အခန်း (၁၃၃၂)
Vol. 90 Ch. 1332
ထိုက်ရွှမ်ကျင့်ကြံသူသည် အထက်နယ်မြေတွင် အနည်းငယ်တော့ ကျော်ကြား၏။ ပြောရမည်ဆိုလျှင် သူသည် အစီအရင်များကို လေ့လာရသည်ကို နှစ်သက်သည်။ ကံကြမ္မာဖတ်ခြင်းအတတ်ကို လေ့လာရသည်ကို နှစ်သက်၏။ ထို့ကြောင့် သူ၏ကိုယ်ပိုင်တောင်တန်းမှာတင် ပေါ့ပေါ့ပါးပါး ကျင့်ကြံလျက် ရှိနေသည်။
အပြင်ဘက်ဆီသို့ ထွက်ကာ ရှုပ်ထွေးလှသည့်ကိစ္စရပ်များကို ပြုလုပ်တတ်သူ မဟုတ်ချေ။ ထို့ကြောင့် သူ၏ကောင်းသတင်းသည် ဤနေရာတွင် ရှားပါးလှသလို သူ၏ ဆိုးသတင်းသည်လည်း ဤတည်နေရာတွင် မရှိချေ။
သတ္တမအကြီးအကဲသည် ဤလူအကြောင်းကို ကောင်းကောင်းကြားဖူးခဲ့၏။ ဤလူသည် တောင်တစ်ခုကို အပိုင်စားယူကာဖြင့် လေ့ကျင့်လျက် ရှိသည်ဖြစ်ကြောင်းကို နားလည်၏။ အားကောင်းနိုင်မည်ဆိုလျှင်တောင်မှ သူ့အနေနှင့် လေးလေးနက်နက် မထားချေ။ အကြောင်းအရာမှာ ရိုးရှင်းလွန်းလှသည်။ သူသည် အင်ပါရီယန် နတ်ဓားဂိုဏ်းမှ ဖြစ်သောကြောင့်ပင်။
ဂြိုဟ်ထဲတွင် အဓိကအားဖြင့် အရေးကြီးသည်မှာ ဂိုဏ်းများသာဖြစ်၏။ လွတ်လပ်သော ကျင့်ကြံသူများ ဆိုသည်မှာ ဂိုဏ်းများနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ ထို့အပြင် သူတို့သည် ရွှမ်အဆင့်ကို ရောက်ရှိနေသည့် ဓားတာအိုဂိုဏ်းတစ်ခုလည်း မဟုတ်ပါလား။
ရွှမ်ဂိုဏ်းများသည် ဂိုဏ်းသတ်မှတ်ချက် လေးခုထဲတွင် အနိမ့်ဆုံး ဖြစ်သည်ကို ငြင်းပယ်၍ မရနိုင်ချေ။ သို့ပေမဲ့ အထက်နယ်မြေတွင် များပြားလှသောဂိုဏ်းများ တည်ရှိနေလျှင်တောင်မှ ရွှမ်အဆင့် ဂိုဏ်းတစ်ခုအဖြစ်သို့ ရောက်ရှိရန် မလွယ်ကူလှချေ။ ထို့ကြောင့် ရွှမ် (နတ်)သော နာမည်ကို ရရှိထားခြင်းသည် အလွန်အားကောင်းလှမည်မှန်း နားလည်နိုင်စွမ်း ရှိ၏။
နှစ်ဦးနှစ်ဖက်ကြားတွင် အလွန်တရာ နက်ရှိုင်းလှသော အမုန်းတရားများ မရှိပါက လွတ်လပ်သော ကျင့်ကြံသူများ အနေနှင့် ဂိုဏ်းများကို လွယ်လွယ်ကူကူနှင့် ရန်မစချေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတစ်ခုကို ရန်စရခြင်းသည် များပြားလှသည့် ဂိုဏ်းများနှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။
ထို့အပြင် မဟာမိတ် မရှိသော လူသည် မည်သူရှိနေမည်နည်း။
