အခန်း (၁၃၂၆)
Vol. 89 Ch. 1326
ဝှစ် …….။
ချက်ချင်းပဲ မှောင်မဲလျက်ရှိနေသည့် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် နေ့အလား လင်းထိန်သည့် အလင်းတန်းများ နှင့် ပြည့်နှက်သွားခဲ့၏။
မအိပ်သေးသော သိုင်းပညာရှင်များအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် အပြင်ဘက်သို့ ထွက်ပြီး ကောင်းကင်ယံဆီသို့ ထိုးတက်လျက်ရှိနေသည့် အလင်းတန်းများကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှု လျက်ရှိနေကြသည်။
မြို့တော်ဝန်ရှဲ့သည် ကျွင်းချောင်ရှောင်း စနစ်ဆီမှ ဝယ်ယူပြီး မဝတ်ချင်သောကြောင့် လက်ဆောင်ပေးထားသော Hello Kitty ရုပ်ပုံပါ ညအိပ်ဝတ်စုံကို ဝတ်ဆင်ကာဖြင့် အပြင်ဘက်သို့ ထွက်လျှောက်လာခဲ့၏။
အပြင်ဘက်တွင်ဖြစ်နေသော သဘာဝပတ်ဝန်းကျင် ပြောင်းလဲနေမှုကြီးကို မြင်ရသည့်အချိန်မှာတော့ သူသည် မျက်လုံး အပြူးသားဖြင့် ထအော်လိုက်မိသည် “ဘာတွေဖြစ်ကုန်တာလဲ။”
“အလင်းတန်းတွေဟာ ပြိုင်စံရှားဂိုဏ်းဆီကနေ ထွက်နေတာ။ ဘာတွေဖြစ်ကုန် တာလဲ။”
သံမဏိအရိုးတောင်နှင့် အနီးအနားတွင်ရှိသော အဓိကမိသားစုနှင့် သိုင်းပညာရှင်များအားလုံးသည် ဆွံ့အလျက်ရှိ နေကြ၏။ အထူးသဖြင့် ထူးခြားသည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည့်အရာကို သိရှိသည့်အချိန်မှာတော့ ၎င်းတို့အားလုံးသည် ထိုင်၍ ကိုးကွယ်ချင်စိတ်ပင် ပေါက်မိနေကြတော့၏။
“ဖြစ်နိုင်တာက”
မြို့တော်ဝန်ဟန်က ထအော်လိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်း လေဟာနယ်ကို ချိုးဖြတ်တော့မှာလား။”
ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲသည့် အခြေအနေများကို သုံးသပ်ရမည်ဆိုလျှင် ဤအရာသည် တစ်စုံတစ်ယောက်အနေနှင့် လေဟာနယ်ကို ချိုးဖြတ်ကာ အထက်နယ်မြေဆီသို့ တက်လှမ်းခြင်းပင် ဖြစ်ပေလိမ့်မည်။
“ကောင်းကင်ဘုံ”
ပြိုင်စံရှားဂိုဏ်းတပည့်များသည် တလက်လက်တောက်ပလျက်ရှိနေသည့် အဖြူရောင်အလင်းတန်းများကို ကြည့်ရင်း ဆွံ့အလျက် ရှိ၏။
ဆွစ်
ရွှီ
ဝှစ် ……။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ နေ့အလား လင်းထိန်လျက်ရှိနေသည့် အလင်းတန်းများသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ လောကကြီးတစ်ခုလုံးသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွားသည်။
ကောင်းကင် နှင့် မြေကြီးဖန်တီးခြင်း အစီအရင်၏ အလယ်ဗဟိုတွင် တည်ရှိနေသော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပျောက်ကွယ်သွားပြီဖြစ်၏။ ဆိုလိုသည်မှာ တရားမဝင် အထက်နယ်မြေဆီသို့ ရွှေ့ပြောင်းခြင်းကိစ္စသည် အောင်မြင်သွားခဲ့ပြီဖြစ်၏။
သို့ပေမဲ့ အလွန်အရေးကြီးသော ပြဿနာတစ်ခုသည် ပေါ်ပေါက်လာခဲ့သည်။
