← Chapters

အခန်း (၁၃၂၃)

Vol. 89 Ch. 1323

အခန်း (၁၃၂၃)

Vol. 89 Ch. 1323

ဤနှစ်ပိုင်းအတွင်းတွင် ကျွင်းချောင်ရှောင်းသည် ဂိမ်းဆာဗာခိုးသည့်လမ်းစဉ်ကိုသာ တဖြည်းဖြည်းနှင့် လျှောက်လှမ်းခဲ့၏။ သူ့အနေနှင့် သူ၏ ကိုယ်ပိုင်အားအင်ကို ထုတ်ဖော်ကာ လေ့လာရသည့်အရာသည် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို လေ့လာရသည့်အချိန်သာရှိ၏။

မည်မျှ လေ့လာခဲ့ရသနည်းဆိုသော် လက်ရှိတွင် ခေါင်းတုံးပင် ဖြစ်လို့နေခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း အနေဖြင့် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်သည် ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေသို့ ပို့ဆောင်နိုင်မလား ဆိုသည်ကို မသေချာသေးချေ။

“စိတ်မပူနဲ့”

စနစ်က ပြောလိုက်သည်။ “လက်ခံသူဆီမှာ ဂိုဏ်းစုဆောင်းမှတ်တွေ အများကြီး ရှိနေသေးတာပဲ။ တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်လည်း စတိုးဆီကို သွားပြီးတော့ ဝယ်စရာရှိတာ ဝယ်လိုက်ပေါ့။ ပြီးတော့ ဂိမ်းဆာဗာ လည်း ခိုးနေကြပဲလေ။ ဘယ်သူက ထူးထူးခြားခြားလုပ်ပြီး ပြောနေမှာ မဟုတ်ဘူး”

“တော်စမ်း”

ကျွင်းချောင်ရှောင်းအနေဖြင့် ဂိုဏ်းစုဆောင်းမှတ်များ အသုံးပြုရခြင်းနှင့်ပတ်သက်၍ နှမျောတသ မရှိချေ။ သို့ပေမဲ့ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို အားကိုးပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းစုဆောင်းမှတ်များ ကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့၏။

သူ၏ အရည်အချင်းသက်သက်ဖြင့် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်လျက် ရှိနေသေး၏။ ထို့အပြင် သူသည် လောကသစ်ဆီသို့ ရောက်ရှိချိန်တွင် အနိုင်ကျင့်ခံရမည်ကိုလည်း စိုးရွံ့လျက် ရှိနေသည်။

“အစီအရင်ကို စမယ်”

ကျွင်းချောင်ရှောင်းသည် အပြင်ဘက်ဆီသို့ ပျံသန်းလိုက်ပြီးသည့်နောက် လေထုထဲတွင် မတ်တပ်ရပ်လိုက်သည်။ လက်တစ်ဖက်ကို ယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ အလင်းစက် တစ်ထောင်ကျော် တို့သည် လက်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ ဂိုဏ်း၏ တည်နေရာတစ်ခုချင်းစီသို့ ရောက်သွားခဲ့၏။ ထိုအရာသည် အစီအရင်၏ အလံများပင် ဖြစ်သည်။

“ဒီနည်းစနစ်က အံ့အားသင့်စရာပဲ” ကျန်းတယ်ကျွင်းသည် အံ့အားသင့်လို့နေ၏။

အစီအရင်သည် အမှတ်တမဲ့နှင့် ဖန်တီးထားသည့် ပုံစံမျိုးရှိသည်ဆိုသော်လည်း ဂိုဏ်းချုပ်၏ အစီအရင်ပေါ်တွင် နားလည်မှုသည် ကြောက်ခမန်းလိလိ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို ကောင်းကောင်း သိရှိလိုက်ရသည်။

နှစ်အနည်းငယ် တံခါးပိတ် ကျင့်ကြံပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်သည် အစီအရင်အင်ပါယာ၏ ပြည့်စုံခြင်းအဆင့်ဆီသို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်လိုက်မိ၏။

ဟုတ်ပေသည်။ ရှေးအစီအရင်အင်ပါယာပင်လျှင် ကျွင်းချောင်ရှောင်း၏ အရှေ့တွင် သိမ်သိမ်ငယ်ငယ်ဖြင့် နေရမည့် အခြေအနေသို့ ရောက်ရှိနေသည်။

