← Chapters

အခန်း (၁၃၁၀)

Vol. 88 Ch. 1310

အခန်း (၁၃၁၀)

Vol. 88 Ch. 1310

စွန်းဝူခုန်းဝတ်စုံ အသက်သွင်းလိုက်သည့်အချိန်တွင် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုသည် အလွန်တရာ အားကောင်းလွန်းလှ၏။ သို့ပေမဲ့ ပြိုင်ဘက်ကင်းတော့ မဟုတ်လှချေ။ အဘယ်ကြောင့်ဆိုသော် အချိန် အတိုင်းအတာတစ်ခု တည်ရှိနေသောကြောင့်ပင်။

သေချာတွေးရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းအနေဖြင့် ငရဲကြီး ကိုးထပ်ထဲသို့ ဝင်ရောက်ပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်ခဲ့၏။ ပြီးသည့်နောက်မှာတော့ ဤနေရာဆီသို့ ထပ်မံ ပြန်ရောက်ခဲ့၏။ ထိုကဲ့သို့သော အချိန်တိုအတွင်းတွင် နှစ်ကြိမ်တိတိ ဆင့်ခေါ်လိုက်ခြင်းသည် များပြားလွန်းသည်ဟု ဆိုရမည်။

ပထမအကြိမ် ဆင့်ခေါ်ခဲ့စဉ်က မျောက်ဘုရင်ကြီးသည် စွမ်းအင်အပြည့် တည်ရှိနေပြီး အလွန်တရာလည်း အားကောင်းလွန်းလှ၏။ ဒုတိယအကြိမ် ဆင့်ခေါ်သည့်အချိန်မှာတော့ တူညီသည့်အခြေအနေ ရှိနေသည်ဆိုလျှင် တောင်မှ ကုန်ဆုံးသွားခဲ့သည့် စွမ်းအင်များသည် ပြန်လည်မရရှိခဲ့သေးပေ။ ထို့ကြောင့် သူ့အနေနှင့် အတင်း မာန်တင်းကာ တိုက်ခိုက်ခဲ့ရခြင်းပင် ဖြစ်၏။

တကယ်တမ်း စောနတုန်းက တိုက်ခိုက်ခဲ့သည့် ရှုပ်ထွေးလှသည့် တိုက်ပွဲအတွင်းတွင် များပြားလှသော ဂြိုဟ်အသီးသီးဆီမှ အားနည်းသည့် သိုင်းကျင့်ကြံသူများကို ရွေးချယ်ကာ တိုက်ခိုက်ခဲ့ရခြင်းပင်ဖြစ်၏။ သူ့အနေနှင့် ခံတပ်သခင်ကို ပစ်မှတ်မထားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ခံတပ်သခင်သည် အနည်းငယ် အားကောင်းလွန်း လှ၏။ သူ၏ လက်ရှိအခြေအနေအရ တစ်ဖက်လူနှင့် တိုက်ခိုက်ရန် အခြေအနေ မရှိနိုင်ပေ။

မျောက်ဘုရင်ကြီးသည် အလွန်ဉာဏ်ကောင်းလှသူဖြစ်၏။ အားကောင်းလှသည့်ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူသည် သူ၏အော်ရာများကို အသုံးပြုပြီး တစ်ဖက်လူကို ဖိနှိပ်ခြိမ်းခြောက်ထားခဲ့၏။ ပြီးသည့်နောက် မှာတော့ ပိုးဖလံကဲ့သို့ ကောင်လေးများအား ရင်ဆိုင်ပြီး ပြန်လည် ထွက်ခွာသွားခဲ့သည်။ သူ့အနေနှင့် မျောက်ဘုရင်ကြီးဆိုသည့်နာမည်ကို အောင်အောင်မြင်မြင် ကာကွယ်ထားနိုင်သည်သာမက ဂြိုဟ်အသီးသီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများကိုလည်း အံ့ဩအောင် တိုက်ခိုက်နိုင်ခဲ့၏။

ဟုတ်ပေသည်။ မျောက်ဘုရင်ကြီး၏ အားအင်အဆင့်ကို သံသယရှိစရာတော့ မလိုပေ။ တကယ်တမ်း အပြစ်တင်ရမည်ဆိုပါက အချိန်အနည်းငယ်အတွင်း ခဏခဏ ဆင့်ခေါ်ခဲ့သည့် ကုန်းရှန့်ကိုသာ အပြစ်တင်ရမည်။

