အခန်း (၁၃၂၇)
Vol. 89 Ch. 1327
ဓားပျံစီးကာ ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူများသည် အရေအတွက်အားဖြင့် နှစ်ဆယ် သို့မဟုတ် နှစ်ဆယ် ထက်ပင်ကျော်၏။ ကြည့်ရသည်မှာ အသက်နှစ်ဆယ်နှင့် သုံးဆယ်ကြား လူငယ်များ ဖြစ်ကြ၏။ သို့ပေမဲ့ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် တည်နေရာချိုးဖြတ်ခြင်း အနိမ့်အဆင့်သို့ ရောက်ရှိနေကြ၏။
အထက်နယ်မြေ၏ ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများ၊ နိယာမများ၊ စွမ်းအင်များသည် ပိုမိုကာ အားကောင်းလှသည်ကို သိရှိပြီး ဖြစ်၏။ ထို့ကြောင့် ယွမ်အဆင့် ဂိုဏ်းတစ်ခု၏ တပည့်များသည်ပင်လျှင် များပြားလှသော သိုင်းအင်ပါယာအဆင့် ကျင့်ကြံသူများ ဖြစ်လို့နေခဲ့၏။ ဤအရာမှာ သာမန်ကျလွန်းလှသည်။
ဖြူမဲညီနောင်တို့ဆီမှ သတင်းအချက်အလက်များကို ရယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီ၌ ယွမ်၊ အစစ်အမှန်၊ တာအိုနှင့် မိုးကောင်းကင်အဆင့် ဟူ၍ အဆင့်လေးမျိုးရှိကြောင်းကို သိရှိနားလည်ပြီး ဖြစ်တော့၏။
အင်ပါရီယန်နတ်ဓားဂိုဏ်းသည် ယွမ်ဂိုဏ်းတစ်ခု ဖြစ်၏။ ထို့ကြောင့် အဆင့်အနိမ့်ဆုံး ဂိုဏ်းတစ်ခုဖြစ်မှန်း သိသာလှ၏။ ထိုသို့ဆိုလျှင်တောင်မှ ၎င်းဂိုဏ်းမှ တပည့်များသည် သေမျိုးစကြဝဠာ တစ်ခုလုံးကို သွားရောက်ကာ အနိုင်ယူနိုင်စွမ်း ရှိနေကြ၏။ ထို့အပြင် ရုတ်တရက် ရောက်ရှိလာသည့် တပည့်များ သည်ပင်လျှင် တည်နေရာချိုးဖြတ်ခြင်း အနိမ့်အဆင့်၏ အားအင်များကို ပိုင်ဆိုင်လျက် ရှိနေသည်။
အောက်နယ်မြေတွင် မိမိလုပ်ချင်ရာကို လုပ်နိုင်စွမ်းရှိနေပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် လက်ရှိအခြေ အနေမှာတော့ အနည်းငယ်တော့ ထိတ်လန့်လျက် ရှိနေ၏။ သူ့အနေနှင့် ရောက်ရှိလာခဲ့သည့် လူများ၏ အားအင်အဆင့်ကို ကြောက်ရွံ့လှသည် မဟုတ်ချေ။ သူ့၌ အချိန်သုံးလသာ ကျန်ရှိတော့၏။ ထို့ကြောင့် ပြဿနာ များကို ရှောင်ရှားပြီး မိမိ လုပ်စရာရှိသည်များကို လုပ်မှဖြစ်ပေလိမ့်မည်။
“လက်ခံသူက ပြောင်းလဲသွားပြီပဲ”
စနစ်က ပြောလိုက်သည်။ “အရိုးသားဆုံး ပြောရမယ်ဆိုရင်ဦးနှောက်က ရင့်ကျက်လာတာပဲ”
