← Chapters

အခန်း (၁၃၂၄)

Vol. 89 Ch. 1324

အခန်း (၁၃၂၄)

Vol. 89 Ch. 1324

သူ့အနေနှင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ထပ်မံ မလာတော့ဟု ကျွင်းချောင်ရှောင်း ပြောဆိုခဲ့၏။ သို့ပေမဲ့ သူသည် စကားကို ဖောက်ဖျက်ခဲ့၏။ တည်နေရာဂိတ်တံခါးကို အသုံးပြုပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက် ကြီး၏ ခံတပ်ဆီသို့ ရောက်ရှိလာခဲ့၏။

ကိုးနှစ်လုံးလုံး ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို လေ့လာပြီးသည့်နောက် သူသည် အပြင်ဘက်သို့ ထွက်လေ့ထွက်ထ မရှိခဲ့ချေ။ ထို့ကြောင့် လောကကြီးနှင့် သီးခြားဖြစ်တည်နေခဲ့၏။ သူကြိုးစားနေသည့် အချိန်အတိုင်းအတာ အတောအတွင်း သူသည် တစ်စုံတစ်ယောက်ကို အမြဲစဉ်းစားနေမိခဲ့သည်။

ရက်ပေါင်းသုံးထောင်ကျော် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အဓိကအောင်မြင်မှုသည် အစီအရင်ကို လေ့လာနိုင်ခဲ့သည်သာမက မည်ကဲ့သို့ စိတ်တည်ငြိမ်အောင်ထား၍ လေးလေးနက်နက် စဉ်းစားရမည် ဆိုသည့်အကြောင်းကို သိရှိနားလည်လာခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာပြီးသည့်နောက် တပည့်များ၏ မိသားစုများကိုပါ လိုက်ပါမလားဟု မေးမြန်းခဲ့ခြင်းဖြစ်၏။

“ထွက်ပြေးနေတယ်ဆိုတာ ဖြေရှင်းမှုတစ်ခု မဟုတ်ဘူး”

စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ကိုယ် ရင်ဆိုင်ရမယ့်အရာကို မဖြစ်မနေ ရင်ဆိုင်ရမယ်။ အဆုံးသတ်က မကောင်းမွန်ခဲ့ဘူး ဆိုရင်တောင်မှ ယောက်ျား တစ်ယောက်လို ကြံ့ကြံ့ခံ ရင်ဆိုင်ရမယ်”

ဤနှစ်ပိုင်းအတွင်း သူသည် ကျွင်းချောင်ရှောင်းကို တခြားသူများထက် ပိုမိုကာ နားလည်လာခဲ့၏။ ကံကောင်းစွာဖြင့် သူသည် အမျိုးသမီးစနစ် မဟုတ်ချေ။ မဟုတ်ပါက သူတို့ကို စုံတွဲဟု သတ်မှတ်နိုင်ပေလိမ့် မည်။

“အခု မင်းနောက်ဆုံးတော့ ဝန်ခံပြီပေါ့။ ကိုးနှစ်လုံးလုံး စဉ်းစားခဲ့တာတွေက အလကား မဟုတ်ဘူးပဲ” စနစ်က ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် စနစ်ကို လျစ်လျှူရှုထား၏။ ပြီးသည့်နောက်မှာတော့ လွန်ခဲ့သည့် ကိုးနှစ်တုန်းက တည်ရှိခဲ့သော မက်မွန်ပင်ကြီးဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ လေပြေညှင်းများ တိုက်ခတ်ပြီးသည့်နောက် မက်မွန်ပန်းများသည် အောက်သို့ ကျဆင်းလာခဲ့၏။

ခံတပ်ကြီးသည် ယခင်ကအတိုင်း တည်ရှိနေတုန်းပင်။ မြင်ကွင်းကလည်း ယခင်ကအတိုင်းပင် ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုသစ်ပင်ကြီးအောက်တွင် သူ့အား စောင့်မျှော်နေသော လှပလှသည့် မိန်းကလေးသည် မရှိတော့ချေ။

“ငါ ထပ်မလာတော့ဘူးလို့ ပြောခဲ့တယ်လေ။ သူက ဘာလို့ ဆက်စောင့်နေမှာလဲ” ကျွင်းချောင်ရှောင်းက တီးတိုး ရေရွတ်လိုက်မိသည်။

ဟူး....

