အခန်း (၁၃၃၇)
Vol. 90 Ch. 1337
လှိုဏ်ဂူ၏ အတွင်းပိုင်းမှာတော့ ထိုက်ရွှမ်အကြီးအကဲသည် လက်ကို ယမ်းခါလိုက်၏။ ပြီးနောက် ဓာတ်ငါးပါးကို ကိုယ်စားပြုသည့် ဓာတ်ငါးပါးရတနာပစ္စည်းများသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ သူက ပြောလိုက်သည်။ “ဒါက ဓာတ်ငါးပါးရဲ့ ရတနာတွေပဲ။ အထက်နယ်မြေ၏ သုံးသပ်ချက်အရဆိုလျှင် ဒါတွေအားလုံးဟာ အစစ်အမှန် အဆင့်ပဲ။”
“အဲလောက် အဆင့်မြင့်တာလား။” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
ဤတည်နေရာတွင် ရှိနေသော ရတနာများ၏ အဆင့်နှင့်ပတ်သက်၍ ဖြူမဲညီနောင်ဆီမှ သူသေသေချာချာ လေ့လာ ထားခဲ့ပြီးဖြစ်သည်။
ထိုက်ရွှမ်အကြီးအကဲက ပြောလိုက်၏။ “ငါ ရှားရှားပါးပါး ကျင့်ကြံမှုကိုသာ ပြုလုပ်တယ်လေ။ ဒါကြောင့် ချီပြောင်းလဲခြင်းအဆင့်ကိုပဲ အမှတ်မထင် ရောက်ရှိခဲ့တာပေါ့။ ဒီမှာ နှစ်ပေါင်းများစွာ အချိန်ကြာမြင့်ခဲ့တယ်ဆိုတာက အစီအရင်တွေကို လေ့လာသုံးသပ်ပြီး ထူးဆန်းတဲ့ အခြားအရာတွေကို စုဆောင်းသိမ်းဆည်းနေတာကြောင့်မို့။ ပြီးတော့ ဒါတွေကသာလျှင် ငါရဲ့ ဝါသနာပဲ။”
“……….”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ ဤမျှသော ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိခဲ့သည်ကိုပင် မလေ့လာမိသောကြောင့်ဟု ဆိုနေလေသည်။
အထက်နယ်မြေရှိ ချီပြောင်းလဲခြင်းအဆင့်ဆိုသည်မှာ တစ်စုံတစ်ယောက်၏ ဒန်တန်ထဲတွင် ရှိသော ဓာတ်သဘာဝများ နှင့်စွမ်းအင်များအားလုံးကို စွမ်းအင်အရင်းအမြစ်တစ်ခုဆီသို့ အသွင်ပြောင်းလဲနိုင်သည့်အဆင့်ပင် ဖြစ်၏။ ထို့ကြောင့် ဤအရာအား ချီပြောင်းလဲခြင်းအဆင့်ဟု ခေါ်ဆို၏။
ချီပြောင်းလဲခြင်းအဆင့်တွင် စုစုပေါင်း အဆင့်ကြီး ၉ ဆင့် တည်ရှိနေ၏။ အဆင့်တစ်ခုချင်းစီတိုင်းသည် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို ပိုမိုကာ နားလည်နေစေ၏။ ပိုမိုကာ အားကောင်းလာခဲ့စေသည်။
ပထမနှင့်တတိယအဆင့်များအား ချီပြောင်းလဲခြင်းအဆင့်ဟု ခေါ်၏။ ဤအဆင့်သည် သိုင်းပညာရှင်များအနေနှင့် ကောင်းကင်နှင့်မြေကြီးရှိ ဓာတ်သဘာဝများကို ပိုမိုလေးနက်စွာဖြင့် လွတ်လွတ်လပ်လပ် အသုံးပြုနိုင်စွမ်းရှိ၏။ စတုတ္ထမှ ဆဋ္ဌမအဆင့်များသည် စိတ်ဝိညာဉ်ပြောင်းလဲခြင်း ဖြစ်၏။ ဤအဆင့်သည် သိုင်းပညာရှင်များအနေဖြင့် ကောင်းကင်၏ ဓာတ်သဘာဝများကို ပိုမိုကာ နားလည်မိသွား၏။ ထူးခြားသည့် အစွမ်းသက်ရောက်မှုများကို ၎င်းတို့၏ တိုက်ခိုက်မှုများတွင် ထည့်သွင်းကာ တိုက်ခိုက်နိုင်၏။
