အခန်း (၁၃၁၁)
Vol. 88 Ch. 1311
သေမျိုးစကြဝဠာသည် အလွန်တရာ ကြီးမားလွန်းလှပြီး ရေတွက်လို့မရအောင် များပြားလှသော ဂြိုဟ်များ စုစည်း ထားလျက်ရှိ၏။ ထို့ကြောင့် အလွန်အားကောင်းလှသောလူများ များများစားစား တည်ရှိနေသည်မှာ သဘာဝပင် ဖြစ်တော့၏။ ဥပမာအားဖြင့် တည်နေရာချိုးဖြတ်ခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ အမြောက်အများ တည်ရှိနေ ၏။ ထိုသူများ အားလုံးသည် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်သည့်အစွမ်းကို ပိုင်ဆိုင်ကြသည့်လူများ ဖြစ်ကြ၏။
၎င်းတို့သည် အဘယ်ကြောင့် အထက်နယ်မြေဆီသို့ မတက်လှမ်းရသနည်း။ အဘယ်ကြောင့်ဆိုသော် ကျရှုံးရမည်ကို စိုးရိမ်ပူပန်လျက် ရှိနေသောကြောင့် ဖြစ်သလို စိတ်ပိုင်းဆိုင်ရာအရာ ပြင်ဆင်ထားခြင်းလည်း မရှိ သောကြောင့်လည်း ဖြစ်နိုင်၏။
လေဟာနယ်ကို ချိုးဖြတ်ပြီး အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန် ဆိုသည်မှာ ကိစ္စသေးသေးလေး မဟုတ်ပေ။ ဤကိစ္စကို မပြုလုပ်ခင် သေသေချာချာ စဉ်းစားဆုံးဖြတ်ရန် လိုအပ်နေသေး၏။ အောင်မြင်သွားသည်နှင့် ကောင်းကင်ပေါ်သို့ တက်လှမ်းနိုင်သည်နှင့် ဆင်တူသော်လည်း ကျရှုံးသွားသည်နှင့် ငရဲပြည်သို့ ရောက်ရှိသွားသည်ထက်ပင် ပိုမို၍ ဆိုးရွားပေလိမ့်မည်။
ထို့ကြောင့် တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့်ကို ရောက်ရှိသည့်လူများသာလျှင် ကြီးမားသည့် အခွင့်အလမ်းနှင့် ယုံကြည်ချက်ကို ပိုင်ဆိုင်ကြ၏။
ခံတပ်သခင်သည် ဤအဆင့်ကို ရောက်ရှိခဲ့ပြီးပြီ ဖြစ်၏။ သေမျိုးစကြဝဠာတစ်ခုလုံးတွင် အားအကောင်းဆုံး သော တည်ရှိသူတစ်ယောက်ဟု ပြောနိုင်စွမ်းရှိ၏။ သို့ပေမဲ့ သူ့အနေနှင့် အထက်နယ်မြေဆီမှ ဖန်တီးခဲ့သည့် ငရဲကြီး ကိုးထပ်ကို စီမံခန့်ခွဲနေရသောကြောင့် အထက်နယ်မြေဆီသို့ မည်သည့်အချိန်တွင် တက်လှမ်းရမည်ကို မဆုံးဖြတ်ရသေးချေ။ လက်ရှိအချိန်မှာတော့ မည်သည့်အခွင့်အလမ်းမှ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကြယ်ကောင်းကင်ခံတပ်ကြီးနှင့်အတူ မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ခံတပ်သခင်သည် မမျှမတ ဆက်ဆံခံခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ထိပ်ဆုံး ကျင့်ကြံခြင်းအဆင့်ကို ပြန်လည် မရရှိသေးခင်မှာဘဲ ဒဏ်ရာများနှင့် တိုက်ခိုက်ခဲ့ရ၏။ ထိုသို့ တိုက်ခိုက်ရသည်ဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းကို နိုင်ရန် ဆိုသည်မှာ သိပ်တော့မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း သည် လောကအဆောင်အား ချိုးဖြတ်လိုက်သည်နှင့်တပြိုင်နက် သူ၏ အဆင့်ကို အဆင့်ကြီးတစ်ဆင့်အထိ တိုးတက်အောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။ ပို၍ကြီးမားသည်မှာ သက်တန့်ရောင်စဉ်ကျမ်းကိုလည်း ထုတ်ဖော်၍ အသုံးပြုနိုင်ခဲ့သေး၏။
