အခန်း (၁၃၂၁)
Vol. 89 Ch. 1321
ဝိုင်တစ်ဂျားလုံးကို သောက်သုံးခဲ့သော ရီရှင်းချန်သည် အရက်မူးသွားပြီးသည့်နောက်မှာ စိတ်ဝိညာဉ်သားရဲ တောင်ထွတ်ဆီသို့ မသွားခဲ့ချေ။ ဤအရာမှာ အလွန်ပင် အံ့အားသင့်စရာကောင်းလွန်းလှ၏။ လူများသည် ရင့်ကျက်လာသည်နှင့်အမျှ ပြောင်းလဲသွားကြ၏။ သူမည်သူဖြစ်ကြောင်း ပေါ်ပေါက်သွားပြီးသည့်နောက်မှာတော့ ယခင်က မောက်မာပြီး မာန်တက်လွန်းလှသော ညအင်ပါယာသည် လက်ရှိအခြေအနေမှာတော့ အခြေအနေသစ်တစ်ခုကို လက်ခံလိုက်ပြီဟု သုံးသပ်၍ရ၏။
အားညိုအတွက်မှာတော့ သူသည် အနာဂတ်တွင် ဆက်လက်ကာ အသုံးပြုရဦးမည်။ သို့ပေမဲ့ ဤအရာသည် နာမည်တစ်ခုသာသာ ဖြစ်တော့၏။ တခြားသောအဓိပ္ပာယ်များ မပါဝင်ချေ။
ဟွေ့အာသည်လည်း ထိုအရာကို ကောင်းကောင်းစဉ်းစားပြီးပြီ ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူမသည် သိုင်းကျင့်ကြံခြင်းပေါ်တွင်သာ အာရုံစိုက်ထား၏။ သူမ၏ နှလုံးသားထဲတွင်ရှိသော ဖေးအားညိုသည် ထာဝရ တည်ရှိနေမှာ ဖြစ်၏။ သို့ပေမဲ့ ယခု ရီရှင်းချန်တော့ မဟုတ်တော့ချေ။
“ဒါက ပြည့်စုံတဲ့ အဆုံးသတ်တစ်ခုလိုပဲ သုံးသပ်လို့ ရမယ်” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။
သူနှင့် သူ၏တပည့်များသည် အကောင်းဆုံးကြိုးစားပြီး ရီရှင်းချန်နှင့် ဟွေ့အာအား အောင်သွယ်ပြုလုပ်ခဲ့၏။ သို့ပေမဲ့ အစစ်အမှန်တရား ပေါ်ပေါက်သွားပြီး သည့်နောက်မှာတော့ ထိုနှစ်ယောက်သည် မတူညီသည့် ကမ္ဘာနှစ်ခုတွင် တည်ရှိနေသည့် လူများ ဖြစ်ကြောင်း နားလည်သွားခဲ့ကြသည်။
“ဧကရီလင်းရောင်”
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “ခင်ဗျားက တကယ့်ကို အားကောင်းလှတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။ အထက်နယ်မြေကို တက်လှမ်းပြီးသွားရင် သေချာ ဂရုစိုက်မှဖြစ်မယ်”
“ညီငယ်လေး”
အဖြူရောင်နတ်ဆိုးသည် ရေနွေးတစ်ခွက်ကို သောက်ကာပြောလိုက်သည်။ “ဒီမိန်းမက မရိုးရှင်းဘူး”
“ဟမ်”
ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “အစ်ကိုကြီး... ဒီမိန်းမအကြောင်းကို ကြားဖူးလို့လား”
အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “ဒီတစ်ကြိမ် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို တာဝန်ယူထားတဲ့လူက ဧကရီလင်းရောင်ဖြစ်တယ်လို့ ပြောတယ်လေ။ သူမက နယ်မြေဟောခန်းရဲ့ အထူးတာဝန်ပေးမှုကို ရယူထားတဲ့ လူတစ်ယောက်ပဲ။ ဒီတော့ သူမဆီမှာ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိလိမ့်မယ်”
“တာဝန်ယူထားရတဲ့လူ ဟုတ်လား။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ အရာအားလုံးကို တာဝန်ယူထားရတဲ့လူပေါ့ … ချီးတဲ့မှ” ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ဒေါသတရားများ ထွန်းတောက်သွားခဲ့ရ၏။
ဤအမျိုးသမီးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို တာဝန်ယူထားသည့်လူတစ်ယောက် ဖြစ်သည်ဆိုလျှင် သူ့အား မနားမနေ အပြစ်ပေးခဲ့သည့် အပြစ်ပေးမှုများ အားလုံးသည် သူမနှင့် သက်ဆိုင်နေရမည်။ ထိုသို့ဆိုလျှင် သူမသည် ရီရှင်းချန် နှင့် ရန်ငြိုးရှိရုံသာမက သူနှင့်လည်း ရန်ငြိုးရှိလို့လာခဲ့သည်။
“ဧကရီမ ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်မိ၏။ “ကျုပ်... အထက်နယ်မြေကို တက်လှမ်းပြီးတဲ့နေ့ကျရင် ခင်ဗျားရဲ့ဘဝတစ်ခုလုံး နေဝင်ပြီလို့ မှတ်လိုက်တော့”
သို့ပေမဲ့ ဤအရာများ အားလုံးသည် ကြိုတင် စီမံရန်တော့ လိုအပ်နေသေး၏။
“အစ်ကိုကြီး”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒီ ဧကရီလင်းရောင်က ဘယ်လောက် အားကောင်းသလဲ”
“အင်း”
အဖြူရောင် နတ်ဆိုးသည် ခဏလောက် တွန့်ဆုတ်သွား၏။ “သူမ အကြောင်းကို ကြားဖူးရုံပဲလေ။ တစ်ခါမှ မမြင်ဖူးဘူး။ ဒီတော့ ဘယ်လောက် အားကောင်းတယ်ဆိုတာကို ကောင်းကောင်းမသိဘူး”
“ညီငယ်လေး”
ဘေးတစ်ဖက်တွင် ရှိနေသော အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။ “အထက်နယ်မြေက တစ်စုံ တစ်ယောက်ရဲ့ အားအင်အဆင့်ကို ဂရုစိုက်တယ်ဆိုပေမဲ့ ပိုပြီးအရေးကြီးတာက”
သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “အဆက်အသွယ်တွေပဲ”
“အစ်ကိုကြီး... ဧကရီလင်းရောင်ဆီမှာ တကယ့်ကို ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေ ရှိတယ်လို့ ပြောချင် တာလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
အမဲရောင်နတ်ဆိုးက ပြောလိုက်၏။ “နယ်မြေဟောခန်းဆိုတာ အထက်နယ်မြေတစ်ခုလုံးက ဂရုစိုက်ရတဲ့ နတ် အဖွဲ့အစည်းတစ်ခုပဲလေ။ ဝင်ချင်တိုင်းဝင်လို့မရဘူး။ ပြီးတော့ ဂြိုဟ်တိုက်ပွဲတည်နေရာလို အရာမျိုးကို တာဝန်ယူ ထားဖို့ဆိုရင် အလုံးစုံ ယုံကြည်မှုကို ခံယူရတဲ့သူ ဖြစ်ရမယ်”
ကျွင်းချောင်ရှောင်းက နားလည်သွားမိသည်။ ဤဧကရီလင်းရောင်၏ အားအင်အဆင့်သည် အနှိုင်းမဲ့ မဟုတ်ချေ။ အရေးကြီးလှသည်မှာ သူမ၌ များပြားသည့် အဆက်အသွယ်ကောင်းများ တည်ရှိနေခြင်းပင်။ တခြားတစ်ဖက်က ပြောရမည်ဆိုလျှင် ခရမ်းရောင်ဘုရင်၏ ရန်သူသည် နဂါးမျိုးနွယ်တစ်ခုလုံးပင် ဖြစ်တော့၏။ သို့ပေမဲ့ ရီရှင်းချန်၏ ရန်သူဆိုသည်မှာ များပြားလှသည့် အဆင့်မြင့်ကျင့်ကြံသူများ ပါဝင်ပတ်သက်လာနိုင်သည်။
“ဟုတ်တယ်”
အမဲရောင်နတ်ဆိုးက ပြောလိုက်၏။ “ညီငယ်လေး... မင်းရဲ့ အဆက်အသွယ်ကလည်း အားမနည်းပါဘူး။ မင်းက ကြီးမြတ်သူတုံးကုရဲ့ တိုက်ရိုက်တပည့်တစ်ယောက်လေ။ ဒီတော့ အထက်နယ်မြေထဲမှာ လုပ်ချင်ရာ လုပနိုင်စွမ်း ရှိပါတယ်”
.............
