← Chapters

အခန်း (၁၃၁၃)

Vol. 89 Ch. 1313

အခန်း (၁၃၁၃)

Vol. 89 Ch. 1313

ကျွင်းချောင်ရှောင်း၊ ကောင်းကင်ဝိညာဉ်ဖိနှိပ်ခြင်းစေတီသာမက လီချင်းယန်နှင့် တခြားသော တပည့်များသည် လည်း ထျန်းဟယ်ကုန်းမြေတိုက်ကြီးဆီသို့ ဦးတည်လျက် ရှိနေ၏။ ကြယ်ကောင်းကင်ခံတပ်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့ကြောင့် သူ့အနေနှင့် တပည့်များကို ခေါ်ဆောင်မလာခဲ့ချေ။ သို့ပေမဲ့ တခြားသော ဂြိုဟ်ကို သွားရောက်ကူညီရာတွင် တပည့်များ အတွေ့အကြုံရရှိရန် အခွင့်အလမ်းကောင်းပင် ဖြစ်တော့၏။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ကျုပ် အရမ်းကို စိတ်လှုပ်ရှားနေတယ်”

“ကျုပ်ကောပဲ” လီဖေးသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “သွေးတွေက တောက်လောင်နေ သလိုတောင် ခံစားရတယ်”

“စိတ်ကို အေးအေးထား” လီချင်းယန်သည် မျက်လုံးကို စုံမှိတ်ကာဖြင့် ပြောလိုက်၏။

လုချင်းချင်း တစ်ယောက်သည်ကတော့ အစစ်အမှန် တည်ငြိမ်လျက် ရှိနေ၏။ သူမသည် ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ သူမ၏ အေးစက်သည့်မျက်နှာနှင့် ရှင်းလင်းသော မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မှ ထင်ပေါ်လျက် မရှိပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကို ရံဖန်ရံခါ လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ သူမ၏ မျက်လုံးထဲတွင် ခံစားချက် အရိပ်အယောင်များ ဖြစ်တည်လို့ နေခဲ့၏။ ဤလူသားသည် ကြယ်ကြွေကုန်းမြေ တိုက်ကြီးတွင် အားအကောင်းဆုံးသော ဂိုဏ်းတစ်ခုကို ဖန်တီးနိုင်ရုံသာမက လက်ရှိအခြေအနေတွင် တခြားသော ဂြိုဟ်များဆီသို့ပါ သွားရောက် အနိုင်ယူရန် စီစဉ်လျက် ရှိနေလေသည်။

ကျွတ်

ပဲ့ခန်း၏ တံခါးကို မှီလျက်ရှိနေသည့် ရီရှင်းချန်သည် အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ ကျိုးဒူဒူတစ်ယောက် သူ့ကို ထမ်း၍ ခေါ်လာပြီး နှာနှပ်ယူရသည့်အခြေအနေ ၊ အသွင်သဏ္ဍာန်မျိုး မဟုတ်တော့ချေ။

လုံကျိရန်၊ လီထျန်းထျန်းနှင့် တခြားသောသူတို့သည်လည်း ခါးတွင်ချိတ်ထားသော ဓားများအား တကိုင်ကိုင်နှင့် ဖြစ်လို့နေခဲ့သည်။ ၎င်းတို့သည် ထူးဆန်းသည့်ကမ္ဘာကြီးဆီသို့ ရောက်ရှိပြီး စိတ်လှုပ်ရှားစရာ ကောင်းသည့် သတ်ဖြတ်ခြင်း အတွေ့အကြုံများကို ရရှိရန် စိတ်ဆန္ဒပြင်းပြနေကြ၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် တပည့်များအား အားကောင်းသည့် သိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။ သူ့အနေနှင့် စမ်းချောင်းကိုးခု ကုန်းမြေတိုက်အား ရင်ဆိုင်ရန်အတွက် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီကိုသာ အမှီအခိုပြုရန် စဉ်းစားထားခဲ့သည်။ ဤရတနာသည် အဆင့် မြှင့်တင်လိုက်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ အကျဉ်းထောင်တစ်ခုလုံးကို ထားရှိနိုင်သည့် ရတနာ ဖြစ်လို့ လာခဲ့သည်။ ထိုအရာကို ထုတ်ဖော်အသုံးပြုလိုက်မည်ဆိုလျှင် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ အစွမ်းအစများကို ထုတ်ဖော်အသုံးပြုသည်သာမက အထဲတွင်ရှိနေသော အကျဉ်းသားများကိုလည်း ဆင့်ခေါ် နိုင်စွမ်း ရှိနေသည်။