အမဲရောင်နတ်ဆိုးသည် ကျွင်းချောင်ရှောင်းအား တစ်ချိန်က ပြောခဲ့ဖူး၏။ အထက်နယ်မြေ၌ တစ်ကိုယ်ရေ၊ တစ်ကာယ အားအင်အဆင့်သည် ဒုတိယအဆင့်သာရှိပြီး အဆက်အသွယ်နှင့် ရင်းနှီးပတ်သက်မှုများသည် ပိုမိုကာ အရေးကြီးကြောင်းပင်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ဘာတစ်ခုမှ ပြဿနာမရှိခဲ့သော ထိုက်ရွှမ်အဘိုးအိုသည် နားလည်မှု လွှဲမှားခြင်းကို ခံနေရပြီဖြစ်၏။ အကြောင်းအရာမှာ သူ၏တပည့်ဟု နာမည်တပ်လျက်ရှိသည့် ကျွင်းချောင်ရှောင်းကြောင့်ပင်။
ထိုက်ရွှမ်အဘိုးအိုသည် သူ့နေရာမှာသူ အေးအေးဆေးဆေး ထိုင်နေသည့်လူ ဖြစ်သောကြောင့် တကယ်တမ်း အပြစ်တင်ရမည်ဆိုလျှင် ကုန်းရှန့်ကိုသာ အပြစ်တင်ရမည်ဟု အားလုံးက ပြောဆိုကြမှာ သေချာ၏။
သို့ပေမဲ့ မတတ်နိုင်ချေ။ အထက်နယ်မြေဆီသို့ ရောက်ရှိလာသည်ဆိုပါက သူ့အား လာရောက်ကာ ရှာဖွေရန် ခပ်တည်တည်ဖြင့် ဟန်ထုတ်ပြောဆိုခဲ့သော ထိုက်ရွှမ်အဘိုးအိုအား အပြစ်တင်ရပေမည်။
ယနေ့အချိန်မှာတော့ ကုန်းရှန့်သည် သူ့ဆီသို့လာသည်သာမက ဒုက္ခ အပေါင်းအဖော်များကိုပါ ခေါ်ဆောင်လာနေ၏။ သို့ပေမဲ့ ဤကဲ့သို့ ကြီးမားလှသည့်ကိစ္စရပ်ကြီးတစ်ခုကို ကိုင်တွယ်ဖြေရှင်းရမည် ဆိုသည့်အကြောင်းကို ထိုက်ရွှမ်အဘိုးအိုသည် မသိရှိသေးချေ။
........
ဖူး ဖူး
တောနက်ထဲမှာတော့ တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်တို့သည် သူတို့၏ ရင်ဘတ်များကို ကိုင်ကာဖြင့် နောက်ဘက်သို့ ခပ်မြန်မြန် ဆုတ်ခွာလိုက်ရ၏။ မျက်လုံးထဲတွင်တော့ ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။
အပြင်စည်းဂိုဏ်းအကြီးအကဲ ဖြစ်သည်မို့ ၎င်းတို့နှစ်ယောက်သည် လင်းလန် ထက် ပိုမိုကာ အားကောင်း၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကျွင်းချောင်ရှောင်းနှင့် တိုက်ကွက်ဆယ်ကွက် ပြည့်အောင် မတိုက်ခိုက်ရသေးခင်မှာပဲ အနောက်ဘက်သို့ လွင့်စင်သွားအောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ဘန်း ဘန်း ဘန်း
တိုက်ပွဲတည်နေရာထဲမှာတော့ သတ္တမအကြီးအကဲ၏ ကျင့်ကြံခြင်းအဆင့်သည် အလုံးစုံ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံထက်တွင် ဓားချီများ ပြည့်နှက်လျက်ရှိနေပြီး မြေပြင်တစ်ခုလုံးတွင် ဓားရိပ်ဓားယောင်များနှင့် ပြည့်နှက်လာခဲ့၏။ ကောင်းကင်ယံထက်ဆီသို့ ဖုန်များ အလိပ်လိပ် တက်လာပြီး ကောင်းကင်ကြီးကိုပင် ဖုံးလွှမ်း သွား၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် ရှိနေသော ကောင်းကင်စတေးခြင်းလှံကြီးကို ဝှေ့ယမ်းကာဖြင့် ကြမ်းတမ်း လွန်းလှသော စွမ်းအင်လှိုင်းများရှိရာသို့ လှံထိပ်ဖြင့် လှမ်းကာ ထိုးလိုက်သည်။