သက်တန့်ရောင်စဉ်ကျမ်းကို ဖန်တီးခဲ့သည့် သိုင်းကျင့်ကြံသူသည် အလုံးစုံသော စွမ်းအင်အဆင့်ကို ပြသခဲ့ပြီးသား ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခု ကျွင်းချောင်ရှောင်း ထုတ်ဖော်ပြသခဲ့သည် တိုက်ကွက်၏အောက်တွင် လေဟာနယ်တည်နေရာကြီး တစ်ခုလုံးသည် ပျက်စီးလျက် ရှိနေပြီး ပြန်လည်ကောင်းမွန်လာမည့် အရိပ်သင်္ကေတမျိုးပင် မပေါ်တော့ချေ။
“ခံတပ်သခင်က တကယ့်ကို သေသွားပြီလား”
“ကောင်းကင်ဘုံ”
အားလုံးသော သူများသည် သတိပြန်ဝင်လာသည့်အချိန်မှာတော့ သက်တန့်ရောင်စဉ်ကျမ်း၏ တိုက်ကွက်ကြောင့် ကျန်ရှိခဲ့သည့် အရိပ်အယောင်များကို ကြည့်ရှုရင်း ထိတ်လန့်တုန်လှုပ်လျက် ရှိနေကြ၏။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် စကြဝဠာထဲတွင် မတ်မတ်ရပ်ပြီးသည့်နောက် ကျယ်လောင်သည့် အသံဖြင့် ပြောလိုက်သည်။ “ဒီနေ့ကစပြီး သေမျိုးစကြဝဠာထဲမှာ ကြယ်ကောင်းကင်ခံတပ်ဆိုတာ မရှိတော့ဘူး။ ခင်ဗျားတို့အနေနဲ့ ရတနာပစ္စည်းမျိုးစုံကို ရောင်းချချင်တယ်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာခဲ့နိုင်တယ်”
“.........”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့ကြ၏။ တစ်ဖက်သည် ကြယ်ကောင်းကင်ခံတပ်၏ တည်နေရာအား သူ၏ကုန်းမြေတိုက်ဖြင့် အစားထိုးရန် စီစဉ်လျက် ရှိနေ၏။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာတဲ့လူတွေ အကုန်လုံး စီးပွားရေးလုပ်တဲ့အချိန်မှာ များပြားလှတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနေမှာတော့ သေချာတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဆုံးရှုံးမှု ဘယ်တော့မှ မဖြစ်ရအောင် ကျုပ်စီစဉ်ပေးနိုင်တယ်”
ကြယ်ကောင်းကင်ခံတပ်ကြီးကို ဖျက်ဆီးပြီးနေက် သူသည် အစားထိုးရန် စီစဉ်လိုက်ခြင်းပင် ဖြစ်၏။ ထို့အပြင် ကုန်းမြေတိုက်ကြီးတစ်ခုလုံးအား ကုန်သွယ်ရေးဇုန်အဖြစ် ဖန်တီးနိုင်မည်ဆိုပါက ဒေသတွင်းရှိ သိုင်းကျင့်ကြံသူ များ အားလုံးအတွက်လည်း ကြီးမားသည့် အကျိုးကျေးဇူးကို ရရှိမှာ သေချာ၏။ သို့ပေမဲ့ ဤအရာသည် အတွေးတစ်ခုသာ ရှိသေး၏။ အနာဂတ်တွင် ဤအဆင့်ကို ပြုလုပ်ချင်သည်ဆိုပါက သေသေချာချာ ဆွေးနွေးပြီး အစီအစဉ်များ ချမှတ်ရန် လိုအပ်နေသေး၏။
“မြို့တော်ဝန်မို”
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်မိုဆီမှ စာရင်းများကို ရရှိပြီးသည့်နောက်မှာတော့ လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ အနာဂတ် ကျုပ်ဆီမှာ အချိန်ရှိမယ်ဆိုရင် ခင်ဗျားတို့ ကုန်းမြေတိုက်ကြီးဆီကို လာပြီး ကျေးဇူးတင်စကား လာပြောပါမယ်”
“ရပါတယ်။ ရပါတယ်”