ကုန်းရှန့်သည် ထွက်ခွာသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သံမဏိအရိုးတောင် နှင့် တပည့်များအားလုံးသည် ကျန်နေခဲ့၏။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည် ဆွံ့အလျက်ရှိနေကြသည်။ ၎င်းတို့၏ မျက်နှာတွင် နဝေတိမ်တောင် အမူအရာများနှင့်ဖြစ်တည်နေလေသည်။
“ဘာကြီးလဲ”
နှင်းဆီဧကရီက မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ငါ့ကို ခေါ်သွားမယ်လို့ပြောပြီး ဘာလို့ ထားခဲ့ရတာလဲ။”
…
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ပြက္ခဒိန်
စက်တင်ဘာ ၉ ရက်၊ ၂၀၂၃ ညဦးပိုင်း ….။
ကောင်းကင်ယံတွင် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများဖြစ်တည်လာ၏။ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်၊ မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ကျွင်းချောင်ရှောင်းသည် အားလုံး၏ မျက်စိရှေ့တွင်ပဲ လေဟာနယ်ကို ချိုးဖြတ်ကာ အထက်နယ်မြေဆီသို့ တက်လှမ်းသွားခဲ့ပြီဖြစ်၏။ သူသည် ကုန်းမြေတိုက်ကြီး၏ တကယ့် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါး အဖြစ် ဖြစ်လာခဲ့တော့သည်။
ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော အတိတ်နမိတ်၏ တိမ်အပြောင်းအလဲများ ပျောက်ကွယ်သွားခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် ဆွံ့အကာ ကျန်ရစ်ခဲ့၏။ ၎င်းတို့သည် အတူတကွ အထက်နယ်မြေကို တက်လှမ်းရန် ဆုံးဖြတ်ထားခဲ့၏။
သို့ပေမဲ့ အဘယ့်ကြောင့် အလင်းတန်းများသည် ဂိုဏ်းချုပ်တစ်ယောက်တည်းကိုသာ ခေါ်ဆောင်သွားခဲ့သနည်း။ အားလုံးသည် ကျန်ရစ်ခဲ့ရသည်။
အတွေ့အကြုံရှိသည့် လူများဖြစ်သော သိုင်းအင်ပါယာ ကိုးယောက်တို့သည် ဤတည်နေရာတွင် မရှိချေ။ ရှိသည် ဆိုပါက ဤအရာသည် လေဟာနယ်ချိုးဖြတ်၍ တက်လှမ်းသွားခြင်းမဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးဖန်တီးခြင်း အစီအရင်ကို အသုံးပြုကာ အထက်နယ်မြေဆီသို့ ခိုးဝင်ခြင်းဖြစ်ကြောင်းကို နားလည်ပေလိမ့်မည်။
မည်သူက ခိုးဝင်သနည်း။ ဂိုဏ်းချုပ်ကျွင်းပင် ဖြစ်တော့သည်။
ဟုတ်ပေသည်။ ကုန်းရှန့်သည် သူမျှော်မှန်းထားသည့်အတိုင်း အောင်မြင်စွာဖြင့် အထက်နယ်မြေဆီသို့ ရောက်ရှိသွားခဲ့၏။ သို့ပေမဲ့ သူ့အနေနှင့် တစ်ဂိုဏ်းလုံးကို ခေါ်ဆောင် မသွားနိုင်ခဲ့ချေ။ အဆုံးသတ်မှာတော့ သူတစ်ယောက်တည်းသာလျှင် သွားခဲ့ရ၏။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်က တစ်ယောက်တည်း တက်သွားပြီ။ ဘာဆက်လုပ်ရမလဲ။”
လီချင်းယန်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဘာလုပ်ရမလဲ။ ငါလည်း မသိဘူး။”
“ချီးတဲ့မှ”
