အခန်း (၁၃၃၅)
Vol. 90 Ch. 1335
ကုန်းရှန့်သည် ဆွံ့အသွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူ့အား ကာကွယ်ပေးမှုဆိုသော ထိုက်ရွှမ်အကြီးအကဲ သည် ချက်ချင်းပဲ ထွက်ခွာသွားခဲ့သည်။ အဆိုးဆုံးအရာမှာ အဝတ်အစားထုတ်များကို မည်သည့်အချိန်က ထုပ်ပိုး ထားခဲ့သည် မသိပေ။ ချက်ချင်း ပခုံးပေါ်တင်ကာ ထွက်ပြေးသွားခဲ့၏။
အမှန်ပင်ဖြစ်သည်။ ထိုက်ရွှမ်အကြီးအကဲသည် သူခံစားနေရသည့် မကောင်းသည့် အရိပ်သင်္ကေတများ ပိုမိုကာ များပြားလာသည်ကို သိရှိသည့်အချိန် အစောကြီးကတည်းက အဝတ်အစားများကို ထုတ်ပိုးနှင့်ပြီး ဖြစ်၏။ သူ့အနေနှင့် မိုးရွာမည့်နေ့အတွက် ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းပင် ဖြစ်သည်။ ဤအရာမှာ ရှေ့ရေးကို တွေးမြင်နိုင်ခဲ့သော လူအိုကြီးတစ်ယောက်၏ အတွေ့အကြုံပင်ဖြစ်သည်။
သို့ပေမဲ့ သူထွက်သွားခြင်းခြင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် ကျန်ရှိခဲ့တော့၏။ များပြားလှသော တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်နှင့် အဆင့်မြင့် စွမ်းအားမြင့် ကျင့်ကြံသူများကို တစ်ယောက်တည်း တိုက်ခိုက် ရင်ဆိုင်ရတော့မှာဖြစ်၏။
“ကောင်လေး”
ထိုက်ရွှမ်အကြီးအကဲ၏ အသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့၏။ “အထက်နယ်မြေကို တက်လှမ်းတယ်ဆိုတာက ဘဝသစ်တစ်ခုကို စတင်တာနဲ့ တူတူပဲလေ။ ဒီတော့ အနာဂတ်မှာ ဘယ်လို အန္တရာယ် မျိုးကိုပဲကြုံကြုံ ကိုယ့်အားကိုယ်ကိုးပြီး ဖြေရှင်းရမယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အော်ဟစ်လိုက်မိသည်။ “ခင်ဗျားပဲ ကျုပ်ကို ကာကွယ်ပေးမယ်လို့ ပြောခဲ့တယ်လေ”
ကျိန်ဆဲခြင်းကသာ ကျိန်ဆဲခြင်းဖြစ်၏။ သို့ပေမဲ့ ထွက်ပြေးခြင်းကလည်း လိုအပ်လျက် ရှိ၏။ ထို့ကြောင့် သူသည် ဓားပျံကို ထိန်းချုပ်လိုက်၏။ သို့ပေမဲ့ သူထွက်ခွာသွားရန် ပြင်နေသည့်အချိန်မှာပဲ များပြားလှသော အဓိကဂိုဏ်းများသည် သူ့အား ဝိုင်းရံနှင့်ပြီး ဖြစ်၏။ သူ့အနေနှင့် ထွက်ပြေး၍ မရတော့ချေ။
အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့သည် အဓိကရန်ငြိုးးများ တည်ရှိနေခဲ့၏။ သို့ပေမဲ့ ၎င်းတို့ နှစ်ဖွဲ့သည် ထိပ်တိုက် တွေ့ဆုံသည့်အချိန်၌ ရန်ငြိုးများကို ဖယ်ရှားထားပြီး တူညီသည့်ရည်မှန်းချက်အနေဖြင့် ကုန်းရှန့်ကို အမဲဖျက်ရန်သာ စီစဉ်ထားသည်။
“တကယ်လို့ ဆရာက ထွက်ပြေးသွားပြီဆိုရင်တောင်မှ …”
တတိယအကြီးအကဲသည် အေးစက်စက် ပြောလိုက်၏။ “မင်း ဒီမှာ ရှိနေသေးရင် အဆင်ပြေသေးတယ်”
ဟား ဟား ဟား ဟား
ဓားပျံပေါ်မှာ မတ်တပ်ရပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထူးဆန်းစွာ ရယ်မောလိုက်၏။ သူ၏ မျက်လုံး များသည် ပိုမိုကာ လေးနက်လာတော့၏။ သူက ပြောလိုက်တော့သည်။ “မင်းတို့လို အမှိုက်တွေက ဒီကျွင်းကို ဖမ်းဆီးထားနိုင်မယ် ထင်လို့လား”