မိုရှန်ရှမ်းသည် လက်သီးကို ဆုပ်ကာဖြင့် နှောင့်နှေးခြင်းမရှိဘဲ ပြန်လည် ပြောဆိုလိုက်၏။ သူသည် တကယ့်ကို အမြင်ကောင်းလှသူတစ်ယောက် ဖြစ်သလို ကုန်းရှန့်၏ အမူအကျင့်နှင့် ပြုမူဆောင်ရွက်တက်ပုံကိုလည်း နားလည်သူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အစောကြီးကတည်းက လာရောက်ကူညီကြသည့်လူ၏ စာရင်းကို ချကာ ရေးသားထားခြင်းပင်ဖြစ်၏။
“နှုတ်ဆက်ပါတယ်”
“နှုတ်ဆက်ပါတယ်”
ကျွင်းချောင်ရှောင်းတစ်ယောက် ရှေးရွက်သင်္ဘောကြီးနှင့် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် မိုရှန်ရှမ်းက တွေးလိုက်သည်။
“ငါမှန်တယ်။ ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ငါးကန်လေးထဲက ငါးလေးတစ်ကောင် မဟုတ်ဘူး”
ပထမတုန်းက ဂိုဏ်းချုပ်ကျွင်းသည် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် အထက်နယ်မြေဆီမှ အပြစ်ပေးမှုများ ကို ထိပ်တိုက် ရင်ဆိုင်ခဲ့၏။ လက်ရှိအခြေအနေမှာတော့ ကြယ်ကောင်းကင်ခံတပ်ကိုပင် ဖျက်ဆီးခဲ့ပြီ ဖြစ်၏။ ထိုကဲ့သို့သော အရာများကို သာမန်လူများ ပြုလုပ်ရဲလိမ့်မည် မဟုတ်ချေ။
“ကြယ်ကောင်းကင်ခံတပ်ကလည်း မရှိတော့ဘူး။ ပြီးတော့ အကျဉ်းသားတွေ အကုန်လုံးကလည်း လွတ်ကုန်ပြီ။ ဒီလူတွေ အကုန်လုံးက မိစ္ဆာကိစ္စတွေ လျှောက်ပြီးလုပ်မယ်ဆိုရင် ပြဿနာ တက်သွားနိုင်တယ်လေ” မြို့ထဲမှ ထွက်ပြေးလွတ်မြောက်လာခဲ့သော ကျွမ်းကျင်သူတစ်ယောက်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။
“ဟုတ်တယ်” တစ်စုံတစ်ယောက်ကလည်း သဘောတူညီစွာဖြင့် ပြောလိုက်သည်။
များပြားလှသော ဂြိုဟ်အသီးသီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများသည် ကြယ်ကောင်းကင်ခံတပ်၏ သေမျိုးလောက တွင် ငါသာလျှင် အုပ်စိုးသူဟူသော အမူအကျင့်ကို မကြိုက်နှစ်သက်ကြချေ။ သို့ပေမဲ့ ၎င်းတို့သည် စည်းမျဉ်း စည်းကမ်းကို လိုက်နာခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများသည် အလုံးစုံသော စွမ်းအားကို ပိုင်ဆိုင် ပြီးသည့်နောက် များပြားလှသော ဂြိုဟ်အသီးသီး၏ အသိအမှတ်ပြုမှုကိုလည်း ခံထားရ၏။ ယခု ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သောကြောင့် စကြဝဠာကြီးထဲတွင် ရှိနေသော မျှခြေသည် ဖျက်ဆီးခံလိုက်ရသည်နှင့်ပင် ဆင်တူ ပေလိမ့်မည်။
“အရင်တုန်းက ထိပ်တန်းဂြိုဟ်ကြီးနှစ်ခုက တခြားဂြိုဟ်တွေကို လိုက်ပြီး ကျူးကျော်ခဲ့တယ်လေ။ နောက်ပိုင်းမှာ ကြယ်ကောင်းကင်ခံတပ်က ရောက်ရှိလာပြီး သူတို့ကို အပြစ်ပေးခဲ့တာ မဟုတ်လား။ အခု ကြယ်ကောင်းကင်ခံတပ် မရှိတော့ဘူးဆိုတော့ ဒီလူတွေက အခွင့်အရေးယူပြီးတော့ ပြဿနာရှာမှာ သေချာတယ်”
“အင်း”
တစ်စုံတစ်ယောက်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ကြယ်ကောင်းကင်ခံတပ် ဖျက်ဆီးခံရခြင်းက ပြဿနာကြီးတစ်ခု စတင်ဖို့ အခြေအနေ ဖန်တီးလာတာပဲ”