ရီရှင်းချန်သည် လက်တွေတုန်ခါနေသည်အထိ ဒေါသထွက်လျက်ရှိနေ၏။ သူသည် အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန် အချိန်အကြာကြီး ပြင်ဆင်ခဲ့ရ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဤကဲ့သို့သော ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာခဲ့ သည်။ လက်ခံနိုင်ရန် ခက်ခဲလွန်းလှချေသည်။
“အင်း”
အကြီးအကဲဝေနှင့် အခြားသောသူများသည် ဦးခေါင်းကို ခါယမ်းလိုက်မိကြ၏။ သူတို့သည် သက်ပြင်းကိုသာ ချနိုင်၏။ သူတို့သည် အထက်နယ်မြေဆီသို့ မတက်လှမ်းနိုင်သည့်အတွက် စိတ်ဓာတ်မကျချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်တစ်ယောက်တည်း ထွက်ခွာသွားခဲ့ပြီဖြစ်သောကြောင့် ဂိုဏ်း၏ ပင်မကျောရိုးကြီးသည် မရှိတော့ချေ။
“အကြီးအကဲကျန်း”
ကျန့်ရာက ပြောလိုက်၏။ “အစီအရင်ကို ထပ်ပြီး အသက်သွင်းလို့ရသေးလား။”
ဂိုဏ်းချုပ်တစ်ယောက် တည်နေရာပို့ဆောင်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ ကျန်းတယ်ကျွင်းသည် ထိုအရာကို စတင်ကာ လေ့လာခဲ့၏။ အဆုံးသတ်မှာတော့ ထိုအစီအရင်၏ အမြုတေသည် တစ်ခါတည်း မှေးမှိန်သွားခဲ့ပြီ ဖြစ်ကြောင်းကို သိရှိလိုက်ရ၏။ ထို့ကြောင့် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိသည်။ “ဒါတစ်ခါသုံးပဲလေ။ အသက်ဝင်ပြီးပြီဆိုတာနဲ့ အစွမ်းသက်ရောက်မှုက ကုန်ဆုံးသွားပြီ။”
အားလုံး “………”
ဂိုဏ်းချုပ်သည် အရာအားလုံးကို လက်လွှတ်၍ သီးသန့်နေတတ်သည့် လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ဂိုဏ်းဆီသို့တော့ ပြန်လာတတ်သေး၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် လေဟာနယ်ကို ချိုးဖြတ်၍ အထက်နယ်မြေ ဆီသို့ တက်လှမ်းသွားခဲ့ပြီဖြစ်၏။ ထိုအရာမှာ ထာဝရခွဲခွာသွားခဲ့ပြီဟု ဆိုလိုခြင်းမဟုတ်ပါလား။
ကောင်းကင်ယံအထက်တွင်တော့ တိမ်များ စုစည်းလာခဲ့၏။ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးသည် အကူအညီကင်းမဲ့စွာဖြင့် အပေါ်သို့ မော့ကြည့်လိုက်မိကြသည်။
ဂိုဏ်းချုပ်မရှိသည့် ဂိုဏ်းတစ်ခုသည် ပြည့်စုံတော့မည်မဟုတ်ချေ။ ကျွင်းချောင်ရှောင်းမရှိသည့် ပြိုင်စံရှားဂိုဏ်းသည် အသက် ဝိညာဉ် ကင်းမဲ့နေလေ၏။
အားလုံး စိတ်ဓာတ်ကျလျက်ရှိနေတုန်းမှာပဲ နှင်းဆီဧကရီသည် သူမ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။ “ဂိုဏ်းရဲ့ အတွင်းစည်းကိစ္စ အရာရာအားလုံးကို ယွမ်ဖန်က တာဝန်ယူလိမ့်မယ်။ အားလုံးပဲ …. ထုံးစံအတိုင်း ကိုယ့်တာဝန် ကိုယ်လုပ်ကြ။”
ဂိုဏ်းချုပ်အိမ်မှာမရှိချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်ကတော်ကတော့ ရှိနေသေး၏။ ထို့အပြင် ဂြိုဟ်တစ်ခုလုံးကို စီမံအုပ်ချုပ် လာသည့် ဧကရီမတစ်ပါးဖြစ်သည်မို့ ဂိုဏ်းတစ်ခုကို အုပ်ချုပ်ရသည်မှာ အလွန်ပင် လွယ်ကူလွန်းလှ၏။
