစ်စုံတရာကို သိလာရသည်။ သူမသည် ခံစားချက်များကို စုစည်းရန် လိုအပ်သည်။
“ငါတို့ ဒီမှာရက်နည်းနည်းလောက် နေလို့ရပါတယ်” ရှီမာကျိယွင်သည် သူမကို ချက်ချင်း ဆုံးဖြတ်ချက်မချခိုင်းပေ။ သူမကို များစွာ ဖိအားပေးလိုက်မိ သည်ကို သူသိသည်။ “ဒီရက်နည်းနည်းလောက်တော့ မင်းဘေးမှာနေပါမယ်၊ အိမ်တွေက လွတ်နေသေးလား”
“တစ်အိမ်တော့ ရပါသေးတယ်” ဝူလင်းယူသည် သူ၏ လုပ်ပိုင်ခွင့်ကို ကြေညာပေးလိုက်သည်။
ရှီမာလျူယွင်နှင့် ရှီမာလျူဖန်တို့သည် ဘေးဘက်ရှိအခန်းတွင် နေချင် သည်ဟု ပြောမည်ပြုသည်။ သို့သော် ရှီမာကျိယွင် သူတို့ကို ကြည့်သော အကြည့်ကို မြင်လိုက်ချိန်တွင် ပြောမည့်စကားများ မျိုချလိုက်ရသည်။
ထားလိုက်တော့ သူတို့ အခန်းကိုလက်လျော့လိုက်တော့မယ်။ မျိုးနွယ် ခေါင်းဆောင်က ရှီမာယူယူနဲ့ အနေနီးသွားတာလည်း ကောင်းတာပဲလေ။
“ဒါဆိုရင် ကျုပ်တို့ တစ်ဖက်မှာနေလိုက်ပါမယ်” ရှီမာကျိယွင်သည် သူတို့ ၏ အပြုအမူကို ကျေနပ်ပြီး ပြုံးကာ ပြောလိုက်သည် “ဒါဆိုရင် အဲလိုပဲဖြေရှင်း ပြီးသွားပြနော် စိတ်မရှိဘူးမလား”
ရှီမာယူယူသည် ပခုံးတွန့်လိုက်သည် “အဘိုးတို့သဘောပါပဲ”
ဘယ်လိုပဲဖြစ်ဖြစ် သူမ အခန်းကိုတော့ မယူဘူးဆိုတော့ သူမ ဂရုမစိုက် တော့ပေ။
ရှီမန်ဖန်လည်း စိတ်ထဲမရှိပေ။ သူတို့သည် ရှီမာယူယူ၏ မိသားစုများဖြစ် ကြသည်။ သူ ကြားဝင်စွက်ဖက်မည် မဟုတ်ပေ။ သူမ သဘောမတူလျှင်လည်း သူမ ဘက်တွင်ရပ်တည်မည်ဖြစ်သည်။
“အခန်းရှင်းဖို့ ခိုင်းလိုက်ပါမယ်” ပိုင်ထာ့သည်လည်း အခြေအနေကို အကဲ ခတ်မိပြီး ရှီမာယူယူကို ပြောလိုက်သည်။
“ကောင်းပါပြီ ရှင်းခိုင်းလိုက်ပါ တခြားအိမ်တွေကိုလည်း ရှင်းခိုင်းလိုက်ပါဦး” ရှီမာယူယူ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ တောင်ကြားဒုခေါင်းဆောင် ဪ ဟုတ်သားပဲ အပြင်က ဒုခေါင်းဆောင်ကို တွေ့ချင်တယ်လို့ပြောတဲ့ လူတွေကိုရော…”
“သူတို့ကိုပါ နေဖို့တည်းခိုဆောင်ရှာပေးလိုက်ပါ” ရှီမာလျူယွင် ဆက်ပြောလေသည် “သူတို့ နားမထောင်ရင် မျိုးနွယ်ခေါင်းဆောင်က ပြောတာ လို့သာပြောလိုက်ပါ”
“ကောင်းပါပြီ တောင်ကြားခေါင်းဆောင် တောင်ကြားဒုခေါင်းဆောင် ကျွန်တော် သွားစီစဉ်လိုက်ပါမယ်” ပိုင်ထာ့ပြောလေသည်။
“သွားလိုက်ပါ”
“ရှီမာမျိုးနွယ်ခေါင်းဆောင် ကျွန်မတို့…”
“ရှီမာမျိုးနွယ်ခေါင်းဆောင်ကဘာလဲ ငါ့ကို ဘိုးဘိုးကြီးလို့ ခေါ်ပါ” ရှီမာကျိယွင်သည် သူမကို စကားဖြတ်ပြောလေသည်။
“….”
ရှီမာယူယူသည် သူ့ကို စိုက်ကြည့်လိုက်သည်။ သူမကို ဖိအားမပေးဘူးလို့ သူပြောတယ်မလား။
သူမ မပျော်မရွှင်ဖြစ်သွားသည်ကို ရှီမာကျိယွင် မြင်သောအခါ ရှင်းပြလေ သည် “မင်း ပြန်လာတာ မလာတာနဲ့မဆိုင်ဘဲ ငါတို့ သွေးသားကိုတော့ ဖြတ်မရ ဘူးလေ၊ ငါ့ကို ဘိုးဘိုးကြီးလို့ခေါ်တာက မျိုးနွယ်ကို ပြန်လာခိုင်းတာမဟုတ်ဘူး၊ မျိုးနွယ်ကလူတွေက ငါ့ကို ဘိုးဘိုးကြီးလို့တောင် ခေါ်ခွင့်မရှိဘူး၊ ဒီအတိုင်း မျိုးနွယ်ခေါင်းဆောင်လို့ပဲ ခေါ်ရတာ၊ မယုံရင် သူတို့ကိုမေးကြည့်လိုက်”
ရှီမာလျူယွင် ခေါင်းညိတ်လိုက်သည်။ ရှီမာလျူဖန်က စောဒကတက် လေသည် “မျိုးနွယ်ခေါင်းဆောင်က အရမ်းဘက်လိုက်တာပဲ ကျွန်တော်တို့ရဲ့ ဘိုးဘိုးဖြစ်ပေမဲ့ ကျွန်တော်တို့ကျ ဘာလို့အဲလိုခေါ်ခွင့်မရှိတာလဲ”
“ယူယူက ငယ်သေးတယ်လေ မင်းတို့က ငယ်လို့လား”
ရှီမာကျိယွင်သည် အားရပါးရရယ်မောလိုက်သည်။ ရှီမာလျူဖန်သည် ချက်ချင်းပင် ရိုကျိုးသွားလေသည်။ သို့သော် သူ ပါးစပ်မှာ တစ်စုံတရာကို ရေရွတ်လိုက်သည်။
ရှီမာယူယူသည် သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိရာ သူ့ပါးစပ်ကိုမြင်လိုက် သည်နှင့် သူမရယ်မောကာ နှုတ်ခမ်းတွန့်မိသည်။
သူ စောဒကတက်သည်မှာ “ငယ်ငယ်တုန်းကလည်း မခေါ်ခဲ့ရပါဘူး ဘက်ကိုလိုက်တာပါ”
ရှီမာလျူယွင်သည် စကားမပြောသော်လည်း သူဆိုလိုချင်သညမှာ သိသာ နေသည်။
လျူဖန် ပြောသည်မှာမှန်သည်။ ဒီလူကြီးက ဘက်လိုက်တဲ့အဘိုးကြီးပဲ။
***