သူ့အား လုံလောက်သည့် နားနေခွင့်အခြေအနေကို ပေးသည်ဆိုပါက နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာ သည်ဆိုသည်နှင့်တပြိုင်နက် တောင်ပိုင်းကောင်းကင်ဘုံဂိတ်တံခါးဆီမှ အရှေ့ဂိတ်တံခါးဆီသို့ရောက်အောင် ဓားနှင့် ခုတ်ပိုင်း တိုက်ခိုက်နိုင်သော အစွမ်းသတ္တိများ သူ့တွင် တည်ရှိနေခဲ့သည်။

ဤအရာသည် အရေးကြီးကိစ္စတော့ မဟုတ်ချေ။ အရေးကြီးကိစ္စမှာ မျောက်ဘုရင်ကြီး ထွက်ခွာသွားသည်နှင့် တပြိုင်နက် ကျွင်းချောင်ရှောင်းသည် ကိုယ်ထင်ပြရပေတော့မည်။

“ချီးတဲ့မှ”

ကုန်းရှန့်သည် စိတ်ထဲမှာ ကြိတ်ကာ အော်ဟစ်လိုက်မိ၏။ “တကယ်လို့ ငါ သူ့ကို ရင်မဆိုင်နိုင်ဘူးဆိုရင် ငါ့ရဲ့ ဝှက်ဖဲတွေကို ထုတ်ပြီး သုံးရတော့မှာပေါ့”

မျောက်ဘုရင်ကြီး၏ အစွမ်းသက်ရောက်မှုကို ထုတ်ဖော်အသုံးပြုရခြင်း ရည်ရွယ်ချက်သည် သူ ဘာမှလုပ်စရာ မလိုဘဲ ခံတပ်သခင်ကို ရင်ဆိုင်တိုက်ခိုက်ရန် ဖြစ်၏။ ထိုသို့ဆိုလျှင် သူ့အနေနှင့် သူ၏ စွမ်းအင်များကို စုဆောင်း ထားသလိုဖြစ်ပြီး ကျန်ရှိနေသော များပြားလှသော ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများဆီသို့ လိုက်ပါကာ ငွေညှစ်ရန် စဉ်းစားထားခဲ့ခြင်းပင်ဖြစ်သည်။

လက်ရှိအခြေအနေမှာတော့ မျောက်ဘုရင်ကြီးသည် စစ်ကူများကိုသာ တိုက်ခိုက်ခဲ့ပြီး အဓိကလူကိုတော့ ချန်ထားခဲ့၏။ ဤကဲ့သို့မှန်းသိမည်ဆိုပါက တစ်ခါတည်း စည်းဓားမော့ကို ထုတ်ဖော်ကာ အသုံးပြုမှာ သေချာ၏။

ကျွင်းချောင်ရှောင်းသည် စိတ်တိုလျက် ရှိနေသည်။ “ငါ ဘာမှမဟုတ်ဘဲ ဝှက်ဖဲတစ်ခုကို အသုံးပြုခဲ့မိတာပဲ”

ဝှစ် ဝှစ် …။

ထိုအချိန်မှာတော့ အလွန်အားကောင်းလှသော လေလှိုင်းများသည် အဝေးတစ်နေရာဆီမှ ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက်မှာတော့ ဓားမော့အလင်းနှစ်ခုသည် လိုက်ပါလာခဲ့၏။

ဘန်း ဘန်း

ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံကြီးအား ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ဓားမော့စွမ်းအင် များ အားလုံးကို ဖယ်ရှားလိုက်တော့၏။ သို့ပေမဲ့ သူသည် နောက်ဘက်သို့ လွင့်စင်သွားရသည်။ “ချီးတဲ့မှ...ဘယ်တုန်းက ဒီလောက်ထိ အားကောင်းသွားတာလဲ”

စနစ်က ပြောလိုက်သည်။ “ဘာပဲပြောပြော ခုနတုန်းက သူက သူ့ရဲ့ဌာနေထဲမှာ တည်ရှိနေတာလေ။ ဒီတော့ အဆောက်အဦတွေ ပျက်စီးမှာစိုးလို့ အဆင်ခြင်မဲ့ မတိုက်ခိုက်ရဲဘူး။ အခု မင်းက သူ့ရဲ့အိမ်ကို ဖျက်ဆီးခဲ့တယ်လေ။ ဒီတော့ ဘာမှ ညှာတာ ထောက်ထားစရာ မလိုတော့ဘူး”