ဆွစ် ဆွစ် …။

အလင်းနှင့် အလင်း၏ အရိပ်များ အားလုံးသည် စုပေါင်းပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသို့ ပြန့်ကျဲ သွားခဲ့၏။ အစီအရင်၏ အလံကြားတွင်ရှိသော မျဉ်းကြောင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားခဲ့၏။

ကျွင်းချောင်ရှောင်း၏ သိစိတ်ပင်လယ်ထဲတွင်တော့ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်၏ မျဉ်းကြောင်း များ၊ ပုံပန်းသွင်ပြင်များသည် တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံ ကာဖြင့် အစီအရင်ကြီးသည် အကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိသွားသည်။

နှစ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ အစီအရင်အလံများနှင့် ချိတ်ဆက်လျက် ရှိနေသည့် နောက်ဆုံး မျဉ်းကြောင်းသည် ပြည့်စုံစွာ ဖန်တီးခဲ့ပြီးပြီဖြစ်၏။ အလင်းတန်းများ ပေါက်ကွဲထွက်သွားပြီးသည့်နောက်မှာတော့ အလင်း အတားအဆီးကြီးတစ်ခုသည် တည်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။

“ဒါ ဘာကြီးလဲ”

အတားအဆီး အစီအရင်ကြီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသော တပည့်များသည် ရုတ်တရက် ခန့်မှန်းလိုက်မိ၏။ ဤအရာသည် အသစ်ဖန်တီးထားသည့် ဂိုဏ်းအကာအကွယ် အစီအရင်တစ်ခုပေလား။

ဟူး

ကျွင်းချောင်ရှောင်းသည် အဓိက တောင်ထွတ်ပေါ်သို့ ဆင်းသက်လိုက်၏။ ပြီးနောက် နဖူးပေါ်တွင်ရှိသော ချွေးစက် များကို သုတ်လိုက်တော့သည်။ “အင်း... ဒါက တကယ့်ကို သောက်ရမ်း ပင်ပန်းတာပဲ”

ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို ဖန်တီးခဲ့ပြီးပြီ ဖြစ်၏။ အကျယ်အဝန်းအရဆိုလျှင် ဧကရီ လင်းရောင် ဖန်တီးခဲ့သည့် အစီအရင်ကြီးထက် ပိုမို များပြားစွာ ကျယ်ပြန့်ပြီး သံမဏိအရိုးတောင် တစ်ခုလုံးကိုပင် လွှမ်းခြုံထားခဲ့၏။ သို့ပေမဲ့ ဤကဲ့သို့သော အခြေအနေမျိုးဆီသို့ ရောက်အောင် ဖန်တီးဖို့ဆိုသည်မှာ အလွန်တရာ ခက်ခဲလှချေသည်။

နေ့ဝက်လောက် အနားယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ထဲရှိ ဓာတ်ငါးပါးကို ဆက်သွယ်ပြီး သည့်နောက် အလင်းတန်းငါးခုအဖြစ် အသွင်ပြောင်းကာ အစီအရင်ထဲသို့ ပေါင်းစပ်ခြင်းကို ပြုလုပ်ပြန်၏။ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်သည် ပြင်ပဘောင်တစ်ခုကဲ့သို့ပင်ဖြစ်၏။ ထိုအရာကို တည်ငြိမ် အောင် ထိန်းသိမ်းပြီး အသက်သွင်းနိုင်ဖို့ဆိုသည်မှာ ဓာတ်ငါးပါး၏ အားအင်များကိုလည်း လိုအပ်နေသေး၏။

ဝှစ်

ဂိုဏ်းကို လွှမ်းခြုံလျက်ရှိနေသော အစီအရင်သည် တဖြည်းဖြည်း အားပျော့လာပြီးသည့်နောက်မှာတော့ ဘယ်သူမှ မမြင်ရလောက်အောင် ပျောက်ကွယ်သွားခဲ့သည်။

ကျွင်းချောင်ရှောင်းအနေဖြင့် ချက်ချင်းကြီး အထက်နယ်မြေဆီသို့ တက်လှမ်းသွားရန် အစီအစဉ် မရှိချေ။ မထွက်ခွာခင်၌ သူသည် လုပ်စရာရှိသည်များကို ကြိုကာ လုပ်ရပေဦးမည်။ ဥပမာအားဖြင့် ဂိုဏ်းတစ်ခုလုံး အထက်နယ်မြေဆီသို့ တက်လှမ်းသွားပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို မည်သူက တာဝန်ယူမည်ဆိုသည့်အကြောင်းပင် ဖြစ်၏။ ထို့ပြင် မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် နေရာသည် မည်သူဖြစ်မည်နည်းဆိုသည်ကိုလည်း စီစဉ်ရဦးမည်။