သတ္တမအဆင့်မှ နဝမမြောက်အဆင့်သည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ဖြစ်၏။ ဤအဆင့်သည် တစ်စုံတစ်ယောက် အနေနှင့် ပထမပြောခဲ့သည့် အဆင့်ကြီးနှစ်ခုအား ပေါင်းစပ်ပြီးသည့်နောက် ကြီးမားဆန်းကျယ်သည့် အစစ်အမှန် စွမ်းအင်များကို ရရှိခြင်းပင်ဖြစ်သည်။
တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်အရင်းအမြစ်များသည် အဆင့်မြင့်တက် အသွင်ပြောင်းလဲသွားပါက အစစ်အမှန်စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်အဖြစ် စဉ်းစားသုံးသပ်၍ ရ၏။
“အင်း”
ထိုက်ရွှမ်အကြီးအကဲသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “ငါ အထက်နယ်မြေဆီကို တက်ရောက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒါပေမဲ့ အခုချိန်အထိ တတိယအဆင့်မှာပဲ ရှိနေသေးတယ်။”
“စီနီယာ … သိုင်းပညာကို ဘယ်လိုမှ အာရုံမစိုက်ဘဲနဲ့ တတိယအဆင့်ကို ရောက်နိုင်ခဲ့တယ်ဆိုတာ သိုင်းပညာပါရမီမှာ တကယ့်ကို အားကောင်းတာမဟုတ်ဘူးလား။” ကျွင်းချောင်ရှောင်းသည် ချီးကျူးသလို ပြောလိုက်မိ၏။
သူ့အနေနှင့် မြှောက်ပင့်ပြောဆိုနေခြင်းမဟုတ်ပေ။ ဖြူမဲ ညီနောင်တို့ကဲ့သို့ အထက်နယ်မြေမှာ မွေးဖွားပြီး ကျင့်ကြံခဲ့သည့် လူများတောင်မှ သိုင်းပညာအရင်းအမြစ်ကို အာရုံစူးစိုက်ရင်း အဆင့် ၆ ဆီသို့သာ ရောက်ရှိနိုင်သည်။
“လိုရင်းကို ပြန်ပြောရအောင်။”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “မင်းအနေနဲ့ ဒီကောင်းကင်ဘုံ ရတနာပစ္စည်းတွေ အကုန်လုံးကို ယူသွား။ ဒါပေမဲ့ … ”
သူသည် လက်ညိုးနှင့် လက်မကို အသာပွတ်သပ်ကာ ပြောလိုက်၏။ “ငါဆိုလိုတာကို မင်းနားလည်တယ်မလား။”
ကျွင်းချောင်ရှောင်းသည် သူလုယူထားခဲ့သော ရတနာပစ္စည်းများအားလုံးကို ထုတ်ယူကာ မေးလိုက်သည်။ “ဒီပစ္စည်းတွေက လုံလောက်ရဲ့လား။”
ထိုက်ရွှမ်အဘိုးအိုသည် မျက်လုံးများ ချာချာလည်သွားမိ၏။ “ဒါက ပစ္စည်းတစ်ခုအတွက်တောင်မှ လုံလောက်မှုမရှိဘူးကွ။”
“………”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိသည်။ “ကျုပ် အထက်နယ်မြေကို ပထမဦးဆုံးအကြိမ်ရောက်တာလေ။ ဒီတော့ ပထမဦးဆုံးအနေနဲ့ ကျုပ်ဆီမှာ အားအင် အဆင့် မရှိဘူး။ ဒုတိယအနေနဲ့ ဘာပစ္စည်းပစ္စယမှ မရှိဘူး။ ဒီတော့ ငွေကြေးနဲ့ အရင်းအမြစ်တွေ ဘာမှမရှိဘူးလို့ ဆိုလိုတာပဲ။”
“ကောင်းပြီ။”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “ဒါဆိုရင် စာချုပ်ချုပ်မယ်။”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိသည်။