“ကောင်းပါပြီ” အားလုံးသည် အမိန့်ကို လက်ခံရရှိလိုက်ကြ၏။ ရုတ်တရက် ဂိုဏ်းချုပ်သည် အထက်နယ်မြေဆီသို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ပြီး ဂိုဏ်းချုပ်မရှိသည့် အနာဂတ်နေ့ရက်များကို လျှောက်လှမ်းရတော့မည်ဟု စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်လိုက်ကြသည်။
“ယောကျ်ား”
နှင်းဆီဧကရီသည် ကောင်းကင်ယံအထက်ဆီသို့ မော့ကြည့်ကာ တွေးလိုက်မိ၏။ “ကျွန်မရှင့်ကို ကူညီပြီး ပြိုင်စံရှားဂိုဏ်းကို ထိန်းချုပ်ထားပေးမယ်။ ကျွန်မဆီမှာ လေဟာနယ်ကို ချိုးဖြတ်နိုင်တဲ့ အားအင်အဆင့်တွေ ပိုင်ဆိုင်လာပြီဆိုရင် ရှင့်ကို အထက်နယ်မြေမှာ လာတွေ့မယ်။”
“စီနီယာအစ်မလျှို”
ရောင်မုန့်ယဉ်သည် မျက်ရည်အရွှဲသားနှင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် ပြန်လာမှာလား။”
“ဂိုဏ်းချုပ်က ငြိမ်းငြိမ်းချမ်းချမ်း ထွက်ခွာသွားပြီလေ။ ဘာပဲပြောပြော သူ ကျိန်းသေပေါက် ပြန်လာပါလိမ့်မယ်။” လျှိုဝမ်ရှစ်သည် တိကျခိုင်မာသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။
…
“လှုပ်လို့ရပြီ … လှုပ်လို့ရပြီ။”
နောက်တစ်ရက်မှာတော့ ဂိုဏ်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် နတ်ဘုရားတေးဂီတအသံ ထွက်ပေါ်လာခဲ့၏။ တပည့်များအားလုံးသည် နံနက်ခင်းလေ့ကျင့်ခန်းများကို စတင်ကာ ပြုလုပ်နေကြသည်။
ဂိုဏ်းချုပ်ကျွင်း ထွက်ခွာသွားခဲ့ပြီဖြစ်သော်လည်း သူတို့သည် စိတ်အေးသက်သာစွာဖြင့် ပေါ့ပေါ့ပါးပါး မနေခဲ့ကြချေ။ ဖြစ်နိုင်သမျှ ပိုမိုအားကောင်းလာစေရန်သာ ကြိုးစားကာ လေ့ကျင့်ကြ၏။
နတ်ဘုရားတေးဂီတအသံသည် ပြောင်းလဲသွားသည်။
“ဘာကြောင့်လဲ။ ဘာကြောင့်လဲ။ လောကမှာ ပန်းတွေ အကုန်ကြွေကျတယ်။”
ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်ယံအထက်တွင်တော့ ထိုသီချင်းသံသည် လွှင့်ပျံ့လျက်ရှိနေလေ၏။
………
“ဘာကြောင့်လဲ။ ဘာကြောင့်လဲ။”
နှင်းများထူထပ်စွာ ကျနေသည့် မြေတည်နေရာကြီးတစ်ခုမှာတော့ လူသားတစ်ယောက်သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချပြီး ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားရပါးရ အော်ဟစ်နေသည်။ “ဘာကြောင့်လဲ … ဘာကြောင့်လဲ။”
မှန်ပေသည်။ ဤနေရာသည် အထက်နယ်မြေသာ ဖြစ်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာနှင့် မခြားနားသော လောကအသစ်တစ်ခုပင်ဖြစ်သည်။ ကွာခြားသည် ဟူ၍ ကောင်းကင် နှင့် မြေကြီး၏ ဓာတ်သဘာဝများ ပိုမိုကာ အားကောင်းခြင်းပင်။
ဟုတ်ပေသည်။ ဤလူသည် ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။
……….
