အခန်း (၁၃၀၅)
Vol. 88 Ch. 1305
နဝမမြောက်အကျဉ်းခန်း၏ အတားအဆီးအစီအရင်စနစ်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ ဆေးမင်ကြောင်နှင့်လူသည် အကြိမ်ပေါင်းများစွာ ဤအတားအဆီး အစီအရင်ကြီးအား ဦးခေါင်းနှင့် တိုက်ခိုက်ခဲ့၏။ သို့ပေမဲ့ သူ့ခေါင်းသည် သွေးစက်စက်ယိုခဲ့သည်ဆိုလျှင်တောင်မှ အတားအဆီးသည် ကျိုးပြတ်မသွားခဲ့ချေ။ ထို့ကြောင့် ထွက်ပြေးလွတ်မြောက်နိုင်ရန် မျှော်လင့်ချက်ဟူ၍ သူ့၌ မရှိတော့ချေ။ သို့ပေမဲ့ အတားအဆီး အစီအရင်အား ထပ်ကာထပ်ကာ ချိုးဖြတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အကူအညီနှင့် သူသည် အကျဉ်းထောင်၏ အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
သူ၏ အမူအရာတစ်ခုလုံးသည် နဝေတိမ်တောင်နှင့် ဖြစ်လျက် ရှိသည်။ ဤကဲ့သို့ပင် ထွက်လာနိုင်ခဲ့သည်လား။ ဤကဲ့သို့ပင် လွတ်လာနိုင်ခဲ့သည်လား။ ထိုအရာသည် လွယ်ကူလွန်းမနေဘူးလား။
“ညီငယ်လေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အခု မင်းလွတ်လပ်ပြီ။ ဒီတော့ ဝင်ခွင့်ဖောင်ကို ဖြည့်တော့”
ဤလူသည် အချိန်ကာလတစ်ခုအတွင်း မည်မျှအားကောင်းသည်ဆိုသည်ကို ကောင်းကောင်းမသိချေ။ သို့ပေမဲ့ ပက်ပက်စက်စက် ရိုက်နှက်နှိပ်စက်ခြင်းကို ခုခံနိုင်သည့်လူတစ်ယောက် ဖြစ်ခြင်းကြောင့် ကြီးမားသည့် ပါရမီကို ပိုင်ဆိုင်မှာ သေချာ၏။ ထိုသူ့အား ဂိုဏ်းထဲသို့ ခေါ်ဆောင်ပြီးသည့်နောက် သူသည် ဒိုင်းတစ်ခုအနေဖြင့် အသုံးပြုနိုင်စွမ်းရှိ၏။
ထို့အပြင် အထက်နယ်မြေမှ ရောက်ရှိလာသည့်အပြင် နယ်မြေဟောခန်းနှင့်လည်း ဆန့်ကျင်ဘက် ပြုလုပ်ခဲ့သည့်လူတစ်ယောက် ဖြစ်သောကြောင့် သူ့အတွက် အနာဂတ်တွင် အကောင်းဆုံး အသုံးဝင်နိုင်မှာ ဖြစ်၏။ ပြန်လည်မွေးဖွားနိုင်သည့် စိတ်ဝိညာဉ်နှင့်လူတစ်ယောက် ဖြစ်သည်မို့ ကျွင်းချောင်ရှောင်း အနေဖြင့် အတင်းကြီးခေါ်ယူရန်တော့ အစီအစဉ် မရှိချေ။ ထို့အပြင် သေဆုံးပြီးသည့်နောက်မှာတော့ ပိုမိုကာ အားကောင်း လာနိုင်သည်ဆိုသည့်အရာသည် နည်းနည်းတော့ ကြောင်တောင်တောင် နိုင်လွန်းလှသည်။ ထိုအရာသည် အချိန် ဖြုန်းခြင်းနှင့် ဆင်တူလှသည်။