ထိုက်ရွှမ်အဘိုးအို ထွက်ပြေးသွားခြင်းကို သူဂရုမစိုက်ချေ။ သူ့၌ များပြားလွန်းသော ဝှက်ဖဲများ တည်ရှိလို့နေသေး၏။
ဝှစ်
သူသည် လက်ကို အသာမြှောက်လိုက်၏။ ပြီးသည့်နောက် လေထုထဲတွင် အိတ်ကပ်တစ်ခု အရွယ်အစားရှိသော ဓားလေးတစ်ခုသည် ပေါ်ပေါက်လာတော့၏။ သူ၏ အားကောင်းလွန်းသော ဝှက်ဖဲသည် သေမျိုးလောက၏ အကြီးမားဆုံးသော ဆရာကြီးနှင့် ရင်ဆိုင်တိုက်သည့်အချိန်တွင်ပင်လျှင် ထုတ်ဖော်အသုံးမပြုခဲ့ချေ။ ယနေ့ အထက်နယ်မြေသို့ ရောက်သည့်အချိန်တွင် ထုတ်ဖော်အသုံးပြုရတော့မည်ဖြစ်သည်။
ကျွတ်
ကစားစရာ အရုပ်ကဲ့သို့ အရာလေးကို မြင်ရသည့်အချိန်မှာတော့ အဓိကဂိုဏ်းများမှ သိုင်းကျင့်ကြံသူများ အားလုံး သည် နှာခေါင်းရှုံ့မိလိုက်ကြ၏။
“ကောင်လေး”
တတိယအကြီးအကဲသည် အေးစက်စက် ပြောလိုက်သည်။ “ဒီနေရာမှာ ဟန်ထုတ်မနေနဲ့တော့။ မင်းအခု ထွက်သွားချင်တယ်ဆိုရင်တောင် လုယူသွားတဲ့အရာတွေ အားလုံးကို မြန်မြန်ဆန်ဆန်ပေးတော့”
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းသည် ဓား၏ ဓားနှောင့်အား လက်နှစ်ချောင်းဖြင့် အသာညှပ်ကိုင်ကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ ဘာမှမရှိဘူး။ ကျုပ်ဆီမှာရှိတာ ကျုပ်အသက်ပဲရှိတယ်”
ကုန်းရှန့်၏ စည်းမျဉ်း စည်းကမ်းအရဆိုလျှင် သူ၏ စွမ်းဆောင်ရည်ဖြင့် ရရှိထားသော အရာများအားလုံးသည် သူပိုင်သည့်အရာပင် ဖြစ်၏။ ထိုအရာများကို ပြန်လည်ရယူချင်သည်ဆိုပါက သူသေမှသာလျှင် ဖြစ်ပေလိမ့်မည်။
“အားလုံးပဲ”
တတိယအကြီးအကဲသည် လေးလေးနက်နက် ပြောလိုက်၏။ “အတူတူ စုပေါင်းပြီးတော့ ဒီကောင့်ကို သေတဲ့အထိ ဝိုင်းခုတ်ကြမယ်။ ပြီးရင် ဆုံးရှုံးသမျှအရာအားလုံးအတွက် နစ်နာကြေးအနေနဲ့ သူယူထားသမျှ အရာ အားလုံးကို ပြန်ပြီးခွဲယူကြတာပေါ့”
“ကောင်းပါပြီ”
အဓိကဂိုဏ်းများမှာ သိုင်းကျင့်ကြံသူများသည် ငြင်းချက် မရှိကြချေ။ ၎င်းတို့အနေဖြင့် ထိုက်ရွှမ် အဘိုးအိုနှင့်ပတ်သက်၍ အနည်းငယ် ဇဝေဇဝါ ဖြစ်မိနေ၏။ ထိုက်ရွှမ်အဘိုးအိုသည် အားကောင်းသောကြောင့် သူတို့အနေနှင့် တိုက်ခိုက်ချင်သည့်စိတ်များကို ထိန်းသိမ်းထားခဲ့ရသည်။ သို့ပေမဲ့ တစ်ဖက်လူသည် သူ၏တပည့်ကို စွန့်ခွာကာ ထွက်ပြေးသွားခဲ့၏။ ထို့ကြောင့် စိုးရိမ် ပူပန်နေစရာ မလိုတော့ချေ။
“သွားကြရအောင်”
ဟူး ဟူး
ချက်ချင်းပဲ တည်နေရာချိုးဖြတ်ခြင်းအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ရာကျော်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်ဖော်လိုက်ကြ၏။
ဝန်းရံခံထားရသော ကျွင်းချောင်ရှောင်းသည် ခံစားချက် ကင်းမဲ့နေခဲ့၏။ သို့ပေမဲ့ သူသည် စိတ်ထဲမှာ ကြိတ်ကာ ဆုတောင်းလျက်ရှိနေသည်။ “စည်းဓားမော့ကြီးရဲ့ တတိယပုံစံက အထက်နယ်မြေမှာ အသုံးဝင်မယ်လို့ ငါ မျှော်လင့်မိတယ်။ မဟုတ်ရင် ငါ့အနေနဲ့ ကျောက်ရုပ်တုကြီးရဲ့ စွမ်းရည်ကိုပဲ ထပ်ပြီးသုံးရတော့မှာပဲ”
.............