ဤအရာမှာ အမှန်ပင် ဖြစ်၏။ ခံတပ်သခင်သည် မည်သည့် ညှာတာထောက်ထားမှုကိုမှ မပြတော့ချေ။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ တည်ရှိတော့၏။ ထိုအရာမှာ ကြယ်ကောင်းကင်ခံတပ်ကြီးအား ဖောက်ခွဲခဲ့သည့် ဤသူတောင်းစားအား သတ်ပစ်ရန်ပင် ဖြစ်တော့၏။ ထိုမှသာလျှင် ကောင်းကင်ပေါ်တွင် ရှိနေသော သူ၏ ဘိုးဘေးများ၏ ဝိညာဉ်ကို တောင်းပန်နိုင်စွမ်း ရှိပေလိမ့်မည်။

“သေစမ်း”

ဟူး ဟူး ……။

အလွန်အားကောင်းလှသော ဓားမော့ကြီးနှစ်ခုသည် ယခင်က တိုက်ခိုက်ခဲ့သည့် အားအင်အဆင့်အထက် ပိုမို အားကောင်းစွာဖြင့် ခုတ်ပိုင်းမှုကို ပြုလုပ်လျက် ရှိနေ၏။

ခံတပ်သခင်သည် အကြီးအကျယ် ဒေါသထွက် လျက်ရှိနေပြီး အစွမ်းကုန် ထုတ်ဖော် တိုက်ခိုက်လျက် ရှိနေ၏။ သူထုတ်ဖော်တိုက်ခိုက်ခဲ့သော အားအင်အဆင့်သည် ယခင်ကထက် ပိုမိုကာ အားကောင်းလွန်းလှသည်။

ကျွင်းချောင်ရှောင်းအနေဖြင့် တစ်ဖက်လူသည် သူရင်ဆိုင်ခဲ့ရသည့် ရန်သူများထဲတွင် အားအကောင်းဆုံးသော ပြိုင်ဘက်ဖြစ်ကြောင်းကို ထင်ထင်ရှားရှား နားလည်လိုက်မိ၏။ မည်သို့ပင်ဆိုစေကာမူ သူ့အနေနှင့် ရင်ဆိုင် တိုက်ခိုက်မှုကို ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။

ဝုန်း ဝုန်း

ကျွင်းချောင်ရှောင်းသည် သူ၏ ကောင်းကင်စတေးခြင်းလှံကြီးကို ဝှေ့ယမ်းလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များ သည် နဂါးကြီးနှစ်ကောင်ကဲ့သို့ အသွင်ပြောင်းကာဖြင့် ရှေ့ဘက်ဆီသို့ လှမ်းတက်ကာ ဓားမော့ အော်ရာများကို တိုက်ခိုက်နေ၏။

ရွှီး … ဒင်

ရွှီး … ဒင် ဒင် ဒင် ……။

ခံတပ်သခင်သည် အဆုံးစွန်သော အားအင်များကို အသုံးပြုပြီးသည့်နောက် သူ၏ ဓားမော့အလင်းများကို ထိန်းချုပ်ကာ တိုက်ခိုက်၏။ တစ်ခါတစ်ရံ သူသည် တည်နေရာရွေ့ပြောင်းမှုကို ပြုလုပ်ပြီး တိုက်ခိုက်တတ်သေး ၏။ ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများသည် သူ့အား သေသေချာချာပင် လိုက်လံ မကြည့်ရှုနိုင်ခဲ့ပေ။ အလွန်တရာ မြန်ဆန်လွန်းလျက် ရှိနေသည်။

ကျွင်းချောင်ရှောင်းမှာလည်း နည်းနည်းလေးမှ အားမနည်းလှချေ။ စွန်းဝူခုန်းဝတ်စုံကို ဝတ်ဆင်ပြီးသည့်နောက် လက်ထဲတွင် ကောင်းကင်စတေးခြင်းလှံကြီးကို ကိုင်ထား၏။ ထို့ကြောင့် သူ၏ လှုပ်ရှားတိုက်ခိုက်မှု ပုံစံသည် အလွန်အားကောင်းလွန်းလှချေပြီး အားလုံးသောလူများ၏ မျက်လုံးထဲတွင် ကြည့်ကောင်းလို့နေ၏။

“ကောင်းကင်ပုံရိပ်ယောင်”

“နတ်ပြောင်းလဲခြင်း”

ဟူး ဟူး ဟူး

ထိုအချိန်မှာတော့ ခံတပ်သခင်သည် သူ၏ အလွန် နက်နဲလှသော သိုင်းနည်းစနစ်များကို ထပ်မံကာ အသုံးပြု ပြန်သည်။ ကြမ်းတမ်းလွန်းလှသော လေလှိုင်းများသည် တိုက်ခိုက်မှု တည်နေရာထဲတွင် တဟူးဟူးနှင့် ဖြစ်တည် လာပြီးသည့်နောက် ကြီးမားလှသည့် ဓမ္မပုံရိပ်ယောင်ရှစ်ခုသည် မတူညီသည့် တည်နေရာရှစ်ခုတွင် ဖြစ်ပေါ်လာ ခဲ့၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့ အားလုံးသည် ညာဘက်လက်ကြီးကို မြှောက်ကာဖြင့် ကျွင်းချောင်ရှောင်း အား တပြိုင်နက်တည်း ရိုက်ချလိုက်သည်။