ဆေးမင်ကြောင်နှင့်လူသည် ဝင်ခွင့်ဖောင်ကို လက်မှတ်မထိုးချေ။ သူ၏လက်ကို မြှောက်ကာဖြင့် ပြောလိုက်၏။ “အစ်ကိုကြီး... ဒီ လက်တွေ၊ ခြေထောက်တွေကို ချုပ်နှောင်ထားတဲ့ ချိန်းကြိုးတွေကို ဖယ်ပေးနိုင်မလား”
“ဒါက... ဘာမှ ဟုတ်တာမှ မဟုတ်တာ။ ကိုယ့်ဘာကိုယ် ချိုးဖြတ်လိုက်လို့ မရဘူးလား” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
“မရဘူး”
ဆေးမင်ကြောင်နှင့်လူက နာနာကျင်ကျင် ပြုံးလိုက်သည်။ “ဒါက အထက်နယ်မြေ နယ်မြေဟောခန်းရဲ့ စိတ်ဝိညာဉ်စည်းကျောက်တုံးနဲ့ ပြုလုပ်ထားတဲ့ အရာတွေလေ။ ဒါတွေက စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဖျက်ဆီး ပစ်လို့ရတဲ့အရာတွေ မဟုတ်ဘူး။ အထဲမှာ များပြားလှတဲ့ စည်းအတားအဆီး အစီအရင်တွေ ထည့်သွင်းထားတယ်”
“ဒီလိုလား”
ကျွင်းချောင်ရှောင်းသည် သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ကာဖြင့် လက်ထိပ်နှင့် ခြေထိပ်များကို ဝင်ရောက်ကာ ကြည့်ရှုလိုက်သည့်နောက် အထဲတွင် များပြားလှသည့် အစီအရင်များ တည်ရှိနေသည် ဖြစ်ကြောင်းကို ရုတ်တရက် တွေ့ရှိလိုက်ရ၏။ ဤအစီအရင်များ၏ အဆင့်သည် အလွန်တရာ မြင့်မားလွန်းလှ၏။ ထို့ကြောင့် သူသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အချိန်ကာလတစ်ခုအတွင်းမှာ ကျုပ် ချိုးဖြတ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဒီကိစ္စကို ခဏထားလိုက်ရအောင်”
သူ့အနေနှင့် ချိုးဖောက်ပစ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ ဤကဲ့သို့ ချိုးဖောက်ရသည့် အရာသည် အနည်းငယ်တော့ ပြဿနာ များလှ၏။ ကုန်းရှန့်သည် ခံတပ်သခင်အား ရှာတွေ့နိုင်ရန်အတွက် အလျင်လိုလျက် ရှိနေသည်။ ထို့အပြင် ဤတည်နေရာကြီးတစ်ခုလုံးတွင် ဗုံးအား ချိတ်ဆွဲရန်လည်း လိုအပ်နေသေး၏။ ထို့ကြောင့် အချိန်မဖြုန်းချင်ပေ။
“ဒါဆိုရင် ဒါတွေကနေ လွတ်မြောက်တဲ့အထိ စောင့်ကြရအောင်။ ပြီးတော့မှ ဝင်ခွင့်ဖောင်ကို လက်မှတ်ထိုး တာပေါ့” ဆေးမင်ကြောင်နှင့်လူက ပြောလိုက်၏။
“.........”
