← Chapters

အခန်း (၁၃၀၆)

Vol. 88 Ch. 1306

အခန်း (၁၃၀၆)

Vol. 88 Ch. 1306

ဒွီး ဒွီး …။

ထိုစူးရှလှသည့် အသံကြီးသည် စကြဝဠာတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိ၏။ ၎င်းအသံကြီး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ခံတပ်၏ တည်နေရာကြီးတစ်ခုလုံးသည် အသံလှိုင်းများဖြင့် တရိပ်ရိပ် လှုပ်ခါလာခဲ့၏။ များပြား လှသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ဤအရာမှာ မည်သည့်ဓာတ်သဘာဝများဖြင့် ပြုလုပ်ထားသောကြောင့် ဤကဲ့သို့ ဖြစ်ပျက်နေသည်ကို ကောင်းကောင်းမသိချေ။

သို့ပေမဲ့ ဤအသံကြီးကို ကြားမိသည့်နောက်မှာတော့ မကောင်းသည့် ခံစားချက်များသည် ၎င်းတို့၏ ရင်ထဲတွင် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဝင်ရောက်လာခဲ့၏။ ကြီးမားလှသည့် ကိစ္စကြီးသည် တကယ့်ကို ကြီးမားလှစွာ ဖြစ်တည်တော့မှာ သေချာ၏။

ကျွင်းချောင်ရှောင်း နေထိုင်ခဲ့သည့် ကမ္ဘာကြီးတွင် အသက်ရှင် နေထိုင်ခဲ့သည်ဆိုပါက ဤအသံသည် စွမ်းအင်လှိုင်း များကြောင့် ဖြစ်တည်လာခဲ့သည်သာမက ချိန်ကိုက်ဗုံး ပေါက်ကွဲမည့် အချက်ပေးသံ ဖြစ်ကြောင်းလည်း ကောင်းကောင်း နားလည်ပေလိမ့်မည်။

မှန်ပေသည်။ ပထမမျိုးဆက် ဝိညာဉ်ချိန်ကိုက်ဗုံးသည် သူ၏ သိုလှောင် လက်စွပ်ထဲတွင် သိမ်းဆည်းထားခဲ့ပြီးပြီဖြစ်၏။ ယခု သူ၏ သိုလှောင်လက်စွပ်ထဲတွင် ထိန်းသိမ်းထားခဲ့သော ပထမမျိုးဆက် ဝိညာဉ်ချိန်ကိုက်ဗုံးသည် ကြယ်ကောင်းကင်ခံတပ်၏ အဓိကဟောခန်းထဲသို့ ရောက်ရှိနေ၏။ ဤအရာကြီး ပေါက်ကွဲရန်အချိန်သည် ၅၉ မိနစ် ၃၉ စက္ကန့်သာလျှင် ဖြစ်၏။

ဟား ဟား ဟား …။

အားလုံး ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခံတပ်သခင်၏ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီးသည့်နောက် မျက်နှာကို အုပ်ကိုင်ကာ ပခုံးတွေ လှုပ်ယမ်းနေသည်အထိ အားရပါးရ ရယ်မောနေ၏။

နောက်ဆုံးမှာတော့ ဗုံးအား သူထားချင်သည့်နေရာတွင် ထားခဲ့နိုင်ပြီ ဖြစ်တော့၏။ ဘာတွေဖြစ်နေသည်ကို မသိသော တစ်စုံတစ်ယောက်သည် ဤ ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်ကို မြင်ရသည်ဆိုပါက ကျိန်းသေပေါက် ဗီလိန် တစ်ယောက်ဟုပင် တွေးထင်မိမှာ သေချာသည်။

ဟူး ဟူး ……။

ထိုအချိန်မှာပဲ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် အဘိုးအို နှစ်ယောက်တို့သည် ရုတ်တရက် အဓိက ဟောခန်း၏ အပြင်ဘက်ဆီမှ အထဲသို့ လျှောက်ဝင်လာကာ ဒေါသတကြီး ပြောလိုက်ကြ၏။ “အဓိကဟောခန်း ထဲကို ချိုးဖောက်ဝင်ရောက်လာတာက ခွင့်လွှတ်ပေးလို့ မရဘူး”