ဂြိုဟ်အသီးသီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများ၏ စိုးရိမ်ပူပန်မှုသည် အကြောင်းအရာမရှိဘဲ စိုးရိမ်ပူပန်နေခြင်းတော့ မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ကြယ်ကောင်းကင်ခံတပ်အား အသိအမှတ်ပြုခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် မျက်နှာလွဲ ခဲပစ် လုပ်ချင်ရာကို လုပ်နိုင်စွမ်း မရှိကြချေ။
ယခု ကြယ်ကောင်းကင်ခံတပ် မရှိသည့်အချိန်မှာတော့ စကြဝဠာထဲတွင် ရှိနေသည့် မျှခြေသည် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်၏။ ထို့ကြောင့် အဓိပ္ပာယ်မရှိသည့်အရာများကို ပြုလုပ်လာနိုင်၏။ ဤအခြေအနေသည် ခန့်မှန်းရန် ခက်ခဲလွန်းလှ၏။ သို့ပေမဲ့ ကျိန်းသေပေါက် ဖြစ်လာမည်ဟု ပြောဆို၍ မရနိုင်ခဲ့ချေ။
လွတ်မြောက်သွားခဲ့သော အကျဉ်းသားများ အားလုံးသည် ပြဿနာရှာနေမည်ဆိုပါက ၎င်းတို့အနေနှင့် တကယ့်ကို ကြီးမားသည့် ပြဿနာများကို ရင်ဆိုင်လာရမှာ သေချာ၏။
“ဟား ဟား ဟား ဟား ကြယ်ကောင်းကင်ခံတပ်ကတော့ မရှိတော့ဘူး။ ဟား ဟား ဟား ငါတို့ လွတ်လပ်ပြီ။ ငါတို့ လွတ်လပ်ပြီ”
အကျဉ်းသားများ အားလုံးသည် ပျော်ရွှင်စွာဖြင့် ရှေးရွက်သင်္ဘောကြီးပေါ်သို့တက်ကာ ကြယ်ကြွေကုန်းမြေတိုက်ဆီသို့ ပျံသန်းလိုက်၏။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်သည့်အချိန်မှာတော့ အဝတ်ဟောင်းများကို ချွတ်၍ အသစ်ဝတ်စုံများကို ပြန်လည် ဝတ်ဆင်ရ၏။ ပြီးသည့်နောက်မှာတော့ သက်ပြင်း ချကာပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ နေအုံး.... ဒီ အဝတ်အစားတွေက”
အကျဉ်းသားထဲမှာတစ်ယောက်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ခင်ဗျား ကျုပ်တို့ကို ပေးထားတာ အကျဉ်းသားဝတ်စုံပဲ မဟုတ်လား။ ပုံစံနည်းနည်းပြောင်းသွားတာပဲ ကွာတယ်”
ကျွီ
ပြီးသည့်နောက်မှာတော့ ထျန်းယွမ်အကျဉ်းထောင်စေတီ၏ တံခါးသည် ရုတ်တရက် ပွင့်သွား၏။ ကျွင်းချောင်ရှောင်းသည် ကိုယ်ကို အသာလှည့်ပြီးနောက် လက်ကမ်းကာ ကြိုဆိုလိုက်၏။ “ဒီထောင်က ခင်ဗျားတို့ အားလုံးကို ကြိုဆိုနေပါတယ်”
ဝေါ့ ဝေါ့
အကျဉ်းသားများ အားလုံးသည် သွေးများ အန်ထွက်လာခဲ့သည်။
ကျွီ
တံခါးသည် ပြန်ပိတ်သွားခဲ့၏။ လက်ရှိအခြေအနေမှာတော့ အကျဉ်းသားပေါင်း တစ်သောင်းကျော်တို့သည် ကြယ်ကောင်းကင်ခံတပ်၏ အကျဉ်းထောင်ဆီမှသည် ပြိုင်စံရှားဂိုဏ်း၏ အကျဉ်းထောင်ဆီသို့ လွှဲပြောင်းရောက်ရှိ လာခဲ့ပြီဖြစ်၏။ ၎င်းတို့အနေနှင့် ထောင်ထဲမှ ထွက်ခွာနိုင်ခွင့် မရှိဘူးဆိုသော်လည်း ပတ်ဝန်းကျင် တည်နေရာနှင့် နေထိုင်နိုင်ခွင့်သည် ထျန်းယွမ်အကျဉ်းထောင်ထဲသို့ ရောက်ရှိပြီးသည့်နောက် ပိုမို ကောင်းမွန်ကာ လူသားဆန်သည့် အရာများကို ခံစားလာနိုင်ခဲ့ကြ၏။
.................