“ငါ မစောင့်နိုင်တော့ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ဂြိုဟ်တစ်ခုသည် တခြားသောဂြိုဟ်တစ်ခုကို ကျူးကျော်ခြင်းသည် ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဖြစ်ပေါ်အောင် ပြုလုပ်ခြင်းနှင့်ပင် ဆင်တူလှ၏။ စေတီ ထဲတွင် ရှိနေသော အကျဉ်းသားများအားလုံးကို စေလွှတ်လိုက်သည်ဆိုပါက မြင်ကွင်းသည် အလွန်တရာ လှပနေ ပေလိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ ကင်းသမား ဆယ့်နှစ်ယောက်တို့သည်လည်း သဘောတူမှာ သေချာ၏။

“ဝေါ့”

စနစ်သည် ပျို့အန်သလို ပြုလုပ်ကာ ပြောလိုက်သည်။ “မင်းအနေနဲ့ တခြားသူတွေဆီက စိတ်ဝိညာဉ် ကျောက်တုံးတွေကို လက်ခံပြီးတော့မှ အခု စေတနာ၊ မေတ္တာကြီးမားလို့ ကူညီရတဲ့ ပုံစံမျိုး လုပ်မနေနဲ့”

...................

ထျန်းဟယ်ကုန်းမြေတိုက်

အလုံးစုံသော အားအင်အဆင့်အရဆိုရင် စမ်းချောင်းကိုးခု ကုန်းမြေတိုက်ထက် ပိုမိုကာ အားနည်းသည် ဆိုသော်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးထက်တော့ အလွန်တရာ အားကောင်းလှသေး၏။ သို့ပေမဲ့ ဒုတိယ တန်းစား ဂြိုဟ်တစ်ခုအဖြစ် စဉ်းစားသုံးသပ်၍ ရနိုင်သည့် ဤဂြိုဟ်သည် လက်ရှိအချိန်မှာတော့ စစ်ပွဲမီးများ တောက်လောင်လျက် ရှိနေတော့၏။ မြေတည်နေရာတစ်ခုလုံးသည် ရှုပ်ပွလျက် ရှိနေပြီး မီးများ လောင်ကျွမ်းနေ ၏။

ဘုန်း ဘုန်း……။

အမြှောက်ပစ်သည့်အသံများသည် ရံဖန်ရံခါဆိုသလို ထွက်ပေါ်လာခဲ့ပြီး ကြီးမားလှသည့် မြို့ကြီးတစ်ခု၏ အပေါ်ဘက်တွင် မီးတောက်များ တောက်လောင်လျက် ရှိနေ၏။ မြို့ကြီးအား လွှမ်းခြုံထားသည့် အကာအကွယ် အစီအရင်သည် တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာခဲ့၏။ မြို့ထဲတွင် ရှိနေသော အစီအရင်ဆရာ ငါးရာကျော်တို့သည် အစီအရင်ကြီးအား ထောက်ပံ့ရန်အတွက် တာဝန်ယူထားကြ၏။ ၎င်းတို့ အားလုံးသည် ပစ်ခတ်လိုက်သည့် အမြှောက်ကဲ့သို့သော အရာကြီးကြောင့် အနောက်ဘက်သို့ လွင့်စင်သွားခဲ့ကြသည်။