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချပြီးသည့်နောက် အပြင်ဘက်သို့ ပျံသန်းလိုက်သည်။ သူသည် ပျက်စီးလျက် ရှိနေသော တည်နေရာ အတားအဆီးမှတဆင့် ယုဒြာကုန်းမြေတိုက်ကြီးဆီသို့သွားကာ ကဲ့ကျင်းနန်အား နှုတ်ဆက်ရန် စဉ်းစားထား၏။

သို့ပေမဲ့ အပြင်ဘက်သို့ ပျံသန်းလိုက်စဉ်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုထဲ၌ ရုတ်တရက် ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် ခံတပ်၏ အပြင်ဘက် တည်နေရာတွင် လှပလွန်းသော မိန်းကလေးတစ်ယောက်သည် ထိုင်လျက် ရှိနေ၏။ သူမသည် လက်တစ်ဖက်နှင့် မေးထောက်ရင်းမှ ပြောလိုက်၏။ “ရှင်ဘာလို့ ဒီကို ထပ်ရောက် လာတာလဲ”

မည်သူနည်း။ နှင်းဆီဧကရီပင် ဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်လို့ သွားခဲ့၏။ “ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ”

“ရှင်ပဲ ခံတပ်ထဲမှာ မစောင့်နဲ့ဆို၊ ဒါကြောင့် ဒီကနေ စောင့်နေတာပေါ့” နှင်းဆီဧကရီက တီးတိုး ပြန်လည် ပြောဆို လိုက်သည်။

“ဟုတ်တယ်”

စနစ်က ပြောလိုက်၏။ “လက်ခံသူက အဲလို ပြောခဲ့တာ။ ငါ သက်သေထူလို့ရတယ်”

“..........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “ကိုးနှစ်လုံးလုံး ခင်ဗျား ဒီအပြင်ဘက်မှာ စောင့်နေတာလား”

“ကျွန်မစောင့်နေတာ သုံးထောင့်ခြောက်ရာ ငါးဆယ့်တစ်ရက် တိတိ ရှိပြီ” နှင်းဆီဧကရီက ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို အသာအုပ်ကာကာ ပြောလိုက်၏။ “ခင်ဗျား ရူးများ ရူးနေတာလား”

“ကျွန်မသာ ရူးမနေဘူးဆိုရင် ရှင့်ကို ဘာလို့ ကြိုက်မှာလဲ” နှင်းဆီဧကရီသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိ၏။ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးသည် နေ့စဉ်နေ့တိုင်း တိုးတက်အောင် ပြုလုပ်လျက် ရှိနေသေး၏။ သို့ပေမဲ့ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ ခံတပ်သည် အလုံးစုံပြည့်စုံရန် အချိန်တော်တော်ကြာ လိုအပ်နေသေး၏။ ထို့ကြောင့် ဘာမှလုပ်စရာမရှိသည့် အချိန်မျိုးတွင် သူမသည် ဤနေရာသို့ နေ့စဉ်နေ့တိုင်း လာရောက်ခဲ့ခြင်း ပင်ဖြစ်သည်။

“ဒါဆို ဘာလို့ စောင့်နေတာလဲ”

စနစ်သည် နားထဲတွင် အကြီးအကျယ်ထ၍ အော်လိုက်၏။ “မင်း ယောက်ျား တစ်ယောက်ပဲလေ။ ချက်ချင်းသွားပြီး ဖက်လိုက်စမ်း”

“အင်း”

ကုန်းရှန့်သည့် သင်ပေး၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

“ကျွန်မသိတယ်”

နှင်းဆီဧကရီသည် ဖြတ်ပြောလိုက်၏။ “ဂြိုဟ်နှစ်ခုကြားမှာရှိတဲ့ ရန်ငြိုးရန်စတွေကြောင့် ကျွန်မတို့ နှစ်ယောက်က အတူတူ တည်ရှိနေဖို့ မဖြစ်နိုင်တော့ဘူး။ ဒါက ရှင့်ရဲ့ကိစ္စလေ။ ဒါပေမဲ့ ကျွန်မရဲ့ နှလုံးသားကို လာပြီးတော့ လွှမ်းမိုးလို့တော့ မရဘူး”

“........”