ဤညီအစ်ကို နှစ်ယောက်သည် အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း ကင်းသမားဆယ့်နှစ်ယောက် တို့နှင့် နှိုင်းယှဉ်မည်ဆိုပါက အလွန်ပင် အဆင့် နိမ့်ကျနေသေး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အသာလှည့်ပြီးသည့်နောက် လက်သီးတွင် စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းကာ တစ်ခါတည်း တိုက်ရိုက် ထိုးနှက်လိုက်၏။

နှစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်မှုသည် အလွန်ပင် ကြမ်းတမ်းလွန်းလှသည်။

ရွှီး ……။

ကျွင်းချောင်ရှောင်းသည် လက်ကို ဝှေ့ယမ်းပြီးသည့်နောက် အဝေးတစ်နေရာတွင် အစီအရင်အလံများကို ထိုးစိုက် လိုက်၏။ ပြီးသည့်နောက် အစီအရင်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး အဓိက ဟောခန်းကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ဗုံးအား ထားရှိပြီးသည့်နောက် ဤအရာသည် ကျန်းသေပေါက် ပေါက်ကွဲပေလိမ့်မည်။ သို့ပေမဲ့ ဗုံးအား ပြန်လည်ဖျက်ဆီးရန် မည်သူ့ကိုမှ ခွင့်ပြုပေး၍ မဖြစ်ချေ။ ထို့ကြောင့် မည်သူမှ ဝင်မလာနိုင်စေရန် အစီအရင် အတားအဆီးကြီးအား ဖန်တီးခဲ့ခြင်းပင် ဖြစ်တော့၏။

ဒွီး ဒွီး …..။

ထိုအချိန်မှာတော့ အတားအဆီး အစီအရင် တစ်ခုချင်းစီတိုင်းသည် ဖြစ်တည်လာပြီးသည့်နောက် ခံတပ်၏ အဓိက ဟောခန်းကြီးတစ်ခုလုံးကို လွှမ်းခြုံလာခဲ့၏။ အဓိကဟောခန်းထဲမှ ထွက်ပေါ်လျက်ရှိနေသည့် ချိန်ကိုက်ဗုံး၏ အသံသည်ကလည်း အပြင်ဘက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများ၏ ရင်ထဲကို အရှိန်အဟုန် ပြင်းပြင်းနှင့် ထိုးနှက်စေခဲ့၏။ ဤအသံသည် အနက်ရှိုင်းဆုံးသော ငရဲပြည်မှ ထွက်ပေါ်လာနေသည့် အသံမျိုးနှင့်ပင် ဆင်တူနေသည်။

“သွားကြစို့။ ဒီနေရာက မြန်မြန် သွားကြရအောင်”

အရှေ့၊ အနောက်နှင့် တောင်ဘက်ပိုင်းတွင် နေထိုင်ကြသော လူများအားလုံးတို့သည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ဒုက္ခသည်များကဲ့သို့ ထွက်ပြေးကြတော့သည်။ လက်ရှိ အခြေအနေမှာတော့ ခံတပ်တည်နေရာကြီးတွင် ရေတွက်လို့မရအောင် များပြားသောတိုက်ပွဲများ ဖြစ်တည်လျက် ရှိနေကြပြီး မြင်ကွင်းတစ်ခုလုံး သည်လည်း ရှုပ်ယှက်ခတ်လျက် ရှိနေ၏။ ကမ္ဘာပျက်တော့မည့်သကဲ့သို့ပင်။

“သတ်ကြ။ သတ်ကြ”