ကောင်းကင် နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် အလွန်ပင်အားကောင်းသည်ဟု ကုန်းရှန့်က ခံစားမိ၏။ ထို့ကြောင့် အထက်နယ်မြေဆီသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်းကို နားလည်လိုက်မိ၏။ သူသည် လက်နှစ်ဖက်ကို ဖြန့်ကားကာဖြင့် ပျော်ရွှင်သည့် အမူအရာဖြင့် ပြောလိုက်မိ၏။ “လောကအသစ်ကြီး … လေကောင်းလေသန့်တွေနဲ့ တကယ့်ကို ကောင်းမွန်တဲ့ နေရာပဲ။ ကောင်လေးတို့ ….. ကျယ်ကျယ်ပြောစမ်း။ မင်းတို့ဘယ်လိုခံစားရလဲ။”
တိတ်ဆိတ်ငြိမ်သက်မှု
ဟူး
အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်မှာတော့ မည်သူမှမရှိချေ။
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်သွားခဲ့၏။
“ချီးတဲ့မှ … သံမဏိအရိုးတောင်တစ်ခုလုံးကို လွှမ်းခြုံထားတဲ့ ကောင်းကင်နှင့် မြေကြီး ဖန်တီးခြင်းအစီအရင်ကို ငါသေသေချာချာ ဖန်တီးခဲ့တာပါ။ ဘယ်လိုဖြစ်ပြီး လူတွေက ကျန်ခဲ့ရတာလဲ။ ဘယ်လိုဖြစ်ပြီး လူတွေအကုန်လုံး ကျန်ခဲ့ရတာလဲ။”
တောင်ကြီးတစ်ခုလုံး ကျန်ခဲ့သည်ဆိုခြင်းမှာ ကိစ္စမရှိချေ။ အဓိကပြဿနာသည် လူများကျန်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုအချိန်မှာပဲ စနစ်၏ အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာ၏။ “လက်ခံသူ …. သတိပေးစရာရှိတာက တောင်ကြီးတစ်ခုလုံး ကျန်ခဲ့ရုံသာမကဘူး။ မင်းရဲ့ မိန်းမရော၊ အထက်ပိုင်းအကြီး အကဲတွေရော၊ တပည့်တွေရော၊ ကြက်တွေရော၊ ဘဲတွေရော၊ ငန်းတွေရော၊ ငါးတွေရော အကုန်လုံးကျန်ခဲ့တာပဲ။”
“အင်း ….”