“..........”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထအော်လိုက်၏။ “မင်း မကောင်းတဲ့စကားတွေ မပြောဘဲနေလို့ မရဘူးလား”
“လမ်းပျောက်တာ ဟုတ်လား”
အင်ပါရီယန်နတ်ဂိုဏ်းမှ ဦးဆောင်လာသည့်တပည့်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒီနေရာက တည်နေရာတစ်ခုလုံး နှင်းတွေ ဖုံးလွှမ်းနေတဲ့ တည်နေရာလေ။ ပြီးတော့ နောက်ဖေး ခြံဝန်းထင်လို့ အမှုမဲ့ အမှတ်မဲ့ ဝင်လာတယ်ဆိုတာမျိုး ဖြစ်ရမှာလား”
အထက်နယ်မြေတွင်ရှိသော အဓိကဂိုဏ်းများသည် နိုင်ငံများကဲ့သို့ပင် ဖြစ်တော့၏။ သူတို့အနေနှင့် ကိုယ်ပိုင် တောင်တန်းများကို ပိုင်ဆိုင်ရုံသာမက ကိုယ်ပိုင် နယ်နိမိတ် သတ်မှတ်ချက်များလည်း တည်ရှိနေ၏။ အထူးသဖြင့် ဤကဲ့သို့ ထူးခြားလှသည့် တည်နေရာမျိုးပင် ဖြစ်တော့သည်။ အမှတ်တမဲ့နှင့် ခွင့်ပြုချက်မဲ့ ဝင်ရောက်လာသည့် ကိစ္စရပ်များကို အပြင်းအထန် တားမြစ်ထားသည်။
ကျွင်းချောင်ရှောင်းသည် အလွန်တရာ စိတ်ဓာတ်ကျလို့ နေခဲ့သည်။ သူသည် အဘယ်ကြောင့် ဤတည်နေရာတွင် ပေါ်လာသည်ဖြစ်ကြောင်းကို သူကောင်းကောင်း မသိချေ။ သို့ပေမဲ့ ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်သည် သူ့အား ဤနေရာသို့ ပို့လိုက်ခြင်းဖြစ်၏။ အထက်နယ်မြေ၏ မည်သည့်နေရာကို ရောက်ရှိသွားမည် ဖြစ်ကြောင်းကို သူကောင်းကောင်းမသိရှိချေ။
“ဟဲ ဟဲ ဟဲ”
ကျွင်းချောင်ရှောင်းသည် ရူးကြောင်ကြောင် အပြုံးများကို ပြုံးကာ ပြောလိုက်၏။ “နှောက်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်။ ကျုပ် အခု ထွက်သွားတော့မယ်”
ရွီး …..။
သူသည် လေပေါ်သို့ လှမ်းကာ ခုန်တက်လိုက်၏။ ပြီးနောက် အောက်သို့ ပြန်လည် ပြုတ်ကျလာသည်။
ဘုတ်
သူသည် ထပ်မံကာ ခုန်လိုက်၏။ သို့ပေမဲ့ အောက်သို့ ပြန်လည် ပြုတ်ကျလာပြန်၏။
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် ကြောင်တောင်တောင်နှင့် ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ “ဒီနေရာကိုရောက်တာ ပထမဦးဆုံးမလို့ နည်းနည်းတော့ အသားမကျသလိုဖြစ်နေတယ်။ အကြိမ်အနည်းငယ်လောက် ထပ်ပြီးတော့ စမ်းသပ် ကြည့်လိုက်အုံးမယ်”
.............