မြောက်ပိုင်းခရိုင်အတွင်းမှာတော့ ထောင်ထဲမှ လွတ်မြောက်လာခဲ့သော အကျဉ်းသားများ သည် ကြယ်ကောင်းကင်ခံတပ်၏ စွမ်းအားမြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြ၏။ ၎င်းတို့၏ ရင်ထဲတွင် ရှိနေသော အမုန်းတရားများကြောင့် တိုက်ခိုက်မှုများသည် ပိုမိုကာ ပြင်းထန်လျက် ရှိနေ၏။ ကံကောင်းစွာဖြင့် အဓိကပြဿနာကောင်များသည် ကြိုတင်ကာ လွတ်မြောက်သွားခဲ့၏။ မဟုတ်ပါက အခြေအနေသည် ပိုမိုကာ ဆိုးရွားမှာ သေချာတော့၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် ကင်းသမားဆယ့်နှစ်ယောက်တို့နှင့် ရင်ဆိုင်နိုင်ခဲ့သည်သာ မဟုတ်ပါက ဤကဲ့သို့သော ကိစ္စရပ်များကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်ခဲ့သည် မဟုတ်ချေ။ ယခု ခံတပ်၏ ဘက်တွင် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်သာလျှင် ရှိတော့၏။ ထို့ကြောင့် သူ့အနေနှင့် ကျန်သည့်အရာများကိုပင် စဉ်းစားတွေးတောနေစရာ မလိုအပ်တော့ချေ။ အကျဉ်းသားအဖွဲ့သည် ဘာတစ်ခုကိုမှ ကြောက်ရွံ့တက်သည့် လူများ မဟုတ်ကြချေ။

သို့ပေမဲ့ ကြယ်ကောင်းကင်ခံတပ်မှ စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်တို့သည် ထိုသူတို့ကို မျက်လုံးထဲ မထည့်ချေ။ သူတို့အတွက် အဓိက ပြဿနာပေးနိုင်သည့် လူမှာ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်ပင် ဖြစ်တော့သည်။ အထူးသဖြင့် ဤလူငယ် ဘာလုပ်ထားမှန်း မသိသည့် တဒွီဒွီ အသံကြီးပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အလင်းအတားအဆီးများအား ကျော်ဖြတ်ပြီးသည့်နောက်မှာတော့ အဓိကဟောခန်း၏ လှေကားထစ်ရှေ့တွင် ဝံ့ကြွားစွာဖြင့် မတ်တပ်ရပ်လျက် ရှိနေသည်။ သူသည် ကျင့်ကြံခြင်းအဆင့်များကို အလုံးစုံ ထုတ်ဖော်ခဲ့သည်။ သို့ပေမဲ့ သူ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသည့် အော်ရာများသည် ကြမ်းတမ်းလှသည့် လူတစ်ယောက်အဖြစ် သိသာထင်ရှားစေခဲ့တော့သည်။

“အမှိုက်လေး”

ခံတပ်၏ ကျွမ်းကျင်သူများထဲမှ တစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကြယ်ကောင်းကင်ခံတပ်ဆိုတာ အထက်နယ်မြေကို ကိုယ်စားပြုတာ။ ကြယ်ကောင်းကင်ခံတပ်ကို ပုန်ကန်မယ် ဆိုရင် မင်းက …”

“အထက်နယ်မြေက ပေါက်ကရအကြောင်းတွေ လာမပြောနဲ့။ အထက်နယ်မြေအကြောင်းကိုလည်း ကျုပ်က သောက်ဂရုမစိုက်ဘူး။ ကြယ်ကောင်းကင်ခံတပ်ကို ကျုပ်က ဒီနေ့ ဖောက်ခွဲပစ်မယ်။ ဒီကိစ္စကို ဘယ်လို လူမျိုးကမှ လာပြီး တားဆီးလို့မရဘူး” ကျွင်းချောင်ရှောင်းက အေးစက်စက် ပြောလိုက်သည်။

“..........”

