← Chapters

အခန်း (၁၃၃၁)

Vol. 90 Ch. 1331

အခန်း (၁၃၃၁)

Vol. 90 Ch. 1331

ကျွင်းချောင်ရှောင်းအနေနှင့် အထက်နယ်မြေ၏ မြို့တစ်ခုထဲသို့ ဝင်ရောက်သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်၏။ သို့ပေမဲ့ ဤတည်နေရာတွင် ရှိနေသော လူပေါင်းများစွာတို့သည် သိုင်းပညာရှင်များ ဖြစ်နေကြောင်းကို သိရှိလိုက်ရ၏။

သုံးနှစ်မှ ငါးနှစ်အရွယ်ကလေးများသည်ပင်လျှင် အလွန်တရာ အားကောင်းလျက်ရှိနေ၏။ ဝမ်းအနည်းရဆုံးအရာမှာ သူလမ်းတစ်လျှောက် ကြိုးကြိုးစားစားဖြင့် ရှာဖွေအမဲလိုက်လာသည့် ပစ္စည်းများအားလုံးသည် ဤတည်နေရာတွင် သုံးစား၍ပင် မရခဲ့ချေ။

ကံကောင်းစွာဖြင့် ကုန်းရှန့်သည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေသေး၏။ မြို့ထဲတွင်တော့ သူသည် ကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်နိုင်စွမ်းရှိနေ၏။

မဟုတ်ပါက ထောင့်တစ်နေရာဆီသို့ သွားရောက်၍ ထိုင်ကာ ငိုနေမိမှာ သေချာ၏။ သို့ပေမဲ့ ဤနေရာသည် မြို့ငယ်လေး တစ်ခုသာဖြစ်၏။ ကြီးမားသောမြို့ကြီးများဆီသို့ ရောက်ရှိမည်ဆိုလျှင် ပိုမိုများပြားသည့် ကျွမ်းကျင်သူများကို တွေ့ရမှာ မဟုတ်လား။

ဟူး ……..

ကျွင်းချောင်ရှောင်းသည် သက်ပြင်းကို ချကာ ပြောလိုက်မိ၏။ “တည်နေရာတွေရဲ့ ဓာတ်သဘာဝတွေက ပိုပြီးတော့ အားကောင်းလာလေ ပိုပြီးအားကောင်းတဲ့လူတွေ ပြည့်လာလေပါလား။”

သူသည် စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ပြီးသည့်နောက်မှာတော့ လမ်းသွားလမ်းလာများအား ဖန်းချီ မိုးကောင်းကင်တောင် ဆီသို့ မည်သို့သွားရမည်ဆိုသည့်အကြောင်းကို စတင်ကာ မေးမြန်းလိုက်သည်။

“ညီငယ်လေး”

ဈေးဆိုင်တစ်ခုကို ပြင်ဆင်လျက်ရှိနေသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် သူ့အား လက်ဝှေ့ယမ်းပြ၍ ပြုံးကာ ပြောလိုက်၏။ “ဒီမှာ အထက်နယ်မြေရဲ့ ပြည့်စုံတဲ့ မြေပုံတစ်ခုရှိတယ်လေ။ မင်းအနေနဲ့ ဒီဟာရှိတယ်ဆိုရင် ကြိုက်တဲ့ဆီကို ခရီးသွားလို့ရတယ်။”

ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် ပြောလိုက်မိသည်။ “ဒါက ဘယ်လောက်လဲ။”

“စိတ်ဝိညာဉ်ကျောက်တုံး တစ် တုံးပါ။”

“ကျုပ်ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး မရှိဘူး။ ဒါကို သူတော်စင်အဆင့် သားရဲအမြုတေတွေနဲ့ အစားထိုးပေးလို့ ရလား။”