“ကျွန်မ နှင်းဆီဧကရီက ရှင်တို့ လူသားတွေလို များပြားရှုပ်ထွေးလှတဲ့ အတွေးတွေ ရှိတာ မဟုတ်ဘူး။ တစ်စုံ တစ်ယောက်ကို ကြိုက်တယ်ဆိုရင် ကြိုက်တယ်ပဲ။ အဲဒီကြိုက်ခြင်းရဲ့ နောက်ကွယ်မှာ ဘာဖြစ်လို့၊ ညာဖြစ်လို့ ဆိုတဲ့ အကြောင်းအရာတွေ ဘာမှမရှိဘူး။”

“.........”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

စနစ်က ပြောလိုက်သည်။ “ဒါ အမှန်ပဲ။ သူမ မှန်တယ်”

“ချီးကို မှန်ပါလား”

အစောကြီးကတည်းက နဝေတိမ်တောင်ဖြစ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် စိတ်ထဲတွင် အားရပါးရ အော်ဟစ်လျက်ရှိ၏။ “မင်း ပါးစပ် ပိတ်ထားပေးလို့ ရမလား”

“ဟုတ်ပြီ”

နှင်းဆီဧကရီသည် မတ်တပ်ထရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း အား တည့်တည့်ကြည့်လိုက်သည်။ “ကျွန်မ ရှင့်ကို အမြဲတမ်း တွယ်ကပ်နေတတ်တဲ့ မိန်းမ အမျိုးအစားမျိုး မဟုတ်ဘူး။ ရှင်တကယ် ကျွန်မကို မုန်းတယ်ဆိုရင် ….”

သူမသည် စာရွက်တစ်ရွက်ကို ထုတ်ယူကာ ပြောလိုက်၏။ “ကျွန်မ အခုပဲ ကွာရှင်းပေးလို့ရတယ်။ ဒီနေ့ကစပြီး ရှင်နဲ့ကျွန်မက တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မသက်ဆိုင်တော့ဘူး”

“မင်း... ကွာရှင်းစာချုပ်တောင် ရေးထားတာလား”

ကျွင်းချောင်ရှောင်းသည် လက်များကို ဖြန့်ကားကာ ပြောလိုက်သည်။ “ကြည့်ရတာ အစောကြီးကတည်းက ပြင်ဆင်ထားပုံပဲ”

“ပေါက်ကရတွေ”

နှင်းဆီဧကရီသည် သူ့အား စူးစိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်၏။ “ကျွန်မ နေ့စဉ်နေ့တိုင်း ဒီအသုံးမကျတဲ့လူ လာမလားလို့ မျှော်လင့်တကြီးနဲ့ စောင့်နေရတာလေ။ အဲလောက်နဲ့ လုံလောက်နေပြီ မဟုတ်လား”

သူမ၏ မျက်ဝန်းထောင့်တွင်တော့ မျက်ရည်စများ ဝိုင်း၍ လာခဲ့၏။ သူမသည် ဒေါသထွက်သည့် အမူအရာကို ကြိုးစားကာ ထိန်းသိမ်းထားသည်ဆိုသော်လည်း မျက်လုံးထဲတွင် ရှိနေသော နာကျင်မှုများကိုတော့ ဘယ်လိုမှ ဖုံးကွယ်၍ မရနိုင်ချေ။

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီး၏ အုပ်စိုးသူတစ်ယောက်ဖြစ်သည့် ကြီးကျယ် ခမ်းနားလှသော ဧကရီတစ်ပါး သည် ယောက်ျားတစ်ယောက်ကြောင့် နှစ်ပေါင်းများစွာ ဤနေရာတွင် ရူးကြောင်ကြောင် စောင့်မျှော်နေခဲ့ရ၏။ ဤအရာသည် ထိုက်တန်ရဲ့လားဆိုသည်ကို သူမ ရံဖန်ရံခါပင် မေးခွန်း ထုတ်ခဲ့မိ၏။

“ကျွင်းချောင်ရှောင်း”

နှင်းဆီဧကရီသည် ကွာရှင်းစာချုပ်ကို ကိုင်ကာ ပြောလိုက်သည်။ “ကျွန်မ ရှင့်ကို တစ်ကြိမ် ထပ်မေးမယ်။ ရှင်လက်ခံမှာလား။ လက်မခံဘူးလား”

သူမ၏ ဆိုလိုရင်းသည် ရှင်းလင်းလွန်းလှ၏။ သဘောမတူဘူး ဆိုပါက ချက်ချင်းပင် ကွာရှင်းပစ်မှာ သေချာ၏။