“လာခဲ့။”
ထိုက်ရွှမ်အဘိုးအိုသည် စားပွဲပေါ်သို့ စာချုပ်တစ်ခုကို တင်ကာ ပြောလိုက်၏။ “ဒီမှာလက်မှတ်ထိုး။ ပြီးတော့ မင်းလက်ဗွေ ကို နှိပ်လိုက်။”
ဤအဘိုးကြီးသည် အရာအားလုံးကို ကြိုတင်ကာ ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ငုံ့ကာအသာကြည့်ရှုလိုက်သည့်အချိန်မှာတော့ အထဲတွင် ရေးသားထားသည်မှာ “နွေရူးအလယ်ပွဲတော်၏ လပြည့်နေ့ … ကျုပ် ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အဘိုးအိုဆီမှ မိုးကောင်းကင် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းကို ချေးငှားခဲ့၏။ ထိုအရာကို ၁၀ နှစ်အတွင်း ပြန်လည်ပေးအပ်မည်ဖြစ်ပြီး ပြန်လည်မပေးအပ်ပါက မိုးကြိုးပစ်ခြင်းကို ရဲရဲကြီး ခံယူပါမည်။”
“စီနီယာနောက်နေတာလား။”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိသည်။ “ဒီ ကောင်းကင်ဘုံရတနာပစ္စည်းတွေ အကုန်လုံးက မိုးကောင်းကင်စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းတောင် တန်တာလား။”
မိုးကောင်းကင် ဆိုသည့် စကားလုံး ပါဝင်သည်ဆိုမှတော့ သာမန် စိတ်ဝိညာဉ်ကျောက်တုံးများထက် ပိုမိုကာ အားကောင်းမှာသေချာ၏။
“ဟုတ်တယ်။”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “မင်း မယုံဘူးဆိုရင် လိုက်ပတ်မေးကြည့်လေ။”
“………..”
သူ မည်သည့်လူကို သွားကာ မေးမြန်းရမည်နည်း။
“ကောင်းပြီ။ ကျုပ်လက်မှတ်ထိုးလိုက်မယ်။”
အဓိကတာဝန် ပြည့်စုံရန်အတွက် ရက်သည် အနည်းငယ်သာလျှင် ကျန်ရှိတော့၏။ ထို့ကြောင့် သူ့အနေနှင့် ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေဆီသို့ မဖြစ်မနေ ခေါ်ဆောင်ရမှာ ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်း မပြောနှင့် … သန်း ၁၀၀ ဆိုရင်လည်း သူသည် စွန့်စား ရယူရမှာ သေချာ၏။
ဝှစ်
သူ နာမည်ကို ရေးသားပြီး လက်ဗွေကို နှိပ်လိုက်သည့်အချိန်မှာတော့ အလွန်တရာ သန့်စင်လှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိနေသည့် ကောင်းကင်ဘုံရတနာများအားလုံးအား သူ၏ လက်စွပ်ထဲသို့ ပြန်လည်သိမ်းဆည်းပြီး ဖြစ်တော့သည်။
“စီနီယာ”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက်ပြောလိုက်၏။ “ဒီလိုပိုပြီးအားကောင်းတဲ့ စွမ်းအင်အရင်းအမြစ်တွေနဲ့ဆိုရင် ဂိုဏ်းတစ်ခုလုံးကို အပေါ်ထိ တက်လှမ်းနိုင်ဖို့ဆိုတာ ဖြစ်နိုင်တယ်မလား။”
