အခန်း (၁၃၁၆)
Vol. 89 Ch. 1316
ပြိုင်စံရှား အပြစ်ပေးမှုအမိန့်တော်။
ဤအရာသည် ကျွင်းချောင်ရှောင်း ချက်ချင်း စဉ်းစားမိသည့်အရာပင် ဖြစ်တော့၏။ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်ဆိုသည်နှင့်တပြိုင်နက် ထုတ်ပြန်ခံ လိုက်ရသည့် သိုင်းကျင့်ကြံသူ သို့မဟုတ် ဂြိုဟ်သည် ပြိုင်စံရှားဂိုဏ်း၏ တိုက်ခိုက်ခြင်းကို ခံရမှာဖြစ်၏။
အနာဂတ် တွင် ပြိုင်စံရှား အပြစ်ပေးမှုအမိန့်တော် ထွက်ပေါ်လာသည်ဆိုသည်နှင့် ကင်းသမားဆယ့်နှစ်ယောက်တို့သည် ဂြိုဟ် သို့မဟုတ် သိုင်းကျင့်ကြံသူအား တစ်ခါတည်း သုတ်သင်ရှင်းလင်းပစ်မှာ သေချာ၏။ ယခုကဲ့သို့ မြို့၏ ပတ်ပတ်လည်တွင် ကြည့်ရှုနေလိမ့်မည် မဟုတ်ချေ။
“နားလည်ပါပြီ။ နားလည်ပါပြီ”
စမ်းချောင်းကိုးခု ကုန်းမြေတိုက်၏ အင်ပါယာသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “စမ်းချောင်းကိုးခု ကုန်းမြေတိုက်က အခုကစပြီး ကိုယ့်နေရာကိုယ် သိပါ့မယ်။ ဘယ်တော့မှ အိမ်နီးနားချင်း ဂြိုဟ်တွေကို ကျူးကျော်မှုတွေ မလုပ်ပါဘူး”
ဆွစ် ဆွစ်
ပြိုင်စံရှား အပြစ်ပေးမှု အမိန့်တော်သည် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ ပြီးသည့် နောက်မှာတော့ သူသည် တည်ငြိမ်စွာ ပြောလိုက်၏။ “ကျုပ် ခင်ဗျားကို တစ်ခါ အခွင့်အရေးပေးမယ်။ တကယ်လို့ ခင်ဗျားထပ်ပြီး လုပ်မယ်ဆိုရင် ခင်ဗျားနဲ့ ဂြိုဟ်တစ်ခုလုံးက ဖျက်ဆီးခံရမယ်”
ဆွစ် ဆွစ်
အကျဉ်းသားများနှင့် ကင်းသမား ဆယ့်နှစ်ယောက်တို့သည် ရွက်သင်္ဘောကြီးဆီသို့ ပြန်လည်ရောက်ရှိလာသည်။
ဘုတ် ဘုတ် …။
ကျွင်းချောင်ရှောင်းသည် စကြဝဠာထဲသို့ ပြန်လည်ထွက်ခွာသွားပြီးသည့်နောက် ဂြိုဟ်တစ်ခုလုံးတွင် ရှိနေသော သတ်ဖြတ်လိုခြင်းအော်ရာများသည် ပျောက်ကွယ်သွားခဲ့၏။ စမ်းချောင်းကိုးခု ကုန်းမြေတိုက်၏ အင်ပါယာနှင့် တခြားအကြီးအကဲများ၊ ဝန်ကြီးများအားလုံးသည် မြေပေါ်တွင် ပက်လက်လန်လျက်ရှိ၏။ ၎င်းတို့သည် စိတ်ပျက် လက်ပျက် ဖြစ်မိနေ၏။
“ဒီကောင်က ကြယ်ကောင်းကင်ခံတပ်ထက်တောင် ပိုပြီးတော့ ကြမ်းတမ်းလွန်းတာပဲ”