အထက်နယ်မြေ၏ သိုင်းကျင့်ကြံခြင်းအရင်းအမြစ်သည် ဤစိတ်ဝိညာဉ်ကျောက်တုံးများဖြစ်၏။ ထိုစိတ်ဝိညာဉ် ကျောက်တုံးများသည် သေမျိုးလောက၏ အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံးများထက် ပိုမိုကာ အားကောင်း၏။ အထဲတွင် ပါဝင်သော စွမ်းအားများသည်လည်း အလွန်များပြားလွန်းသည်။

“အဆင်ပြေပါတယ်။”

ဈေးသည်က ပြောလိုက်၏။ “ဒါပေမဲ့ သူတော်စင်အဆင့် သားရဲအမြုတေ ၁၀ ခု လိုလိမ့်မယ်။”

ကျွင်းချောင်ရှောင်းအနေနှင့် သူလမ်းတစ်လျှောက်တွင် ရခဲ့သော သူတော်စင်သားရဲအမြုတေ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်ယူကာဖြင့် အထက်နယ်မြေ၏ သာမန်ကျလှသော မြေပုံတစ်ခုနှင့် လဲလှယ်ဝယ်ယူခဲ့ရသည်။

အလွန်တရာ ဝမ်းနည်းစရာ ကောင်းလှသည် ဖြစ်သော်လည်း သူသည် ဤဂြိုဟ်တည်နေရာကြီး၏ အနောက်ဘက်ပိုင်းတွင် ရှိနေပြီး ဖန်းချီမိုးကောင်းကင်တောင်တန်းဆိုသည်မှာ အရှေ့ဘက်ပိုင်းတွင် ရှိသည်ဖြစ်ကြောင်းကိုတော့ သိရှိရ၏။

“အစ်ကိုကြီး”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဖန်းချီ မိုးကောင်းကင်တောင်တန်းနဲ့ ဒီနေရာက ဘယ်လောက်တောင် ဝေးသေးလဲ။”

“သိပ်မဝေးပါဘူး။”

ဈေးသည်က ပြောလိုက်၏။ “အနည်းဆုံး တောင်ပေါင်းတစ်ရာလောက်ကို ခရီးဆက်သွားလိုက်ရုံပဲလေ။”

သေမျိုးလောကထဲမှ လူများသည် တည်နေရာတစ်ခုကို ပြောပြမည်ဆိုပါက တောင်အနည်းငယ်လောက်ကို လှမ်းလျှောက်သွားလျှင် ပြည့်စုံသွားလောက်ပြီဟု ပြောဆိုတတ်ကြ၏။ သို့ပေမဲ့ ဤတည်နေရာတွင်တော့ တောင်တစ်ရာလောက်သည် မဝေးလှသည့် တည်နေရာတစ်ခုပင် ဖြစ်လို့နေ၏။ သောက်ကျိုးနည်းလှချေသည်။

ကျွင်းချောင်ရှောင်းမှာတော့ အချိန်မဖြုန်းတော့ချေ။ တည်နေရာအား သေသေချာချာ မှတ်သားပြီးနောက် သူသည် စီးဆင်းရေမြို့ဆီမှ ထွက်ခွာကာ ဖန်းချီမိုးကောင်းကင်တောင်တန်းရှိရာ လမ်းဆီသို့ စတင်ကာ ခရီးနှင့်တော့သည်။

ဤတည်နေရာတွင် ပြဿနာတစ်ခု တည်ရှိနေသည်။ သူသည် အဘယ့်ကြောင့် ရှေးရွက်သင်္ဘောကြီးကို အသုံး မပြုရသနည်း။ သူ့အနေနှင့် ဤအရာကို အသုံးပြုပြီးပြီ ဖြစ်သည်။ ဤအရာသည် ပျံသန်းနိုင်ပြီဖြစ်သော်လည်း ကုန်ဆုံးသွားသည့် လောင်စာစွမ်းအင်သည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် များပြားလွန်း၏။