ဒင်
သတ္တမအကြီးအကဲ ကိုင်ဆောင်ထားသည့် ဓားသည့် အရှေ့ဆီသို့ ရောက်ရှိလာ၏။ သူသည် ကြမ်းတမ်းလှသော စွမ်းအင်များကို တားဆီးနိုင်ရုံသာမက အနောက်ဘက်သို့ ခြေနှစ်လမ်းပင် ဆုတ်ခွာသွားခဲ့ရ၏။ ပြီးနောက် ထူးမခြား နားသလို ပြောလိုက်၏။ “ထိုက်ရွှမ်ကျင့်ကြံသူက မင်းလိုမျိုး လုပ်ရည်ကိုင်ရည်ရှိတဲ့ တပည့်တစ်ယောက်ကို သင်ကြား ပြသထားနိုင်လိမ့်မယ်လို့ ငါ မထင်မိဘူး”
ဟူး ဟူး
ကျွင်းချောင်ရှောင်းသည် သူ၏ ညာဘက်လက်ကို အသာလှည့်ပြီးသည့်နောက် လှံကြီးကို ဝှေ့ယမ်းလိုက်သည်။
ဆွစ် ဆွစ်
သတ္တမအကြီးအကဲသည် ဆန်းကြယ်လှသော ခြေလှမ်းကွက်များကို အသုံးပြု၍ တိုက်ခိုက်ရာမှ ရှောင်ရှားလိုက်၏။ ပြီးသည့်နောက် စည်းသင်္ကေတတစ်ခုကို ဖန်တီးပြီး ဓားရိပ်ဓားယောင်များကို ဖန်ဆင်းကာ တိုက်ခိုက်ရန် ပြင်ဆင် လိုက်၏။
ဒင် ဒင် ဒင်
လက်နက်ချင်း ထိခိုက်သံ ဖြစ်ပေါ်လာပြီး မီးပွားများသည် နေရာအနှံ့သို့ လွင့်စင်သွားသည်။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရင်း နောက်ဘက်သို့ ဆုတ်ခွာလိုက်ရ၏။ သူ၏ နှလုံးသားများသည် တုန်ခါလျက်ရှိနေ၏။ “ဒီလူက တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမဲ့ ဘာလို့ ကြယ်ကောင်းကင်ခံတပ်သခင်ထက် ပိုပြီးအားကောင်းနေရတာလဲ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူ အခုရင်ဆိုင်နေရတဲ့ ပြိုင်ဘက်က သေမျိုးလောကထဲမှာရှိနေတဲ့ လူတွေထက် အဆမတန် ပိုပြီးအားကောင်းတဲ့လူမျိုးလေ။ ပြီးတော့ ဓားအတတ်ပညာတစ်ခုရဲ့ ထောက်ပံ့မှုကိုလည်း ခံယူထားသေးတယ်။ ဒီတော့ အားကောင်းလွန်းတာ မဆန်းဘူး”
“ပြောရမယ်ဆိုရင် တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့် ကျင့်ကြံသူတွေက အောက်နယ်မြေမှာထက် ပိုပြီး အဆမတန် အားကောင်းလွန်းတာပေါ့” ကျွင်းချောင်ရှောင်းက မေးလိုက်မိ၏။
စနစ်က ပြောလိုက်သည်။ “သိပ်မှန်တာပေါ့။ အနည်းဆုံး သုံးဆယ်ကနေ လေးဆယ်ရာခိုင်နှုန်းအထိ ပိုပြီး အားကောင်းတယ်”
“..........”