အင်ပါရီယန်နတ်ဓားဂိုဏ်းမှ တပည့်များသည် သူ့အား အရူးတစ်ယောက်လို ကြည့်ရှုလျက် ရှိနေ၏။
ရွှီး ရွှီး
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်းသည် အချိန်အနည်းငယ်ကြာ ထပ်မံကာ ပျံသန်းကြည့်လိုက်၏။ သို့ပေမဲ့ မြေပေါ်သို့သာ ပြုတ်ကျလာခဲ့သည်။ သူသည် စိတ်ထဲမှာတော့ အော်ဟစ်လျက်ရှိနေတော့သည်။ “ဘာလို့ ငါပျံလို့ မရတာလဲ”
စနစ်က ပြောလိုက်၏။ “ဒီနေရာမှာရှိတဲ့ ဆွဲငင်အား အရမ်းကို အားကောင်းတယ်လေ။ ပြီးတော့ လက်ခံသူရဲ့ လက်ရှိ အားအင်အဆင့်အရဆိုရင် လွတ်လွတ်လပ်လပ် ပျံသန်းသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”
သေမျိုးစကြဝဠာထဲတွင် မိမိ၏ ကိုယ်ပိုင်စနစ်များ တည်ရှိ၏။ သင့်တော်သည့် အဆင့်တစ်ခုဆီသို့ ရောက်ရှိလာပြီး သည့်နောက်မှာတော့ တစ်စုံတစ်ယောက်သည် တည်နေရာကို ဖြတ်သန်းကာ ပျံသန်းနိုင်စွမ်း ရှိနေကြ၏။ အဆင့်မြင့် ဂြိုဟ်များဆီသို့ ရောက်ရှိလေ လေထု၏ ဖိအားသည် ပိုမိုအားကောင်းလာလေ ဖြစ်တော့၏။ ထို့ကြောင့် ပျံသန်းနိုင်သည့် ရတနာများ ထုတ်ဖော်ကာ အသုံးပြုမှသာလျှင် ပျံသန်းနိုင်ခွင့် ရှိကြ၏။ ယခု အင်ပါရီယန် နတ်ဓားဂိုဏ်းမှ တပည့်များ စီးနင်းထားသည့် ဓားပျံများကဲ့သို့ပင်။
“.........”
ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတတ် ဖြစ်နေ၏။ “ဒါဆိုရင် ငါအခု ပြဿနာတက်နေပြီပေါ့။ ပြီးတော့ ပျံပြီးတော့လည်း ထွက်ပြေးလို့ မရဘူး။ အခုက အသတ်ခံရတော့မယ့် သိုးတစ်ကောင်လိုပဲ ဖြစ်နေတာပဲ”
“သူတို့ လက်ခံသူကို မနိုင်ပါဘူး” စနစ်က ပြောလိုက်သည်။
ဟုတ်ပေသည်။ ဤကိစ္စကို ကျွင်းချောင်ရှောင်းက ကောင်းကောင်းသိ၏။ သို့ပေမဲ့ သူသည် ဤနေရာတွင် ပိတ်မိနေခြင်းဖြစ်၏။ တစ်ဖက်လူများသည် ဓားပျံကို စီးနင်းကာ ရောက်ရှိလာခဲ့ကြသည်။ ထို့ကြောင့် ပိုမိုကာ အားကောင်းသည့် ကျွမ်းကျင်သူများ ရောက်ရှိမလာဘူးဆိုသည်ကို မည်သူက ခန့်မှန်းနိုင်မည်နည်း။ ဤတစ်ဖွဲ့ကို တိုက်ခိုက်ပြီးနောက် နောက်တစ်ဖွဲ့ ရောက်လာလျှင် သူ အကျိုးနည်းပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ... ပျံလို့လည်း မရဘူး။ မြေကြီးကိုလည်း တူးပြီးသွားလို့ မရဘူး။ ဒီတော့ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်လေ”
ဖြောက် ဖြောက် ဖြောက် ဖြောက် …….။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ ကျောဘက်တွင် အလင်းတန်းများ ဖြစ်တည်လာ၏။ ပြီးသည့်နောက် မှာတော့ စက်အတောင်ပံသည် ပေါ်ပေါက်လာခဲ့သည်။
ဝှစ် ဆိုသော အသံနှင့်အတူ ကောင်းကင်ပေါ်သို့ ပျံသန်းသွား၏။
“ဟား ဟား ဟား ဟား ဒီအရာကို သုံးလို့ရတယ်ကွ”
“..........”
စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထပ်မံကာ ပါးပိတ်ရိုက်ခံလိုက်ရခြင်း ကြောင့်ပင်။
ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံ၏ အကူအညီဖြင့် တခြားသူများ၏ရှေ့မှ ရုတ်တရက် ပျံသန်းထွက်ခွာသွားသည်။ ဤအရာသည် အင်ပါရီယန်နတ်ဓားဂိုဏ်းမှ တပည့်များအား ဆွံ့အသွားစေခဲ့၏။
ပထမဦးဆုံး ဦးဆောင်စကားပြောနေသည့် ခေါင်းဆောင်သည် အသိဝင်လာခဲ့၏။ ပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ “သူ့ကို မလွတ်စေနဲ့၊ နောက်ကလိုက်ကြ”
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ ဓားပျံနှစ်ဆယ်တို့သည် အလင်းတန်းအဖြစ် ပြောင်းလဲကာ ကျွင်းချောင်ရှောင်းနောက်သို့ လိုက်တော့၏။ ဖြူဖွေးလှသည့် နှင်းထုများကြားတွင် ဓားအလင်းတန်းများ ပျံသန်းထွက်ခွာသွားသည့်ပုံသည် အလွန်တရာ ကြည့်ရှု၍ ကောင်းလွန်းလှ၏။
အထက်နယ်မြေ၏ တည်နေရာ အတားအဆီးသည် အမှန်ပင် ခိုင်မာလွန်းလှ၏။ အောက်နယ်မြေတွင်ဆိုလျှင် ဤကဲ့သို့ တည်နေရာချိုးဖြတ်ခြင်းအဆင့်နိမ့် စွမ်းအားမြင့် ကျင့်ကြံသူများ စုပေါင်းကာ ထုတ်ဖော်လိုက်သည့် ဓားအလင်းတန်းများကြောင့် လေဟာနယ်ကြီး တစ်ခုလုံး ပျက်စီးသွားမှာ သေချာ၏။ လက်ရှိ အခြေအနေမှာတော့ တည်နေရာကြီးသည် ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။ တုန်ခါမှုဟူ၍ စိုးစိတောင်မှ မဖြစ်ပေါ် လာချေ။
ဝှစ် …..။
စက်အတောင်ပံ၏ ထောက်ပံ့မှုကို ရရှိထားသော ကျွင်းချောင်ရှောင်းသည် အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးတော့၏။ သို့ပေမဲ့ သူ၏ အမြန်နှုန်းသည် အရမ်း မမြန်မှန်း ကောင်းကောင်းနားလည်မိ၏။ သူ၏ စက်အတောင်ပံသည် ဓားပျံ များနှင့် အဆင့်တူ ဟုတ်မနေချေ။
“သူခိုး... မပြေးနဲ့”
ဝှစ် ဝှစ် ဝှစ်
ထိုအချိန်မှာပဲ အင်ပါရီယန် နတ်ဓားဂိုဏ်းမှ တပည့်များသည် အနောက်မှ လိုက်ပါလာခဲ့ကြ၏။ ၎င်းတို့သည် လက်ချောင်းများကို မြှောက်ကာဖြင့် တူညီလှသည့် ဓားအော်ရာများကို ထုတ်ဖော်ကာ လှမ်းပစ်လွှတ် လိုက်၏။
ကျွင်းချောင်ရှောင်း အနေဖြင့် အလွယ်တကူ ရှောင်ရှားနိုင်သည် ဆိုသော်လည်း ဘယ်ညာယိမ်းကာ ရှောင်ရှားနေရသည်ဖြစ်ကြောင့် သူ၏ အမြန်နှုန်းသည် လျော့ကျလာခဲ့၏။ နှစ်ဖက်ကြား အကွာအဝေးသည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုလာခဲ့သည်။ သူ၏ စက်အတောင်ပံနှင့် အင်ပါရီယန်နတ်ဓားဂိုဏ်းမှ ဓားပျံများအား မြင်းများဖြင့် အဓိပ္ပာယ်ဖော်ညွှန်းရမည်ဆိုလျှင် တစ်ခုသည် သာမန်အဆင့်ဖြစ်ပြီး တခြားတစ်ခုမှာတော့ မိုင်တစ်ထောင်မြင်း များပင်ဖြစ်၏။ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