ထို့ကြောင့် သူ့အနေနှင့် အားကောင်းလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို ထည့်သွင်းကာ မောင်းနှင်လိုက် သည်ဆိုလျှင်တောင်မှ လောင်စာဆီ၏ ကုန်ကျမှုသည် များပြားလွန်းသောကြောင့် မီတာ ၁၀၀ လောက် အတွင်းတွင် ကုန်ခမ်းသွားခဲ့သည်။

ဤဂြိုဟ်ကြီးသည် အလွန်အားကောင်းလှသည့် တည်နေရာအတားအဆီးကြီး တည်ရှိနေသောကြောင့် ဤတည်နေရာတွင် ပျံသန်းချင်သည်ဆိုပါက ကုန်ခမ်းနိုင်မည့် စိတ်ဝိညာဉ်ကျောက်တုံး၏ ပမာဏသည် ကြောက်ခမန်းလိလိ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် ဘာမှမတတ်နိုင်ဘဲ ဓားပျံကိုသာ ထုတ်ဖော်အသုံးပြုခဲ့ရ၏။ ဤအရာသည် အလွန်တရာ မမြန်ဆန်လွန်းလှသည်ဆိုသော်လည်း သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုနိုင်စွမ်းရှိပြီး စွမ်းအင်ကုန်ခမ်းမှု ကိုလည်း ချွေတာနိုင်၏။

ကုန်းရှန့်အနေနှင့် အင်ပါရီယန်နတ်ဓားဂိုဏ်းဆီသို့ တည်နေရာရွှေ့ပြောင်းရောက်ရှိခဲ့ခြင်းအတွက် ဝမ်းသာမိခဲ့၏။ အနည်းဆုံး သူ့အနေနှင့် ဤတည်နေရာတွင် ပျံသန်းသွားနိုင်ရန်အတွက် ဓားပျံများကို ရရှိနိုင်ခဲ့သေးသည်။

တစ်ခြားတည်နေရာတစ်ခုခုဆီသို့ တည်နေရာရွှေ့ပြောင်းခြင်းကို ခံရသည်ဆိုပါက ဖန်းချီမိုးကောင်းကင်တောင်တန်း ဆီသို့ ရောက်ရှိရန် လမ်းလျှောက်၍ သွားရမှာ သေချာ၏။

ရက်အနည်းငယ်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြေပုံတွင် အမှတ်အသားရေးချယ်ထားသည့် တောင်တန်းကြီး တစ်ခုဆီသို့ ရောက်ရှိလာခဲ့၏။ အမြန်နှုန်းနှင့်အကွာအဝေးကို သုံးသပ်ရမည်ဆိုလျှင် သူ့အနေနှင့် ဤခရီးစဉ်ကို ရောက်ရှိဖို့ တစ်လနီးပါးခန့် လာခဲ့ရသည်။

“နည်းနည်းတော့ နှေးတယ်။”

အချိန်သည် သူ့အတွက် အကန့်အသတ်ဖြစ်လို့နေခဲ့၏။ ထို့ကြောင့် စိတ်လောလျက်လည်းရှိနေသေး၏။

“ဒင် …. သီးခြားတာဝန် အသက်ဝင် ..”

“လာပြီ … လာပြီ။”

အထက်နယ်မြေဆီသို့ ရောက်ရှိပြီးသည့်နောက် ပထမဦးဆုံးတာဝန်သည် ပေါ်ပေါက်လာခဲ့၏။ သူသည် စနစ်အား ဖွင့်၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့

“လက်ခံသူအား သတ်ဖြတ်ရန် ရောက်လာခဲ့သည့် အင်ပါရီယန်နတ်ဓားဂိုဏ်း၏ ကျွမ်းကျင်သူ ဝ/၄ ယောက်ကို အနိုင်ယူရန်။” ဆိုသည်ကို မြင်လိုက်ရသည်။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သတိအပြည့်ဖြစ်သွား၏။ ပြီးနောက် ပြောလိုက်မိ၏။ “အင်ပါရီယန်နတ်ဓား ဂိုဏ်းက လူတွေက တကယ်ပဲ ငါ့ကို အမဲလိုက်သလို လိုက်နေတာကိုး။”

“…….”