ကျွင်းချောင်ရှောင်း၏ မျက်နှာပြင်တစ်ခုလုံးသည် ရှုံ့မဲ့သွားခဲ့၏။ ခဏလောက်ကြာပြီးသည့်နောက် သူသည် တုန်ယင်စွာဖြင့် အသာ လှည့်ကြည့်လိုက်သည်။
ကျယ်ပြောလှသည့် နှင်းတောကြီးတစ်ခုထဲတွင် ရောက်ရှိနေပြီး သူမှလွဲ၍ မည်သူမှ မရှိကြောင်း သိရှိပြီးသည့်နောက် သူသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ အားရပါးရ အော်ဟစ်နေမိ၏။
“ဘာကြောင့်လဲ … ဘာကြောင့်လဲ။”
“ဘာကြောင့်လဲဆိုတော့”
စနစ်က ရှင်းပြလိုက်သည်။ “ကောင်းကင်နဲ့ မြေကြီးဖန်တီးခြင်း အစီအရင်က လူတစ်ယောက်တည်းကိုပဲ တည်နေရာ ပို့ဆောင်နိုင်လို့လေ။ လက်ခံသူရဲ့ အရင်တုန်းက တွေးတောခဲ့သမျှ အတွေးအခေါ်အကုန်လုံးက စောက်ရူး အကြောင်းအရာတွေပဲ။”
ဝေါ့ …။
ကျွင်းချောင်ရှောင်းသည် သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။ သူသည် ကိုးနှစ်လုံးလုံး ဤအစီအရင်ကြီးကို သေသေ ချာချာ လေ့လာလိုက်စားခဲ့ရ၏။ အစီအရင်ထဲတွင်ရှိနေသော ပြောင်းလဲမှုတစ်ခုချင်းစီတိုင်းကို သေသေချာချာ လေ့လာခဲ့ရသည်။ သို့ပေမဲ့ သူသည် နောက်ဆုံးအချိန်မှာတော့ တစ်ယောက်တည်းသာ အထက်နယ်မြေဆီသို့ ရောက်ရှိခဲ့၏။
“မင်း … မင်း ဒီကိစ္စကို သိရင် အစောကြီးတည်းက ဘာလို့ မပြောတာလဲ။”
ကျွင်းချောင်ရှောင်းသည် သူ၏ ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် ရင်ဘတ်တစ်ခုလုံး နာကျင်စွာ ခံစားနေရ၏။
“ငါ တောင်းပန်ပါတယ်။”
စနစ်က ပြောလိုက်သည်။ “ဧကရီလင်းရောင်တစ်ယောက် အထက်နယ်မြေဆီကို တစ်ယောက်တည်း တက်လှမ်းနိုင်တဲ့ အခြေအနေကို မူတည်ပြီး တော့ ငါခန့်မှန်းမိတာလေ။ မသေချာလို့”
“အား…”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို အုပ်ကိုင်ကာဖြင့် အော်ဟစ်လျက်ရှိနေ၏။ ကိုးနှစ်လုံးလုံး သူ၏ ကြိုးစားမှုသည် အရာမထင်ခဲ့ချေ။ ဤအရာသည် သူလိုချင်သည့်ကိစ္စမျိုးမဟုတ်ချေ။
“အော်မနေနဲ့တော့။”
စနစ်က ပြောလိုက်သည်။ “အဓိကတာဝန်ပြီးမြောက်ဖို့က သုံးလလိုသေးတယ်လေ။ ဒီတော့ လက်ခံသူအနေနဲ့ နည်းလမ်းတစ်ခုကို အမြန်ဆုံး စဉ်းစားလို့ရတယ်။ မဟုတ်လို့ အချိန်ပြည့်သွားပြီဆိုတာနဲ့ မင်းရော ငါရော သေသွားလိမ့်မယ်။”
ဝေါ့
ကျွင်းချောင်ရှောင်းသည် နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်မိ၏။ ဂိုဏ်းတစ်ခုလုံးသည် သူနှင့်အတူ အထက် နယ်မြေဆီသို့ မတက်လာခဲ့ချေ။ ဤအရာမှာ ကိစ္စမရှိချေ။ အများဆုံးအနေနှင့် သူ၏ အားအင်အဆင့်ကို ပိုမိုတိုးတက်အောင်ပြုလုပ်ရန်သာ ရှိတော့၏။
သို့ပေမဲ့ အဓိကတာဝန်တည်ရှိနေသည်က ပြဿနာတစ်ခုဖြစ်၏။ သူ့၌ သုံးလသာ ကျန်ရှိနေသေးသည်။