ကျွင်းချောင်ရှောင်းအနေဖြင့် များများစားစား တွေးတောနေရန် အချိန်မရှိချေ။ အဘယ်ကြောင့်ဆိုသော် သတ္တမ အကြီးအကဲသည် အလွန်များပြားလွန်းသော တိုက်ခိုက်ရေး နည်းစနစ်များကို ထုတ်ဖော်ကာ သူ့အား တိုက်ခိုက်လျက် ရှိနေသောကြောင့်ပင်။ အမျိုးအစား များပြားလွန်းလှသော ဓားချီများနှင့် ဓားကွက်များသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းလျက်ရှိပြီး သူ့အား အသက်ရှုရန် အခွင့်အရေးကို မပေးခဲ့ချေ။
စနစ်ကပြောလိုက်၏။ “လက်ခံသူအနေနဲ့ ဝှက်ဖဲကို ထုတ်ပြီး အသုံးမပြုဘူးဆိုရင်တော့ ဒီ တည်နေရာချိုးဖြတ်ခြင်း အထက်အဆင့် ကျင့်ကြံသူကို အနိုင်ရဖို့ မလွယ်ဘူး”
သူပြောသည့်စကားများသည် ပြောင်းပြန် အခြေအနေမျိုး မဖြစ်လာနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ကုန်းရှန့်သည် သတ္တမအကြီးအကဲ၏ တိုက်ခိုက်မှုအောက်တွင် အလုံးစုံ ကျရှုံးနေပြီဖြစ်သည်။
“ချီးတဲ့မှ”
အထက်နယ်မြေဆီသို့ ပထမဦးဆုံး ရောက်ရှိလာခဲ့ပြီး ဝှက်ဖဲများကို ထုတ်၍ အသုံးပြုရမည်ဆိုလျှင် သူ၏ သိက္ခာကျဆင်းပေတော့မည်။
ဒင် ဒင် ဒင် ဒင်
သတ္တမ အကြီးအကဲကြီး၏ တိုက်ခိုက်မှုသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ တည်နေရာအနှံ့ဆီမှ ဓားချီများ ကျဆင်းလျက်ရှိပြီး ကျွင်းချောင်ရှောင်းအား အလွန်ခက်ခဲသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွားစေ၏။
နောက်ဆုံးမှာတော့ သူသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မိသည်။ “မျောက်ဘုရင်ကြျုပ်ကို ကူညီအုံး”
ဟူး ဟူး
ရွှေရောင်ချပ်ဝတ်နှင့် ရွှေရောင်အလင်းတန်းများ ဖြစ်ပေါ်လာပြီး ပုံရိပ်ယောင်တစ်ခုသည် လေထုထဲ၌ ဖြစ်တည်လာခဲ့သည်။
“ဟမ်”
သတ္တမအကြီးအကဲသည် မျက်မှောင်ကုတ်သွားမိ၏။ တစ်ကိုယ်လုံး အမွေးအမှင်များ ရှိနေသည့် သတ္တဝါ တစ်ကောင်သည် အလွန်အားကောင်းလှသော အော်ရာများကို ထုတ်ဖော်ကာဖြင့် သူ၏ အရှေ့သို့ ရောက်ရှိလာ၏။ သူသည် ထိုသတ္တဝါဆီမှ ထွက်ပေါ်နေသည့် အော်ရာများကို အာရုံခံမိတော့ မသက်မသာပင် ခံစားလာမိ၏။
ရွှီး ရွှီး
ထိုအချိန်မှာပဲ မျောက်ဘုရင်ကြီးသည် သူ၏ တောက်ပလျက်ရှိသော အနီရောင်မျက်လုံးများကို ဖွင့်ကာဖြင့် စိတ်မရှည် သလို ပြောလိုက်၏။ “ကောင်လေး.... မင်း ဒီအမှိုက်ကို ထပ်ပြီးတော့ တိုက်ခိုက်စေချင်ပြန်ပြီလား”
မပေါ်လာသည် မှာ ဆယ်နှစ်နီးပါးခန့် ကြာမြင့်နေပြီ ဖြစ်သောကြောင့် မျောက်ဘုရင်သည် အလွန် အားကောင်းသည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိနေ၏။ သူ၏ အမွှေးအမှင်တစ်ခုချင်းစီကပင် အလွန် အားကောင်းလှသော စွမ်းအင်များကို ထုတ်ဖော်နေသည်။