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် ကြယ်ကောင်းကင်ခံတပ်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြုလုပ် နေသည် မဟုတ်ပေ။ သူ့အနေနှင့် အပြစ်ရှိသည့်လူများကို လိုက်လံဖမ်းဆီးသည့်အလုပ်မျိုးကို ဘယ်တော့မှ ပြုလုပ်လိမ့်မည်မဟုတ်ချေ။ ပြိုင်စံရှားအပြစ်ပေးမှုအမိန့်တော် ထုတ်ပြန်လိုက်သည် ဆိုသည်နှင့် သူ၏ တပည့်နှင့် နောက်လိုက်များသည် တစ်ဖက်ဆီသို့ သွားရောက်ပြီး တစ်ခါတည်း သတ်ဖြတ်ပစ်မှာ သေချာသည်။
“မဟုတ်သေးဘူး”
လမ်းတလျှောက်မှာတော့ သူသည် မြို့တော်ဝန်မို ပေးထားသည့် နာမည်စာရင်းကို ထုတ်ယူ ကြည့်ရှုပြီး လေးလေးနက်နက် ပြောလိုက်၏။ “ငါ့အနေနဲ့ ပြိုင်စံရှားအပြစ်ပေးမှုအမိန့်တော် ရှိတဲ့အကြောင်းကို အားလုံးသိရှိအောင် ပြောပြမှ ဖြစ်လိမ့်မယ်”
စနစ်က ပြောလိုက်သည်။ “ငါ အခု နားလည်ပြီ။ လက်ခံသူက ပြိုင်စံရှားအပြစ်ပေးမှုအမိန့်တော်ကို ဖန်တီးခဲ့တယ် ဆိုတာ အကြောင်းပြချက်ရှာပြီးတော့ ငွေညှစ်ချင်လို့ပဲ မဟုတ်လား”
...................
ကြယ်ကောင်းကင်ခံတပ်ကို ကူညီရန် လာခဲ့ကြသည့် များပြားလှသည့်ဂြိုဟ်အသီးသီးသည် ကံဆိုးသွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ ရှေးရွက်သင်္ဘောကြီးသည် တည်နေရာအတားအဆီးကို ဖြတ်သန်းပြီး ဝင်ရောက်လာခဲ့သောကြောင့်ပင်ဖြစ်၏။
“ခင်ဗျား မှတ်မိလား” ကျွင်းချောင်ရှောင်းသည် အပြစ်ပေးမှုအမိန့်တော်များအား လက်ထဲတွင် ကိုင်ဆောင်ထားသည်။
“မှတ်မိပါတယ်။ မှတ်မိပါတယ်” ကျွမ်းကျင်သူတစ်ယောက်သည် ခေါင်းညိတ်ပြီးသည့်နောက် ဦးညွတ်ကာ ဂါရဝ ပြုလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟုတ်ပြီ။ ဒီကျွင်းရဲ့ ဆိုလိုရင်းက အရမ်းကို ရိုးရှင်းတယ်လေ။ အားလုံးက အနာဂတ်မှာ ဟန်ချက်ညီညီနဲ့ နေထိုင်သွားစေဖို့ပဲ မျှော်လင့်တယ်။ သေမျိုးစကြဝဠာတစ်ခုလုံးက ချစ်ခြင်းမေတ္တာ တွေနဲ့ ပြည့်နှက်နေရင် အကောင်းဆုံးပေါ့”
“ဂိုဏ်းချုပ်ကျွင်းရဲ့ ကြိုးစားမှုက တကယ့်ကို ချီးကျူးလောက်စရာပါပဲ”
အလုံးစုံသော စွမ်းအင်များ၏ မျက်နှာသာ အောက်တွင် ကုန်းရှန့်သည် လောကကြီး၏ အုပ်စိုးသူတစ်ယောက်ဟုပင် ပြောဆို၍ ရနေပြီဖြစ်၏။ မည်သည့် ဂြိုဟ်မှ စွမ်းအားမြင့်ကျင့်ကြံသူမဆို သူ့အား လေးလေးစားစား ဆက်ဆံကြရသည်။
“အရင် ကြယ်ကောင်းကင်ခံတပ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီးတော့ ….”