... အားလုံးပဲ။ ကျုပ်က ကျွင်းချောင်ရှောင်း၊ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ယောက်လေ။ ဒါပေမဲ့ တည်နေရာချိုးဖြတ်ခြင်း အနိမ့်အဆင့် ကျင့်ကြံသူ အယောက်နှစ်ဆယ်တို့ရဲ့ နောက်က လိုက်ပြီး သတ်ဖြတ်ခြင်းကို ခံနေရတယ်။ ပြီးတော့ သူတို့စီးနေတဲ့မြင်းတွေက ကျုပ်ထက်မြန်တယ်။ ဘယ်လို လုပ်ရမလဲ။
ဝှစ် ဝှစ် ….။
ဓားအလင်းတန်းများသည် ပျံသန်းသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထိုဓားအလင်းတန်းများကို လွယ်လွယ်ကူကူနှင့် ရင်ဆိုင်နိုင်သည် ဆိုသော်လည်း အကွာအဝေးမှာ တဖြည်းဖြည်းနှင့် နီးကပ်လာ၏။ “ချီးတဲ့မှ... ငါထပ်ပြီး မပြေးတော့ဘူး”
ဘုတ်
မိုင်ရာချီထွက်ပြေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နှင်းမြေပြင်ကြီးပေါ်သို့ ဆင်းလိုက်သည်။
ဝှစ် ဝှစ် ……။
ချက်ချင်းပဲ အင်ပါရီယန် နတ်ဓားဂိုဏ်းမှ တပည့်များသည် ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် သူ့အား လျင်လျင် မြန်မြန်ပဲ ဝန်းရံလိုက်ကြ၏။
ချလွမ် ….။
နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် လေထုထဲတွင် ပေါ်ပေါက်လာသည်။
“မင်းတို့တွေ”
ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “နည်းနည်း မလွန်လွန်းဘူးလား”
ဤကဲ့သို့သော စကားများကို ပြောလေ့ပြောထရှိသူမှာ အောက်နယ်မြေတွင်ရှိသော ကုန်းရှန့်၏ ရန်သူများသာ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကုန်းရှန့်သည့် တစ်ဖက်လူများအား ဤကဲ့သို့သော စကားမျိုးကို ပြန်လည် ပြောဆိုနေရသည်။
“ကောင်းပြီ”
ခေါင်းဆောင်သည် အေးစက်စက် ပြောလိုက်၏။ “ကြည့်ရတာ မင်းက ရေခဲဓားမော့နတ်ဂိုဏ်းက လွှတ်လိုက်တဲ့ သူလျှိုပဲ ဖြစ်ရမယ်”
“........”
ကျွင်းချောင်ရှောင်းသည် သေချာစဉ်းစားလိုက်တော့ သူကိုင်ဆောင်ထားသည့် နဂါးစိမ်းလခြမ်းဓားမော့ကြီး ကြောင့် တစ်ဖက်လူများသည် ရေခဲဓားမော့နတ်ဂိုဏ်းမှ ဖြစ်မည်ဟု သုံးသပ်ခြင်းဖြစ်ကြောင်း နားလည်လိုက်မိသည်။
“ကျုပ် မရှင်းပြချင်ဘူး။ ဒီတော့ ခင်ဗျားတို့ ဒီကနေ ထွက်သွားမလား။ ဒီဓားမော့ကြီးရဲ့အောက်မှာ အဆုံးသတ်မလား” သူ၏ အကြည့်များသည် ပိုမိုကာ အေးစက်လာခဲ့၏။ စကားလုံးများတွင်လည်း သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ဆူဝေလာ၏။
ဒေါသတရား - သူ့အား လူကောင်းတစ်ယောက်ဟု တစ်ဖက်လူများသည် ထင်မှတ်နေကြသည်လား။ အင်ပါရီယန်နတ်ဓားဂိုဏ်းမှ တပည့်များသည် ကျွင်းချောင်ရှောင်း၏ အမူအကျင့်ကို နားမလည်ကြချေ။ ထို့ကြောင့် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်သည်။ “ဒီကို ရောက်နေပြီဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”