“မျောက်ဘုရင်ကြျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် လုပ်စရာရှိနေသေးတယ်။ ဒီတော့ ဒီလူ့ကို ခင်ဗျားတာဝန် ထားလိုက်တော့မယ်”
“အင်း”
သူတော်စင်ကြီးသည် သက်ပြင်းချကာ ပြောလိုက်၏။ “ငါ့ ဝတ်စုံက မင်းလိုကောင်မျိုးဆီ ရောက်သွား တာ အံ့အားသင့်စရာပဲ”
မျောက်ဘုရင်သည် အမှန်ပင် စိတ်ဓာတ်ကျလျက် ရှိနေ၏။ သို့ပေမဲ့ သူသည် ကျွင်းချောင်ရှောင်း၏ ဆင့်ခေါ်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ သူ၏ တုတ်ကြီးကို ထုတ်ကာ သတ္တမ အကြီးအကဲဆီသို့ လှမ်းတက်သွားလိုက်သည်။
ဘုန်း
မြေပြင်တစ်ခုလုံးသည် ကြမ်းတမ်းစွာ တုန်ခါသွား၏။ ခပ်ဝေးဝေး တောအုပ်ထဲတွင် ရှိနေသည့် သားရဲနှင့် ငှက်များ သည် အဝေးဆုံးဆီသို့ ပျံပြေးကုန်ကြ၏။ အရာအားလုံး ပြန်လည်တည်ငြိမ်ပြီးသည့်နောက် သတ္တမအကြီးအကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေထဲသို့ နစ်ဝင်လျက်ရှိနေပြီး အလုံးစုံ သတိလစ်မေ့မျောနေတော့၏။
“သတ္တမအကြီးအကဲ”
အင်ပါရီယန်နတ်ဓားဂိုဏ်းဆီမှ တခြားသော အကြီးအကဲ နှစ်ယောက်တို့သည်လည်း ဆွံ့အ လျက်ရှိနေ၏။ တစ်ဖက်လူသည် မည်မျှ အားကောင်းလှသနည်းဆိုသော် သူတို့၏ အကြီးအကဲအား တစ်ချက်တည်း နှင့် ရိုက်နှက်ကာ သတိလစ်မေ့မျောအောင် ပြုလုပ်ခဲ့၏။
“ဒင်... သီးခြားတာဝန် အသက်ပြည့်စုံသည်။ ဂိုဏ်းစုဆောင်းမှတ် တစ်သိန်းအား ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၀၁”
သတ္တမအကြီးအကဲကို အနိုင်ယူပြီးသည့်နောက် အထက်နယ်မြေမှ ရရှိသော ပထမဦးဆုံး တာဝန်သည် အောင်မြင်စွာ ပြည့်စုံသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ တခြားသော ဆုလာဘ်များတော့ မရခဲ့ချေ။ ကျွင်းချောင်ရှောင်း အနေဖြင့် ထိုအရာကို ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်ဖက်လူများ၏ သိုလှောင်လက်စွပ် ကိုသာ စိတ်ဝင်စား၏။ ထို့အပြင် ခပ်ဝေးဝေးတွင် ကျဆင်းနေသော ဓားပျံများလည်း ပါဝင်နေသေးသည်။
သူ့အနေနှင့် လက်ရှိအချိန်တွင် အလိုအပ်ဆုံးသောအရာမှာ ပျံသန်းနိုင်သည့် အရာများသာ ဖြစ်သည်။ အင်ပါရီယန် နတ်ဓားဂိုဏ်းမှ လူများသည် ထိုကဲ့သို့ လိုအပ်နေသည့်အချိန်တွင် သူ့ဆီသို့ မဆိုင်းမတွပင် ရောက်ရှိကာ ပေးအပ်လျက်ရှိနေသည်။ အင်မတန် ကောင်းမွန်လှသည့် လူများဖြစ်ပေလိမ့်မည်။
ဆွစ်