“အစ်မကြီး”

ကျွင်းချောင်ရှောင်းသည် ပျက်ယွင်းနေသည့်မျက်နှာနှင့်အတူ ပြောလိုက်သည်။ “ကျုပ်တို့ အသက်တွေက မလိုက်ဖက်ပါဘူး။ အသက်ချင်းက ကွာခြားတယ်လေ”

“နှစ်ပေါင်းသောင်းချီနေထိုင်နိုင်တဲ့ သက်တမ်းကို ပိုင်ဆိုင်တဲ့ ကျင့်ကြံခြင်းလောကမှာ အသက်အကြောင်းကို ဘာတွေထည့်ပြောနေတာလဲ။ အဓိပ္ပာယ်မရှိလိုက်တာ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူရဲ့အဖေက အထက် နယ်မြေက အင်ပါယာတစ်ယောက်ဖြစ်ပြီး လက်ခံသူရဲ့ အမေကတော့ အထက်နယ်မြေရဲ့ ဧကရီတစ်ပါးပဲလေ။ သူတို့ နှစ်ယောက်က မိုးတွေ၊ လေတွေကို ဆင့်ခေါ်နိုင်တဲ့ ကျွမ်းကျင်သူတွေ ဖြစ်နေပြီဆိုမှတော့ လက်ခံသူရဲ့ အသက်ကလည်း လောလောဆယ် နှစ်ပေါင်းတစ်သောင်းလောက်တောင် ရှိနေလောက်ပြီ မဟုတ်လား”

“........”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အချစ်ရေး အချစ်ရာ ကိစ္စတွေကို နှလုံးသားထဲ ထည့်ထားလို့ မဖြစ်သေးဘူး”

“ဒါဆိုရင် ရှင်က ကွာရှင်းဖို့လမ်းကို ရွေးချယ်တယ်ပေါ့”

“ကျုပ်တို့က သရုပ်ဆောင်ထားတာလေ။ တကယ်တမ်း လက်ထပ်ခဲ့တာမှ မဟုတ်တာ။ ဘာလို့ ကွာရှင်းစရာ လိုမှာလဲ”

“ကျွန်မ နားလည်ပြီ”

နှင်းဆီဧကရီသည် သူမ၏ လက်ချောင်းကို ကိုက်လိုက်၏။ ပြီးသည့်နောက် မုန်းတီးစွာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ကျွန်မ နှင်းဆီဧကရီနဲ့ ရှင် ကျွင်းချောင်ရှောင်းတို့က တစ်ယောက်နဲ့တစ်ယောက် ဘာမှ မသက်ဆိုင်တော့ဘူး”

သူမသည် ကျွင်းချောင်ရှောင်းနှင့် ပတ်သက်သည့် အရာအားလုံးကို ပြီးပြတ်စေရန် ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။

ဆွစ်

သွေးများပေနေသည့် လက်ချောင်းသည် ကွာရှင်းစာချုပ်ပေါ် ကျဆင်းသွားခဲ့၏။ သို့ပေမဲ့ ထိုသွေးစက်သည် ကွာရှင်းစာချုပ်ပေါ်သို့ ကျဆင်းခါနီးတွင် အားအင်တစ်ခု ဖြစ်တည်လာခဲ့ပြီး ကွာရှင်းစာချုပ်သည် ကျွင်းချောင်ရှောင်း၏ လက်ထဲသို့ ရောက်ရှိသွား၏။ သူသည် ကွာရှင်းစာချုပ်ကို လုံးထွေးပြီး မီးရှို့ပစ်လိုက်၏။ ပြီးနောက် ပြောလိုက်၏။

“အမျိုးသမီး တစ်ယောက်က ယောက်ျားတစ်ယောက် ကို ကွာရှင်းလို့ မဖြစ်ဘူး။ ဒါက ရှက်စရာပဲ”

“ရှင်..”