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ နှစ်သောင်းချီ အသက်ရှင်နေထိုင်ခဲ့တဲ့လူ ပီသစွာပဲ အတွေ့အကြုံ တကယ် များတဲ့လူကိုး။
“ကောင်းပြီ”
သူက ပြောလိုက်၏။ “ဒါဆိုလည်း သွားကြစို့။ သွားတိုက်ခိုက်ကြရအောင်”
ဆေးမင်ကြောင်နှင့်လူ၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွားခဲ့၏။ သူသည် တကယ့်ကို တိုက်ပွဲ ဆာလောင်သူတစ်ယောက်လည်း ဖြစ်နေသည်။
ဝှစ် ဝှစ် ….။
ရွှီး …။
ထိုအချိန်မှာပဲ လူတစ်စုသည် အဝေးတစ်နေရာဆီမှ ပျံသန်းရောက်ရှိလာ၏။ ၎င်းတို့အားလုံးသည် တည်နေရာ ချိုးဖြတ်ခြင်း အနိမ့်အဆင့်တွင် တည်ရှိနေသူများ ဖြစ်ကြ၏။ ထို့အပြင် မြို့ထဲတွင်ရှိနေသော ဝတ်စုံပြည့် ဝတ်ဆင် ထားသည့် စစ်သည်များသည် မြန်မြန်ဆန်ဆန်နှင့် ချဉ်းကပ်လာ၏။
နောက်ဆုံးတစ်ကြိမ် ကျွင်းချောင်ရှောင်း တစ်ယောက် ထောင်ထဲမှ လွတ်မြောက်လာသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် ထိုသူများအားလုံးကို ရင်ဆိုင်ခြင်း မရှိဘဲ အပြင်ဘက်သို့ ထွက်ပြေးလာခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ခံတပ်သခင်သည် အလုံးစုံ ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့်ပင်လျှင် တည်နေရာကြီး တစ်ခုလုံးသည် သတိအပြည့်နှင့် ဖြစ်လို့နေခဲ့၏။
ခံတပ်သခင်သည် ဤတည်နေရာဆီသို့ အချိန် အတော်ကြာ လာရောက်နိုင်ဦးမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် တရားရေးရာဟောခန်း၏ တားမြစ်သိုင်းနည်းစနစ်ကို ထုတ်ဖော် အသုံးပြုခဲ့၏။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ကုန်ဆုံးသွားခဲ့၏။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ပြန်လည်အားမွေးနေသည့် အခြေအနေသို့ ရောက်ရှိ နေခဲ့သည်။
ဖြောက် ဖြောက် ……။
ဟား ဟား ဟား ဟား ….။
ဆေးမင်ကြောင်နှင့်လူသည် ထူးဆန်းစွာ ရယ်မောလိုက်၏။ “ဒီလို အမှိုက်တွေကို စေလွှတ်လိုက်တယ်ဆိုတာက သေလမ်းကို လွှတ်လိုက်တာနဲ့ တူတူပဲ”
သူ၏အဆင့်သည် ကောင်းကင်တာအို၏ စွမ်းအင်များကြောင့် ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး သူ၏ ခြေလက်များအား ခြေထိပ်၊ လက်ထိပ်များ ခတ်ထားခံရသည်ဆိုသော်လည်း တည်နေရာ ချိုးဖြတ်ခြင်း အနိမ့်အဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် အတွက်တော့ ပြဿနာရှိလှသည် မဟုတ်ပေ။
“ညီငယ်လေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလူတွေကို မင်းဆီမှာ ထားလိုက်တော့မယ်”
ရွှီး
ပြောပြီးသည့်နောက်မှာတော့ သူသည် ဘေးတစ်ဖက်ဆီသို့ အသာထွက်ခွာသွား၏။
“သွားလို့မရဘူး”