သူတို့စောင့်ကြပ်လျက်ရှိသည့်မြို့ကို ထျန်းရင်မြို့ဟု ခေါ်ပြီး ထျန်းဟယ်ကုန်းမြေတိုက်၏ ဒုတိယမြောက် အကြီးမားဆုံးသော မြို့ကြီးလည်း ဖြစ်၏။ ထိုမြို့ကြီး ပျက်စီးသွားသည်ဆိုသည်နှင့် ဂြိုဟ်ကြီးတစ်ခုလုံး ပျက်စီးသွားမှာ သေချာ၏။ ထို့ကြောင့် များပြားလွန်းလှသည့် စစ်သည်များသည် ထူးဆန်းလွန်းလှသည့် လက်နက် များကို ကိုင်ဆောင်ထားခဲ့ကြပြီး အသက်သေဆုံးရလျှင်ပင် မမှုဘဲ မြို့ကြီးကို စွမ်းစွမ်းတမံ ကာကွယ်နေကြ၏။

“ကျောက်တုံးတွေတင်”

မြို့၏ မီတာထောင်ချီအဝေးတွင်တော့ မဲနက်လှသည့် ချပ်ဝတ်များကို ဝတ်ဆင်ထားသော စစ်သူကြီးတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်သည်။

ရွှီး ရွှီး

စစ်သည်ပေါင်းရာချီတို့သည် ကြီးမားလှသော ကျောက်တုံးကြီးများကို ကျောက်တုံးပစ်စက်ပေါ်သို့တင်ကာ ချိန်တွယ်လိုက်ကြ၏။ ဤလက်နက်ကြီးသည် စမ်းချောင်းကိုးခုကုန်းမြေတိုက်ကြီးအနေနှင့် တခြားသောဂြိုဟ်များ ကို ကျူးကျော်ရာတွင် အသုံးပြုသည့် အဓိကလက်နက်ကြီးများဖြစ်ပြီး အစီအရင်များကိုလည်း ဖျက်ဆီးပစ်နိုင်သည့် အစွမ်းလည်း ရှိနေတော့၏။

ထျန်းဟယ်ကုန်းမြေတိုက်ကြီးသည် ကြီးမားလှသည့် မြို့ကြီးပေါင်းနှစ်ဆယ် ရှိသည်ဆိုသော်လည်း အားလုံးသော မြို့များမှာ ပျက်စီးကုန်ပြီဖြစ်သည်။

“မြန်မြန်... အစီအရင်ကို အားဖြည့်ကြ” ထျန်းဟယ်မြို့ဆီမှ စစ်သူကြီးတစ်ဦးက အော်ဟစ်လိုက်၏။

ဒွီ ဒွီ

အစီအရင်ဆရာပေါင်း တစ်ထောင်ကျော်တို့သည် ရုတ်တရက် ရောက်ရှိလာခဲ့ကြပြီး ၎င်းတို့ခန္ဓာကိုယ်ပေါ်တွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာဖြင့် မြို့၏ အကာအကွယ်အစီအရင်ကြီးအား စတင်ကာ အားဖြည့် တော့၏။ သူတို့အနေနှင့် ဤသို့ ဆက်တိုက် တိုက်ခိုက်မှုတွင် ကြံ့ကြံ့ခံ မရပ်တည်နိုင်သည်ကို သိရှိသည် ဆိုသော်လည်း ရှိရှိနေသမျှသော လူများကို ကာကွယ်နိုင်ရန်အတွက် အသက်ကို ပေးအပ်ရန် ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်သည်။

“ပစ်ကြ” စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီးဆီမှ စစ်သူကြီးတစ်ဦးက အော်ဟစ်လိုက်၏။

ဆွစ် ဆွစ်

ချက်ချင်းပဲ အားကောင်းလွန်းလှသော သလင်းအမြူတေများ ပါဝင်သည့် ကျောက်တုံးများသည် အပြင်ဘက်ဆီမှ ရောက်ရှိလာခဲ့ကြ၏။ ၎င်းကျောက်တုံးများသည် မြို့၏ အကာအကွယ်အစီအရင်နှင့် ထိပ်တိုက်တွေ့ပြီးသည့်နောက် နားကွဲလောက်စရာ အသံကျယ်ကြီးများ ပေါ်ပေါက်လာခဲ့၏။