လွတ်နေသော အကျဉ်းထောင်သည် ကြယ်ကောင်းကင်ခံတပ်၏ အကျဉ်းသားများ ရောက်ရှိလာပြီးသည့် နောက်မှာတော့ ပိုမိုကာ သက်ဝင်လှုပ်ရှားလာခဲ့၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း၏ စီမံမှုအောက်တွင် အကျဉ်းထောင်တစ်ခုလုံးသည် ရှုပ်ယှက်ခတ်မနေချေ။ သက်ဆိုင်ရာ ကျင့်ကြံခြင်းအဆင့်အလိုက် အကျဉ်းလွှာ အသီးသီးတွင် နေထိုင်ခွင့် ရခဲ့ကြ၏။ ထို့အပြင် များပြားလှသည့် အကျဉ်းသားအစောင့်များကိုလည်း အထူးစီမံထား ခဲ့၏။ ထိုသူများသည် ကင်းသမားဆယ့်နှစ်ယောက်တို့ပင် ဖြစ်သည်။
ကြယ်ကောင်းကင်ခံတပ်ကြီး ဖျက်ဆီးခံလိုက်ရသည်ကို သိရှိပြီးသည့်နောက်မှာတော့ ခေါင်းဆောင်ကျိနှင့် တခြား သောသူများသည် ပထမတုန်းက စိတ်မကျေနပ်ကြချေ။ သို့ပေမဲ့ ၎င်းတို့အား လေ့ကျင့်ပေးရန် အားရာသည် များပြားလှသော လက်နက်ပစ္စည်းများကို ထုတ်ဖော်လိုက်သည့်အခါမှာတော့ ယွမ်ဟယ်သည် ပထမဆုံး စတင်ကာ ပူးပေါင်းလိုက်တော့၏။ သူ့အနေနှင့် ထျန်းယွမ် အကျဉ်းထောင်စေတီ၏ ပထမဦးဆုံး အကျဉ်းထောင်စောင့်အဖြစ် တရားဝင်တာဝန်ကို ရယူခဲ့၏။
တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ဆယ့်နှစ်ယောက်တို့သည် အကျဉ်းထောင် စေတီ၏ အစောင့်အရှောက်များ ဖြစ်လာခဲ့ကြ၏။ ဤအရာသည် အပြင်လူများ မျှော်မှန်းထားသည့်ကိစ္စရပ်မျိုး မဟုတ်ချေ။ အကျဉ်းသားများသည်လည်း ပထမတုန်းက မပျော်ရွှင်ကြချေ။ သို့ပေမဲ့ ၎င်းတို့ကို စောင့်ကြပ်နေသည့် လူများသည် ကြယ်ကောင်းကင်ခံတပ်မှ ကင်းသမားဆယ့်နှစ်ယောက်တို့ ဖြစ်ကြောင်းကို သိရှိပြီးသည့်နောက်မှာ တော့ ၎င်းတို့သည် နိမ့်နိမ့်ချချနှင့် လိမ်လိမ်မာမာဖြစ်သွားခဲ့ကြသည်။
ထို့ကြောင့် ထျန်းယွမ်အကျဉ်းထောင်စေတီသည် အလုံးစုံ ပြည့်စုံသွားခဲ့ပြီဟု ဆိုရမည်။ အလုံးစုံသော အားအင်အဆင့်အရ ပြောရမည်ဆိုလျှင် ငရဲကြီးကိုးထပ် ထက်ပင် ပိုမို၍ အားကောင်းလွန်းနေ၏။
...................