ထိုက်ရွှမ်အဘိုးအိုသည် စာချုပ်ကို အသာသိမ်းဆည်းပြီးနောက် ပြောလိုက်သည်။ “ငါ အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူး။ ဒါပေမဲ့ မင်း အကောင်းဆုံးအရာတွေကို လုပ်ခဲ့ပြီးတာပဲ။ ဘာပဲပြောပြော နောက် ၁၀ နှစ်အတွင်း မိုးကောင်းကင်စိတ်ဝိညာဉ်ကျောက်တုံး ၁၀ သန်းကို ငါ့ကို ပြန်ပေး။”
“………” ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
ထိုက်ရွှမ်အဘိုးအိုသည် အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်၏။ “ကောင်လေး ….. လောကကြီးမှာ လှည့်ကွက်တွေ ၊ အခက်အခဲတွေ အများကြီးရှိတယ်။ အဲတာတွေကို မဖြေရှင်းနိုင်ဘဲနဲ့ ဘာတစ်ခုမှ အောင်မြင်မှုရမှာမဟုတ်ဘူး။ ပြီးတော့ မင်းလုပ်နိုင်တာတစ်ခုက ရဲရဲကြီးစမ်းသပ်ကြည့်တာပဲ။”
ယခင်တုန်းက သူသည် ကြီးမားလွန်းလှသော အကြံအစည်ကြီးတစ်ခုကို ရုတ်တရက် ရရှိပြီးသည့်နောက်မှာတော့ အားရပါးရ ကြိုးစားခဲ့ရ၏။ ကျဆုံးခဲ့သည်ဆိုလျှင်တောင်မှ သူသည် ကောင်းကင်နှင့်မြေကြီးဖန်တီးခြင်းအစီအရင်ကို နောက်ဆုံး၌ ဖန်တီးနိုင်ခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် တစ်ချက်ကလေးမှ အမှားမခံတော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို အဘိုးကြီးသည် နားမလည်နိုင်ခဲ့ချေ။
“နားလည်ပါပြီ။ နှုတ်ဆက်ပါတယ် စီနီယာ။”
ကျွင်းချောင်ရှောင်းသည် ဖန်းချီမိုးကောင်းကင်တောင်တန်းဆီမှ ထွက်ခွာသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် လအလင်းသေတ္တာကို ထုတ်ယူကာ အောက်နယ်မြေဆီသို့ ပြန်မှ ဖြစ်ပေလိမ့်မည်။
သူ့အနေနှင့် လက်ရှိရယူထားသော စွမ်းအင်အရင်းအမြစ်များအားလုံးသည် အစီအရင်ကြီးကို ပြန်လည်အဆင့်မြှင့်တင် နိုင်သည့်နေရာတွင် အဆင်ပြေနိုင်သလားဆိုသည်ကို စမ်းသပ်ကြည့်မှ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ယုံကြည်ချက်တော့ သိပ်မရှိလှချေ။
ဟင်း
သူသည် သက်ပြင်းချကာ ပြောလိုက်၏။ “ငါ့ဆီမှာ အချိန်တွေသာ အများကြီးရှိမယ်ဆိုရင် စီနီယာထိုက်ရွှမ် ပြောထားတဲ့ ပိုပြီးအားကောင်းတဲ့ စွမ်းအင် အရင်းအမြစ်တွေကို လိုက်ရှာမိမှာပဲ။”
“စိတ်ဓာတ်ကျမနေနဲ့။”
စနစ်က ပြောလိုက်သည်။ “မင်းဆီမှာ စတိုး ရှိနေသေးတယ်လေ။ မင်း မလုပ်နိုင်ဘူးဆိုရင် စတိုးကို ရဲရဲကြီး ဖွင့်လိုက်ရုံပဲ။”
ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ မနည်းထိန်းချုပ်ကာဖြင့် တိကျခိုင်မာသလို ပြောလိုက်၏။ “အင်း … အဲဒီနည်းလမ်းတစ်ခုပဲ ရှိတော့တာပေါ့။”
………..