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ အထက်နယ်မြေဆီမှာ လုပ်ချင်တိုင်းလုပ်ဖို့ ကျုပ်လည်း မျှော်လင့်မိတယ်။ ဒါပေမဲ့ အရေးကြီးတာက စီနီယာတုံးကုနဲ့ ကျုပ်က ဘာမှမဆိုင်တာပဲ။
“မဖြစ်ဘူး။ မဖြစ်ဘူး” ကျွင်းချောင်ရှောင်းသည် သူ့ဘာသာ ကြိတ်ကာ တွေးလိုက်မိသည်။ “စီနီယာတုံးကုနဲ့ ငါ ဘာမှ မဆိုင်ဘူးဆိုရင်တောင်မှ အဆက်အသွယ် ကောင်းကောင်းတော့ ရှာရမယ်။ အထက်နယ်မြေကို ရောက်သွားတဲ့ အချိန်ကျရင် စီနီယာတုံးကုကို သွားတွေ့ပြီးတော့ သူနဲ့ တစ်စုံတစ်ခု ပတ်သက်အောင် လုပ်မှဖြစ်မယ်”
စကြဝဠာ၏ အထက်နယ်မြေတွင် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများဆိုသည်မှာ ခွေးကဲ့သို့ပင် ပေါများလွန်းလှ၏။ တည်နေရာချိုးဖြတ်ခြင်း အဆင့်မြင့် ကျင့်ကြံသူများပင်လျှင် နေရာတိုင်းတွင် တည်ရှိနေ၏။ သူရောက်သွားသည်ဆိုပါက အရင်ဆုံး သူ့ကိုယ်သူ ပိုမိုအားကောင်းအောင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။
“အင်း... အစ်ကိုကြီးတို့ …”
ကျွင်းချောင်ရှောင်းသည် အားပြတ်စွာ ပြောလိုက်မိသည်။ “ကျုပ်ရဲ့ ဆရာက အထက်နယ်မြေမှာ တကယ့်ကို အားကောင်းတာလား”
“အရမ်း အားကောင်းတာပေါ့”
အမဲရောင်နတ်ဆိုးသည် ချီးကျူးမှုအပြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “အားအင် အဆင့်၊ ဂုဏ်သိက္ခာ ဘာပဲပြောပြော နယ်မြေဟောခန်းထက် သာလွန်တဲ့ အဆင့်တစ်ခုမှာ ရှိတယ်”
လက်ရှိအချိန် ကုန်းရှန့်၏ဘေးနားတွင် စီနီယာတုံးကုတစ်ယောက် ရှိနေမည်ဆိုပါက ချက်ချင်းသွား၍ တပည့်ခံ မိမှာ သေချာတော့၏။ ထိုပေါင်ကြီးသည် အလွန်တရာ ကြီးမားပြီး အမွေးအမှင်များလည်း ရှည်လျားလှ၏။ တစ်ခါတည်းဆွဲ၍ ဖက်ထားလိုက်ချင်စရာကောင်းသည့် ပေါင်ကြီးပင် ဖြစ်သည်။
“အစ်ကိုကြီးတို့ အထက်နယ်မြေအကြောင်းကို နည်းနည်းလောက်ထပ်ပြီး ရှင်းပြပါအုံး”
သူ့အနေနှင့် တခြားသော တည်နေရာကို သွားရောက်ပြီဆိုလျှင် ပထမဦးဆုံး ဘယ်နေရာနည်း။ မည်သူက သူ့ကို ရိုက်နှက်မည်နည်း ဆိုသည့်အကြောင်းအရာများကို ကြိုတင်ကာ သိရှိထားရန် လိုအပ်သည်။
ယခု အထက်နယ်မြေကို သွားရောက်တော့မည်ဆိုမှတော့ အရာအားလုံးကို ကြိုတင်ကာ စုံစမ်းရသည်မှာ သဘာဝပင်ဖြစ်၏။
ဖြူမဲညီနောင်တို့သည် အထက်နယ်မြေအကြောင်း သေသေချာချာ သိရှိသူများဖြစ်ကြ၏။ ထို့ကြောင့် သူတို့သည် သေသေချာချာ ရှင်းလင်းပြောဆိုလိုက်ကြတော့သည်။
..............