တည်နေရာချိုးဖြတ်ခြင်းအနိမ့်အဆင့် ကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီသို့ ရောက်ရှိ လာပြီးသည့်နောက် ၎င်းတို့၏စွမ်းအင်များကို ထုတ်ဖော်ကာ ကျွင်းချောင်ရှောင်းအား ရုတ်တရက် တိုက်ခိုက်ကြသည်။
ဆေးမင်ကြောင်နှင့်လူ၏ လက်ထဲတွင်ရှိသော ချိန်းကြိုးများသည် ရုတ်တရက် လှုပ်ယမ်းသွားခဲ့၏။ ပြီးနောက် ဘန်း ဟူသော အသံနှင့်အတူ အားလုံးသောလူများသည် အနောက်သို့ လွင့်စင်သွားခဲ့၏။ ထိုသူသည် ကိုယ်ကို ကွေးညွတ်ကာဖြင့် ထူးဆန်းစွာ ရယ်မောလိုက်တော့သည်။ “မင်းတို့အားလုံးရဲ့ ပြိုင်ဘက်က ကျုပ်ပဲ”
“သွားတော့။ သွားကြ” ခေါင်းဆောင်များထဲမှာ တစ်ယောက်သည် အော်ဟစ်လိုက်၏။ ချက်ချင်းပဲ တည်နေရာ ချိုးဖြတ်ခြင်းအနိမ့်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။ အနောက်တွင် များပြားလှသည့် စစ်သည်များသည် ပါဝင်လျက်ရှိနေ၏။ ကြည့်ရသည်မှာ ဒီရေလှိုင်းများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်း တိုက်ခိုက်ရန် စီစဉ်ထားခဲ့ခြင်းပင် ဖြစ်၏။
တစ်ယောက်တည်း တိုက်ခိုက်လျက်ရှိသည့် ဆေးမင်ကြောင်နှင့်လူမှာတော့ တစ်ချက်ကလေးမှ ကြောက်ရွံ့မှု မရှိခဲ့ချေ။ သူ၏ မျက်လုံးများသည် ပိုမို၍ စူးရှကာ တောက်ပြောင်လာခဲ့၏။ သူသည် တိုက်ခိုက်ရသည်ကို ချစ်ခင် နှစ်သက်၏။ ထို့အပြင် အဖွဲ့များအား တစ်ယောက်တည်း တိုက်ခိုက်ရခြင်းကို ပိုမို၍ နှစ်သက်သေးသည်။ သူ့အတွက် သေဆုံးခြင်း ဆိုသည်မှာ ကိစ္စတစ်ခုတော့ မဟုတ်ပေ။ ဆယ့်ရှစ်နှစ်ကြာပြီးသည့်နောက် ပိုမိုအားကောင်းသည့် လူတစ်ယောက်အဖြစ်သို့ သူပြန်လာနိုင်စွမ်း ရှိသည်။
ပြောနေစရာပင် မလိုချေ။ ပြန်လည်မွေးဖွားနိုင်သော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သောလူတစ်ယောက်အနေဖြင့် တခြားသူများနှင့် တိုက်ခိုက်ရာတွင် တကယ့်ကို အထက်စည်းမှ ရယူတိုက်ခိုက်နိုင်စွမ်းရှိနေ၏။ အဘယ်ကြောင့် ဆိုသော် သူ့အတွက် နိုင်နိုင်ရှုံးရှုံး အဓိပ္ပာယ်ရှိလှသည် မဟုတ်ချေ။
ဘုန်း ဘုန်း …။
ကြမ်းတမ်းလှသော တိုက်ပွဲကြီးသည် စတင်ကာ ဖြစ်တည်လာခဲ့၏။ ဆေးမင်ကြောင်နှင့်လူသည် လက်တွင် ချုပ်နှောင်ထားသော ချိန်းကြိုးများအား လှုပ်ယမ်းကာဖြင့် အရှေ့တွင်ရှိသော လူများအား သတ်ဖြတ်လျက် ရှိနေသည်။
“ဘာတွေဖြစ်ကုန်တာလဲ”
“တစ်စုံတစ်ယောက်က မြို့ထဲမှာ တိုက်ခိုက်နေတာလား”
“ထွက်ပေါ်နေတဲ့ အော်ရာတွေကို ကြည့်ရင် တကယ့်ကို အင်ပြည့်အားပြည့်နဲ့ တိုက်ခိုက်နေတာပဲ”