ဖြောင်း …..။

လက်ဝါးရှစ်ချက်သည် အားကောင်းလွန်းလှသော အော်ရာများနှင့်အတူ ကျဆင်းလာခဲ့၏။ စကြဝဠာထဲတွင် ရှိနေသော စွမ်းအင်များအားလုံးသည် ထိုလက်ဝါးရိုက်ချက်ထဲတွင် လာရောက်စုစည်းနေသည့်ပုံပေါ်၏။

သာမန် ဂြိုဟ်လေးတစ်ခုသာဆိုပါက ဤကဲ့သို့သော တိုက်ခိုက်မှုကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ဘဲ အစိတ်စိတ်၊ အပိုင်းပိုင်း ဖြစ်သွားမှာ သေချာ၏။ ဤမျှ ပြင်းထန်လှသော တိုက်ခိုက်မှု အားအင်အဟုန်ကို မြင်ရသည့် အချိန်မှာတော့ အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည် အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားပင် ဖြစ်မိနေကြသည်။

ဆွစ် ….။

ကျွင်းချောင်ရှောင်းသည် တိကျသေချာသည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံပေါ်သို့ ခုန်တက်လိုက်၏။

ဘုန်း ….။

သို့ပေမဲ့ သူ့အနေနှင့် တစ်ဖက် ရိုက်ချက်များ၏ ပိတ်ဆို့မှုကို ချိုးဖြတ်ရန် ပြင်လိုက်သည့်အချိန်မှာပဲ လက်ဝါးရိုက်ချက် နှစ်ခုသည် အပေါ်နှင့် ညာဘက်ဆီမှ ကျဆင်းလာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူ့အား ဘက်ပေါင်းစုံဆီမှ ဖြစ်ညှစ်ရန် ကြိုးစားသည်။

ဘုန်း ဘုန်း

တခြားသော လက်ဝါးရိုက်ချက် ခြောက်ခုသည်လည်း အောက်သို့ ကျဆင်းလာခဲ့ပြီးသည့်နောက် လေဟာနယ်ကြီး တစ်ခုလုံးသည် တွန့်လိမ်လျက် ရှိနေ၏။

မိုရှန်ရှမ်း၏ မျက်လုံးများသည် ပြူးထွက်သွား၏။ ခံတပ်သခင်နှင့် ကျွင်းချောင်ရှောင်းတို့၏ တိုက်ခိုက်မှု အနည်းငယ်ကို မြင်ရပြီးသည့်နောက်မှာတော့ ဤတိုက်ပွဲသည် သေမျိုး လောကထဲတွင် ကြောက်ခမန်းလိလိ ပြင်းထန်လှသော တိုက်ပွဲကြီးဖြစ်ကြောင်း သူ အသိအမှတ်ပြုလိုက်မိသည်။

“ကံကောင်းလို့ သူတို့က စကြဝဠာထဲမှာ တိုက်ခိုက်နေတာပဲ။ ကုန်းမြေတိုက်ကြီးတစ်ခုခုမှာ တိုက်ခိုက်မယ်ဆိုရင် ဒီလက်ဝါးရိုက်ချက် ရှစ်ချက်နဲ့တင် သက်ရှိအားလုံးက သေဆုံးသွားနိုင်တယ်”

“ခံတပ်သခင်ရဲ့ အားအင်အဆင့်က တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်ကို ရောက်နေတယ်လို့ ကောလဟလ သတင်းတွေက ကြားခဲ့တာပဲ။ ကြည့်ရတာ ဒါက အမှန်နဲ့တူတယ်”

“ဒါပေမဲ့ ဒီလိုအားကောင်းလှတဲ့ လူတစ်ယောက်က သေမျိုးကမ္ဘာထဲမှာ နေ နေရတာလဲ။ ဘာလို့ အထက်နယ်မြေဆီ မတက်တာလဲ”

အားလုံးက ဆွေးနွေးနေစဉ်မှာပဲ လက်ဝါးရိုက်ချက်ကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားတော့၏။ အားလုံး၏ မြင်ကွင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ရှုပ်ပွလျက် ရှိနေသည့် ဆံပင်များနှင့်အတူ ပေါ်ပေါက်လာခဲ့တော့၏။ သူ၏ မျက်လုံးထဲတွင် အားကောင်းလွန်းလှသော တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လျက် ရှိနေသည်။ လက်ထဲတွင် ရှိနေသော ကောင်းကင်စတေးခြင်း လှံကြီးမှာတော့ တလက်လက် တောက်ပလျက် ရှိနေသည်။

“.........”