တောင်တစ်ခု၏ ထိပ်ပေါ်မှာတော့ ထိုက်ရွှမ်အဘိုးအိုသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိ၏။ သူသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရှုကာဖြင့် ပြောလိုက်မိသည်။
“လူငယ်လေး ငါ့ကို စိတ်မပျက်စေနဲ့။”
တစ်ချို့သော လူများသည် ကြယ်ကြွေကုန်းမြေတိုက်ရှိ ဒဏ္ဍာရီလာပုဂ္ဂိုလ်မှာ ဦးနှောက်ကို မြင်းကန်ခံထားရ သောကြောင့် ဘာမှန်းမသိသည့် စာချုပ်တစ်ခုကို အသုံးပြုကာ ကောင်းကင်ရတနာများကို ပေးအပ်လိုက်မည်ဟု ထင်မှတ်မိနိုင်ပေလိမ့်မည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဤသို့ မဟုတ်ချေ။
ဤလူငယ်လေးသည် သာမန်လူတစ်ယောက်မဟုတ်မှန်း ထိုက်ရွှမ်အဘိုးအိုသည် ကောင်းကောင်းသိရှိနားလည်၏။ အချိန်အတိုအတွင်းမှာပဲ အထက်နယ်မြေဆီသို့ တစ်ယောက်တည်းတက်လှမ်းနိုင်ခြင်းဖြင့် သက်သေပြသပြီး ဖြစ်၏။ ထို့ကြောင့် သူ့အနေနှင့် ဤလူငယ်လေးအတွက် များပြားလှသော ဂိုဏ်းများကို အတိုက်အခံပြုလုပ်ခဲ့ခြင်းပင်ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ပိုမိုအားကောင်းသည့် ဓာတ်သဘာဝစွမ်းအင်အရင်းအမြစ်များကို ရရှိပြီးသည့်နောက် အောက်နယ်မြေဆီသို့ စမ်းသပ်ဖို့ ပြန်သွားရန် ဆုံးဖြတ်လိုက်၏။ ဤအရာသည် လောင်းကစားပြုလုပ်ခြင်းပင်ဖြစ်သည်။ သူ့အနေနှင့် အထက်နယ်မြေဆီသို့ အောင်မြင်စွာတက်လာနိုင်မည်လား ဆိုသည်ကို သေသေချာချာတော့ မသိနိုင်ချေ။
ထို့အတူ ထိုက်ရွှမ်အဘိုးအိုသည်လည်း လောင်းကစားပြုလုပ်ခဲ့၏။ အနာဂတ်တွင် တောက်ပသည့်ကြယ်တစ်ပွင့် အထက်နယ်မြေဆီ ပေါ်ပေါက်လာနိုင်မည်လား။ သူ၏ လက်ထဲတွင် ရှိခဲ့သော ကောင်းကင်ဘုံရတနာများအားလုံးသည် စတေးပစ်လိုက်ရမည်လားဆိုသည်ကို လောင်းကစားပြုလုပ်ခဲ့ ခြင်းပင်။
ထိုက်ရွှမ်အဘိုးအိုသည် အမှောင်ထဲတွင် တိတ်တဆိတ်နှင့် လင်းလက်လျက်ရှိနေသည့် ကောင်းကင်ပေါ်ရှိ ကြယ်ကို လှမ်းကြည့်လိုက်၏။ ပြီးနောက် တီးတိုးပြောလိုက်မိ၏။ “အမှောင်ထဲမှာ တောက်ပနေတဲ့ ကြယ်ပွင့်က မကောင်းတဲ့ အတိတ်နိမိတ်ဆိုးမဟုတ်ဘူး။ ဒါ သာမန်ထက်ပိုတဲ့ လူတစ်ယောက် မွေးဖွားဖြစ်တည်လာခြင်းပဲ။”