ရွှီး
ပြောပြီးပြီးချင်းမှာပဲ အစိမ်းရောင်ဓားမော့ကြီး၏ အလင်းများသည် ရုတ်တရက် ထိုလူ့ဆီသို့ ဆင်းသက်လာခဲ့၏။
တစ်ဖက်လူသည် ဓားပျံကို စီးနင်းကာ အလျင်အမြန် ရှောင်ရှားလိုက်၏။ ၎င်းသည် ရင်တစ်ခုလုံး တုန်ခါသွားမိတော့၏။ သို့ပေမဲ့ အနည်းငယ်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရှောင်ရှား၍ မရနိုင်တော့ချေ။ သူ၏ဓားကို ဆွဲမကာ တားဆီးခြင်းကိုသာ ပြုလုပ်လိုက်ရသည်။
ဒင် …..။
ဂျွတ် …….။
အစိမ်းရောင်ဓားမော့၏ အလင်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ပြီးသည့်နောက်မှာတော့ အင်ပါရီယန် နတ်ဓားဂိုဏ်းမှတပည့်သည် အနောက်ဘက်သို့ လွှင့်စင်ကာ မြေပေါ်သို့ ပြုတ်ကျသွား၏။ ၎င်း၏ လက်ထဲတွင် ရှိနေသာ ထက်မြလှသည့်ဓားသည် နှစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွား၏။
၎င်းသည် ချက်ချင်းပဲ ဆွံ့အသွားခဲ့သည်။ ဤအရာသည် သူတို့ဂိုဏ်း၏ ပန်းပဲခန်းမဆောင် အကြီးအကဲကိုယ်တိုင် ပြုလုပ်ပေးထားသည့် ဓားလည်း ဖြစ်၏။ သို့ပေမဲ့ ထိုဓားသည် လွယ်လွယ်ကူကူနှင့် နှစ်ပိုင်းအဖြစ်ကို ပြောင်းလဲ သွားခဲ့ပြီဖြစ်၏။ တစ်ဖက်လူသည် အားကောင်းလွန်းနေသည်လား သို့မဟုတ် လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားမော့သည် အရည်အသွေးမြင့် ဓားမော့တစ်ချောင်း ဖြစ်နေသည်လား။
“နဝမညီလေး” ၎င်း၏ အဖော်များသည် သံပြိုင်ဆိုသလိုပဲ ထအော်လိုက်မိကြ၏။
“ဝင် … ဝင် .. ဝင်တိုက်ကြ” ထိုသူသည် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။ တစ်ဖက်လူ အားကောင်းသည်ပဲဖြစ်ဖြစ်၊ ကောင်းမွန်လွန်းလှသည့် လက်နက်ကို ကိုင်ဆောင်ထားသည်ပဲဖြစ်ဖြစ် တစ်ဖက်လူသည် လူကောင်းတစ်ယောက် မဟုတ်သည်ကို သူတို့ ကောင်းကောင်းသိ၏။ ထို့ကြောင့် ယဉ်ကျေးနေဖို့ မလိုအပ်တော့ချေ။
ဝှစ် ဝှစ် ……။
အမိန့်ရခဲ့ပြီဖြစ်သော အင်ပါရီယန်နတ်ဓားဂိုဏ်းမှ တပည့် ဆယ့်ကိုးယောက်တို့သည် ၎င်းတို့၏ ဓားပျံများကို စီးနင်းကာ ရှေ့ဆီသို့ တိုးလာခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ လက်များကိုမြှောက်ကာ ဓားအလင်းတန်းများကို စုစည်း၍ ကျွင်းချောင်ရှောင်းကို ခုတ်ပိုင်းကြ၏။
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို မြှောက်ကိုင်ကာ စတင် တိုက်ခိုက်တော့သည်။ သူသည် ကျင့်ကြံခြင်းအဆင့်အား အပြည့်အဝ ထုတ်ဖော်လိုက်သည်။