“ဂိုဏ်းချုပ်” သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ ရီရှင်းချန်သည် စာကြည့်ခန်းထဲဆီသို့ ရောက်ရှိလာခဲ့၏။
“ဘာကိစ္စလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
..................
ခဏလောက် တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ရီရှင်းချန်က ပြောလိုက်သည်။ “ကျွန်တော်က ထိုက်ရွှမ်ကျမ်းစာကို လေ့ကျင့်တယ်လေ။ စီနီယာအစ်ကိုလီနဲ့ တခြားသူတွေ အားလုံးထက် ပိုပြီး အားကောင်းခဲ့တာ အဲတာကြောင့်ပေါ့”
“ငါသိတယ်လေ”
ထိုအကြောင်းကို သိုင်းအင်ပါယာကိုးယောက်ဆီမှ ကြားရုံသာမက လုချင်းချင်းနှင့်အတူ ထိုက်ရွမ် လှိုဏ်ဂူဆီသို့ သွားရောက်ခဲ့စဉ်ကလည်း သူမြင်ခဲ့ဖူး၏။
“ဪ ဟုတ်ပြီ”
ကျွင်းချောင်းရှောင်းက သတိပေးလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းသားတစ်ယောက်အနေနဲ့ မင်း ပိုပြီးတော့ တည်တည်ငြိမ်ငြိမ် သမာဓိရှိဖို့ လိုအပ်တယ်။ အနာဂတ်မှာ သမိုင်းဝင်တည်နေရာတွေ ရောက်ရင် ဟိုနေရာလျှောက်ပြီးစာရေး၊ ဒီနေရာလျှောက်ပြီး စာရေးမလုပ်နဲ့”
ရီရှင်းချန်သည် ကြောင်အသွားမိ၏။ သူထိုက်ရွမ်လှိုဏ်ဂူဆီသို့ ရောက်ခဲ့စဉ်က ညအင်ပါယာရောက်ရှိခဲ့သည်ဟု နံရံတွင် စာရေးသားခဲ့ဖူး၏။ ထိုအကြောင်းအရာကို ဂိုဏ်းချုပ်သိရှိနေသည်လား။
“ဂိုဏ်းချုပ်... ဂိုဏ်းချုပ်လည်း ထိုက်ရွှမ်လှိုဏ်ဂူထဲကို ရောက်ဖူးတာလား”
“အင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ရောက်ဖူးရုံတင်မကဘူး။ မင်း နံရံမှာရေးထားတဲ့ စာတွေ ကိုတောင် ငါဖျက်ပစ်ခဲ့သေးတယ်”
စနစ်သည် ထအော်လိုက်မိ၏။ “မင်း ဖျက်ခဲ့တာ မဟုတ်ဘူး။ မင်း နာမည်ထပ်ရေးခဲ့တာ မဟုတ်ဘူးလား”
“ထိုက်ရွှမ်လှိုဏ်ဂူက အန္တရာယ်တွေ အများကြီးပဲလေ။ ဂိုဏ်းချုပ် အဲကိုရောက်ဖို့ ဘယ်လောက်တောင် အချိန်ကြာခဲ့လဲ”
ရီရှင်းချန် သည် ထိုအထဲသို့ ဝင်ရောက်စဉ်က ကြုံခဲ့ရသည်များကို ပြန်လည်စဉ်းစားပြီးနောက် စိတ်ထဲတွင် ကြောက်လန့်စိတ်များပင် ပေါ်ပေါက်လာခဲ့ရ၏။
“အဆင်ပြေပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အသွားအပြန် နှစ်နာရီလောက်တော့ ကြာတာပေါ့”
“နှစ်နာရီ ဟုတ်လား”
ရီရှင်းချန်သည် ရုတ်တရက် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူ၏ နှလုံးသားထဲတွင် ရှိနေသော သိုင်းအင်ပါယာဆိုသည့် ဂုဏ်သိက္ခာများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရ၏။