စနစ်သည် ဆွံ့အသွားမိ၏။ “သူတို့ရဲ့ ဓားပျံတွေ၊ လက်နက်တွေ အကုန်လုံးကို လုယူခံလိုက်ရတယ် ဆိုမှတော့ အမဲမလိုက်ဘူးဆိုရင် ထူးဆန်းနေမှာပေါ့။”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “တာဝန်ကို ကြည့်ရတာ သူတို့ ငါ့ကို လာရှာတာပဲ ဖြစ်မယ်။”

… …..

ရွှီ

ရွှီ

များပြားလွန်းလှသော ဓားအလင်းတန်းများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့၏။ ပြီးသည့်နောက်မှာတော့ တောင်၏ တည်နေရာအထက်နားတွင် ရပ်တန့်လိုက်၏။

ကောင်းကင်မျက်လုံးဟောခန်း၏ ကျွမ်းကျင်သူသည် မြေပေါ်သို့ ဆင်းသက်လိုက်ပြီးသည့်နောက် သူ၏ မျက်လုံးကို မှိတ်ကာ အာရုံခံကြည့်လိုက်၏။ ပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “အကြီးအကဲတို့ … ဒီကောင့်ရဲ့ အော်ရာက ဒီနေရာမှာ ရုတ်တရက် ရပ်တန့်သွားတယ်။”

“ရပ်တန့်ပျောက်ကွယ်သွားတယ်ဟုတ်လား။”

တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့် ဦးဆောင်သူသည် မျက်မှောင်ကုတ်သွားမိ၏။ “ကြည့်ရတာ သူက အော်ရာဖျောက်တဲ့ စွမ်းရည်တစ်ခုခုကို ထုတ်ပြီး အသုံးပြုခဲ့တာပဲ ဖြစ်မယ်။”

ကောင်းကင်မျက်လုံးဟောခန်း၏ သခင်သည် သုံးသပ်လိုက်မိသည်။ “ဒါဆိုရင် ကျုပ်တို့ သူ့ကို ရှာလို့ရသေးလား။”

“အင်း … ကျန်ခဲ့တဲ့ အော်ရာတွေအရဆိုရင် ဒီကောင်ဟာ အခုလေးတင်မှ ဒီနေရာကို ရောက်ခဲ့တာပဲ။ အနီးအနားကို ပတ်ပြီးရှာလိုက်မယ်ဆိုလို့ရှိရင် သိပ်ဝေးဝေးသွားရှာရမှာမဟုတ်ဘူး။”

“ဒါဆိုရင် ရှာကြတာပေါ့။”

သူတို့အနေနှင့် လှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပဲ ကြီးမားလှသော ကျောက်တုံးကြီးတစ်ခု၏ အထက်တွင် လဲလျောင်းလျက်ရှိနေသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။

နှစ်ဖက်ကြားအကွာအဝေးသည် ပေတစ်ရာနီးပါးခန့်သာ တည်ရှိသည်။ သို့ပေမဲ့ အင်ပါရီယန်နတ်ဓားဂိုဏ်းဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ဤကောင်လေးဆီမှ မည်သည့်အော်ရာများ ထွက်ပေါ်မနေသည်ကို သတိပြုလိုက် မိသည်။

“သတ္တမအကြီးအကဲ”

ကောင်းကင်မျက်လုံး ဟောခန်းသခင်သည် လေးနက်စွာဖြင့် ပြောလိုက်၏။ “သူရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အသွင်အပြင်ကို ကြည့်ရတာ တပည့်တွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားအောင် လုပ်သွားတဲ့ လက်သည်ပဲ။”

“ဒါအမှန်ပဲလေ။”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ကာ စပ်ဖြီးဖြီးပြောလိုက်သည်။ “ကျုပ် လုပ်တာပါပဲ။”