“မကောင်းတော့ဘူး။ သူက တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ”
မူလအားဖြင့် ဝိုင်းဝန်းတိုက်ခိုက်ရန် ရှေ့ဆီသို့ တိုးလာခဲ့ကြသော အင်ပါရီယန်နတ်ဓားဂိုဏ်းမှ တပည့်များသည် ကျွင်းချောင်ရှောင်း၏ အစစ်အမှန် အားအင်ကို မြင်လိုက်ကြရသည်။ သို့ပေမဲ့ ၎င်းတို့သည် နောက်ကျသွားခဲ့ ကြသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ယံတစ်ခုလုံးတွင် နှင်းမြူများကြား၌ တောက်ပသော ဓားမော့အလင်းများ ပြည့်နှက်သွားသောကြောင့်ပင်။
ဒင် ….။
ဇွိ ဇွိ ဇွိ
မိနစ်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ အင်ပါရီယန် နတ်ဓားဂိုဏ်းမှ သိုင်းကျင့်ကြံသူ တစ်ယောက်သည် ခုတ်ပိုင်းခြင်းကို ခံလိုက်ရပြီး မြေပေါ်သို့ လဲကျသွားခဲ့တော့သည်။ ၎င်း၏ ရင်ဘတ်ပေါ်တွင်တော့ ထင်ရှားလှသည့် ဓားမော့ရာကြီးက တည်ရှိနေ၏။ သွေးများသည် ထိုနေရာမှ ပန်းထွက်နေသည်။
ကျန်သော သူ၏ အဖော်ဆယ့်ရှစ်ယောက်တို့သည် မြေပေါ်တွင် လဲကျလျက် ရှိနေ၏။
ဝှစ် ……။
ထိုသူများကြားထဲတွင် ရပ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ဓားမော့ကြီးကို ကိုင်ဆောင်ကာဖြင့် လက်တစ်ဖက်ဖြင့် ဆေးပြင်းလိပ်ကြီးအား အသာခဲလိုက်သည်။ မီးခိုးငွေ့များကို ထုတ်ဖော်ပြီးနောက် သူသည် ထူးမခြားနားသလို ပြောလိုက်သည်။ “ကျားတစ်ကောင်က ဟိန်းမပြရင် ကြောင်ထင်နေတော့မှာပေါ့”
“ဟန်ထုတ်နေတာရပ်စမ်း”
စနစ်က အော်လိုက်၏။ “အခု အခြေအနေကို အခွင့်အရေးယူပြီးတော့ ပြေးတော့”
ရွှီး
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ ပြီးသည့်နောက် မြေပေါ်တွင် ပြန့်ကျဲလျက်ရှိနေသော ဓားပျံများအားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်၏။
ဤအရာသည် တည်နေရာ ချိုးဖြတ်ခြင်း အနိမ့်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ကို လွယ်လွယ်ကူကူနှင့် ပျံသန်းနိုင်စေသည့် အရာဖြစ်သည်ဆိုမှတော့ ကောင်းမွန်သည့် ရတနာများသာ ဖြစ်ပေလိမ့်မည်။ ထိုအရာကို သိမ်းထားပြီး အနာဂတ်တွင် သူ၏ တပည့်များကို ပေးအပ်နိုင်သည်။
“ကုန်းရှန့်သည် ငွေကိုချစ်၏။ ရတနာကို ချစ်၏။ ထိုအရာမရှိလျှင် လုယက်မည်”
စနစ်သည် ဝင်ရောက်ကာ လှောင်ပြောင်လိုက်၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် ဓားပျံတစ်ခုကို ထုတ်ယူကာ အထဲတွင် ရှိနေသော ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးလိုက်၏။ ပြီးနောက် ဓားပျံပေါ်သို့ တက်ကာ ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။ “သွားမယ် ….”
ဓားပျံသည် ကောင်းကင်ယံကို ဖြတ်သန်းကာဖြင့် ထိုးတက်သွားလေ၏။