“အားလုံးပဲ”
စောင့်ကြည့်ရေးခန်းမှာတော့ ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ အဝတ်တစ်ပုံကို လှမ်းပစ်ပေးကာ လေးလေးနက်နက် ပြောလိုက်၏။ “ဒီဝတ်စုံတွေကို ဝတ်လိုက်။ ခင်ဗျားတို့အတွက် သီးသန့်လုပ်ထားတာလေ။ နှလုံးသားထဲမှာရှိတဲ့ တရားမျှတမှုကို သယ်ဆောင်ပြီး လုပ်ချင်တာကို ဆက်လုပ်ဖို့”
“.........”
ခေါင်းဆောင်ကျိနှင့် တခြားသောသူများသည် မျက်မှောင်ကုတ်လိုက်ကြသည်။ ပထမတုန်းက သူတို့သည် အားရာ၏ လေ့ကျင့်မှုကို ကြောက်လန့်ခဲ့ကြ၏။ ထို့ကြောင့်ပင်လျှင် ပူးပေါင်းခဲ့ရခြင်းဖြစ်သည်။ သို့ပေမဲ့ နှလုံးသား ထဲတွင်တော့ ကျွင်းချောင်ရှောင်းကို သဘောမတွေ့ကြချေ။ ထို့အပြင် ကြယ်ကောင်းကင်ခံတပ်ကြီး ဖျက်ဆီးခံရပြီး ခံတပ်သခင်ကိုလည်း သတ်ဖြတ်ခဲ့သေးသည့် လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ ကျုပ်ကို သဘောမတူဘူး ဟုတ်လား”
“အင်း... ကျုပ်က နှလုံးသားထဲမှာရှိတဲ့ တရားမျှတမှုကို ရင်မှာပိုက်ပြီး အနာဂတ်မှာ ဘာတွေဆက်လုပ်မယ် ဆိုတာကို ကောင်းကောင်းသိစေရမယ်”
“စပြီးပေါက်ကရတွေ ပြောပါပြီ” စနစ်သည် စောဒက တက်လိုက်၏။
“ဂိုဏ်းချုပ်ကျွင်း”
ကင်းသမားချန်(ယွမ်ဟယ်)သည် စားပွဲဆီသို့ လျှောက်လာပြီးသည့်နောက် အဝတ်အစားများကို ဆွဲယူကာ လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို ယုံကြည်တယ်”
“ချီးတဲ့မှ... ဒီလူ ဘယ်လိုဖြစ်ပြီးတော့ ဒီလောက် အလိုက်သိနေရတာလဲ”
တစ်ဖက်လူသည် အလွန်တရာ အားကောင်းလှသည်ကို သူတို့ သိရှိပြီး ဖြစ်နေကြ၏။ နောက်ဆုံးမှာတော့ ကင်းသမားဆယ့်နှစ်ယောက်ထဲတွင် စိတ်ဓာတ်အပျော့ညံ့ဆုံးလူဟုပင် သတ်မှတ်လိုက်ကြသည်။
“အင်း”
ခေါင်းဆောင်ကျိသည် သက်ပြင်းကို ချလိုက်၏။ ပြီးသည့်နောက်မှာတော့ အဝတ်အစားများကို ယူကာ ဝတ်လိုက်ကြ၏။
ဆွစ် ဆွစ် …..။
ခေါင်းဆောင်နှင့် နံပါတ်ငါးတို့သည် ရှေ့မှဦးဆောင်ကာ အဝတ်အစားများကို လဲလှယ်ပြီးသည့်နောက်မှာတော့ အားလုံးသည် အဝတ်အစားများကို လဲလှယ်လိုက်ကြ၏။ သွင်ပြင်အမူအရာ အရဆိုလျှင် ၎င်းတို့၏ ဝတ်စုံ အနောက်ဘက်တွင် သူရဲကောင်းဆိုသော စာသားကို ရေးထိုးထား၏။ ကျွင်းချောင်ရှောင်းပေးလိုက်သည့် အဝတ် အစားများကို ဝတ်ဆင်ပြီးသည့်နောက် ကြယ်ကောင်းကင်ခံတပ်၏ ကင်းသမား ဆယ့်နှစ်ယောက်ဆိုသည်မှာ အတိတ်ကဖြစ်ရပ်များ ဖြစ်သွားခဲ့၏။ ၎င်းတို့သည် လက်ရှိအချိန်တွင် ထျန်းယွမ်အကျဉ်းထောင်၏ ထောင်စောင့်ကြီး ဆယ့်နှစ်ယောက်အဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။
