ငရဲခွေး
Vol. 93 Ch. 1292
ရှီမာယူယူကို လူအများလာရှာကြသော်လည်း သူမ ပြန်မသက်သာသေး ဟူသောအကြောင်းကြောင့် ပြန်လွှတ်ခံရလေသည်။
သူတို့သည် မည်သည့်အင်အားစုကလာသည် မည်သည့်နေရာမှလာသည် ကို မသိသောကြောင့် သူတို့ကို ဧည့်မခံလိုပေ။
ထိုအင်အားစုအားလုံးနှင့် ကောင်းမွန်စွာ ဆက်ဆံရမည်ကို ရှီမာကျိယွင် ခံစားမိသော်လည်း သူ၏ မြေးမလေးသဘောမကျသဖြင့် ဘာမှမပြောပေ။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ရှီမန်ဖန်သည် ဘိုင်ရှန်းတို့ကိုခေါ်ပြီး ပြန်လာသည်။
“ဖန်အာ ဘယ်တွေသွားနေတာလဲ” ရှီမန်ဖန်နှင့် တခြားသူများ ခြံထဲသို့ လျှောက်လာသည်ကို မြင်သောအခါ ရှီမာယူယူ မေးလိုက်သည်။
“အရှေ့မျှတမှုမြို့တော်ကိုသွားပြီး အဲဒီက ဆုံးရှုံးမှုကို တွက်လာတာ” ရှီမန်ဖန် ဆက်ပြောလေသည် “ရက်နည်းနည်းလောက်ပဲ ကြာမယ်ဆိုပြီး နင် အလုပ်များနေတော့ ငါ မပြောသွားလိုက်တာ”
“ဘယ်လိုနေလဲ” ရှီမာယူယူ မေးလိုက်သည်။
“အိမ်တွေတော့ နည်းနည်းပါးပါးဆုံးရှုံးလိုက်ရတယ် ဒါပေမဲ့ အရမ်းကြီး မဆိုးပါဘူး၊ အဆိုးဆုံးက ဝိညာဉ်အဝတ်အထည်ဆိုင်ပဲ တစ္ဆေရောင်ဝါတိုက်စား တာကိုခံလိုက်ရတော့ ထပ်ပြီးသုံးမရတော့ဘူး”
“ဆိုင်လက်ထောက်ကရော”
“ငါတို့ဆိုင်လက်ထောက် ၁၀ ယောက်လောက်သေသွားတယ်၊ သူတို့ မိသားစုကိုတော့ လျော်ကြေးပေးပြီးပါပြီ၊ ထိန်းချုပ်ခံခဲ့ရတဲ့သူတွေကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ထားလို့ လတ်တလောတော့ အလုပ်မလုပ်နိုင်ကြဘူး သူတို့ကို အသည်းကွဲတောင်ကြားကိုပြန်ပို့ဖို့ခိုင်းထားတယ်၊ အရှေ့မျှတမှုမြို့ တော်ရဲ့ စီးပွားရေးကတော့ လတ်တလောပိတ်ပြီး အရင်းအမြစ်တွေပြန်စုရင်းနဲ့ တောင်ကြားကလူလာမှ ပြန်စဖို့ ပြောခဲ့တယ်”
“အင်း ဘာပဲဖြစ်ဖြစ် ဘာမှတော့မဖြစ်ပါဘူး အကုန်လုံးဖြေရှင်းပြီးမှ စလို့ ရတယ်” ရှီမာယူယူ ဆက်ပြောလေသည် “လျူလျန်ချိုင်၊ ဘိုင်ရှန်းနဲ့ တခြားသူ တွေရော”
“သူတို့ကို အနားယူဖို့ပြောထားတယ် သူတို့လည်း ဒီရက်ပိုင်းအလုပ်များ သွားတယ်” ရှီမန်ဖန် ပြန်ဖြေလေသည်။
“သူတို့နားပြီးသွားရင်တော့ ကိစ္စတွေဆွေးနွေးဖို့ ဒီကိုလာဖို့ပြောလိုက်ဦး” ရှီမာယူယူ ပြောလိုက်သည်။
“ရင်ယန်နန်းတော်နဲ့ ကျုံကျန်းမျိုးနွယ်ကို တိုက်တော့မှာလား” ရှီမန်ဖန် မေးလိုက်သည်။
“နင်ဘယ်လိုထင်လဲ” ရှီမာယူယူသည် အမေးဖြင့် ပြန်ဖြေလေသည်။