ခံတပ်၏ စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ပြီးနောက်အလျင်အမြန်ပဲ သဘောတူညီမှုကို ပြုလုပ်လိုက်တော့သည်။ ၎င်းတို့၏ ကျင့်ကြံခြင်းကို အဆုံးစွန် အထိ ထုတ်ဖော်ကာဖြင့် တစ်ဖက်လူအား တိုက်ရိုက် တိုက်ခိုက်တော့၏။

ကျွင်းချောင်ရှောင်း၏ စကားလုံးများကို ကြည့်ရှုလိုက်သည်နှင့် အဓိကဟောခန်းကြီးတွင် ကြီးမားသည့် ပေါက်ကွဲမှု များ ဖြစ်ပေါ်မည်ဆိုသည်ကို သူတို့ အကြမ်းဖျဉ်းခန့်မှန်းလိုက်၏။ ပို၍ အရေးကြီးသည်မှာ တစ်ဖက်လူကို ရင်ဆိုင် ရန်ပင် ဖြစ်တော့၏။ ထိုမှသာလျှင် အတားအဆီးကို ချိုးဖြတ်ပြီးသည့်နောက် ထိုပေါက်ကွဲစေနိုင်သည့်အရာကြီးကို ဖယ်ရှားနိုင်မှာ ဖြစ်၏။

ဘုန်း ဘုန်း …။

သို့ပေမဲ့ စွမ်းအင်မျိုးစုံတို့သည့် ဖိနှိပ်ကျလာသည့်နောက်မှာတော့ ဆေးမင်ကြောင်နှင့်လူသည် ရုတ်တရက် အဝေး တစ်နေရာဆီမှ ခုန်ထွက်လာသည်။ ၎င်းသည် စွမ်းအင်လှိုင်းများ မျိုးစုံတို့ကို ခံယူခဲ့သည်သာမက စပ်ဖြီးဖြီးနှင့်ပင် ရယ်ကာ ပြောခဲ့သေး၏။ “မင်းတို့က တကယ့်ကို အားနည်းလွန်းတာပဲ”

“ဒါဆိုရင် ဒီလူတွေကို မင်းဖို့ ထားခဲ့လိုက်တော့မယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပတ်ပြီး ကြည့်လိုက် အုံးမယ်”

သူ့အနေနှင့် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် စိတ်မဝင် စားလှချေ။ ၎င်းတို့၏ စွမ်းအင်အဆင့်သည် ကင်းသမားနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ခဲ့ချေ။ ထိုအစားသူသည် အပြစ် ကင်းစင်လှသည့် သိုင်းကျင့်ကြံသူများအား တစ်နာရီအတွင်း ဤနေရာမှ ထွက်ခွာသွားရန် လိုက်လံကာ ကြိုးစား ပေးရပေဦးမည်။

ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်းတစ်ယောက် အနေဖြင့် လူကောင်းတစ်ယောက် ဟုတ်သည့်ပုံ မပေါ်သော်လည်း လူဆိုးတစ်ယောက်တော့ မဟုတ်တာ ကျိန်းသေ၏။ သူသည် အပြစ်ကင်းစင်လှသည့်လူများကို ပြဿနာတက်စေသည့် လူမျိုးတော့ မဟုတ်ချေ။

“နေအုံး။ ငါဘာလို့ ဆေးပစ္စည်းဆိုင်တွေ၊ ငွေလွှဲစာချုပ်ဆိုင်တွေဆီ မသွားတာလဲ။ ဒါမှမဟုတ် မှောင်ခိုဈေးကွက်ဆီ သွားလို့ ရသေးတယ်လေ”

ကျွင်းချောင်ရှောင်း၏ အပြစ်ကင်းစင်လှသည့်လူများကို လွတ်မြောက်စေရန် ပြုမူစဉ်းစားတတ်ပုံကို ချီးကျူးရမည် ဆိုလျှင် ဤအရှုပ်အထွေးများကြားထဲတွင် အကျိုးအမြတ်ရအောင် စဉ်းစားနိုင်သည့်ဦးနှောက်ကိုလည်း ချီးကျူး ရပေလိမ့်မည်။ ကံဆိုးစွာဖြင့် သူသွားခဲ့သည် ဆိုသော်လည်း အကျိုးမရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မှောင်ခိုဈေးကွက်နှင့် တခြားသော တည်နေရာများရှိ သိုင်းကျင့်ကြံသူများ အားလုံးသည် အခြေအနေ မကောင်း သည်နှင့် တပြိုင်နက် ၎င်းတို့၏ ရှိရှိသမျှ အရာအားလုံးကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒီတော့ တခြားနေရာတွေ လျှောက်ကြည့်ရမယ်”