“ပေးပါမယ်။ ပေးပါမယ်” ဂြိုဟ်အသီးသီးမှာ ရှိနေသည့်လူများသည် တစ်ယောက်ပြီးတစ်ယောက် စိတ်ဝိညာဉ် ကျောက်တုံးများကို ထုတ်ကာပေးခဲ့ကြ၏။
ပြီးနောက် ကျွင်းချောင်ရှောင်းသည် ပြန်လည် ထွက်ခွာသွားခဲ့သည်။
နတ်ဆိုးသည် ထွက်ခွာသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ဂြိုဟ်အသီးသီးတွင် ရှိနေသော လူများသည် နှလုံးသားထဲမှာတော့ ပြိုင်စံရှားအပြစ်ပေးမှု အမိန့်တော် အကြောင်းကို စဉ်းစားလျက် ရှိနေမိ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် ကြယ်ကောင်းကင်ခံတပ်အစား နေရာယူပြီးသည့်နောက် သေမျိုးစကြဝဠာကြီး တစ်ခုလုံးကို စီမံခန့်ခွဲရန် အစီအစဉ်ရှိနေကြောင်း သူတို့ နားလည်လိုက်မိ၏။ အထက်နယ်မြေမှ ပေးအပ် ထားသည့် တာဝန်အား လုယူခဲ့သည့်လူတစ်ယောက်သည် အမှန်ပင် အစွမ်းအစရှိသည့် လူတစ်ယောက်ပင် ဖြစ်သည်။
ကြယ်ကောင်းကင်ခံတပ်ကို လာရောက်ကူညီရန် ရောက်ရှိလာခဲ့သည့် ဂြိုဟ်အသီးသီးဆီသို့ သွားရောက်၍ ငွေညှစ်ရခြင်းသည် အပေါ်ယံသာဖြစ်၏။ ပြိုင်စံရှားအပြစ်ပေးမှုအမိန့်တော် အကြောင်းကို များပြားလှသော ဂြိုဟ်အသီးသီးရှိ စွမ်းအားမြင့် ကျင့်ကြံသူများ သိစေရန် သူပြုလုပ်ချင်ခြင်း ဖြစ်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပြိုင်စံရှားဂိုဏ်းဆိုသည့် အကြောင်းအရာသည် သေမျိုးစကြဝဠာတစ်ခုလုံး၌ ပျံ့နှံ့နေပြီဖြစ်သည်။
“ကြယ်ကောင်းကင်ခံတပ်ကို ဖျက်ဆီးပြီး သူ့အစား နေရာယူရဲတယ်ဆိုတော့ သူက တကယ့်ကို အားကောင်းလှတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်။ ငါအချိန်ရှိရင် သူတို့ဆီကိုသွားပြီး လည်မှဖြစ်မယ်”
“ဂြိုဟ်အသီးသီးကလည်း ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသွားပြီးတော့ ပစ္စည်းတွေ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ကျုပ်ကြားထားတယ်လေ”
“ဒီလိုလား။ ဒါဆိုရင် ငါတို့လည်း သွားကြည့်ရမယ်”
ကြယ်ကောင်းကင်ခံတပ် ပေါက်ကွဲပြီးသည့်နောက် မှောင်ခိုဈေးကွက်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ ဂြိုဟ်အသီးသီးသည် ကုန်စည်များ လဲလှယ်ရန် လိုအပ်နေကြသေး၏။ ထို့ကြောင့် သီးခြားဖြစ်တည်နေသော ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ရွေးချယ်ရန် အမှတ်မထင် စဉ်းစားခဲ့ကြ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဤကဲ့သို့သော မှောင်ခိုဈေးကွက်မျိုးကို ပြုလုပ် မည်ဟု စကားလမ်းကြောင်းစခဲ့၏။ ထိုကဲ့သို့ ပြောဆိုပြီးပြီဆိုမှတော့ တခြားသောဂြိုဟ်များတွင် သွားရောက်၍ မည်သူက မှောင်ခိုဈေးကွက်ကို ပြုလုပ်ရဲပေတော့မည်နည်း။