ယွမ်ဟယ်၏ ပူးပေါင်းပါဝင်မှုအောက်တွင် ကင်းသမား ဆယ့်နှစ်ယောက်လုံးသည် ထျန်းယွမ်အကျဉ်းထောင် စေတီ၏ အစောင့်အရှောက်များအဖြစ် ခဏတာ လက်ခံခဲ့ရသည်။ သို့ပေမဲ့ အချိန်ကာလနှင့် အခွင့်အရေးကို ကြည့်ရှုပြီးသည့်နောက်မှ ၎င်းတို့သည် သေသေချာချာ လက်ခံကြမှာ သေချာ၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် ပြိုင်စံရှားဂိုဏ်းထဲသို့ အတင်းဝင်ရောက်ရန် ဖိအားပေးလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤလူများသည် တရားမျှတမှုကိုသာ ပြုလုပ်ချင်သည့်လူများဖြစ်သည်ဟု ယုံကြည်ထားမိ သောကြောင့် အချိန်ကာလ တစ်ခုအကြာတွင် သူတို့ဘာသာ တစ်သားတည်း ဖြစ်တည်သွားမည်ဟု သူက ယုံကြည် နေမိသည်။
“ဝေါ့”
စနစ်က ပြောလိုက်၏။ “မင်း ဒီလူတွေကို ဖမ်းဖို့အတွက် ချောင်းမြောင်းတိုက်ခိုက်လာခဲ့တာ မဟုတ်လား။ ဒီလိုပြောဖို့ ယုံကြည်ချက် မင်း ဘယ်ကနေ ရလဲ”
“အခြေအနေက ပြောင်းလဲသွားခဲ့ပြီလေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းဘာသိလို့လဲ”
အကျဉ်းထောင်ကိစ္စများကို စီစဉ်ပြီးသည့်နောက်မှာတော့ သူသည် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်ကို စတင်ကာ လေ့လာတော့၏။ ကြယ်ကောင်းကင်ခံတပ် မရှိတော့ပေ။ ထို့ကြောင့် ဤအစီအရင်ကိုသာ ဖန်တီးနိုင်မည်ဆိုပါက သူသည် တပည့်များ အားလုံးကို အထက်နယ်မြေသို့ ခေါ်ဆောင်သွားနိုင်ပြီး အဓိကတာဝန် ကို ပြည့်စုံအောင် ပြုလုပ်နိုင်မှာဖြစ်၏။
..............
ထျန်းယွမ်အကျဉ်းထောင်စေတီထဲတွင် ရှိနေသော အကျဉ်းသားများသည် ပြိုင်စံရှားဂိုဏ်းမှ လူများအတွက်တော့ အလွန် ကောင်းမွန်သည့်အရာများ ဖြစ်လာ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေနှင့် အကျဉ်းထောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သတ်မှတ်ထားသည့် ကျင့်ကြံခြင်းအဆင့်အလိုက် စိန်ခေါ်နိုင်စွမ်း ရှိနေကြသည်။
ပြောရမည်ဆိုလျှင် ဤနေရာတွင် အားတက်သရော ဖြစ်နေသည်မှာ ရီရှင်းချန်ပင် ဖြစ်သည်။ သူ့အနေနှင့် ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ အကျဉ်းထောင်ထဲသို့ ဝင်ရောက်သည့် ပထမဦးဆုံး လူသား ဖြစ်သည်။ သူသည် အကျဉ်းထောင်၏ ပထမအလွှာကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံခြင်း အရင်းအမြစ်များကို စတင်ရယူရန် ကြိုးစားတော့၏။
ဖြောက် ဖြောက် ဖြောက် ….။