အရာအားလုံး တည်ငြိမ်သွားပြီးနောက် မြို့၏ အကာအကွယ် အစီအရင်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်လာခဲ့၏။ အစီအရင်ဆရာ တစ်ဝက် ကျော်လောက်သည်လည်း ဒဏ်ရာ ရရှိကုန်ကြသည်။

“စစ်သူကြီး”

ဒုတိယစစ်သူကြီးသည် မြို့၏ မျှော်စင်ပေါ်တွင် မတ်တပ်ရပ်လျက် ဝမ်းနည်းဆွေးမြေ့စွာဖြင့် ပြောလိုက်၏။ “မြို့ရဲ့ အကာအကွယ်အစီအရင်က ကြာကြာခံတော့မှာ မဟုတ်ဘူး။ သူတို့ဆီကို ထွက်ပြီးတော့ တိုက်ခိုက်လိုက်တာ ပိုကောင်းမယ်နဲ့တူတယ်”

“အင်း... ကျုပ်သဘောတူတယ်။ ဒီလိုအခြေအနေကို ပြောင်းပြန်လှန်ဖို့ အခြေအနေ မရှိတော့ဘူးဆိုမှတော့ တစ်ယောက်ကို သတ်ရရင်လည်း တစ်ယောက် အမြတ်ပဲလေ” ၎င်း၏ ဘေးနားမှာ မတ်တပ်ရပ်လျက် ရှိနေသော ထျန်းဟယ်ကုန်းမြေတိုက်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် သဘောတူညီလိုက်ကြ၏။ ၎င်းတို့သည် သိုင်းနယ်မြေနှင့် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများလည်း ဖြစ်ကြသည်။

သာမန်အခြေအနေအရဆိုလျှင် ဂြိုဟ်နှစ်ခုကြား တိုက်ပွဲတွင် အဆင့်ကွာခြားချက်ကို သတ်မှတ်ထားခဲ့ကြ၏။ ဥပမာ အားဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းဘုရင်အဆင့်နှင့်အထက် ကျင့်ကြံသူများသည် နိုင်ငံ၏ စစ်ပွဲများ တွင် ပါဝင်ခွင့် မရှိပေ။ ထျန်းဟယ်ကုန်းမြေတိုက်ကြီးတွင် ဤကဲ့သို့ စည်းမျဉ်းများ ရှိကြ၏။ သို့ပေမဲ့ ဂြိုဟ်အတွင်းစစ်ပွဲ ပြဿနာများပေါ်တွင်သာ ကန့်သတ်ထားခြင်း ဖြစ်၏။

စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီးသည် လက်ရှိအချိန်မှာ ကျူးကျော်သူများဖြစ်သည်။ ထို့ကြောင့် သိုင်းနယ်မြေ နှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ များသည် ငြိမ်နေ၍ မရတော့ချေ။

“မဖြစ်သေးဘူး”

မြို့၏ စစ်သူကြီးတစ်ယောက်သည် လေးနက်တည်ကြည်သည့်အသံဖြင့် ပြောလိုက်၏။ “သေဆုံးတဲ့အထိ ခုခံမှုကိုပဲ ကျုပ်တို့ ရွေးချယ်ရမယ်”

တစ်ဖက်သောလူများသည် အလွန်တရာ အားကောင်းလွန်း လှ၏။ ထို့ကြောင့် ၎င်းတို့သည် ခံစားချက်ကြောင့် ဆုံးဖြတ်ချက်များကို ရှုပ်ထွေးစေ၍ မဖြစ်ချေ။ ဖြစ်နိုင်သမျှ မြို့၏ အကာအကွယ် အစီအရင်ကြီးအား အားဖြည့်ထားရန် လိုအပ်နေသေး၏။ သို့မှသာလျှင် မြို့တစ်ခုလုံး၏ ပျက်စီးမှု အရှိန်သည် လျော့ကျသွားမှာ ဖြစ်သည်။