…

သီးခြားတာဝန်ပေါ်လာပြီးသည့်နောက်မှာတော့ သူသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို အဆုံးစွန်ထိ ထုတ်ဖော်ကာ အသုံးပြုခဲ့၏။ ပြီးနောက် သူ့အနောက်သို့ လိုက်လာသည့် လူ ၄ ယောက် ရှာဖွေမတွေ့ရှိစေရန် ကြိုးစားခဲ့သည်။ ထိုလူများသည် တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့် ကျွမ်းကျင်သူ ၁ ယောက်နှင့် တည်နေရာ ချိုးဖြတ်ခြင်းအလယ်အလတ်အဆင့် ကျွမ်းကျင်သူ ၂ ယောက်တို့သာဖြစ်ကြောင်း သိရှိရသည့်အချိန်မှာတော့ သူသည် ပွင့်ပွင့်လင်းလင်းပင် အပြင်ဘက်သို့ ထွက်လာခဲ့ခြင်းဖြစ်၏။

ရွှီ

ရွှီ

ကျွမ်းကျင်သူ ၃ ယောက်တို့သည် ၎င်းတို့၏ ဓားပျံများကို စီးနင်းကာဖြင့် ကျွင်းချောင်ရှောင်းရှေ့ဆီသို့ ရောက်ရှိလာ၏။ အားလုံးတို့သည် အေးစက်သည့်မျက်လုံးများနှင့် ကျွင်းချောင်ရှောင်းကို ကြည့်ရှုနေသည်။ သို့ပေမဲ့ သူတို့သည် အနည်းငယ်လည်း အံ့အားသင့်လျက်ရှိနေမိသည်။

ဤကောင်လေးသည် မည်သည့်အော်ရာမှ ထွက်ပေါ်လျက်မရှိနေသော်လည်း ပေါ့သေးသေးလူတစ်ယောက် မဟုတ်တာတော့ သေချာလွန်း၏။

“ကောင်လေး”

သတ္တမအကြီးအကဲသည် ထူးမခြားနားသလို ပြောလိုက်သည် “မင်းရဲ့နောက်ခံက ဘာလဲ။”

လင်းလန် ပေးခဲ့တဲ့ သတင်းအချက်အလက်များအရဆိုလျှင် တစ်ဖက်လူသည် ရေခဲဓားမော့ဂိုဏ်းဆီမှလည်း မဟုတ်ချေ။ သို့ပေမဲ့ အစီအရင်ကို လွယ်လွယ်ကူကူဖြင့် ချိုးဖြတ်သွားခဲ့ပြီး တပည့်ခေါင်းဆောင်ကိုပင် ပြင်းပြင်းထန်ထန်ဒဏ်ရာ ရရှိအောင် ပြုလုပ်ခဲ့သေး၏။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်သည် ပြည့်စုံစွာဖြင့် ဖုံးကွယ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။ မရိုးရှင်းလှချေ။

“ကျုပ်ဘယ်သူလဲဆိုတာကို မသိချင်နဲ့။ ဘာလို့လဲဆိုတော့ ကြောက်ပြီးသေသွားမှာစိုးလို့။” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်၏။

“ဟုတ်လို့လား။”

သတ္တမအကြီးအကဲသည် နှာခေါင်းရှုံ့လိုက်၏။ သူ့အနေနှင့် သတိအပြည့်နှင့် မေးလိုက်ခြင်းသာ ဖြစ်သည်။ သို့ပေမဲ့ အချက်အလက်အားဖြင့်တော့ တစ်ဖက်လူသည် နောက်ခံရှိသည်ဆိုလျှင်တောင်မှ မြင့်မားလှမည်မဟုတ်ကြောင်း သူသေချာသိ၏။ ထို့အပြင် အထက်နယ်မြေတွင်ရှိသော ဂုဏ်သိက္ခာရှိသည့် လူတစ်ယောက်သည် အဘယ့်ကြောင့် တစ်ခြားသူများ၏ ဓားပျံများကို လုယူကာ ထွက်ပြေးမည်နည်း။