မှောင်ခိုဈေးကွက်ထဲမှ ထွက်ခွာလာပြီးသည့်နောက် သူသည် ခရိုင်အသီးသီးဆီသို့ လှည့်လည်ကာ ကြည့်ရှုလိုက်၏။ များပြားလှသော ဂြိုဟ်အသီးသီးမှ တခြား သိုင်းကျင့်ကြံသူများ မရှိတော့သည်ကို အတည်ပြုပြီးသည့်နောက် သူသည် စိတ်သက်သာရာ ရမိသွား၏။

ဝှစ်

ထိုအချိန်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်လှိုင်းများသည် သူ၏နောက်ဘက်ဆီမှ ဖြစ်တည်လာခဲ့၏။ ကြီးမားလှသော လက်ကြီးတစ်ဖက်သည် လေဟာနယ်ထဲမှ ဖြစ်တည်လာပြီး သူ့အား ဖိနှိပ်ရိုက်နှက်တော့သည်။

ဘုန်း

ဖြောက် ဖြောက် ဖြောက် ဖြောက်

ကျွင်းချောင်ရှောင်းသည် လက်ကို ရှေ့သို့တိုးကာဖြင့် တားဆီးလိုက်၏။ နောက်ဆုံးမှာတော့ သူသည် လမ်း၏ အဆုံးတစ်ဖက်ဆီသို့ ရောက်ရှိသွားပြီးသည့်နောက် ထိုနေရာဆီသို့ ရောက်မှသာလျှင် ၎င်း၏ ဟန်ချက်ကို ထိန်းချုပ်နိုင်၏။

သူ့အားတိုက်ခိုက်လိုက်သည့် တည်နေရာဆီသို့ လှမ်း၍ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ခံတပ်သခင်သည် ကြီးမားလှသည့် အော်ရာများနှင့်အတူ ရောက်ရှိလျက် ရှိနေေ၏။ ၎င်း၏ မျက်လုံးများတွင် တင်းမာ ခက်ထန်လွန်းပြီး ဒေါသတရားများနှင့်လည်း ပြည့်နှက်လျက် ရှိသည်။

ပြန်လည် အားကောင်းအောင် ပြုလုပ်နေသည့်အချိန်တွင် သူသည် မြို့ထဲရှိ အရာအားလုံးကို သေချာဂရုစိုက် ကြည့်ရှုလျက် ရှိနေ၏။ ပုံမှန်အားဖြင့် မြို့ကို ဤကဲ့သို့ ရှုပ်ထွေးအောင် ပြုလုပ်သည် ဆိုသည်မှာ အဓိကပြဿနာကောင် ဖြစ်ကြောင်း ကောင်းကောင်းနားလည်ပြီးဖြစ်၏။ များပြားလှသော ဂြိုဟ်အသီးသီးမှ လူများသည် ဤလူကြောင့်ပင် ထွက်ပြေးတိမ်းရှောင်ကုန်ကြတော့၏။

“ပြန်ကောင်းသွားပြီလား”

ကျွင်းချောင်ရှောင်းသည် သွားကိုဖြီးကာ ပြောလိုက်၏။ သူသည် ဗုံးအား အောင်အောင်မြင်မြင်ဖြင့် ထားရှိပြီးပြီ ဖြစ်သောကြောင့် ဤလူပေါ်ပေါက်လာမည်ဆိုလျှင်တောင်မှ ကိစ္စမရှိချေ။

“အမှိုက်ကောင်”

ခံတပ်သခင်သည် အေးစက်စက်နှင့် ပြောလိုက်၏။ “မင်း လုပ်ခဲ့တဲ့ အရာတွေအားလုံးက ခွင့်လွှတ်ပေးလို့ မရဘူး။ ဒီနေ့မှာ နယ်မြေဟောခန်းရဲ့အစား မင်းကို ငါက သုတ်သင်ပစ်မယ်”