“ဒီလိုဖြစ်လာမယ်မှန်းသိရင် …”
ကျွင်းချောင်ရှောင်းသည် နှင်းတောထဲတွင် မျက်နှာဝှက်ကာဖြင့် အော်ငိုချင်စိတ်များပင် ပေါက်လျက်ရှိ၏။ “ငါ တစ်ယောက်တည်း အစောကြီးကတည်းက တက်လာမှာပေါ့။”
“အင်း”
စနစ်က ပြောလိုက်သည်။ “သနားစရာ လက်ခံသူပဲ။”
ပြောပြီးနောက် စနစ်သည် ခဏလောက် ရပ်တန့်လိုက်၏။ ထို့နောက် အားရပါးရ ရယ်မောလိုက်မိ၏။
မည်မျှ ရယ်မောချင်စရာကောင်းလိုက်သနည်း။ လက်ခံသူသည် ဤအစီအရင်အား စနစ်၏ အကူအညီ မပါဘဲ မိမိ၏ ဦးနှောက်ကို အသုံးပြု၍ ကိုးနှစ်တိတိ ကြိုးစားခဲ့၏။ သို့ပေမဲ့ နောက်ဆုံးအချိန်မှာတော့ ဘာတစ်ခုမှ ထူးခြား၍ ဖြစ်မလာခဲ့ချေ။
ဆွစ်
ကျွင်းချောင်ရှောင်းသည် နှင်းတောထဲတွင် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ သံမဏိ ကဲ့သို့ မာကြောလှသော စိတ်ဓာတ်၏ အရှိန်အဝါများ ထွက်ပေါ်လာခဲ့၏။ “ငါ ကျိန်းသေပေါက် ပြန်ပြီး ကြိုးစားရမယ်။”
သူသည် လွယ်လွယ်နှင့်အရှုံးပေးတတ်သူတစ်ယောက်မဟုတ်ချေ။
ဆွစ် ဆွစ် ဆွစ် ….။
ထိုအချိန်မှာပဲ လေဟာနယ်ထဲတွင် အလင်းတန်းများဖြစ်တည်လာ၏။ ချက်ချင်းပဲ ထိုအလင်းတန်းများသည် နှင်းများ ဖုံးလွှမ်းလျက်ရှိနေသည့် သူ၏ အနီးတဝိုက်တည်နေရာဆီသို့ ရောက်ရှိလာသည်။
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွားမိ၏။ သူသည် စိတ်ကို တည်ငြိမ်အောင်ထိန်းချုပ်၍ လှမ်းကာ ကြည့်ရှု လိုက်ချိန်မှာတော့ ဓားပျံများပေါ်တွင် ရပ်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူများကို မြင်လိုက်ရ၏။ ထိုသူများသည် တူညီသည့် ဝတ်စုံများကို ဝတ်ဆင်ထားပြီး အလွန်လည်း ကြည့်ကောင်းလွန်းလှ၏။ “ဘယ်လိုလုပ် ဒီထဲကို ဝင်လာရဲတာလဲ …. သူခိုး”
အဖွဲ့၏ ခေါင်းဆောင်လာသူ လူငယ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်စာ်။
“ငါတို့ အင်ပါရီယန်နတ်ဓားဂိုဏ်းရဲ့ တည်နေရာထဲကို ဘယ်လိုဖြစ်ပြီး ဝင်လာရဲတာလဲ။”
“သူခိုး ဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်၏။ ပြီးသည့်နောက် သူသည် ခေါင်းကို ဖြေးညှင်းစွာ မော့လိုက်၏။
သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်တည်လာ၏။ ထိုအပြုံးသည် တောင်းပန်သည့် အပြုံးပင် ဖြစ်သည်။ “တောင်းပန်ပါတယ်။ ကျုပ် လမ်းပျောက်နေလို့ပါ။ အခုသွားတော့မယ်နော်။”
“ချီးတဲ့မှ …”
စနစ်က ထအော်လိုက်မိ၏။ “အထက်နယ်မြေကို ရောက်ပြီဆိုတာနဲ့ တစ်ခါတည်း ငကြောက်ကြီးလို လုပ်နေတာလား။ လက်ခံသူရဲ့ ပုံပန်းသွင်ပြင် ပီသစွာနဲ့ တိုက်ခိုက်လိုက်ရအောင်။”