ခံတပ်သခင်၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့၏။ သူသည် ဝှက်ဖဲကို ထပ်မံကာ အသုံးပြုခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူ သည် လုံခြုံလျက် ရှိနေသေး၏။

ဝှစ် ဝှစ် …။

ကျွင်းချောင်ရှောင်းသည် တည်နေရာထဲတွင် လွင့်မျောလျက် ရှိနေပြီး သူ၏ဦးခေါင်းကို မော့လိုက်၏။ အရှိန်တငြီးငြီး တောက်ပလျက်ရှိသော မီးတောက်များသည် ထွက်ပေါ်လာပြီးသည့်နောက် ပတ်ဝန်းကျင်တည်နေရာကြီးတစ်ခုလုံး ၏ အပူချိန်သည် ရုတ်တရက် မြင့်တက်လာသည်။

“ဒါ ဒါက မီးစိတ်ဝိညာဉ်ပဲ”

ခံတပ်သခင်သည် မီးစိတ်ဝိညာဉ်အကြောင်းကို ကြားခဲ့ဖူး၏။ သို့ပေမဲ့ သေမျိုး စကြဝဠာထဲတွင် မွေးဖွားလာခဲ့သော ဓာတ်သဘာဝမျိုးစေ့တစ်ခုသည် အခြေတည်ဝိညာဉ်တွင်သာမက အကောင်အထည်တစ်ခု ဖြစ်တည်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူတကယ်ပဲ အံ့အားသင့်မိသွား၏။

စိတ်ဝိညာဉ် မျိုးစေ့ကို ပိုင်ဆိုင်သော သိုင်းကျင့်ကြံသူများကို သူကောင်းကောင်း မြင်ခဲ့ဖူး၏။ ထိုသူများ အားလုံးသည် လေဟာနယ်ကို ချိုးဖောက်ပြီးသည့်နောက်မှာတော့ အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည့် အစွမ်းအစကို ပိုင်ဆိုင်သည့်သူများပင် ဖြစ်သည်။

မီးတောက်များ၏ လွှမ်းမိုးမှုအောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်တရာ အားကောင်းလှသော အခြေအနေတစ်ခုဆီသို့ ရောက်ရှိလာ၏။ ပြီးသည့်နောက်မှာတော့ သူ၏ လက်ထဲတွင်ရှိသော ကောင်းကင်စတေးခြင်း လှံကြီးသည်လည်း မဲနက်နေသော ဓာတ်သဘာဝများ လွှမ်းခြုံလာပြန်၏။

“မိစ္ဆာစိတ်ဝိညာဉ်ပဲ”

ခံတပ်သခင်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ စိတ်ဝိညာဉ်မျိုးစေ့တစ်ခု တည်ရှိခြင်း ဆိုသည်မှာ အလွန်တရာ အံ့အားသင့်စရာ ကောင်းနေ၏။ သို့ပေမဲ့ တစ်ဖက်လူသည် နှစ်ကောင်တိတိ ပိုင်ဆိုင်နေသည်။

“ဒါ ဘာကြီးလဲ။ မီးနဲ့ မိစ္ဆာဓာတ်သဘာဝတွေလား”

“ဒါက အရမ်းအားကောင်းပြီးတော့ နက်နဲလွန်းတယ်”

ထိုအချိန်မှာတော့ ကြောင်အလျက် ရှိနေသော လူတစ်ယောက်သည် ထိတ်လန့်တကြားဖြင့် ပြောလိုက်မိ၏။ “ဒါ သေမျိုးစကြဝဠာထဲမှာရှိတဲ့ စိတ်ဝိညာဉ်မျိုးစေ့တွေလား။ ဘာကြီးလဲ”

အားလုံးသည် ပါးစပ်အဟောင်းသားဖြင့် တုန်လှုပ်လျက် ရှိနေသည်။

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ ဓာတ်သဘာဝနှစ်ခုကို အပြည့်အဝ အသက်သွင်းထားပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထခုန်လိုက်၏။ သူ၏ ခန္ဓာကိုယ်အား မီးတောက်များ ဖုံးလွှမ်းနေသောကြောင့် သူသည် မီးလုံးကြီး တစ်ခုကဲ့သို့ပင် ဖြစ်တည်နေသည်။