ထို့အပြင် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကလည်း ရှိလို့နေသေး၏။ ထိုအရာသည် အထက်နယ်မြေမှ ရရှိ ခဲ့သည့်အရာဖြစ်သည်ဆိုသော်လည်း အထဲတွင် ရှိနေသော အကျဉ်းသားနှင့် ကင်းသမား ဆယ့်နှစ်ယောက်တို့အား အခြေချနိုင်အောင် ပြုလုပ်ပေးဖို့ လိုအပ်နေသေးသည်။

ဘုန်း ဘုန်း …..။

တစ်ညကြာပြီးသည့်နောက် သံမဏိအရိုးတောင်၏ အနီးနား၌ တောင်ထွတ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ ၏။

လီချင်းယန်သည် အမိန့်ကို လက်ခံရရှိပြီးသည့်နောက်မှာတော့ တောင်ပေါ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ ကို စတင်ကာ ဆောက်လုပ်တော့၏။ လဝက်ကြာပြီးသည့်နောက် အဆောက်အဦတွဲများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့သည်။

ကျွင်းချောင်ရှောင်း၏ အစီအစဉ်အရဆိုလျှင် ဤအရာသည် မဟာမိတ်အဖွဲ့၏ ဌာနချုပ်အဖြစ် ထားရှိမည် ဖြစ်၏။ နေ့စဉ်အရေးကိစ္စများကို တာဝန်ယူမည့်လူမှာ ကင်းသမား ဆယ့်နှစ်ယောက်တို့ပင်ဖြစ်သည်။ မြေအောက်ထပ်တွင်ရှိနေသော အကျဉ်းထပ်ကိုးလွှာကိုတော့ အဆင့်မြင့် အစီအရင်များဖြင့် ဖုံးကာကာ ထိန်းသိမ်း ထားမည် ဖြစ်၏။

ကင်းသမား ခေါင်းဆောင်ကျိနှင့် တခြားသောသူများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို စောင့်ရှောက်ရန် တာဝန်လည်း ယူထားရသေး၏။ ထို့ကြောင့် မည်သူမှသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာရောက်၍ ပြဿနာရှာလိမ့်မည် မဟုတ်ချေ။

သူ၏ အိမ်လုံခြုံမှုကို အခြေချပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းနှင့်အတူ တခြား မည်သူ့ကို အထက်နယ်မြေဆီသို့ ခေါ်ဆောင်သွားရမည်ကို စတင်ကာ စဉ်းစားတော့၏။

“ဂိုဏ်းချုပ်”

ကျန့်ရာက ပြောလိုက်သည်။ “ကျုပ်ရဲ့အစ်မက အဒေါ်ဝမ်နဲ့အတူ စားသောက်ဆိုင်မှာပဲ နေချင်တယ်တဲ့”

“အင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင်လည်း ကျုပ်က အတင်းကြီး တွန်းအား မပေးတော့ပါဘူး”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ချင်အာ … သူမက သာမန်လူတစ်ယောက်တဲ့။ ဒါကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာပဲ ဆက်ပြီးနေဖို့ ရည်မှန်းချက် ရှိနေတယ်”

“ကောင်းပြီလေ”

အထက်နယ်မြေဆီသို့ တက်ရောက်ရန် ဆိုသည်မှာ ပျော်ပွဲစားထွက်ခြင်း မဟုတ်ချေ။ တပည့်များ ၏ အမျိုးအဆွေများအနေဖြင့် သေမျိုးစကြဝဠာထဲတွင် ဆက်လက်နေထိုင်ချင်သည်ဆိုပါက သူ့အနေနှင့် မည်သူ့ကိုမှ တွန်းအားပေးကာ ခေါ်ဆောင်သွားလိမ့်မည် မဟုတ်ချေ။ အထက်နယ်မြေတွင် သူတို့ သေဆုံးသွားနိုင် သည်ဆိုသည်ကို နားလည်ထားသင့်၏။