စည်းဓားမော့ကြီး၏ စည်းဖွင့်ခြင်းအဆောင်သည် သူ၏လက်ထဲတွင် တည်ရှိနေ၏။ သို့ပေမဲ့ များပြားလွန်းလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများ သူ့အား ရင်ဆိုင်တိုက်ခိုက်ရန် ပြင်လိုက်သည့်အချိန်မှာတော့ သူ့သည် ထိုအရာကို ချိုးပစ်ရန် ပြင်ဆင်လိုက်၏။ ထိုသို့ပြုလုပ်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ အားကောင်းလွန်းလှသော လေလှိုင်း များသည် သူ၏အနောက်ဘက်ဆီမှ ဖြစ်တည်လာ၏။
ဘုန်း
ကျယ်လောင်လှသော စွမ်းအားမြင့် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ တည်နေရာ တစ်ခုလုံးသည် တွန့်လိမ် သွားခဲ့၏။ သူ့အား တိုက်ခိုက်ရန် ပြေးဝင်လာခဲ့သည် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် အနောက်ဘက် ခပ်ဝေးဝေးဆီသို့ လွင့်စင်ကုန်သည်။
သူ၏ မြင်ကွင်းထဲတွင်တော့ ဝါးဖြင့် ပြုလုပ်ထားသော ကြီးမားလှသည့်အရာကြီး သည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုအရာကြီးဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “ကောင်လေး.. ဒီကိစ္စကို ငါ့အတွက်ထားလိုက်တော့။ မင်း မြန်မြန်ပုန်းနေတော့”
ထိုက်ရွှမ်အကြီးအကဲ။
အဘိုးအိုသည် တစ်ဦးတည်း ထွက်ပြေးသွားခဲ့ခြင်း မဟုတ်ခဲ့ပေ။
“ချီးတဲ့မှ” ကျွင်းချောင်ရှောင်း သည် မျက်လုံးပြုးသွားမိ၏။ သူ၏ မျက်လုံးများသည် မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင်။
သူဘာကို မြင်ရနေသနည်း။ ဝါးများဖြင့် ပြုလုပ်ထားသည့် စက်ရုပ်ကဲ့သို့ အရာကြီးတစ်ခုကို မြင်နေရခြင်းပင်။ ထိုက်ရွှမ် အကြီးအကဲသည် ထိုအရာကြီးထဲတွင် ထိုင်လျက်ရှိနေပြီး သူ၏လက်များတွင်တော့ သေးငယ်လှသည့် အလင်း အစီအရင်များ ဖြတ်သန်းပြေးလွှားနေ၏။
“စက်ရုပ်လား။ Transformer လား၊ Iron-man လား”
“တွေဝေမနေနဲ့”
ထိုက်ရွှမ်အကြီးအကဲသည် ပြောလိုက်သည်။ “မြန်မြန် ပုန်းနေ။ မဟုတ်လို့ ငါ့ရဲ့ ဝါးတောင်တန်း နံပါတ်တစ်က လှုပ်ရှားပြီဆိုတာနဲ့ မင်းပါရောပြီး ဒဏ်ရာ ရကုန်မယ်”
ရွှီး ….။
ကျွင်းချောင်ရှောင်းသည် ဓားပျံကို ထိန်းချုပ်ကာဖြင့် အလျင်အမြန် တောင်ထိပ်အဝေးတစ်နေရာဆီသို့ သွားလိုက်၏။ ပြီးနောက် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “ဒါ အဆင့်မြင့် နည်းပညာပဲ”
စနစ်က ပြောလိုက်သည်။ “ဒီအရာက အစီအရင်တွေ အများကြီးပါဝင်နေတဲ့အရာမျိုးပဲ”
ကျွင်းချောင်ရှောင်းသည်လည်း သတိပြုမိသည်။ သူ၏ မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုများနှင့် ထွန်းတောက်လာခဲ့၏။ ထိုက်ရွှမ်အကြီးအကဲသည် အစီအရင်နှင့်ပတ်သက်လျှင် ဤမျှ အားကောင်းသည့် အခြေအနေ တစ်ခုဆီသို့ ရောက်အောင်ဖန်တီးနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့် သူ၏ဂိုဏ်းတစ်ခုလုံးအား အထက် နယ်မြေဆီသို့ ခေါ်ဆောင်နိုင်ရန် နည်းလမ်းကလည်း ရှိမှာသေချာ၏။