ဘုန်း

ခံတပ်သခင် အနားသို့ နီးကပ်လာသည့်အချိန်မှာတော့ အရှိန်တငြီးငြီး တောက်ပနေသော မီးတောက်များသည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ပြီးသည့်နောက် မင်ရောင်ကဲ့သို့ နက်မှောင်လျက်ရှိနေသော ကောင်းကင် စတေးခြင်းလှံကြီးသည် လေဟာနယ်ကို ချိုးဖြတ်ပြီးသည့်နောက်မှာတော့ ခံတပ်သခင်ဆီသို့ ရောက်ရှိသွား၏။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း

မီးတောက်များနှင့် မိစ္ဆာဓာတ်သဘာဝများ၏ ပေါက်ကွဲမှုအောက်မှာတော့ လေဟာနယ်ကြီး တစ်ခုလုံးသည် အညှာ အတာကင်းမဲ့စွာဖြင့် ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။

ဒင်

ခံတပ်သခင်သည် သူ၏ ဓားမော့ကြီးနှစ်ခုလုံးကို ထုတ်ဖော်ပြီး ခုတ်ပိုင်းလိုက်၏။ သို့ပေမဲ့ ထိုဓားမော့များ၏ ဓားဖျားသည် လှံထိပ်နှင့် ထောက်ထားခြင်းကို ခံရ၏။ ကျွင်းချောင်ရှောင်းမှာတော့ လှံကြီးကို ထုတ်ဖော်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မီးနှင့် မိစ္ဆာဓာတ်သဘာဝများနှင့် တစ်ဖက်လူအား ဝါးမျိုရန် ကြိုးစားတော့၏။

ဘုန်း ဘုန်း

ချက်ချင်းပဲ စကြဝဠာ၏ ကောင်းကင်ယံထက်မှာတော့ နှစ်ဖက် စွမ်းအားမြင့် ကျင့်ကြံသူနှစ်ယောက်သည် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်လျက် ရှိနေတော့၏။ စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစား အစုံတို့သည် လေထုထဲတွင် ဖြစ်တည် နေပြီး လေဟာနယ်ကြီး တစ်ခုလုံးသည်လည်း စုတ်ပြတ်သတ်လျက် ရှိသည်။

ဘုန်း ဘုန်း

တိုက်ပွဲသည် ပိုပို၍ ပြင်းထန်လာခဲ့၏။ ပတ်ဝန်းကျင်တွင် ရှိနေသော ဥက္ကာခဲများအားလုံးသည် တစ်စစီ ဖြစ်ကုန်ပြီး အမှုန့်များကဲ့သို့ပင် ပြောင်းလဲကုန်၏။

အဝေးတစ်နေရာရှိ ဥက္ကာခဲပေါ်တွင် လဲလျောင်းကာ ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများသည် တိုက်ပွဲ၏ အရှိန် ပိုမိုကာ အားကောင်းလာခဲ့သည်ကို မြင်ရပြီးသည့်နောက်မှာတော့ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်ကာ ခပ်ဝေးဝေးဆီသို့ ထွက်ပြေးကြသည်။

“ဒီ အမှိုက်လိုကောင်တွေ”

ခံတပ်သခင်သည် အလွန်တရာ ဒေါသထွက်လျက် ရှိ၏။ “ဒီကောင်တွေအားလုံး သေချင်ယောင် ဆောင်နေတာပဲ”

“ကောင်းကင်နီဓားကွက်”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ကောင်းကင်စတေးခြင်းလှံကြီးကို အသာဝှေ့ယမ်းပြီးသည့်နောက်မှာတော့ ကြီးမားလှသည့် ခုတ်ပိုင်းချက်ကြီးတစ်ခုကို ထပ်မံ ပြုလုပ်ပြန်၏။ ထိုကဲ့သို့သော ခုတ်ပိုင်းမှုမျိုးတွင် မီးစိတ်ဝိညာဉ် ၏ အားအင်အဆင့်များသည် အပြည့်အဝ ပါဝင်လျက်ရှိ၏။ သူ၏အဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ လှုပ်ရှား တိုက်ခိုက်မှု စွမ်းအင်များသည်လည်း မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။

ဝှစ် ဝှစ် ….။

ကြောက်မက်ဖွယ်ရာကောင်းလှသော တိုက်ခိုက်မှုကြီးသည် မြန်မြန်ဆန်ဆန်နှင့် ဖြစ်တည်ပြီး ကျဆင်းလာခဲ့၏။

“လောကတစ်သောင်း နိယာမ”