လီချင်းယန်၊ ကျန့်ရာတို့သည် အနည်းငယ် စိတ်ဓာတ်ကျလျက်ရှိနေ၏။ အထက်နယ်မြေဆီသို့ တက်လှမ်းသွားသည် နှင့်တပြိုင်နက် သူတို့သည် ပြန်လည်ဆင်းသက်လာဖို့ မလွယ်ကူလှချေ။ အမျိုးအဆွေများနှင့် ထာဝရခွဲကာ နေရမည်လားမသိချေ။

ကျွင်းချောင်ရှောင်းမှာတော့ ထိုအရာကို ကောင်းကောင်းမြင်နိုင်၏။ ထို့ကြောင့် သူတို့ကို နှစ်သိမ့်ပေးလိုက်၏။ “စိတ်မပူပါနဲ့။ အပေါ်ကို တက်သွားပြီးရင် မင်းတို့တွေ ပြန်ဆင်းလာလို့ ရတာပဲ။ ဖြူမဲညီနောင်ကို ဥပမာကြည့်လေ”

ဟုတ်ပေသည်။ လီချင်းယန်နှင့် ကျန့်ရာတို့သည် ရုတ်တရက် နားလည်သွားမိ၏။ အထက်နယ်မြေကို တက်လှမ်း ရခြင်းဆိုသည်မှာ ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲလွန်းလှ၏။ သို့ပေမဲ့ ဆင်းသက်နိုင်ဖို့ အခွင့်အရေး ကတော့ တည်ရှိလို့နေသေးသည်။

ခရမ်းရောင်ဘုရင်၊ ဟယ်ဝူတီနှင့် ဖြူမဲညီနောင်တို့သည် အကောင်းဆုံးသော ဥပမာများပင်ဖြစ်တော့၏။ သို့ပေမဲ့ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံရပြီး ထိပ်ဆုံးအဆင့်သို့ မရောက်ရှိနိုင်သည့် အားနည်းချက်ကလည်း တည်ရှိလို့နေသေး၏။

“ဂိုဏ်းချုပ်”

စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် လှမ်းလျှောက်လာပြီးသည့်နောက် ပြောလိုက်သည်။ “ရွှေယွင်က သွားဖို့ သဘောတူညီလိုက်ပြီ”

လီချင်းယန်၏ မိန်းကလေးနှင့် ကျန့်ရာ၏ အစ်မတို့သည် သာမန်လူများသာ ဖြစ်ကြ၏။ သို့ပေမဲ့ ရှရွှေယွင်မှာတော့ ငယ်ရွယ်စဉ်ကတည်းက သိုင်းကျင့်ကြံခြင်းနည်းစနစ်များနှင့် ထိတွေ့ဆက်ဆံခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူမသည် လုံးဝမငြင်းပယ်ခဲ့ချေ။ ထို့ကြောင့် သူမသည် စုရှောင်မိုနှင့် လိုက်ရန် သဘောတူညီခဲ့၏။

“ချီးတဲ့မှ”

လီဖေးနှင့် ထျန်းချီတို့သည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်ကြ၏။ ဒီလူ ငါတို့ရှေ့မှာထပ်ပြီး မျက်စိ နောက်အောင်လုပ်အုံးမှာ။ အထက်နယ်မြေဆီသွားလို့ မျက်စိအေးမလားမှတ်တယ်။ ကောင်မလေးကို ခေါ်လာပြီး မျက်စိနောက်အောင် ထပ်လုပ်အုံးမှာပဲ။

...............

ဘုန်း …..။

တောက်လောင်လျက်ရှိနေသော မီးတောင်ကြီးရှေ့မှာတော့ ရီရှင်းချန်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် လှမ်းလျှောက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်ဆီမှ စူးရှလွန်းသည့် အရက်နံ့များ ထွက်ပေါ်နေသည်သာမက အလွန်အားကောင်းလွန်းသည့် တိုက်ခိုက်ရေးအော်ရာများလည်း ထွက်ပေါ်လျက် ရှိနေသည်။

သူ့အနေနှင့် ကိုးနှစ်တိတိ လေ့ကျင့်ပြီးသည့် နောက်မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံခြင်းအဆင့်မှသည် သိုင်းနယ်မြေကျင့်ကြံသူအဆင့်ဆီသို့ ချိုးဖြတ် ရောက်ရှိခဲ့ပြီ ဖြစ်၏။