မြို့ထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများအားလုံးသည် တိုက်ခိုက်သည့်အသံများကို ကြားလိုက်ကြရ၏။ အထူးသဖြင့် အလွန်အားကောင်းလှသော လေလှိုင်းများ ဖြစ်တည်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့၏ မျက်နှာအမူအရာများသည် အံ့အားသင့်လျက် ရှိနေ၏။
ခံတပ်သခင်သည် ဤတည်နေရာတွင် တိုက်ခိုက်မှုကို တားမြစ်ထားခဲ့၏။ အခု ပြင်းပြင်းထန်ထန်နှင့် ကြီးကြီးကျယ်ကျယ် တိုက်ခိုက်နေသည်ဆိုမှတော့ မည်သည့်အရာ များ ဖြစ်ပေါ်နေသနည်း။
“သွားရအောင်။ သွားကြည့်ရအောင်”
အားလုံးသည် စိတ်ဝင်တစားဖြင့် အပြင်ဘက်သို့ ထွက်၍ ကြည့်ရှုလိုက်ကြ၏။ ထိုအချိန်မှာပဲ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် အရှေ့ဆီသို့ လှမ်းတက်လာပြီး အသံကုန် အော်ဟစ်လိုက်၏။ “ခံတပ်က မကြာခင်မှာ ပေါက်ကွဲတော့မယ်။ မသေချင်ရင် မြန်မြန် ထွက်သွားကြ”
“........” အားလုံးသောလူတို့သည် ဆွံ့အသွားခဲ့၏။
ပေါက်ကွဲတော့မည်ဟုတ်လား။ ဘယ်လောက် ရယ်မောစရာ ကောင်းလိုက်သနည်း။ ကြယ်ကောင်းကင်ခံတပ်ကြီး ၏ အကာအကွယ်စနစ်သည် ထိပ်ဆုံးအဆင့်တွင်ရှိကြောင်း မည်သူက မသိရှိဘဲ နေမည်နည်း။ ထို့ကြောင့် ပေါက်ကွဲသွားမည်ဆိုခြင်းမှာ မည်သို့မှ မဖြစ်နိုင်ချေ။ ထို့အပြင် မြို့၏ခံတပ်ဂိတ်တံခါးသည် အစောကြီး ကတည်းက စည်းခတ်ထားပြီးသားဖြစ်၏။ တစ်စုံတစ်ယောက်သည် ထွက်ခွာသွားချင်သည်ဆိုလျှင်တောင်မှ ထွက်ခွာသွားနိုင်လိမ့်မည် မဟုတ်တော့ချေ။
ဘုန်း ဘုန်း …။
ထိုအချိန်မှာပဲ အဝေးတစ်နေရာတွင် ပေါက်ကွဲမှုများ အတွဲလိုက် ဖြစ်တည်လာခဲ့၏။ အားလုံးတို့သည် စိတ်ဝိညာဉ် စွမ်းအင်များကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မျက်လုံးပြူး၊ မျက်ဆံပြူးပင် ဖြစ်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် အကျဉ်းထောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆေးမင်ကြောင်နှင့်လူသည် ခံတပ်၏ စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ထပ်တလဲလဲ တိုက်ခိုက်လျက် ရှိနေသည်။ မြို့၏ နံရံများသည် အလုံးစုံ ပြိုလဲလျက်ရှိနေ၏။ ပြီးနောက် အနောက်ဘက်သို့လှည့်၍ ကြည့်ရှုလိုက်၏။ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူနှင့် စစ်သည်များသည် မြေပေါ်တွင် လဲလျက်ရှိနေပြီး သေဆုံးသူကသေ သို့မဟုတ် သေမလို ဖြစ်သည့်သူက ဖြစ်နေကြသည်။
“ဒါက … မြို့ထဲမှာ လူတွေ တိုက်ခိုက်တယ်ဆိုတာက ပြဿနာတစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ ကြယ်ကောင်းကင်ခံတပ်က လူတွေကို တိုက်ခိုက်တယ်ဆိုတာကတော့ ပြဿနာကြီး ဖြစ်သွားပြီ”
ဘုန်း …။