ဒွီ ဒွီ

တည်နေရာကြီး တုန်ခါသွား၏။ ပြီးသည့်နောက်မှာတော့ ခုနှစ်ရောင် တောက်ပလျက် ရှိနေသော လေးကြီးတစ်စင်း သည် လေထုထဲတွင် ဖြစ်ပေါ်လာခဲ့၏။ ထိုအရာ၏ အော်ရာနှင့် အရှိန်အဟုန်သည် တရားရေးရာတပ်မှူး ကိုင်ဆောင်ထားသည့် လေးကြီးထက် ပိုမိုကာ အားကောင်းလွန်းလှသည်။

ပြောရမည်ဆိုလျှင် ဤလေးကြီးသည် နယ်မြေဟောခန်းမှ ပေးအပ်ထားသည့် ပထမဦးဆုံး ခံတပ်သခင် ကိုင်ဆောင်သည့်အရာလည်း ဖြစ်လို့နေခဲ့၏။ ဤအရာ၏ နာမည်အပြည့်အစုံသည် အထူးသတ်ဖြတ်ခြင်း နတ်ဘုရားလေးပင် ဖြစ်တော့သည်။ ကြောက်မက်ဖွယ်ရာ ကောင်းလှသော မိစ္ဆာလိုလူများကို အပြစ်ပေးရန် အတွက် အထူးပြုလုပ်ထားသည့်အရာပင် ဖြစ်၏။

စနစ်က ပြောလိုက်သည်။ “ဒီပစ္စည်းက တကယ့်ကို အန္တရာယ်များတယ်”

ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို သိ၏။ သို့ပေမဲ့ သူသည် မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိလို့နေသည်။ “ခင်ဗျား ကျုပ်ကို သတ်လို့ မရပါဘူး”

ဝှစ် ဝှစ်

စွမ်းအင်လှိုင်းများသည် သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် စွန်းဝူခုန်း၏ ဝတ်စုံကို ဝတ်ဆင်ပြီး ဖြစ်တော့၏။ သူ့အနေနှင့် ကင်းသမားများကို ရင်ဆိုင်ရန်အတွက် သူ၏ဝှက်ဖဲကို ထုတ်ဖော် အသုံးမပြုခဲ့ချေ။ သို့ပေမဲ့ ခံတပ်သခင်နှင့် ရင်ဆိုင်သည့်နေရာတွင်တော့ သူသည် လေးလေးနက်နက်ထားကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။

ဝှစ် ဝှစ်

အထူးနတ်ဘုရားသတ်ဖြတ်ခြင်းလေး သည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးတွင်ရှိသော ဓာတ်သဘာဝများသည် လာရောက်စုဝေးပြီးသည့် နောက်မှာတော့ ထိုလေးကြီးထဲသို့ ရူးရူးမူးမူး စုဝေးလျက်ရှိနေ၏။

ဆွစ်

ခံတပ်၏ သခင်သည် သူ၏ လက်ကို မြှောက်ပြီးသည့်နောက်မှာတော့ လေးကြိုးကို လက်တစ်ဖက်ဖြင့်ဆွဲလိုက် တော့၏။ တည်နေရာအနှံ့ဆီမှ စွမ်းအင်လှိုင်းများသည် လေးဆီသို့ တိုးဝင်လာပြီးသည့်နောက်မှာတော့ တောက်ပြောင်လျက်ရှိနေသည့် မြားကြီးတစ်စင်းအဖြစ်သို့ ပုံပေါ်လာ၏။

လက်ရှိအခြေအနေမှာတော့ မြို့ထဲရှိ လေထုတစ်ခုလုံးသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါနေ၏။ ဤအချက်အလက်ကို ကြည့်ရှုလိုက်သည်နှင့် ဤမြားသည် သာမန်မဟုတ်ကြောင်း သိရှိနိုင်သည်။