ဂျိန်း

ရုတ်တရက် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အက်ကွဲကြောင်းများ ဖြစ်တည်လာ၏။ မီးပိုးကောင်ကြီးတစ်ကောင်သည် အက်ကွဲကြောင်းများကြားမှ ထွက်ပေါ်လာခဲ့၏။ ထိုကြီးမားသည့် သတ္တဝါကြီးသည် မီးများ တဝုန်းဝုန်း တောက်လောင်လျက်ရှိပြီး ကျယ်လောင်လှသော အသံကြီးကိုလည်း အော်ဟစ်လျက်ရှိနေသည်။ ဤအရာသည် မီးသူတော်စင်သားရဲတစ်ကောင်ဖြစ်ပြီး သိုင်းအင်ပါယာအဆင့်နှင့် နှိုင်းယှဉ်၍ရသည့် စိတ်ဝိညာဉ်သားရဲလည်း ဖြစ်တော့သည်။

ရီရှင်းချန်အနေဖြင့် သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေသို့ ပထမဦးဆုံးအကြိမ် စတင်ဝင်ရောက်ခဲ့စဉ်က သူသည် ငရဲခန်းလှုပ်ရှားမှုပုံစံကို ရွေးချယ်ခဲ့၏။ ပြီးသည့်နောက်မှာတော့ ဤသားရဲကြီး၏ သတ်ဖြတ်မှုကို ခံခဲ့ရ၏။

ညအင်ပါယာသည် အရှက်ကွဲမှုကို မခံနိုင်ချေ။ ထို့ကြောင့် အထက်နယ်မြေဆီသို့ မတက်ခင်မှာ သူသည် ငရဲခန်းကို လာရောက်ကာ စိန်ခေါ်ခြင်းပင်ဖြစ်၏။ ဤအရာသည် ဟန်ထုတ်ကြွားဝါလိုခြင်းကြောင့် မဟုတ်ပေ။ သူ၏ ပျောက်ဆုံးခဲ့သော ဂုဏ်သိက္ခာများကို ပြန်လည်ရယူချင်သောကြောင့်ပင်။

ဝေါင်း

သူတော်စင်မီးသားရဲကြီးသည် နောက်တစ်ကြိမ် ထပ်မံကာ အော်ဟစ်လိုက်၏။ တစ်ကိုယ်လုံးတွင် မီးတောက်များ ဖုံးလွှမ်းလျက် ရှိနေ၏။ ၎င်းသည် အောက်တွင်ရှိနေသော မောက်မာလှသည့် လူသားအား ငုံ့၍ ကြည့်လိုက်၏။ ရီရှင်းချန်သည် ရှေ့သို့ တစ်ချက်လှမ်းတက်ပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “အမှိုက်”

ဘုန်း ဘုန်း ဘုန်း

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေရှိ ငရဲခန်းလှုပ်ရှားမှုပုံစံသည် ကြမ်းတမ်းလှသည့်လှိုင်းများ ပေါက်ကွဲ ထွက်သွားပြီး ပုံရိပ်ယောင်တည်နေရာကြီးတစ်ခုလုံးပင် ယမ်းခါလျက်ရှိ၏။

အရာအားလုံး ပြန်လည်တည်ငြိမ်သွားသည့်အချိန်မှာ တော့ ရီရှင်းချန်သည် ကြီးမားလှသည့် ကျောက်တုံးကြီး တစ်ခုပေါ်တွင် မတ်မတ်ရပ်လျက်ရှိ၏။ သူသည် သူ၏ လက်ချောင်းများကို ဆုပ်ချည်၊ ဖြန့်ချည် လုပ်လျက်ရှိနေပြီး အနောက်ဘက်တွင်တော့ သူတော်စင်သားရဲနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် မီးသားရဲကြီးသည် အပိုင်းပိုင်း အစစဖြင့် သေဆုံးလျက် ရှိနေသည်။ ယနေ့တွင် သူသည် ဆုံးရှုံးခဲ့သည့် ဂုဏ်သိက္ခာများကို ပြန်လည်ရယူနိုင်ခဲ့လေပြီ။

“ဂျူနီယာညီလေးရီ... ငါတို့ အခုထွက်သွားရအောင်” ရှောင်ကျီသည် သူ၏ ဒိုင်းကြီးအား ပြန်လည်သိမ်းဆည်းကာ ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ” ရီရှင်းချန်သည် မတ်တပ်ထရပ်ပြီးသည့်နောက် ထွက်ခွာသွားခဲ့သည်။ သို့ပေမဲ့ လျှို့ဝှက်နယ်မြေထဲမှ ထွက်ခွာသွားသည်မှာ ရှောင်ကျီ တစ်ယောက်တင် မဟုတ်ပေ။ လုချင်းချင်း၊ စုရှောင်မို၊ လီဖေးနှင့် တခြားသော သူများလည်း ပါဝင်လျက်ရှိ၏။