သူ၏ အမှတ်တမဲ့ ပြောဆိုမှုသည် တစ်ဖက်လူ၏ ဂုဏ်သိက္ခာများ အကုန်လုံး ပျောက်ကွယ်သွားရမည့်အရာ ဖြစ်လိမ့်မည်ဟု ကျွင်းချောင်ရှောင်းက မထင်ခဲ့ချေ။ ထို့ကြောင့် သူသည် လိုရင်းအကြောင်းအရာကိုသာ ဆက်၍ ပြောလိုက်တော့၏။ “မင်းဘာလို့ ထိုက်ရွှမ်ကျမ်းစာအကြောင်းကို လာပြီး ပြောရတာလဲ”
ရီရှင်းချန်သည် ဝမ်းနည်းသွားမှုမှ သူ့ကိုယ်သူ ပြန်လည် ထိန်းချုပ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “ကျွန်တော် ဂိုဏ်းချုပ်ကို ဒီနှစ်ပိုင်းအတွင်း အကြွေးတင်နေတယ်လေ။ ဒီတော့ ကျွန်တော်ရဲ့ ရောင်းရင်းတွေ ထိုက်ရွှမ် ကျမ်းစာကို ကျင့်ကြံလို့ရအောင် မျှဝေပေးချင်လို့ပါ”
ညအင်ပါယာသည် အမှန်ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်တော့၏။ သူကနေစ၍ ကျမ်းစာအား ဂိုဏ်းတစ်ခုလုံး ကို ဖြန့်ဝေပေးရန်ပင် ကမ်းလှမ်းလျက် ရှိနေတော့၏။
ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်လျက် ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည် လာခဲ့သည်။ သူသည် ရီရှင်းချန်၏ ရှေ့ဆီသို့ လျှောက်သွားပြီးနောက် ပခုံးကို ပုတ်ကာ ပြောလိုက်တော့သည်။ “မင်း ဒီလို ရည်မှန်းချက်မျိုးရှိတာ တကယ့်ကို သဘောကျတယ်။ ဒါပေမဲ့”
သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “လူတိုင်းဆီမှာ အခွင့်အရေး ရှိတယ်လေ။ ထိုက်ရွှမ်ကျမ်းစာဆိုတာ မင်းဟာပဲ။ ဒီတော့ မင်းပဲ ပိုင်လိမ့်မယ်။ မင်းရဲ့ ဂိုဏ်းတူရောင်းရင်တွေနဲ့ မျှဝေစရာ မလိုပါဘူး”
“ဒါက” ရီရှင်းချန်သည် အနည်းငယ် ရှက်ရွံ့သလို ဖြစ်သွားခဲ့၏။ သူသည် ရက်အနည်းငယ်ကြာအောင် သေသေချာချာ စဉ်းစားဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်တော့၏။ ဂိုဏ်းချုပ်သည် ထိုအရာကို မလိုချင်ဘူးဆိုမှတော့ ဖြစ်နိုင် သည်မှာ...
“ဟုတ်တယ်”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “ထိုက်ရွှမ်ကျမ်းစာက ကောင်းတယ် ဆိုပေမဲ့ ငါတို့ဂိုဏ်းမှာရှိတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေလောက်တော့ မကောင်းဘူးလေ”
ဂလွပ်
ဤအရာမှာ နှလုံးကွဲအက်သွားသည့်အသံပင် ဖြစ်တော့သည်။ အားညို၏ ဂုဏ်သိက္ခာများသည် အစစ်အမှန်ပင် လုံးဝ မရှိတော့ချေ။ ဂိုဏ်းချုပ်သည် ရီရှင်းချန်၏ နှလုံးသားအား စကားလုံးများဖြင့် တစ်ခါပြီးတစ်ခါ ထိုးနှက်လျက် ရှိနေတော့သည်။ ထို့အပြင် ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် ထိုက်ရွှမ်ကျမ်းစာဆိုသည်မှာ သာမန်သာ ဖြစ်နေသည် မဟုတ်ပါလား။
စနစ်က ဝင်ကာပြောဆိုလိုက်သည်။ “ထိုက်ရွှမ်အဘိုးအိုကတော့ တစ်စုံတစ်ယောက်ကို ရိုက်ချင်နေပြီနဲ့တူတယ်”