ရုတ်တရက် နောက်ထပ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများ သည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ လှမ်း၍ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တင်းတင်းပိတ်ထားသည့် ကြယ်ကောင်းကင်ခံတပ်၏ အဓိကတံခါးကြီးသည် အမဲရောင်ဝတ်စုံနှင့်လူ၏ ချိုးဖြတ်ခြင်းကို ခံခဲ့ရ၏။
ဤဂိတ်တံခါးကြီးသည် အစီအရင်ကြီး၏ ထောက်ပံ့ခြင်းကို ခံထားရသော ဂိတ်တံခါးဖြစ်သည်။ တစ်ဖက်လူသည် မည်သို့ ပြုလုပ်လိုက်သနည်း။
“ကျုပ် ထပ်ပြောမယ်”
ကျွင်းချောင်ရှောင်းသည် သူ၏မိုက်ကြီးကို ထုတ်ကာဖြင့် ပြောလိုက်၏။ “မြို့ထဲမှာရှိတဲ့ လူတွေအကုန်လုံး ဘာတွေပဲ လုပ်နေလုပ်နေ ကိစ္စမရှိဘူး။ ခုချက်ချင်း သွားတော့။ မဟုတ်ရင် ကြယ်ကောင်းကင် ခံတပ်ကြီးနဲ့အတူ ပြာဖြစ်သွားလိမ့်မယ်”
ဘုန်း ဘုန်း
တခြားတစ်ဖက်မှာတော့ ဆေးမင်ကြောင်နှင့်လူသည် စွမ်းအားမြင့် ကျင့်ကြံသူများကို တိုက်ခိုက်လျက် ရှိနေသေး၏။ သူ၏ အဆင်ခြင်မဲ့ တိုက်ခိုက်မှုများကြောင့် မြောက်ပိုင်းခရိုင်ရှိ အဆောက်အဦများ၏ တစ်ဝက် ကျော်ကျော်ခန့်သည် ပြိုလဲပျက်စီးနေကြပြီ ဖြစ်၏။ အခြေအနေ တစ်ခုလုံးသည် ရှုပ်ယှက်ခတ်လျက် ရှိနေသည်။
တိုက်ခိုက်မှုရန်ပွဲလေးတစ်ခုလောက်ဟုသာ အစပိုင်းက တွေးတောထားခဲ့ကြသော သိုင်းကျင့်ကြံသူများသည် ဤပြဿနာ၏ အရင်းအမြစ်မှာ လေးနက်လွန်းလှသည်ဟု အားလုံးက နားလည်လိုက်မိကြ၏။ ထို့ကြောင့် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်ကြသည်။ ခံတပ်ကြီး ပေါက်ကွဲသွားမည်ကို သူတို့သည် မစိုးရိမ်ကြချေ။ သို့ပေမဲ့ ဤတိုက်ပွဲ၏ သက်ရောက်မှုကိုတော့ ခံရမည်ကို စိုးရိမ်လျက် ရှိနေ၏။
ဟား ဟား ဟား
“နောက်ဆုံးတော့ ထွက်လာပြီပဲ။ ငါတို့ ထပ်ပြီးတော့ အလင်းကို မြင်ရပြီပဲ” ထိုအချိန်မှာပဲ အကျဉ်းသား ဝတ်စုံများ ကို ဝတ်ဆင်ထားသည့် အကျဉ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်သို့ ထွက်ပေါ်လာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများနှင့် တောက်ပနေသည်။
“ချီးတဲ့မှ... ဒီလူတွေ အားလုံးက အကျဉ်းသားတွေပဲ”
“ဖြစ်နိုင်တာက ဒါ... ငရဲကြီးကိုးထပ်မှာ ဖမ်းချုပ်ခံထားရတဲ့ အကျဉ်းသားတွေ လွတ်မြောက်လာတာလား”
“ဒါဆို ဘာကိုစောင့်နေမှာလဲ။ ပြေးကြတော့လေ”
သိုင်းကျင့်ကြံသူ တော်တော်များများတို့သည် မြောက်ပိုင်းဂိတ်တံခါးဆီသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး ပျံသန်းကာ ပြေးကြတော့၏။ ၎င်းတို့အားလုံးသည် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျကာ ပြေးနေကြ၏။
အဘယ်ကြောင့် ဆိုသော် ထွက်ပေါ်လာကြသည့် အကျဉ်းသားများသည် ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာများ ဖြစ်နေကြ သည် မဟုတ်ပါလား။