ရီရှင်းချန်သည် ခပ်တည်တည်ဖြင့် တစ်ယောက်တည်း တိုက်ခိုက်သည့် ဟန်ပန် အမူအရာများကို ပြုလုပ်လျက်ရှိနေသည်ဆိုသော်လည်း တကယ်တမ်းမှာတော့ ဂိုဏ်း၏ အတွင်းစည်းတပည့်များ အားလုံး ပူးပေါင်းကာ ဤသတ္တဝါ သားရဲကြီးကို တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်လေသည်။

.............

တပည့်များ၏ မိသားစုကိစ္စများကို အခြေချပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ မိတ်ဆွေဟောင်းများဆီသို့ တစ်ယောက်ပြီးတစ်ယောက် သွားရောက်လည်ပတ်တော့သည်။ အိုက်မိသားစု ခေါင်းဆောင်၊ မြို့တော်ဝန်ရှဲ့၊ မူချန်းဟုန်၊ ဂိုဏ်းအသိအမှတ်ပြုဟောခန်းနှင့် ကောင်းကင်ဘုံကျောင်းတို့လည်း ပါဝင်လျက် ရှိ၏။

ဟုတ်ပေသည်။ သူ့အနေနှင့် ထိုသူများအား ဂိုဏ်းတစ်ခုလုံး အထက်နယ်မြေဆီသို့ တက်လှမ်းတော့မည့်အကြောင်း မပြောခဲ့ချေ။ ထိုအစား တစ်စုံတစ်ခု လုပ်စရာရှိသောကြောင့် တပည့်များကို ခဏတာ ခေါ်ယူသွားမည့်အကြောင်း ကို ပြောဆိုခဲ့သည်။

“ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို ကြီးမားတဲ့အရာတွေ ပြုလုပ်တတ်တဲ့ လူတစ်ယောက်ပဲလေ။ ဒီတော့ လုံခြုံတဲ့ခရီး ဖြစ်ဖို့ ကျုပ်မျှော်လင့်မိတယ်” မြို့တော်ဝန်ဟန်သည် တံခါးဆီသို့ အသာလျှောက်လာရင်းမှ ပြောလိုက်၏။

“နှုတ်ဆက်ပါတယ်”

ကျွင်းချောင်ရှောင်းသည် ထွက်ခွာသွားပြီးသည့်နောက် တခြားနယ်မြေရှိ သူ၏ မိတ်ဆွေ ဟောင်းများဆီသို့ သွားရောက်လည်ပတ်ပြန်၏။ ပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီသို့ သွားရောက်ကာ ပြောလိုက်၏။ “ကျွင်း ဒီ…. မှာ မရှိတုန်းမှာ ခင်ဗျားတို့ဂိုဏ်းအနေနဲ့ ရိုးရိုးသားသား နေသင့်တယ်”

“ရိုးသားပါမယ်။ ရိုးသားပါမယ်”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ သခင်က ပြောလိုက်သည်။ “ကျုပ်တို့ အမြဲတမ်း ရိုးရိုးသားသား နေနေပါပြီ”

မဟာမိတ်အဖွဲ့ တည်ထောင်ပြီးစဉ်ကတည်းက သူတို့သည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို လွှမ်းမိုးမည့် အကြံအစည်အား လက်လျော့လိုက်ပြီဖြစ်၏။

ထို့အပြင် ကျွင်းချောင်ရှောင်းဆိုသည်မှာ သူ့အတွက် ထိတွေ့ကိုင်တွယ်၍ မရနိုင်သည့် တောင်ကြီးတစ်ခုဆီသို့ပင် ရောက်ရှိနေသည့် လူတစ်ယောက်ပင် ဖြစ်လေသည်။

“နှုတ်ဆက်ပါတယ်”

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို သွားရောက်လည်ပတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အထူးတည်နေရာ ရွေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုပြီးသည့်နောက် မြောင်ဟွာခန်းမ ဆီသို့ သွားလိုက်၏။

“ဂိုဏ်းချုပ်ကျွင်းက ဘယ်တော့သွားမှာလဲ”