“သေသေချာချာ နားထောင်။”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ကျုပ်က ဖန်းချီမိုးကောင်းကင်တောင်တန်းကပဲ။”

ဤရက်ပိုင်းအတွင်း သူသည် တောက်လျှောက်တွေးတောလျက်ရှိနေ၏။ ဤတည်နေရာသို့ ရောက်ရှိလာပြီးမှတော့ သူ့အနေနှင့် မှီခိုရမည့်လူတစ်စုံတစ်ယောက်ကို ရှာဖွေမှ ဖြစ်ပေလိမ့်မည်။

ခဏတာအားဖြင့် ထိုက်ရွှမ်အဘိုးအိုကို မှီခိုရန် ရွေးချယ်လိုက်သည်။ ထို့အပြင် သူသည် ထိုက်ရွှမ်အဘိုးအိုကို လာရောက်ရှာဖွေခြင်းလည်း ဖြစ်နေသည်မဟုတ်ပါလား။

ပို၍ အရေးကြီးသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ထိုက်ရွှမ် အဘိုးအို သည် မိုးကောင်းကင် ဟူသော နာမည်ရှိသည့် တောင်ပေါ်တွင် နေထိုင်လျက်ရှိနေသည်။ ဆိုလိုသည်မှာ ဂိုဏ်း၏ အဆင့်သည်လည်း မိုးကောင်းကင်ကဲ့သိုပင် မြင့်မားလွန်းသည့် အရာဖြစ်ပေလိမ့်မည်။

ထို့အပြင် ထိုက်ရွှမ်အဘိုးအိုကလည်း သူ့အား အထက်နယ်မြေဆီသို့ တက်လာသည်ဆိုပါက သူ့ဆီ လာခဲ့ရန် မှာကြားခဲ့သေး၏။ ထို့ကြောင့် ကျိန်းသေပေါက် သူ့အား ကာကွယ်ပေးမှာ သေချာသည်။

“ဖန်းချီမိုးကောင်းကင်တောင်တန်းဟုတ်လား။”

သတ္တမမြောက်အကြီးအကဲသည် မျက်မှောင်ကုတ်သွား၏။ “မင်းနဲ့ ထိုက်ရွှမ်ကျင့်ကြံသူတို့ဟာ ဘာပတ်သက်ဆက်နွယ်မှုရှိလဲ။”

ထိုက်ရွှမ်ကျင့်ကြံသူဟု ပြောဆိုခြင်းမှာ ထိုက်ရွှမ်အဘိုးအိုကို ပြောဆိုခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် ခေါင်းကို ခပ်မော့မော့ထားကာဖြင့် ပြောလိုက်သည်။ “သူက ကျုပ်ရဲ့ ဆရာပဲ။”

“ကောင်းပြီ။”

သတ္တမမြောက်အကြီးအကဲသည် ဒေါသတကြီး ပြောလိုက်၏။ “မင်းက ထိုက်ရွှမ်ကျင့်ကြံသူရဲ့ တပည့်ဆိုမှတော့ ဒီနေ့ မင်းကို ဖမ်းပြီး ဖန်းချီမိုးကောင်းကင်တောင်တန်းဆီကို သွားမယ်။ ပြီးရင် အမှန်တရားအတွက် တရားမျှတမှုရှာဖွေခိုင်းရမယ်။”

“ဟမ်”

ကျွင်းချောင်ရှောင်းသည် အနည်းငယ်ဆွံ့အသွား၏။ ဖန်းချီမိုးကောင်းကင်တောင်တန်းဆီမှဟု ပြောဆိုလိုက်သည် ဆိုသော်လည်း တစ်ဖက်လူသည် တစ်ချက်ကလေးမှ လေးစားမှုကို မပြသခဲ့ချေ။ ကြည့်ရသည်မှာ ထိုက်ရွှမ် အဘိုးအိုသည် အထက်နယ်မြေတွင် ဘာမှမဟုတ်သည့် လူသားတစ်ယောက်ပင် ဖြစ်နေသေးသည်လား။