“ပြီးတော့ ရှိသေးတယ်”

ကျွင်းချောင်ရှောင်းက အော်လိုက်သည်။ “အစကနေ အဆုံးအထိ ကျုပ်ပြောချင်တာ ဘာလဲဆိုတာကို နားထောင်အုံး။ ကျုပ် မကြာခင်မှာ အထက်နယ်မြေဆီကို သွားတော့မယ်။ ခင်ဗျား ဝိညာဉ် မျိုးနွယ်ကုန်းမြေတိုက်ကြီးကို ပိုပြီး အားကောင်းအောင် လုပ်ချင်တယ် မဟုတ်လား။ ဒါဆို ကျုပ်နဲ့ လိုက်ခဲ့ပါ။ ခင်ဗျားရဲ့အဆင့် ပိုမို တိုးတက်လာတာနဲ့အမျှ လောကကြီးမှာရှိတဲ့ အရင်းအမြစ်တွေကို ခင်ဗျား ရလိမ့်မယ်”

သူသည် အလွန်လျင်မြန်စွာ ပြောဆိုလိုက်၏။ အသက်ကလေးတောင် တစ်ချက်မှ မရှူခဲ့ချေ။

“အထက်နယ်မြေကို သွားမှာ ဟုတ်လား” နှင်းဆီဧကရီက ကြောင်အသွား၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် မိတ်ဆွေဟောင်းတွေကို လာပြီး နှုတ်ဆက်တာပဲ။ ခင်ဗျား စဉ်းစား ပြီးပြီလား”

“ကျွန်မ စဉ်းစားပြီးသွားပြီ”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်”

သူမ အနေနှင့် လက်ရှိ အခြေအနေနှင့်ပတ်သက်၍ အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေသည်ဆိုသော်လည်း တစ်ဖက်လူမှ လိုက်ပါရန် တောင်းဆိုနေသည်ဆိုမှတော့ ကျိန်းသေပေါက် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။

“အထက်နယ်မြေဆိုတာ အောက်နယ်မြေလို မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “တကယ်လို့ ခင်ဗျားသွားမယ်ဆိုလို့ရှိရင် ဘယ်တော့မှ ပြန်မလာနိုင်တာမျိုးလည်း ရှိလိမ့်မယ်လေ။ သေရင်တောင် သေသွားနိုင်တယ်။ သေသေချာချာ စဉ်းစားပြီးပြီလား”

“အထက်နယ်မြေဆိုတာ သေမျိုးစကြဝဠာထဲကလူတွေ အိမ်မက်တောင် မမက်ဘူးတဲ့ ရေတွက်လို့မရတဲ့ သတ္တဝါ တွေ ရှိတဲ့နေရာပဲ။ ဒီထဲကို ရှင့်အနေနဲ့ ဝင်ရောက်နိုင်ဖို့ နည်းလမ်း ရှိတယ်ဆိုရင် ဓားတောင်၊ ဒါမှမဟုတ် မီးပင်လယ် ကို ဖြတ်သန်းရမယ်ဆိုရင်တောင် ကျွန်မက လိုက်မှာ” နှင်းဆီဧကရီသည် လေးနက်စွာ ပြောလိုက် သည်။

ဤစကားလုံးများသည် ခံစားချက်အပြည့်ဖြင့် ပြောဆိုလိုက်ခြင်းပင် ဖြစ်၏။ လူတိုင်း လူတိုင်းသည် သူတို့၏ သက်တမ်းအတွင်း ပိုမိုအားကောင်းချင်သည့် စိတ်ဆန္ဒကို ပိုင်ဆိုင်ကြသည် မဟုတ်ပါလား။ နှင်းဆီဧကရီကို မဆိုနှင့် ပထမတစ်ကြိမ် အထက်နယ်မြေဆီသို့ တက်လှမ်းရန် ကျရှုံးခဲ့သည့် သိုင်းအင်ပါယာကိုးယောက်တို့ကို ထပ်မံကာ လိုက်မလားဟု သွားမေးပါက ချက်ချင်းပင် ငေါက်ကနဲထ၍ လိုက်လာမှာ သေချာ၏။

“ဒါဆိုရင် ကျုပ်ကို ဒီမှာစောင့်နေ။ ကျုပ် မြို့တော်ဝန်ကဲ့ကို သွားပြီးတော့ နှုတ်ဆက်လိုက်အုံးမယ်”

“အင်း”

နှင်းဆီဧကရီက ခေါင်းညိတ်ကာတုံ့ပြန်လိုက်၏။ တစ်ဖက်လူ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် သူမ၏ စိတ်ထဲတွင် ချိုမြသည့်အတွေးများ ဖြစ်တည်လာခဲ့သည်။

“ကွာရှင်းစာကို ယူပြီး မီးရှို့ပစ်တာက ငါ့ကို နှလုံးသားထဲမှာ ထည့်ထားလို့များလား”

All Chapters