ရှစ်ကျန်းရွမ်၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများ ဖြတ်ပြေးသွားခဲ့၏။ တစ်ဖက်လူသည် လာရောက်လည်ပတ်ပြီး ဘာမှတောင် မပြောဆိုရသေးချေ။ ခရီးရှည်ကြီးတစ်ခု သွားရောက်တော့မည် ဖြစ်ကြောင်းကို စတင်ကာ ပြောဆိုနေခဲ့၏။

“အင်း... နှစ်လ၊ သုံးလလောက် ကြာရင်ပေါ့”

“အင်း”

ရှစ်ကျန်းရွမ်သည် မနည်းအားတင်းကြိုးစားကာ ပြုံးလိုက်သည်။ “ဒါဆိုရင် ဂိုဏ်းချုပ်ကျွင်းကို လိုက်ပို့ရတော့ မှာပဲ”

“အင်း”

ကျွင်းချောင်ရှောင်းသည် ကြောင်အအဖြင့် ပြောလိုက်၏။ “တကယ်တော့ ဒီကို လာတဲ့ ကျုပ်ရဲ့ ရည်ရွယ်ချက်က ခန်းမသခင်ရှစ်အနေနဲ့ သွားမယ်ဆိုရင် ကျုပ်နဲ့ အတူ သွားလို့ရတဲ့အကြောင်း လာပြောတာလေ”

“ဒါက” ရှစ်ကျန်းရွမ်သည် တွန့်ဆုတ်သွားမိသည်။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ်သွားမယ့် တည်နေရာက ခင်ဗျားရဲ့ မျက်လုံးကို ထာဝရ ကုသနိုင်မယ့် နေရာဖြစ်လိမ့်မယ်။ ခန်းမသခင်ရှစ် အနေနဲ့ တစ်သက်လုံး မျက်မှန်ဝတ်စရာ မလိုတော့ဘူး”

“ဒါပေမဲ့ ကျွန်မဆီမှာ ဂိုဏ်းကို စီမံခန့်ခွဲဖို့ အချိန်တွေ လိုအပ်နေသေးတယ်”

“ခန်းမသခင်”

ကျန်းစွန်းဖန်းဟွာသည် အလောတကြီးဖြင့် ဝင်ပြောလိုက်သည်။ “ဂိုဏ်းကို ကျွန်မတို့ စီမံခန့်ခွဲထားလို့ ရပါတယ်။ ဂိုဏ်းချုပ်ကျွင်းနောက်ကို လိုက်ပြီး လောကကြီးကို ကြည့်ရှုသင့်တယ်”

သူမနှင့် လန့်ရှင့်ရွဲ့တို့သည် ခန်းမသခင် အနေနှင့် ကျွင်းချောင်ရှောင်းကို စိတ်ပူလျက်ရှိသည်ဖြစ်ကြောင်း နားလည်မိ၏။ ထို့ကြောင့် ခရီးရှည်ကြီးကို သွားရန် လာရောက်ဖိတ်ခေါ်သည်ဆိုမှတော့ ကျိန်းသေပေါက် သဘောတူညီမှ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွှမ်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ပြောလိုက်သည်။ “ကျွန်မ သေသေချာချာ စဉ်းစားပါ့မယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးနောက် လက်သီးကို ဆုပ်လိုက်၏။ “ခန်းမသခင်ရှစ် အနေနဲ့ သွားချင်တယ်ဆိုလို့ရှိရင် ပြိုင်စံရှားဂိုဏ်းကို နောက်နှစ်လအတွင်း လာခဲ့ပါ။ အခုလောလောဆယ်တော့ ဒီကျွင်းက အရင်ဆုံး ထွက်သွားပါအုံးမယ်”

မြောင်ဟွာခန်းမဆီမှ ထွက်ခွာပြီးသည့်နောက်မှာတော့ သူသည် ဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့၏။

“ဟုတ်ပြီ”

သူသည် နဖူးကို ရိုက်ကာဖြင့် ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲက မိတ်ဆွေဟောင်းတွေ အများကြီး ရှိသေးတာပဲ။ မထွက်ခွာခင်မှာ သူတို့ကို သွားပြီး နှုတ်ဆက်ရမယ်”

စနစ်က အငေါ်တူးလိုက်၏။ “မိတ်ဆွေဟောင်းတွေဆီသွားပြီးတော့ လည်ပတ်ဖို့ဆိုတာ သေချာလို့လား”

All Chapters