များပြားလှသောဂိုဏ်းများမှ သိုင်းကျင့်ကြံသူများသည် လက်ရှိအခြေအနေမှာတော့ ဆွံ့အသွားခဲ့၏။ ထိုက်ရွှမ် အကြီးအကဲသည် ပြန်လည်ရောက်ရှိလာမည်ဟု သူတို့ မထင်မှတ်ခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူသည် ပြန်လည် ရောက်ရှိရုံသာမက ပေသုံးဆယ်မှ ငါးဆယ်နီးပါးခန့်ရှိသည့် ကြီးမားလှသော ဝါးဖြင့်ပြုလုပ်ထားသည့် သားရဲကြီး ကိုလည်း စီးနင်းလာခဲ့သေးသည်။
အထူးသဖြင့် ထိုအရာကြီးမှ ထုတ်လွှတ်လိုက်သော လက်သီးချက်ကြီးသည် တည်နေရာချိုးဖြတ်ခြင်း အထက် အဆင့်ကျင့်ကြံသူ ဆယ်ယောက်တို့အား အနောက်ဘက်သို့ပင် လွင့်စင်သွားစေ၏။ ကြည့်ရသည်မှာ ကြောက်မက် ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ပိုင်ဆိုင်ပုံပေါ်၏။
ဝါးတောင်တန်းနံပါတ်တစ်သည် တိုက်ခိုက်ရေးချပ်ဝတ်အမျိုးအစားတစ်ခုဖြစ်ပြီး ထိုက်ရွှမ်အကြီးအကဲကိုယ်တိုင် အစီအရင်များနှင့် ဖန်တီးကာ တီထွင်ထားသည့်အရာလည်းဖြစ်၏။ မည်မျှအားကောင်းလှသနည်းဆိုသော် ကုန်းရှန့်ဝင်၍ ထိန်းချုပ်မည်ဆိုလျှင်ပင် တူညီပြီး အားကောင်းသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်နိုင်မှာ သေချာ သည်။
“မှတ်ထား။ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ဘယ်တော့မှ အထင်မသေးနဲ့”
ဟုတ်ပေသည်။ ကုန်းရှန့်အနေနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကို ဘယ်တော့မှ အထင်မသေးချေ။ သူ၏ Facebook Password မေ့သွား၍ ဆိုင်သွားကာ ပြုပြင်ခဲ့ရစဉ်က အခြေအနေများကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် လေးစားမှုများသည် သူ၏မျက်လုံးထဲတွင် ဖြစ်တည်လာခဲ့၏။
“ကောင်လေး”
ထိုက်ရွမ်အကြီးအကဲသည် အသံပို့လွှတ်လိုက်သည်။ “ဒီအဘိုးကြီးအနေနဲ့ ဝါးတောင်တန်း နံပါတ်တစ်ကို ထုတ်ပြီး တကယ်တမ်း တိုက်ခိုက်တယ်ဆိုတာ ပထမဦးဆုံး အကြိမ်ပဲ။ ဒီတော့ ဒီတိုက်ခိုက်လို့ ကုန်ကျတဲ့ စွမ်းအင်ကုန်ဆုံးမှု အကုန်လုံးကို မင်းတာဝန်ယူရမယ်”
“ပြဿနာ မရှိဘူး”
ကျွင်းချောင်ရှောင်းသည် တည့်တိုးပင် ပြောလိုက်၏။ ဤကဲ့သို့ တိုက်ခိုက်ရေးချပ်ဝတ်၏ ပုံစံသည် အလွန်ပင် ကောင်းမွန်လွန်းလှ၏။ သူသည် မည်မျှ အားကောင်းသည် ဆိုသည်ကို အမှန်ပင် သိချင်မိသည်။
အကာအကွယ်အတားအဆီးအတွင်းတွင် ရှိနေသော ထိုက်ရွှမ်အကြီးအကဲသည် ရှိရှိနေသမျှသော လူများကို ကြည့်ရှုကာ အေးစက်စက် ပြောလိုက်၏။ “ဖန်းချီမိုးကောင်းကင်တောင်တန်းဆိုတာ ဒီအဘိုးကြီးရဲ့ ကျင့်ကြံရာ နေရာပဲ။ ဘာတစ်ခုမှ ပြောဆိုမှု မရှိဘဲနဲ့ အထဲကို ဝင်လာတယ်ဆိုတာက မိုက်ရိုင်းလွန်းရာ မကျဘူးလား”