“မြို့ရဲ့ အကာအကွယ်အစီအရင်ကို အားဖြည့်ထားကြ”

စစ်သူကြီးက အော်ဟစ်လိုက်၏။ “စစ်ကူတွေလာဖို့ စောင့်ကြရအောင်”

“စစ်ကူ ဟုတ်လား”

အားလုံးသောသူများသည် နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ကြသည်။ ဤတစ်ကြိမ် မှာတော့ စမ်းချောင်းကိုးခုကုန်းမြေတိုက်ကြီးသည် ထျန်းဟယ်ကုန်းမြေတိုက်ကြီးကို ကျူးကျော်လာခဲ့၏။ ထိုအရာသည် တစ်ဖက်လူများမှ နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်လာသည့်အရာလည်း ဖြစ်လို့နေခဲ့၏။ အင်အားစု အများအပြားကို ခွဲခြားပြီးသည့်နောက် အရေးကြီးသည့်မြို့များကို တိုက်ခိုက်လျက်ရှိနေကြ၏။ ဤတစ်ကြိမ်တွင် မည်သူက လာရောက်ကာ ကူညီကြမည်နည်း။

“ကြည့်ကြအုံး”

ထိုအချိန်မှာတော့ ဒုတိယစစ်သူကြီးသည် မျက်လုံးအပြူးသားဖြင့် ကောင်းကင်ထက်ဆီသို့ လက်ညှိုး ထိုးပြလိုက်၏။

အားလုံးသည် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အဝေးတစ်နေရာရှိ အလင်းတန်းတစ်ခုကို မြင်လိုက်ကြတော့သည်။

ဆွစ်

ချက်ချင်းပဲ ထျန်းရင်မြို့၏ တိုက်ခိုက်ရေးတည်နေရာ အပေါ်ဘက်တွင် လေလှိုင်းများ တဟုန်းဟုန်းနှင့် ဖြစ်တည် လာခဲ့၏။ ပြီးနောက် အလွန်တရာ ရှေးကျလွန်းလှသော ရွက်သင်္ဘောကြီးတစ်စင်းသည် ရုတ်တရက် ပေါ်ပေါက်လာ၏။

“အမ်”

စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီးဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ရုတ်တရက် မျက်မှောင်ကုတ်မိ လိုက်ကြသည်။

“အားလုံးပဲ”

ရုတ်တရက်ဆိုသလိုပဲ ရွက်သင်္ဘောဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “ဒီကျွင်းကို မျက်နှာသာ ပေးတဲ့အနေနဲ့ တိုက်ခိုက်တာကို ရပ်ပေးလို့ ရမလား”

ဆွစ် ဆွစ် …….။

လေအေးများ တိုက်ခတ်လာပြီးသည့်နောက်မှာတော့ သိုးမွှေးဝတ်စုံကြီးကို ဝတ်ဆင်ကာ ပါးစပ်တွင် စီးကရက်ကြီး ခဲ၍ မျက်မှန်မဲကြီး တပ်ထားသည့် ကျွင်းချောင်ရှောင်း ပေါ်ပေါက်လာခဲ့သည်။ သူ၏ နောက်ဘက်တွင်တော့ ရီရှင်းချန်၊ လီချင်းယန်နှင့် တခြားသောသူများသည် ဆောင်းဘောက်ကြီးကို ကိုင်ဆောင်ကာ မတ်တပ်ရပ်လျက် ရှိနေသည်။