ကြယ်ကောင်းကင်ခံတပ် ပျက်စီးသွားပြီးသည့်နောက် မှာတော့ သေမျိုးလောကကြီးတစ်ခုလုံးသည် ကုန်းရှန့်၏ အင်ပါယာပင် ဖြစ်တည်လာခဲ့၏။
ကံဆိုးစွာဖြင့် သူ၏ အဓိကတာဝန်အသစ်သည် ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေဆီသို့ ခေါ်ဆောင်သွားရန် ပင်ဖြစ်၏။ အကယ်၍ သေမျိုးစကြဝဠာကြီးတစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်ဆိုပါက ကျွင်းချောင်ရှောင်းအနေဖြင့် လက်ရှိတွင် တာဝန်၏ အသေးစိတ်များကို ပြည့်စုံနေလောက်ပြီဖြစ်သည်။
ဝှစ် ဝှစ်
စကြဝဠာထဲရှိ ရွက်သင်္ဘောများသည် ၎င်းတို့ မရင်းနှီးကြသည့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ဦးတည်ကာ ပျံသန်းလျက် ရှိနေကြ၏။ ဤရွက်သင်္ဘောကြီးများသာ ရောက်ရှိလာသည်ဆိုပါက ကြယ်ကြွေကုန်းမြေတိုက်တွင် နေထိုင်ကြသည့် လူများသည် အမှန်ပင် ထိတ်လန့်ခြောက်ခြားကုန်မှာ သေချာ၏။
.............
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် ထျန်းယွမ်အကျဉ်းထောင်စေတီအား နေရာချထားပြီးသည့်နောက်မှာတော့ ပြိုင်စံရှား အပြစ်ပေးမှုအမိန့်တော်အကြောင်းကို မည်ကဲ့သို့ ဖြန့်ဝေရမည့် အကြောင်းကို စတင်ကာ စဉ်းစားနေတော့သည်။ ထို့အပြင် သေမျိုးစကြဝဠာဆိုသည်မှာ အလွန်တရာ ကြီးမားလွန်းလှ၏။ ဂြိုဟ်အသီးသီးသည် ဂင်္ဂါမြစ်ထဲတွင် ရှိနေသော သဲများကဲ့သို့ပင် များပြားလွန်းလှသည်။
“ရိုးရှင်းတယ်”
စနစ်က ပြောလိုက်၏။ “မင်းအနေနဲ့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို သွားလိုက်”
“အင်း... အဲတာ ဟုတ်တာပဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ ဂြိုဟ်များ စုဝေးရာ တည်နေရာကို လက်ညှိုးထိုးပြပါ ဆိုလျှင် ဂြိုဟ်တိုက်ပွဲတည်နေရာကိုသာ လက်ညှိုးထိုးပြရပေလိမ့်မည်။ ဤကဲ့သို့ စုစည်းလျက်ရှိနေသည့် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ သွားရောက်ပြီး သတင်းအချက်အလက်များ ဖြန့်ဝေပေး လိုက်မည်ဆိုပါက တခြားသောဂြိုဟ်များဆီသို့ပါ သတင်းပျံ့နှံ့သွားမှာ သေချာသည်။