ရှီမန်ဖန်သည် သူမ ဆံပင်ကို နားနောက်သို့ပို့ပေးပြီး ပြောလိုက်သည် “တောင်ကြားက အဆင်သင့်ဖြစ်တာကြာပြီ ဒါပေမဲ့ ငါတို့ကိုင်တွယ်လိုက်မယ် နင်က ဒဏ်ရာရထားတာ အဲဒါကိုစိုးရိမ်ဖို့မလိုဘူး”
ရှီမာယူယူသည် သူ့စကားမှ မေတ္တာတရားနှင့် ကြောက်ရွံ့မှုကို ခံစားမိ သည်။ သူမ ပြုံးပြီး ပြောလိုက်သည် “ငါ့ ဒဏ်ရာတွေ သက်သာနေပြီကို နင်သိ ပါတယ်”
“နင့် ဒဏ်ရာတွေပြန်ကောင်းလာတာ သိပေမဲ့ ငါ့မျက်လုံးမှိတ်လိုက်ရင် နင် မိုးကြိုးအပစ်ခံရတဲ့ မြင်ကွင်းကိုပဲမြင်ရတယ်” ရှီမန်ဖန်၏ အသံသည် တုန်ယင်နေသည်။
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ အကြောက်တရားကိုမြင်ပြီး ထိုအရာ သည် သူ့အတွက် ကြောက်ရွံ့မှုတစ်ခုဖြစ်သည်ကို သိသည်။ နောက်ပိုင်းရက် များတွင် သူမ၏ ခံစားချက်များ ပျောက်ကွယ်သွားသည်ကိုလည်း သတိထားမိ လိုက်သည်။
သူမသည် သူ့လက်ကို ကိုင်ပြီး မျက်လုံးကိုစိုက်ကြည့်လိုက်ကာ ပြော လိုက်သည် “မစိုးရိမ်ပါနဲ့ ငါ ပြန်ပြီးအသက်ရှင်နိုင်မှတော့ ဒီလောက်လွယ်လွယ် နဲ့ အသေမခံတော့ဘူး”
“အဲနေ့က နင်ဝူလင်းယူရဲ့ အကူအညီမရှိဘူးဆိုရင် အဆုံးထိ တောင့်ခံနိုင် ပါ့မလား”
သူသည် ထိုနေ့ကအကြောင်းကို ပြန်တွေးလိုက်သည်နှင့်ပင် အေးစိမ့်သွား ရသည်။
“ခံနိုင်တာပေါ့ နည်းနည်းပိုဆိုးသွားမှာပဲရှိမှာ” ရှီမာယူယူ ဆက်ပြောလေ သည်။ “ငါက တိမ်တိုက်ဝိညာဉ်နဲ့ ရင်းနှီးတယ်လေ ငါ့ကိုသေအောင် မိုးကြိုး မပစ်ပါဘူး”
“ဘာပဲဖြစ်ဖြစ် နင် ကောင်းကောင်းလေးနားတော့ တောင်ကြားကိစ္စကို ငါ့ကိုသာ အပ်ထားလိုက်” ရှီမန်ဖန် ဆက်ပြောလေသည် “နင်အခုလုပ်ရမှာက အကုန်လုံးကိုလျစ်လျူရှုပြီး ကောင်းကောင်းသာနား တစ်ခုခုရှိရင် နင့်ကိုပြော လိုက်မယ်”
ရှီမာယူယူသည် သူခေါင်းမာပုံကိုကြည့်ပြီး ပခုံးတွန့်ကာ ပြောလိုက်သည် “ကောငး်ပြီလေ အကုန်လုံးဖြေရှင်းပြီးရင်တော့ ငါတို့ အသည်းကွဲတောင်ကြား ကို ပြန်ကြတာပေါ့”
“ဒီဟာကို ဘယ်လိုကိုင်တွယ်မှာလဲ” ရှီမန်ဖန်သည် ရှီမာကျိယွင်၏ အခန်း ကိုကြည့်လိုက်သည်။
“အမှန်အတိုင်းပြောရရင် ငါမသိဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ရှီမာမျိုးနွယ်က ဘယ်လိုလဲဆိုတာ ငါ မသိဘူး အဲဒါကြောင့် အခု ဆုံးဖြတ်ချက် ချလို့မရဘူး အဖေကိုရှာတွေ့ပြီးမှ ပြန်ပြောရမယ်ထင်တယ်”