ခံတပ်သခင်သည် ဒေါသတကြီးဖြင့် သူ၏လက်များကို ဖြန့်ကားလိုက်၏။ ပြီးသည့်နောက်မှာတော့ လေဟာနယ်ကြီးတစ်ခုလုံးကို ဆွဲဆုပ်လိုက်သကဲ့သို့ပင် သူ၏ရှေ့ဆီသို့ တည်နေရာစည်းကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။

ဘုန်း

ကြောက်မက်ဖွယ်ရာ ကောင်းလှသော ပေါက်ကွဲသံကြီးသည် ရုတ်တရက် ဖြစ်တည်လာခဲ့၏။ တောက်ပလျက် ရှိနေသော မီးတောက်များသည်လည်း ဘေးတစ်ဖက်ဆီသို့ လွင့်စင်သွားခဲ့၏။

ဤကဲ့သို့သောအဆင့် တိုက်ပွဲမျိုးကို သိုင်းကျင့်ကြံသူများသည် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

ဝှစ် ဝှစ် ……။

မီးတောက်များ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီးသည့်နောက် ခံတပ်သခင် ဖန်တီးထားသည့် အကာအကွယ် အစီအရင်ကြီးတစ်ခုလုံးသည်လည်း ပျက်စီးသွားခဲ့၏။ ခံတပ်သခင်သည် အသက်ကို ပြင်းပြင်းထန်ထန် ရှူနေရ၏။

ဝှစ်

ကောင်းကင်ယံထက်တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် သူ၏ ကောင်းကင်စတေးခြင်းလှံကြီးကို မြှောက်ကိုင်ကာ ပြောလိုက်တော့၏။ “ပြီးသွားပြီ”

ဒွီး ဒွီး

ပျက်စီးလျက်ရှိနေသော စကြဝဠာကြီးတစ်ခုလုံးသည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာပြန်၏။ ပြီးသည့် နောက်မှာတော့ ခုနှစ်ရောင်အမျိုးအစားဓာတ်သဘာဝများသည် ဖြစ်ပေါ်လာပြန်သည်။

ခံတပ်သခင်၏ နှလုံးသားထဲ တွင်တော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အန္တရာယ်၏ အငွေ့အသက်များ ဖြစ်တည်လာခဲ့၏။ “မကောင်း တော့ဘူး။ မြန်မြန်ဆန်ဆန် နောက်ဆုတ်မှဖြစ်မယ်”

ဝှစ်

ခံတပ်သခင်သည် တစ်ချက်ကလေးမှ မတွန့်ဆုတ်ခဲ့ချေ။ အန္တရာယ်၏ အငွေ့အသက်ကို အာရုံခံပြီးသည့်နောက်မှာ တော့ အကွာအဝေးတည်နေရာတစ်ခုဆီသို့ မြန်မြန်ဆန်ဆန် ပျံသန်းလိုက်၏။

ကျွင်းချောင်ရှောင်းမှာတော့ တစ်ဖက်လူနောက်သို့ မလိုက်ချေ။ လှံ၏ထိပ်ဦးကိုသာ ဦးတည်၍ သူဖန်တီးထားခဲ့ သည့် စွမ်းအင်များကို စုစည်းလိုက်တော့၏။

“ကျုပ် ခင်ဗျားကို ထွက်ပြေးဖို့ သုံးစက္ကန့် အချိန်ပေးမယ်။ တကယ်လို့ အသက်ရှင်နိုင်မယ်ဆိုရင် ကံကောင်းလို့ပဲ။ တစ်၊ နှစ်၊ သုံး”

သူ့အနေနှင့် အချိန်လုံးဝ မပေးခဲ့ချေ။ တစ်၊ နှစ်၊ သုံး ဆိုသည့်အရာကို တစ်ခါတည်း အော်လိုက်ခြင်းပင် ဖြစ်တော့၏။ “သက်တန့်ရောင်စဉ်ကျမ်း”

ဝှစ်

လှံ၏ထိပ်ဦးတွင် စုစည်းလျက်ရှိနေသော ခုနှစ်မျိုးတောက်ပလျက် ရှိနေသော စွမ်းအင်များသည် အဝေးတစ်နေရာ ဆီသို့ ထွက်သွားပြီးသည့်နောက် မိုင်တစ်ထောင်အကွာအဝေးတွင် ရှိနေသော လူတစ်ယောက်အား ထွင်းဖောက် သွားခဲ့သည်။