ပထမတုန်းက သူတို့သည် မြို့ထဲတွင် လူတစ်ချို့ ရန်ပွဲဖြစ်နေသည်ဟုသာ တွေးတောထားမိ၏။ လက်ရှိအခြေအနေမှာတော့ အကျဉ်းသားများပါ လွတ်မြောက်လာသည်ကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် ကြယ်ကောင်းကင် ခံတပ်ကြီး ပြဿနာဖြစ်နေသည်ကို အလုံးစုံ နားလည်သွားမိကြ၏။ ဤကိစ္စသည် ပြဿနာကြီးတစ်ခု ဖြစ်သည်။ အထူး အထူးကို ပြဿနာကြီးပင် ဖြစ်သည်။
“မြန်မြန်... သူတို့ကို ဖမ်းထားကြ” ခံတပ်၏ တပ်မှူးတစ်ယောက်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
ရွှီး ရွှီး
စစ်သည်တော်တော်များများသည် ခရိုင်သုံးခုဆီမှ ရွေ့လျားလာပြီးသည့်နောက်မှာတော့ ထွက်ပြေးလွတ်မြောက် လာကြသည့် အကျဉ်းသားများနှင့် တိုက်ခိုက်လျက် ရှိနေကြ၏။ လက်ရှိအခြေအနေမှာတော့ ခံတပ်တစ်ခုလုံးသည် ရှုပ်ယှက်ခတ်လျက် ရှိနေသည်။ စွမ်းအင်လှိုင်း အမျိုးအစားပေါင်းစုံတို့သည် ပေါက်ကွဲထွက်လျက် ရှိနေသည်။
ပစ္စည်းများ ဝယ်ယူရန် ရောက်ရှိလာခဲ့ကြသည့် သိုင်းကျင့်ကြံသူများသည် ကြယ်ကောင်းကင်ခံတပ်ထဲသို့ ပြေးဝင်ပြီး တိုက်ပွဲနှင့် လွတ်ကင်းရာဆီသို့ သွားခဲ့ကြသည်။ သို့ပေမဲ့ ၎င်းတို့သည် အခြေအနေကို ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မကောင်းသည်ကို နားလည်လိုက်မိသောကြောင့် ခံတပ်ထဲမှတစ်ခါ အပြင်ဘက်သို့ ပြန်ကာ ထွက်ပြေးရပြန်၏။
“ဘာတွေ ဖြစ်နေတာလဲ”
“အကျဉ်းသားတွေ အကုန်လုံးက ဘာလို့ ရုတ်တရက်ကြီး လွတ်မြောက်သွားခဲ့ကြတာလဲ” သူတို့သည် တကယ့်ကို ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။
သို့ပေမဲ့ ခပ်ဝေးဝေးတည်နေရာဆီမှ လှမ်း၍ ကြည့်ရှုပြီးသည့်နောက်မှာတော့ ကြယ်ကောင်းကင်ခံတပ်ကြီးသည် ဤကိစ္စကို မဖြေရှင်းနိုင်တော့ကြောင်းကို သိရှိနားလည်မိကြသည်။
ဒွီး ဒွီး …..။
ရုတ်တရက် ခံတပ်၏ တည်နေရာအနှံ့ဆီမှ စူးရှလွန်းသော အသံကြီး ထွက်ပေါ်လာခဲ့ကြသည်။ ထိုအရာ၏ အသံ ထွက်ပေါ်မှုနှုန်းသည် မမြန်ဆန်လှချေ။ သို့ပေမဲ့ မည်သို့သော စွမ်းအင်မျိုး ပါဝင်မှန်းမသိဘဲ ရှိရှိသမျှ လူအားလုံး၏ စွမ်းအင်ကို ထိုးဖောက်ကာ ဝိညာဉ်များကိုပင် တုန်ခါစေခဲ့ကြ၏။ ၎င်းတို့၏ စိတ်နှင့် ခန္ဓာထဲတွင် ထိတ်လန့် ကြောက်ရွံ့မှုများသည် ပြည့်နှက်လာခဲ့ကြ၏။
သိုင်းကျင့်ကြံသူများသည် ထိုအရာကို ကြားသည့်အချိန်မှာတော့ မည်သည့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည်ဖြစ်ဖြစ် အလုံးစုံ ထိတ်လန့်မှုကို ခံစားကြရတော့သည်။ ကြီးမား သာ ကိစ္စကြီးတစ်ခုသည် မကြာမီ ဖြစ်ပျက်တော့မှာ သေချာသည်။