လက်တွင် ချိန်းကြိုးများ ရစ်ပတ်ထားခြင်းခံရသော အကျဉ်းသားများသည် ရှေ့ဆီသို့ လှမ်းတက်လာကြ၏။ ၎င်းတို့၏ မျက်လုံးများသည် တောက်ပလျက် ရှိနေ၏။ ကျွင်းချောင်ရှောင်း ဖန်တီးထားသော စည်းမျဉ်းစည်းကမ်း များအရဆိုလျှင် ဂိုဏ်းထဲရှိ တပည့်များသည် အကျဉ်းထောင်ထဲသို့ ဝင်ရောက်လာပြီးသည့်နောက် စိုးရိမ်ပူပန်မှု မရှိဘဲ တိုက်ခိုက်နိုင်ကြ၏။
ထို့အတူ ထောင်သားများသည် ပြိုင်စံရှားဂိုဏ်းသားများကို အနိုင်ရရှိပါက သီလမှတ်များကို ရရှိမှာဖြစ်၏။ ထိုအမှတ်များနှင့်အတူ များပြားလှသော ဆုလာဘ်များကို လဲလှယ်နိုင်စွမ်း ရှိသည်။ ဥပမာအား ဖြင့် တစ်ရက်တာ လွတ်မြောက်ခြင်းကတ်၊ ဂိုဏ်းထဲသို့ တစ်ရက်တာ ခရီးထွက်ခွာခွင့်၊ ထို့အပြင် ဈေးကြီးသော အရာများလည်း တည်ရှိနေသေးသည်။
ပြိုင်စံရှားဂိုဏ်း၏စားဖိုမှူး လျှိုဝမ်ရှစ် ချက်ပြုတ်သော ဟင်းလေးမျိုးနှင့် ဟင်းချိုတစ်ပန်းကန်ကို သောက်သုံးရန် ဆိုသည်မှာ အလွန်ဈေးကြီးလှ၏။
“ချီးတဲ့မှ... ဒါ ငါတို့ကို အထင်သေးနေတာလား။ ငါတို့က ဒီအကျဉ်းထောင်ထဲမှာ ဖမ်းချုပ်ခံထားရတယ်ဆိုပေမဲ့ အစားအသောက်ကို မက်မောလှတဲ့လူတွေ မဟုတ်ဘူးလေ”
“ကောင်လေး”
အကျဉ်းသားတစ်ယောက်သည် လက်သီးကိုဆုပ်ကာဖြင့် မိစ္ဆာဆန်ဆန် ရယ်မောလိုက်သည်။ “ငါတို့ အကုန်လုံးနဲ့ တစ်ယောက်တည်း ချမှာလား။ ဒါမှမဟုတ် တစ်ယောက်ချင်း ချချင်တာလား”
“လိုရင်းကို ပြောမယ်”
ရီရှင်းချန်သည် ဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ “အားလုံး တပြိုင်နက် တက်လာခဲ့ကြ”
“သွားကြ”
ဝှစ် ဝှစ် ဝှစ် ဝှစ် …။
အကျဉ်းသားများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြီးသည့်နောက် တည်နေရာအနှံ့ဆီမှ ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။ ၎င်းတို့သည် သိုင်းဘုရင်နှင့် သိုင်းအုပ်စိုးသူအဆင့်နိမ့် ကျင့်ကြံသူများ ပါဝင် လှသည်ဆိုသော်လည်း သိုင်းနယ်မြေတစ်ပိုင်းနှင့် သိုင်းနယ်မြေ ကျင့်ကြံသူများလည်း တည်ရှိနေခဲ့၏။
ထို့ကြောင့် ကြမ်းတမ်းလွန်းသည့် တိုက်ခိုက်ပွဲကြီးတစ်ခု ဖြစ်ပွားပြီးသည့်နောက်မှာတော့ ကျိုးဒူဒူသည် မျက်နှာတစ်ခုလုံး ရောင်ကိုင်းနေသည့် ရီရှင်းချန်ကို ထမ်းပိုးကာ ပြန်လာရသည်။
လမ်းတလျှောက်မှာတော့ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “စီနီယာအစ်ကိုရီ... ဂိုဏ်းချုပ်က ပြောထားတယ်လေ။ ဒီထဲမှာရှိတဲ့အကျဉ်းသားတွေက အားမနည်းဘူး။ ဘယ်လိုဖြစ်ပြီ အကုန်လုံးနဲ့တစ်ယောက် သွားပြီးတော့ တိုက်ခိုက်ရဲရတာလဲ”
“လိုရင်းကို ပြောမယ်”
အားညိုသည် အားပျော့စွာဖြင့် ပြောလိုက်သည်။ “ငါ့ကို အဆောင်ရှိရာကို တိတ်တိတ်လေး ပို့ပေး။ တခြားသူတွေ ဒီပုံစံကို မြင်လို့မဖြစ်ဘူး”