ဘုန်း

ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ မိုးကြိုးပစ်သံ တစ်ခုသည် တည်နေရာထဲတွင် ဖြစ်တည်လာခဲ့၏။ ထိုမိုးကြိုးကြီးသည် စွမ်းအင်လှိုင်းများ အားလုံးကို စုယူပြီးသည့် နောက်မှာတော့ လေးတွင်ရှိနေသော မြားဆီတွင် လာရောက်စုဝေး၏။

“ဒါက”

တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်နှင့် တိုက်ခိုက်လျက် ရှိနေသည့် ဆေးမင်ကြောင်နှင့်လူသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒါက နယ်မြေဟောခန်းရဲ့ သတ်ဖြတ်ခြင်း စွမ်းအင်ပါလား”

ဆွစ် ဆွစ်

ကြောက်မက်ဖွယ်ရာကောင်းလှသည့်အော်ရာများသည် မြို့ထဲတွင် ပျံ့နှံ့လျက် ရှိနေ၏။ ပတ်ဝန်းကျင်ရှိ အဆောက်အဦများသည် ကြီးကြီးမားမား ပြိုလဲကုန်၏။ အဝေးကြီးဆီသို့ ရောက်ရှိနေသည့် သိုင်းကျင့်ကြံသူများ ဆိုလျှင်ပင် ဤအရာကြီး၏ တုန်ခါမှုကို ကောင်းကောင်းခံစားနေမိတော့၏။ ၎င်းတို့၏ မျက်လုံးများသည် ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက် ရှိပြီးသည့်နောက်မှာတော့ အနောက်ခပ်ဝေးဝေးဆီသို့ ထပ်မံကာဖြင့် ဆုတ်ခွာလိုက်မိကြ၏။

လက်ရှိအခြေအနေမှာတော့ ခံတပ်သခင် ထုတ်ဖော်လိုက်သော သတ်ဖြတ်ခြင်း စွမ်းအင်များသည် တဒွီဒွီ မြည်နေသော အသံကြီးနှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ တည်နေရာကြီး တစ်ခုလုံးသည် မကြာခင် ပျက်စီးတော့မည့်အရာဖြစ်ကြောင်း အားလုံးက ခံစားနားလည်မိလိုက်ကြသည်။

ခံတပ်သခင်သည် အေးစက်စက် အော်ဟစ်လိုက်၏။ “လောကရဲ့ အပြစ်ပေးမှုကို ထုတ်ဖော်မယ်”

ဝှစ် ဝှစ်

မြားတစ်စင်းသည် ထွက်ပေါ်သွားခဲ့၏။ ကြမ်းတမ်းလှသည့် လေလှိုင်းကြီးများသည် အနောက်ဘက်ဆီမှ အရှိန် အဟုန်ပြင်းပြင်းနှင့် တိုက်ခိုက်နေခဲ့၏။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

မြို့ထဲတွင် ရှိနေသော လေဟာနယ်ကြီးသည် ရုတ်တရက် ပြိုလဲသွားခဲ့၏။ ဖြတ်သန်းသွားသမျှ လမ်းတွင်ရှိသော အဆောက်အဦများအားလုံးသည် အမှုန့်အဖြစ်သို့ပင် ပြောင်းလဲကုန်၏။ ဤကဲ့သို့သော အချင်းအရာနှင့် ရင်ဆိုင် နေရသည့် ကျွင်းချောင်ရှောင်းမှာတော့ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးကို ထုတ်ဖော်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင် များပြားလွန်းလှသော အကာအကွယ်နံရံများကို တစ်ခုပြီးတစ်ခု ဖန်တီးတော့သည်။

သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့အသက်ဆိုတာ ကျုပ်ရဲ့ လက်ထဲမှာပဲရှိတယ်။ ဒီတော့ ကျုပ် ဘာလုပ်လုပ် ခင်ဗျားအနေနဲ့ ပြောပိုင်ခွင့် မရှိဘူး”

“ချီးတဲ့မှ”

ဆေးမင်ကြောင်နှင့်လူသည် ထအော်လိုက်မိ၏။ “သူ ဘာလို့ မရှောင်တာလဲ”

All Chapters