ဆွစ်

ရှောင်ကျီသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ ထိုင်ခုံတစ်ခုကို ကျွမ်းကျင်စွာဖြင့် ချပေးလိုက်၏။ ကျွင်းချောင်ရှောင်းသည် ပခုံးကို လှုပ်ခါလိုက်၏။ သိုးမွှေးအင်္ကျီသည် အနောက်ဘက်သို့ လွင့်စင်သွားပြီး စုရှောင်မိုက အလိုက်သင့် လှမ်းဖမ်းလိုက်သည်။ ထို့နောက် သူသည် ကြည့်ကောင်းလွန်းလှစွာဖြင့် ထိုင်ခုံပေါ်တွင် အသာထိုင်ချလိုက်၏။

ဖြောက် ဖြောက်

လီချင်းယန်နှင့် တခြားသောတပည့်များသည် ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရင်ကော့၍ ရပ်နေကြသည်။ ဤကဲ့သို့ ဝင်လာသည့် ပုံပန်း သွင်ပြင်သည် အလွန်ပင် မျက်စိနောက်စရာ ကောင်းလွန်းလှသည်။

ကျွတ် …..။

စမ်းချောင်းကိုးခုကုန်းမြေတိုက်ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် နှာခေါင်းကို ရှုံ့လိုက်ကြ၏။ သူတို့၏ အသွင်အပြင် အမူအရာအရဆိုလျှင် ကုန်းရှန့်အား မည်သို့မှ မျက်နှာသာပေးလိမ့်မည် မဟုတ်ချေ။ ဤအရာမှာ သာမန်ပင် ဖြစ်၏။ ထို့အပြင် စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီးသည် အစောကြီးကတည်းက အသာစီးရယူ ခဲ့ပြီးသား ဖြစ်၏။ ထျန်းရင်မြို့အား ဖျက်ဆီးပစ်ရန်ဆိုသည်မှာ ကိစ္စသေးသေးလေးပင် ဖြစ်၏။ မည်သူက လွယ်လွယ်ကူကူနှင့် လက်လျော့ပေးရမည်နည်း။

“ကောင်လေး”

တာဝန်ယူထားသည့် စစ်သူကြီးသည် လေးလေးနက်နက် အသံဖြင့် ပြောလိုက်သည်။ “မင်းက ဘယ်သူလဲ”

ကျွင်းချောင်ရှောင်းသည် နေကာမျက်မှန်ကြီးကို ချွတ်ကာဖြင့် သူ၏လက်တစ်ချောင်းနှင့် ဆံပင်များကို အသာဆော့ကစားရင်း ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်း... ကြယ်ကြွေကုန်းမြေတိုက်ကြီးမဟာမိတ် အဖွဲ့ခေါင်းဆောင်၊ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ”

“ကြယ်ကြွေကုန်းမြေတိုက်ကြီး ဟုတ်လား။ ဒါက အဆင့်မရှိတဲ့ ဂြိုဟ်တစ်ခုပဲ မဟုတ်လား”

“အကူအညီခေါ်ထားတာလား။ ဆိုးဝါးလိုက်တာ။ ဒီလိုအဆင့်မရှိတဲ့ ဂြိုဟ်တစ်ခုကို အကူအညီတောင်းတယ် ဆိုတော့ ထျန်းဟယ်ကုန်းမြေတိုက်ကလူတွေ ရူးနေလို့လား” စမ်းချောင်းကိုးခု ကုန်းမြေတိုက်မှ စွမ်းအားမြင့် ကျင့်ကြံသူများသည် အထင်အမြင်သေးစွာဖြင့် ပြောဆိုနေမိကြသည်။

“အဆင့်မရှိတဲ့ဟာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏ဆေးပြင်းလိပ်ကြီးအား ပြန်လည်သိမ်းဆည်း လိုက်၏။ ပြီးသည့်နောက်မှာတော့ အေးစက်စက်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ပြောခဲ့တဲ့ စကားလုံး တစ်ခုချင်းစီတိုင်းအတွက် အပြည့်အဝ တာဝန်ယူရမယ်”

“ကောင်လေး”

စမ်းချောင်းကိုးခုကုန်းမြေတိုက်ဆီမှ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် တည်နေရာဆီမှ ပျံသန်းလာပြီး စိတ်ဝိညာဉ်စွမ်းအင်များကို ညာဘက်လက်တွင် စုစည်းကာ သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြောလိုက်၏။ “ဟန်ထုတ်မနေနဲ့တော့”