“အဲဒီရှီမာမျိုးနွယ်က အရမ်း… ဇွဲကောင်းတာပဲ” ရှီမန်ဖန်သည် တုံံ့ဆိုင်း ပြီးမှ အရှက်မရှိဟူသည့် စကားလုံးမှ ဇွဲကောင်းသည် ဆိုသည့်စကားကို ပြောင်း ပြောလိုက်သည်။
“အသည်းကွဲတောင်ကြားက အဖွဲ့ဝင်တွေက ချစ်ဖို့ကောင်းတယ်လို့ ခံစား ရတယ်၊ အဲဒီမျိုးနွယ်က အေးစက်ပြီး လျစ်လျူရှုမယ်ဆိုရင် ငါက တောင်ကြား က ညီအစ်ကိုတွေနဲ့ပဲ သေချာပေါက် နေသွားမှာပဲ” ရှီမာယူယူသည် ရှီမာကျိယွင် ကြားမည်ကို ဂရုမစိုက်ပေ။
မဟုတ်လျှင် သူမသည် ထိုအခွင့်အရေးကို သုံးပြီး သူမစိတ်ကို ထုတ်ပြချင် သည်။
အိမ်ထဲမှ ရှီမာကျိယွင်သည် မျက်မှောင်ကြုတ်လျက်ရှိသည်။ ဒီကောင်မ လေးကတော့ မျိုးနွယ်ကို နာကျည်းနေတုန်းပါပဲလား။
ကြည့်ရတာ သူမကို အိမ်ပြန်ခေါ်ဖို့က ခရီးရှည်ဖြစ်ဦးမယ်။
ရှီမာယူယူနှင့် ရှီမန်ဖန်တို့သည် ပျော်ရွှင်စွာ စကားပြောကြလေသည်။ ရုတ်တရက် လှုပ်ရှားမှုကို ခံစားမိသောအခါ နှစ်ယောက်သား သတိကပ်ကာ ကြည့်လိုက်ကြသည်။ အိမ်ထဲတွင်ရှိနေသော ဝူလင်းယူနှင့် ရှီမာကျိယွင်တို့ လည်း ထွက်လာသည်။
“ဘယ်သူလဲ”
အမည်းရောင်မြူခိုး ဖုံးလွှမ်းသွားပြီး တဖြည်းဖြည်းနှင့် လူသားပုံရိပ်အဖြစ် ပြောင်းသွားသည်။
ထိုလူသည် ရှီမာယူယူရှေ့တွင် ဒူးထောက်လိုက်သည်။ “သခင်မလေးကို တွေ့ဆုံပါတယ်”
“တစ္ဆေမျိုးနွယ်ဝင်လား” ရှီမာယူယူသည် မျက်ခုံးများကို ပင့်လိုက်သည်။
“ဟုတ်ပါတယ် ကျွန်တော်က ကိုယ်ရံတော်အဖွဲ့ဝင် ဒိဝူပါ” ထိုလူ ပြော လေသည်။
“ဒိဝူဟုတ်လား ဒိလျူရဲ့ အစ်ကိုကြီးလား” ရှီမာယူယူ မေးလိုက်သည်။
“သခင်မလေးက တကယ်ပဲ ထက်မြက်ပါတယ်၊ သခင်မလေးကို မိနစ် ပိုင်းလောက်တောင် ဘာမှဖုံးကွယ်လို့မရဘူးလို့ ဒိလျူပြောပါတယ်” ထိုလူ ရယ် မောလေသည်။
“မင်းက ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်လိမ့်မယ်လို့ ငါထင်မထားဘူး မြန်မြန်ထပါ” ရှီမာယူယူသည် သူ့လက်ကို ပင့်တင်လိုက်သည်။
ဒိဝူသည် မတ်တတ်ရပ်ကာ နာမည်ကတ်ပြားထုတ်လိုက်ရာ သူ့လက်ထဲမှ နာမည်ပြား တောက်ပနေသည်မှာ သူသည် ထိုနာမည်ပြား၏ ပိုင်ရှင်ဖြစ်သည် ကို ပြသနေသည်။
ထိုနာမည်ပြားရှိသူသည် သူမ ယုံကြည်နိုင်သည့်လူဖြစ်သည်ကို ဒိကျဲ့ တစ်ခါပြောဖူးသည်။
“ဝမ်းကွဲအစ်ကိုလာ လာခိုင်းလိုက်တာလား တစ္ဆေလောကမှာ သူ တစ်ခုခု ဖြစ်လို့လား” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