“မဟုတ်သေးဘူး။” ဖန်းချီမိုးကောင်းကင်တောင်တန်းဆိုသည်မှာ အစစ်အမှန် မိုးကောင်းကင်တောင်တန်းသာ ဖြစ်၏။

ထို့ကြောင့် ထိုနေရာတွင် ကျင့်ကြံကြသည့် လူများသည် ရွှမ်ဂိုဏ်းတစ်ခုထက်တော့ ပိုမိုကာ အားကောင်းသင့်သည်။

“မင်းရူးနေပြီလား။”

စနစ်က ထအော်လိုက်၏။ “မြေပုံပေါ်က အမှတ်အသားမှာရှိတဲ့ တောင်တွေအကုန်လုံးမှာ မိုးကောင်းကင်ဆိုတာ ပါတယ်လေ။ ဒီတော့ မိုးကောင်းကင်တောင်ဆိုတာ မြင့်တဲ့ တောင်တွေအကုန်လုံးကို မိုးကောင်းကင်တောင်လို့ ခေါ်တာပဲဖြစ်မယ်။ ဂိုဏ်းရဲ့ အဆင့်၄ခု သတ်မှတ်ချက်နဲ့ ဘာမှ မဆိုင်ဘူးထင်တယ်။”

“အဲလိုလား။”

ကျွင်းချောင်ရှောင်းသည် မြေပုံကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ အမှတ်အသားရှိသော တောင်များ အားလုံးကို လိုက်လံကြည့်ရှုလိုက်သည့်အချိန်မှာတော့ နာမည်များတွင် မိုးကောင်းကင်ဟူသော နာမည်များ ရေးသားထားကြောင်း သိရှိလိုက်ရ၏။ သူသည် စိတ်ဓာတ်တကျ ဖြစ်သွားမိ၏။ “ငါက အားကောင်းလွန်းတယ်လို့ ထင်နေတာ။ ထားလိုက်တော့။ ထားလိုက်တော့။”

ထိုက်ရွှမ်အဘိုးအိုက မယုံကြည်ရဘူးဆိုရင်တောင်မှ သူ့အနေနှင့် သူ့ကိုယ်သူ အားကိုးမှ ဖြစ်ပေလိမ့်မည်။

ရွှီး …။

ကျွင်းချောင်ရှောင်းသည် စွန်းဝူခုန်း ဝတ်စုံကို ဝတ်ဆင်ပြီးသည့်နောက် ကောင်းကင်စတေးခြင်းလှံကြီးကို ထုတ်ယူလိုက်၏။ ပြီးနောက် သူ့ဆီသို့ ရောက်ရှိလာခဲ့သော ဓားပျံ ၃ ခုကို လှမ်းကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်များ ထွန်းတောက်လာခဲ့၏။ “ကျုပ်ဆရာကို မခန့်လေးစားပြောတဲ့အတွက် ကြီးမားတဲ့ ပေးဆပ်မှုတွေ ပေးဆပ်ရမယ်။”

………..

“မကောင်းတော့ဘူး။”

အပြင်ဘက်သို့ ထွက်ကာဖြင့် ကံကြမ္မာဖတ်လျက်ရှိနေသော ထိုက်ရွှမ်အဘိုးအိုသည် သူ၏ မျက်လုံးကို ဖွင့်ကာ လေးလေးနက်နက် ပြောလိုက်မိသည်။ “ငါ့ရဲ့ နှလုံးသားထဲမှာ ဖြစ်တည်လာခဲ့တဲ့ မကောင်းတဲ့ အရိပ်လက္ခဏာတွေက ပိုပိုပြီးတော့ ကြီးမားလာခဲ့တာပဲ။”

All Chapters