သိုလှောင်လက်စွပ်များကို သိမ်းဆည်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် ဓားပျံတစ်ခုပေါ် လှမ်းတက်ကာ ထွက်ခွာသွားခဲ့၏။ ပြောနေစရာပင် မလိုပေ။ အမြန်နှုန်းသည် ယခင်ကထက် ပိုမိုကာ မြန်ဆန်၏။ တွက်ချက်ရမည်ဆိုလျှင် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီသို့ ဆယ်ရက်အတွင်း ရောက်ရှိမှာ သေချာ၏။
“ချီးတဲ့မှ”
တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် ဒဏ်ရာရရှိထားသော ကြောင့် အကူအညီမဲ့စွာဖြင့် ကုန်းရှန့်တစ်ယောက် ထွက်ခွာသွားသည်ကိုသာ ဒေါသတကြီး ကြည့်ရှုနေရသည်။ ဟုတ်ပေသည်။ ၎င်းတို့အနေဖြင့် အထူးလျှို့ဝှက် နည်းလမ်းကို အသုံးပြု၍ သတင်းအချက်အလက်များအား ဂိုဏ်းဆီသို့ ပေးပို့ပြီးပြီ ဆိုသော်လည်း အရေးကြီးဆုံးသော သတင်းသည် ယခု တိုက်ခိုက်ခဲ့သည့်လူသည် ထိုက်ရွှမ် ကျင့်ကြံသူ၏တပည့် ဖြစ်လို့နေခြင်းပင်။
ဖြောက် …။
အင်ပါရီယန်နတ်ဓားဂိုဏ်း၏ အဓိကဟောခန်းထဲမှာတော့ တတိယအကြီးအကဲသည် သတင်းကို ရရှိပြီးသည့် နောက် စားပွဲကို အားရပါးရ ထုနှက်ကာ ဒေါသတကြီး ပြောလိုက်တော့သည်။ “လူတွေ အကုန်လုံးကို စုစည်းကြ။ ပြီးတော့ ဖန်းချီမိုးကောင်ကင်တောင်တန်းဆီကို ငါနဲ့အတူ လိုက်ခဲ့ကြ။ ငါတို့အားလုံး ထိုက်ရွှမ်ကျင့်ကြံသူဆီ သွားပြီးတော့ ရှင်းပြချက် တောင်းရမယ်”
..........
“ငါတော့ချမ်းသာပြီပဲ”
ကောင်းကင်ယံတွင် ပျံသန်းလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ် အတွေးများအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကြည့်ရှုနေရာမှ အသာပြန်လည် ရုတ်သိမ်းလိုက်၏။ “ငါတော့ တကယ် ချမ်းသာပြီ”
သူသည် အင်ပါရီယန်နတ်ဓားဂိုဏ်းမှ သတ္တမအကြီးအကဲ၏ သိုလှောင်လက်စွပ်ကို ယူဆောင်ခဲ့၏။ အထဲတွင်တော့ အလွန် အားကောင်းလှသည့် စွမ်းအင်များ ပါဝင်လျက် ရှိနေသော ရွှမ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး များ အများအပြား တည်ရှိနေသည်။ စုစုပေါင်း တစ်သောင်းနီးပါးခန့်ပင် ရှိနေသည်။
“ဒီအရာကို ရွက်သင်္ဘောကြီးကို မောင်းနှင်ဖို့ စွမ်းအင် အရင်းအမြစ်အဖြစ် အသုံးပြုလို့ ရနိုင်တယ်။ ဟုတ်တယ် မလား”
ကျွင်းချောင်ရှောင်းအနေဖြင့် စမ်းသပ်မှု ပြုလုပ်ရန် စဉ်းစားလိုက်စဉ်မှာပဲ ရုတ်တရက် ရပ်တန့်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့ပေတစ်ရာနီးပါးခန့်တွင် များပြားလှသော ကျင့်ကြံသူများသည် သူ့အား လမ်းပိတ်ကာ ရပ်ထားသောကြောင့်ပင်။
၎င်းတို့၏ ရင်ဘတ်တွင်တော့ ရေခဲဓားမော့ဆိုသည့် စာတမ်းကို ရေးထိုးထား၏။ ပိုမို၍ စိတ်ဝင်စားစရာကောင်းသည်မှာ ၎င်းတို့ ခြေတင်ထားခဲ့သည့် ဓားမော့ကြီးများပင် ဖြစ်သည်။
.........