ဘုန်း …….။

ရုတ်တရက် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အရှေ့ဆီသို့ ထွက်လာသည့် လူ၏ ဦးခေါင်းသည် ရုတ်တရက် ပျောက်ကွယ်သွားပြီးသည့်နောက် မြေပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျသွားသည်။ ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးထက်တွင် AWM စနိုက်ပါအား တင်ကာ ပြောလိုက်တော့သည်။ “ကျုပ်က ဟန်ထုတ်နေတာပဲ။ အဲတော့ ဘာလုပ်ချင်လဲ”

“မင်းက သေချင်နေတာပဲ”

တိုက်ခိုက်မှုကို တာဝန်ယူထားသည့် စစ်သူကြီးသည် လက်ကိုမြှောက်ကာဖြင့် အော်ဟစ်လိုက်၏။ “ဒီကောင့်ကို အစိတ်စိတ် အပိုင်းပိုင်း လုပ်လိုက်ကြစမ်း”

“အစိတ်စိတ် အပိုင်းပိုင်း လုပ်မယ် ဟုတ်လား”

ပြောပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချက်ချင်း ထိုသူ၏ရှေ့သို့ ရောက်ရှိသွားသည်။။ ပြီးနောက် ထိုစစ်သူကြီး၏ နဖူးထိပ်တည့်တည့်သို့ ကန္တာရလင်းယုန်ကို တင်ကာဖြင့် အေးစက်စက် ပြောလိုက်သည်။ “ခင်ဗျား စမ်းကြည့်လိုက်လေ”

ဘုန်း ဘုန်း

တခြားတစ်ဖက်မှာတော့ လီချင်းယန်၊ ရီရှင်းချန်နှင့် တခြားသောသူများ အားလုံးသည် ကျောက်ခဲထည့်၍ ပစ်လို့ရ သည့် လက်နက်ကြီးများ အားလုံးကို ဖျက်ဆီးနေကြတော့သည်။ ပြီးသည့်နောက်မှာတော့ ၎င်းတို့ အားလုံးသည် ထိုအရာများ အားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်း သိမ်းဆည်းလိုက်ကြ၏။

ဟူး ဟူး …။

စမ်းချောင်းကိုးခု ကုန်းမြေတိုက်ကြီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် မပျော်မရွှင် ဖြစ်သွားကြ၏။ ၎င်းတို့သည် အင်္ကျီလက်များကို လိပ်ကာဖြင့် ရှေ့သို့တိုးကာ တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။

သို့ပေမဲ့ နောက် တစ်စက္ကန့်အတွင်းမှာပဲ အားလုံးသောလူတို့သည် ဆွံ့အသွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ၏ ရှေ့တည့်တည့်တွင် များပြားလှသောသူများရုတ်တရက် ပေါ်ပေါက်လာခဲ့သောကြောင့်ပင်။

၎င်းတို့သည် မြင်းကျား ကဲ့သို့သော ဝတ်စုံများကို ဝတ်ဆင်ထားခဲ့ကြပြီး လက်များသည် ချိန်းကြိုးများဖြင့် ချည်နှောင်ခြင်း ခံထားရ၏။ တချို့သည် ဦးခေါင်းများကို ယမ်းခါလျက် ရှိပြီး တချို့မှာတော့ ဆောင့်ကြောင့်ထိုင်နေသည်။ တချို့မှာတော့ ဆံပင်ကို ဖြီးလျက်ရှိပြီး တချို့မှာတော့ ဟန်ထုတ်လျက် ရှိနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများသည် အလွန်ပင် ကြောက်ဖို့ကောင်းလွန်းလှ၏။

“လာစမ်း”

ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာ ပြောလိုက်သည်။ “ပျော်ပျော်ကြီး စကြတာပေါ့”

All Chapters