သူသည် ငြိမ်ငြိမ်သက်သက်ဖြင့် သူ၏ အဝတ်ထုပ်များကို သယ်ဆောင်ကာ နောက်ပြန်လှည့်မကြည့်ဘဲ ဖန်းချီမိုး ကောင်းကင်တောင်တန်းဆီမှ ထွက်ခွာသွားလိုက်၏။ သူ့အနေနှင့် လက်ရှိအခြေအနေတွင် ထွက်ပြေးသွားရန် နည်းလမ်းကိုသာ စဉ်းစားလိုက်မိ၏။ တစ်ခြားနည်းလမ်းလည်းမရှိချေ။ သူသည် သိုသိုသိပ်သိပ်ဖြင့် အစီအရင်နှင့် ကံကြမ္မာဖတ်ခြင်းအတတ်ကိုသာ လေ့လာချင်မိ၏။ ယခု တစ်စုံတစ်ယောက်ကို ရိုက်နှက်ပြီးပြီဆိုမှတော့ ဤနေရာတွင် ဆက်လက် နေထိုင်၍ မဖြစ်နိုင်တော့ချေ။
သို့ပေမဲ့ ဤတည်နေရာရှိ အစီအရင်များသည် ဖယ်ရှားခြင်းမပြုထားသောကြောင့် တစ်ခြားသော အဓိကဂိုဏ်းများ အားလုံးသည် အမှတ်တမဲ့နှင့် ဝင်လာခြင်းကိုတော့ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ချေ။
………….
ညရောက်ချိန်မှာတော့ ကောင်းကင်ယံအထက်ဆီမှ လအလင်းသည် ထွန်းတောက်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူတစ်ခု၏ အပြင်ဘက်တွင် ခြေချိတ်ကာ ထိုင်နေ၏။ ပြီးနောက် လအလင်းသေတ္တာကို ထုတ်ယူလိုက်၏။ နောက်ဆုံးမှာတော့ သူသည် ထိုက်ရွှမ်အဘိုးအိုပေးထားသည့် ရတနာများကို ယူဆောင်ကာဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်ရန် ဆုံးဖြတ်လိုက်တော့၏။
“နှောင့်နှေးခြင်းဆိုတာ လက်ခံသူရဲ့ အမူအကျင့်တစ်ခုမဟုတ်ဘူးလေ။” စနစ်က ပြောလိုက်သည်။
“စိတ်ပူမနေနဲ့။ ရဲရဲကြီး စမ်းသပ်ကြည့်လိုက်။ ငါဘေးကနေ ထောက်ပံ့ပေးမယ်။”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ “တကယ် ဟုတ်လို့လား။”
………
ပြီးနောက် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်၏။
ဝှစ်
အလင်းတန်းများ တောက်ပလာပြီးသည့်နောက် တိမ်ဆီသို့ အလင်းတန်းများ ဖြစ်တည်လာသည်။
“ဟမ်”
ဖန်းချီမိုးကောင်းကင်တောင်တန်းဆီမှ ထွက်ခွာခဲ့ပြီးဖြစ်သည့် ထိုက်ရွှမ်အဘိုးအိုသည် ရုတ်တရက် ရပ်တန့်ပြီး အလင်းများ ထွက်ပေါ်လျက်ရှိနေသည့် တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် ရေရွတ်လိုက်မိ၏။ “ငါ ခန့်မှန်းခဲ့တာ အမှန်ပဲ။ သာမန်ထက်ပိုတဲ့ လူသားတစ်ယောက် မွေးဖွားလာခဲ့တာပဲ။”