ယနေ့မှာပဲ ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ တည်နေရာရွေ့ပြောင်းခြင်းဂိတ်တံခါးကို အသုံးပြုကာ အထဲသို့ ဝင်ရောက်လိုက်၏။ ထို့အပြင် အထဲတွင် ဂြိုဟ်တိုက်ပွဲတည်နေရာနှင့် အထက်နယ်မြေကြား လမ်းကြောင်းတစ်ခုခု တည်ရှိနေမလားဆိုသည်ကိုလည်း သူသိချင်နေမိ၏။
စနစ်က ပြောလိုက်သည်။ “ဒါကမှ တကယ့်ကို ကုန်းရှန့်ပဲ။ စဉ်းစားနိုင်စွမ်းရှိတယ်”
သူ့တွင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ဝင်ရောက်နိုင်သည့် တည်နေရာဂိတ်တံခါးက တည်ရှိလို့နေခဲ့၏။ ထိုနေရာဆီမှ အထက်နယ်မြေဆီသို့ သွားရောက်ရာ လမ်းတစ်ခုကို ရှာဖွေနိုင်သည်ဆိုပါက ခက်ခက်ခဲခဲ ဘာတစ်ခုမှ လုပ်နေစရာ မလိုအပ်တော့ပေ။
“ဒါပေမဲ့ မင်းအထက်နယ်မြေကို ရောက်သွားပြီဆိုရင် ဒီတည်နေရာရွေ့ပြောင်းခြင်းဂိတ်တံခါးက အသုံးဝင်ပါတော့ မလားဆိုတာကို ငါစိုးရိမ်မိတယ်”
“အင်း... ဒါကို စိုးရိမ်စရာ မလိုတော့ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ မင်းပြော လိုက်ပြီဆိုတာနဲ့ ဒါက အသုံးဝင်မှာ ကျိန်းသေတယ်”
“..........”
စနစ်သည် ရုတ်တရက် ထအော်လိုက်၏။ “ငါပြောသမျှကို ပြောင်းပြန်ကောက်လို့ မရဘူးလေ”
“ငါသိတယ်။ မင်းက ကမ္ဘာပေါ်မှာ ပါးပိတ်ရိုက်ခံရဆုံးစနစ်ပဲလေ”
...............
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် ယခင်ကအတိုင်းပဲ တည်ရှိနေခဲ့၏။ လေထဲတွင် လွင့်မျောလျက် ရှိနေသော တောင်ကြီးသည် အလယ်ဗဟိုတွင် လှပခမ်းနားစွာဖြင့် တည်ရှိနေတုန်းပင်ဖြစ်၏။
ကွာခြားချက်မှာ အချိန်နှင့်တည်နေရာပိုးကောင် ကိုက်ဖြတ်ခဲ့သော တည်နေရာအတားအဆီးကြီးသည် ယခင်က အတိုင်း အပေါက်ကြီးဖြစ်နေသေး၏။ အထက်နယ်မြေသည် လာရောက်ပြင်ဆင်သည့်ပုံ မပေါ်ချေ။ သူတို့အနေနှင့် လာရောက်ပြင်ဆင်သွားမည်ဆိုလျှင်လည်း တစ်ဖက်လူသည် ပြန်လည်ကာ ကိုက်ခိုင်းမှာ သေချာ၏။ ထို့ကြောင့် မည်သူက အပင်ပန်းခံ၍ လာရောက်ကာ စည်းခတ်နေတော့မည်နည်း။
ခံတပ်၏ အတားအဆီး အကာအကွယ် မရှိသော်လည်း မည်သူမှသည် အထဲသို့ မဝင်ချင်ကြပေ။ အဘယ်ကြောင့် ဆိုသော် ဤခံတပ်ကြီးသည် ကျွင်းချောင်ရှောင်း ပိုင်ဆိုင်သည့်အရာကြီး ဖြစ်၏။ မည်သူမှသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် သွား၍ မရှုပ်ချင်ကြပေ။
ဘုတ်