ဇွိ

ခပ်ဝေးဝေးတည်နေရာဆီသို့ ထွက်ပြေးလွတ်မြောက်နေပြီဖြစ်သော ခံတပ်သခင်သည် ရုတ်တရက် တည်နေရာတွင် မတ်တပ်ရပ်သွား၏။ သူ၏ မျက်လုံးများသည် ပြူးကျယ်သွားမိ၏။ ပြီးသည့်နောက်မှာတော့ ခက်ခက်ခဲခဲဖြင့် ခေါင်းငုံ့ကာ ကြည့်လိုက်သည့်နောက်မှာတော့ သူ၏ ရင်ဘတ်တစ်ခုလုံးသည် ခုနှစ်ရောင်အလင်းတန်းများ၏ ဖောက်ထွင်းမှုကို ခံလိုက်ရကြောင်း ရှာဖွေ တွေ့ရှိလိုက်၏။ သူ၏ စိတ်များအားလုံးသည် ရုတ်တရက် ပျောက်ကွယ် လုမတတ် ဖြစ်နေတော့သည်။ သူ့အနေနှင့် သေဆုံးရမည့်အကြောင်းကို စဉ်းစားနေခြင်း မဟုတ်ပေ။ တစ်ဖက်လူ အော်လိုက်သည့် အကြောင်းအရာကို စဉ်းစားလိုက်ခြင်းပင် ဖြစ်၏။

မှန်ပေသည်။ တစ်ဖက်လူသည် သက်တန့်ရောင်စဉ်ကျမ်းဟု အော်ခဲ့၏။ အချိန်အတော်ကြာက သူရရှိခဲ့သော အကြွင်းအကျန်ကျမ်းပင် ဖြစ်ပေလိမ့်မည်။ ထိုအရာကို သူသေသေချာချာ မလေ့လာနိုင်ခဲ့ချေ။

ထိုအရာကြောင့်ပဲ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပြီး သူ၏ အကောင်းမွန်ဆုံးသော အခြေအနေမှ ယုတ်လျော့သွားခဲ့ရ၏။

“ငါ့ရဲ့ အကြွင်းအကျန်ကျမ်း”

ခံတပ်သခင်သည် ခေါင်းကို အသာလှည့်ပြီးသည့်နောက် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “ဒီအရာကို မင်းခိုးခဲ့တာလား”

ပြောပြီးပြီးချင်းမှာပဲ သူ၏ စိတ်နှင့် ဝိညာဉ်သည် အလုံးစုံ ပျောက်ကွယ်သွားပြီးသည့် နောက် စကြဝဠာထဲသို့ ပြုတ်ကျသွားတော့သည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် လက်ကို မြှောက်ပြီးသည့်နောက်မှာတော့ မီးလုံးတစ်ခုအား လှမ်းကာ ပစ်ပေးလိုက်၏။

ဘုန်း ဘုန်း

ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူများအားလုံး၏ မျက်လုံးအကြည့်အောက်မှာပဲ အလုံးစုံသော အခွင့် အာဏာကို ပိုင်ဆိုင်သော ခံတပ်၏ သခင်သည် ရုတ်တရက် အမှုန့်အဖြစ်သို့ ပြောင်းလဲကာ စကြဝဠာထဲမှ ပျောက်ကွယ်သွားခဲ့တော့သည်။

ဟူး

ခံတပ်သခင်ကို သုတ်သင်ပြီးသည့်နောက်မှာတော့ သူသည် ပြန်လည်ရှင်သန်နိုင်သည့် အခွင့်အရေးကို လုံးဝ မပေးခဲ့ချေ။ တစ်ခါတည်း အမြစ်ဖြတ်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။

ထိုမှသာလျှင် ကျွင်းချောင်ရှောင်းသည် စိတ် သက်သာရာ ရသလို သက်ပြင်းချလိုက်နိုင်၏။ ပြီးနောက် ခေါင်းကို အသာလှည့်ပြီး ထွက်ပြေးရန် ပြင်နေကြသည် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများဘက်သို့ ကြည့်ကာ အော်လိုက်သည်။ “စကြဝဠာထဲမှာ လာရောက်တွေ့ဆုံတယ်ဆိုတာ တကယ့်ကို ရေစက်ပါလို့ပဲ။ အနာဂတ်မှာ ဒီကျွင်းက ခင်ဗျားတို့ ဆီကို တစ်ယောက်ချင်းစီ လာလည်မယ်”

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်မိုသည် အသံပို့လွှတ်လိုက်၏။ “ခံတပ်သခင်ကို လာပြီးကူညီကြတဲ့ ကုန်းမြေတိုက်က လူတွေစာရင်းကို ကျုပ် အကုန်လုံး လုပ်ထားပြီးပြီ။ သူတို့ရဲ့ လိပ်စာအတိအကျကလည်း ကျုပ်ဆီမှာ ရှိတယ်”

All Chapters