ဝှစ်
ပြောနေတုန်းမှာပဲ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် အစီအရင်များနှင့် ဆက်သွယ်လိုက်၏။ ဝါးတောင်တန်းနံပါတ်တစ်သည် သူ၏ ညာဘက်လက်သီးကြီးကို ယမ်းခါကာဖြင့် ကြောက်မက်ဖွယ်ရာကောင်းလှ သည့် အားအင်များကို ထုတ်ဖော်ကာ တိုက်ခိုက်ခြင်းကို ပြုလုပ်တော့သည်။
ဘုန်း
ကြမ်းတမ်းလွန်းလှသော လက်သီးချက်ကြီးသည် တည်နေရာချိုးဖြတ်ခြင်း ကျင့်ကြံသူ ဆယ်ယောက်တို့အား အနောက်ဘက်သို့ လွင့်စင်သွားစေ၏။ တည်နေရာတစ်ခုလုံးသည် ကြမ်းတမ်းလှသည့် စွမ်းအင်လှိုင်းများကြောင့် တုန်ခါနေ၏။
“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်”
များပြားလှသောဂိုဏ်းများမှ သိုင်းကျင့်ကြံသူတစ်ရာကျော်တို့သည် အမှန်ကန် ဆုံးသော ရွေးချယ်မှုကို ပြုလုပ်လိုက်ကြ၏။ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရန် ပြင်ဆင်လိုက်ခြင်းပင်။
“ထိုက်ရွှမ်ကျင့်ကြံသူ”
ထွက်ပြေးသွားပြီဖြစ်သော တတိယအကြီးအကဲသည် ပြေးနေရင်းမှ အော်ဟစ်လိုက်သည်။ “ကျုပ်တို့ အင်ပါရီယန်နတ်ဓားဂိုဏ်းက ဒီကိစ္စကို ဘယ်တော့မှ လက်မလွှတ် ….”
ဘန်း
ပြော၍ မဆုံးသေးခင်မှာပဲ သူသည် အနောက်ဘက် အကာအကွယ်အတားအဆီးကြီးအား ဝင်တိုက်မိပြီး မျက်နှာတစ်ခုလုံးသည်ပင် ချိုင့်ဝင်သွားခဲ့၏။
များပြားလှသောဂိုဏ်းများမှ သိုင်းကျင့်ကြံသူများသည် ချက်ချင်း ရပ်တန့်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့တည်နေရာတစ်ခုလုံးအား ကြက်ဥပုံသဏ္ဍာန် အကာအကွယ် အတားအဆီးကြီးက ဖုံးလွှမ်းလျက်ရှိကြောင်း သိရှိလိုက်ရသောကြောင့်ပင်။
“ဒီနေရာကို လာချင်သလိုလာပြီး သွားချင်သလို သွားလို့ရမယ် ထင်နေတာလား”
ထိုက်ရွှမ်အကြီးအကဲသည် ဝါးတောင်တန်းနံပါတ်တစ်ဆီမှ ပျံသန်းထွက်ခွာလိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ညာဘက်လက်သီးကို မြှောက်ကာဖြင့် မုန်တိုင်းတိုက်သကဲ့သို့ တိုက်ခိုက်တော့သည်။
ဘန်း ဘန်း ဘန်း
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သူသည် အံ့အားသင့်သလို ပြောလိုက်မိ၏။ “အံ့အားသင့် စရာပဲ”
ဆယ့်ငါးမိနစ်လောက်ကြာပြီးနောက် ဂိုဏ်းပေါင်းသုံးဆယ်ကျော်ဆီမှ သိုင်းကျင့်ကြံသူ သုံးရာကျော်တို့သည် ဒဏ်ရာများ ဗရပွနှင့် အင်္ကျီများ စုတ်ပြတ်သတ်ကာ မြေပေါ်တွင် လဲလျောင်းနေလေသည်။
ဖြောက်
ဝါးစက်ရုပ်ကဲ့သို့သောအရာကြီးသည် လေထုထဲသို့ ပျံတက်လာ၏။ ထို့နောက် ၎င်းသည် လက်ကြီးကို ပိုက်ကာဖြင့် ဝင့်ကြွားစွာ ရပ်လျက် ရှိနေတော့၏။