ကျွင်းချောင်ရှောင်းသည် တည်နေရာဂိတ်တံခါးဆီမှ အပြင်ဘက်သို့ လျှောက်ထွက်လာသည်။ သို့ပေမဲ့ အဓိက တောင်ထွတ်၏ လေ့ကျင့်ရေးကွင်းပြင်ထက်သို့ ခုန်ဆင်းပြီး ဟန်ချက်ကို မထိန်းချုပ်ရသေးခင်မှာပဲ သူ၏ နှာခေါင်းထဲသို့ နှင်းဆီရနံ့က တိုးဝင်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် နှာခေါင်းတရှုံ့ရှုံ့နှင့် အသာလှည့်၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အဓိကတောင်ထွတ်၏ သစ်ပင်တစ်ပင်အောက်တွင် မတ်တပ်ရပ်လျက်ရှိသည့် နှင်းဆီဧကရီကို မြင်လိုက်ရသည်။
သူမသည် အမဲရောင်ဆံနွယ်များကို အနောက်သို့ အသာပို့လိုက်ပြီး ချိုသာစွာ ပြုံးလိုက်၏။ “ယောက်ျား... ကျွန်မကို လာတွေ့တာလား”
ဤအမျိုးသမီးသည် လက်ရှိအချိန်တွင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၌ တည်ရှိနေ၏။ ထို့အပြင် သူမသည် ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ ခံတပ်မှ ပြန်လည် မထွက်ခွာခင်မှာ အကြီးမားဆုံးသော ခံတပ်အခြေအနေ ဖြစ်အောင် တည်ဆောက်ထားချင်မိသည်။
များပြားလှသော ဂြိုဟ်အသီးသီးတို့သည် ကျွင်းအမျိုးသမီးဆိုသည့် ဂုဏ်ပုဒ်ကို သိရှိသည်ဆိုသည်နှင့် သူမအား ဝေးဝေးရှောင်ရှားလျက် ရှိနေသည်။ ထို့ကြောင့် နှင်းဆီဧကရီသည် ဤနေရာတွင် မည်သည့်အန္တရာယ်မှ မရှိချေ။ ခံတပ်၏တည်နေရာကြီးကို လွတ်လွတ်လပ်လပ်နှင့် ချဲ့ထွင်နိုင်စွမ်း ရှိနေ၏။
တစ်ခါတစ်ရံ ဘာမှလုပ်စရာ မရှိ၍ အားယားနေသည့်အချိန်မျိုးတွင် ဤနေရာဆီသို့ လာရောက်ကာ ထိုင်နေတတ်သည့်အကျင့်မျိုး ရှိနေသည်။
“ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ”
နှင်းဆီဧကရီသည် လက်နှစ်ဖက်ကို အနောက်သို့ပစ်ကာ ဟန်ပါပါဖြင့် လှမ်းလျှောက်လာခဲ့၏။ သူမသည် ပြုံးကာ ပြောလိုက်၏။ “အဓိကဂြိုဟ်အသီးသီးက ကျွန်မကို ကြောက်ရွံ့ပြီး ရှောင်ရှားနေကြတာလေ။ ဒီတော့ ခံတပ်ကြီးကို တည်ဆောက်တဲ့နေရာမှာ တော်တော်ပျင်းဖို့ကောင်းတယ်။ နေ့စဉ်နေ့တိုင်း ဒီနေရာကို ရောက်လာပြီး ရှင့်ကို စောင့်နေတာပဲ”
“နေ့စဉ်နေ့တိုင်း ဟုတ်လား” ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည်။
နှင်းဆီဧကရီသည် သူ့ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီးနောက် ခေါင်းကို အသာမော့လိုက်၏။ ပြီးနောက် လက်များကို မြှောက်ကာဖြင့် မေးလိုက်၏။ “ရှင် ဆံပင်တု တပ်ထားတာလား”
ကျွင်းချောင်ရှောင်းသည် သူ၏ဆံပင်အမဲရောင်များကို ခပ်ကြမ်းကြမ်း ဆွဲဆုပ်ကာဖြင့် ထအော်လိုက်မိသည်။ “ဒါ တကယ့်ဆံပင်အစစ်တွေ၊ ဆံပင် အစစ်တွေ၊ ကျုပ်က ခေါင်းတုံး မဟုတ်ဘူး”