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်လျက် ရှိနေ၏။ “အင်း ဓားပျံတွေ ထပ်ပြီး ပေးတော့မှာနဲ့ တူတယ်”
“သွားကြ” အကြီးအကဲတစ်ယောက်သည် အေးစက်စက် အော်ဟစ်လိုက်သည်။
ဆွစ် ဆွစ် ဆွစ်
လမ်းပိတ်ထားသော သိုင်းကျင့်ကြံသူများသည် များများစားစား ပြောမနေချေ။ ၎င်းတို့၏ ကြီးမားသော ဓားမော့ ကြီးများကို ထုတ်ယူကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်ကြသည်။ ၎င်းတို့၏ မျက်ခုံးများကြားတွင် ဒေါသတရားများ၊ အမုန်းတရာများ ပြည့်နှက်လျက် ရှိနေပြီး မသိလျှင် ၎င်းတို့ရည်းစားများအား အလစ်သုတ်သွား သူကဲ့သို့ပင် သတ်ဖြတ်ရန် စဉ်းစားနေ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် တစ်ဖက်လူများ၏ လက်နက်နှင့် ရင်ဘတ်ပေါ်တွင်ရှိသော စာတမ်းကို ကြည့်ရှုလိုက် သည်နှင့် သူ့အား အင်ပါရီယန်နတ်ဓားဂိုဏ်းမှလူ ဟူ၍ ထင်မှတ်ပြီး တိုက်ခိုက်သည့်အကြောင်းကို နားလည်လိုက် မိ၏။ ထို့ကြောင့် အလျင်အမြန်ပဲ ရှင်းပြလိုက်သည်။ “အားလုံးပဲ ကျုပ်က အင်ပါရီယန် နတ်ဓားဂိုဏ်းက မဟုတ်ပါဘူး။ ထိုက်ရွှမ်အကြီးအကဲရဲ့ တပည့်ပါ”
“တော်စမ်း... ငါ့ဓားချက်ကို မြည်းလိုက်”
ဆွစ်
နှိုင်းယှဉ်၍ မရအောင် ထက်မြလွန်းလှသော ဓားစွမ်းအင်များသည် ကောင်းကင်ယံထက်မှ ကျဆင်းလာသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သူ့ကိုသူ ကာကွယ်ရန် ကောင်းကင်စတေးခြင်းလှံကြီးကိုသာ ထုတ်ယူလိုက်ရ၏။
ဘုန်း ဘုန်း ဘုန်
ဒင် ဒင် ဒင် ဒင်
ကြမ်းတမ်းလွန်းလှသော တိုက်ပွဲကြီးသည် လေထုထဲ၌ ဖြစ်တည်လာ၏။ ဖုန်များ၊ သဲများ လွင့်စင်သွားပြီးနောက် ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျစွာဖြင့် အဆင့်မြင့်ဓားပျံတစ်ခုကို ထိန်းချုပ်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
ရေခဲဓားမော့ဂိုဏ်းမှ လူများသည် ဒဏ်ရာများ ဗရပွဖြင့် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။ ကုန်းရှန့်သည် ၎င်းတို့၏ သိုလှောင်လက်စွပ်များကိုလည်း ယူဆောင်သွားခဲ့၏။
“စီနီယာအစ်ကို... ဒီကောင်ဘာလို့ လှံကို သုံးနေတာလဲ။ သူ့ကိုကြည့်ရတာ အင်ပါရီယန်နတ်ဓားဂိုဏ်းက မဟုတ်ဘူးနဲ့တူတယ်”
“ထိုက်ရွှမ်အကြီးအကဲ ဟုတ်လား။ သူက တစ်နှစ်ပတ်လုံး အစီအရင်တွေကို လေ့လာနေတဲ့ ဖန်းချီမိုးကောင်ကင် တောင်တန်းက တကိုယ်တော်ကျင့်ကြံသူ ထိုက်ရွှမ်ရဲ့ တပည့်လား”
“သူ ကျုပ်တို့ရဲ့ သိုလှောင်လက်စွပ်တွေကို လုယူသွားတယ်။ သူ့ကို လက်လွှတ်ပေးလို့ မဖြစ်ဘူး။ မြန်မြန် လိုက်ကြ၊ ဂိုဏ်းကိုလည်း သတင်းပို့လိုက်အုံး”