“သခင်လာခိုင်းလိုက်တာက သူတစ်ခုခုဖြစ်လို့မဟုတ်ဘူး၊ သခင်မလေး လုပ်လိုက်တဲ့ကိစ္စက တစ္ဆေလောကကို ပွက်လောရိုက်သွားစေလို့ အခုလတ် တလောတော့ တစ္ဆေလောကကို မသွားသင့်ဘူးလို့ သခင်က သခင်မလေးကို ပြောခိုင်းလိုက်တာပါ” ဒိဝူပြောလေသည်။
“ငါ့ကိုလား”
“ဟုတ်ပါတယ် မိုးကြိုးဘေးသင့်မှုမှာတုန်းက သခင်မလေးက တစ္ဆေ မျိုးနွယ်ဝင်တွေ အများကြီးကို သတ်ခဲ့တာလေ၊ တချို့က ကျွန်တော်တို့မျိုးနွယ် က အရည်အချင်းရှိတဲ့ ညီအစ်ကိုတွေလေ အဲဒါကြောင့် တစ္ဆေလောကမှာ အရမ်းကို ကြိမ်းမောင်းနေကြတယ် သခင်မလေးကို ဖိနှိပ်ဖို့အတွက် တစ္ဆေ ဘုရင်ဆီကို စစ်တပ်လွှတ်ပေးဖို့ တောင်းဆိုနေကြတယ်” ဒိဝူ ပြောလိုက်သည်။
“သူတို့က လူသားလောကကို လာချင်သလိုလာလို့မရဘူးလေ ဟုတ်တယ်မလား” ရှီမာယူယူ ပြောလိုကသည်။
“ပုံမှန်ဆိုရင်တော့ လာလို့မရဘူး ဒါပေမဲ့ သူတို့ အကူအညီတစ်ခုခုရှိရင် တော့လာလို့ရတယ်” ဒိဝူ ပြောလေသည် “သခင်မလေးကို သတ်ဖြတ်ဖို့အတွက် ပိုပြီးအားကောင်းတဲ့လူကိုလွှတ်မယ်ဆိုရင် အန္တရာယ်အရမ်းများတယ်၊ အဲဒါ ကြောင့် တစ္ဆေမျိုးနွယ်သတ်တာ ခံရနိုင်တယ်လို့ သခင်က သခင်မလေးကို သတိပေးချင်တာပါ”
“သတိထားလိုက်ပါမယ်လို့ သူ့ကိုပြန်ပြောလိုက်ပါ” ရှီမာယူယူ ပြောလိုက် သည်။
“သခင်က ပြန်လာဖို့ပြောမထားပါဘူး” ဒိဝူ ပြောလိုက်သည်။
“ပြန်လာဖို့ မပြောထားဘူး ဟုတ်လား၊ နေဖို့ပြောထားတာလား”
“ဟုတ်ပါတယ် ကျွန်တော် ဒီမှာနေပြီး သခင်မလေးကိုကာကွယ်ဖို့ သခင် ကပြောထားပါတယ်”
ခြံဝန်းထဲမှ လူအားလုံး တိတ်သွားကြကာ ရှီမန်ဖန်သည် ဒိဝူကိုကြည့်ပြီး ပြောလိုက်သည် “သူတို့သာ တကယ်ပဲ လုပ်ကြံဖို့လူလွှတ်မယ်ဆိုရင် မင်းက ကိုယ့်ဘာသာ တိုက်ခိုက်နိုင်မှာလား မင်းနေရင် ငါတို့ကိုပိုပြဿနာဖြစ်သွားမယ်”
“ကျွန်တော့်ရောင်ဝါကိုသာ သိမ်းလိုက်ရင် စံတင်အဆင့်လူတောင် သတိ ထားမိမှာတောင်ဟုတ်ပါဘူး” ဒိဝူဆက်ပြောလေသည် “ပြီးတော့ ကျွန်တော်က တစ္ဆေရောင်ဝါကို ပိုပြီး အာရုံခံနိုင်စွမ်းရှိတယ် တစ္ဆေမျိုးနွယ် အနားကပ်လာတာ နဲ့ ချက်ချင်းသတိထားမိမှာပါ”
“မင်းက ခွေးနှစ်မှာမွေးတာလား” ရှီမာယူယူ ပြောလိုက်သည်။
“သခင်မလေးက တကယ်အရိပ်အကဲမြန်တာပဲ ကျွန်တော်ကငရဲခွေးပါ” ဒိဝူသည် ဂုဏ်ယူစွာဖြင့် ပြောလေသည်။
“….”
ရှီမာယူယူသည် ဆွံ့အသွားလေသည်။ သူမသည် စနောက်လိုက်ခြင်းဖြစ် သည်။ သူ ခွေးတစ်ကောင်ဖြစ်လိမ့်မည်ဟု ထင်မထားပေ။