အခန်း (၁၃၃၈)
Vol. 90 Ch. 1338
ကျွင်းချောင်ရှောင်းတစ်ယောက် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီမှ ထွက်ခွာသွားသည်မှာ တစ်လကျော် ကြာမြင့် ခဲ့ပြီဖြစ်၏။
သို့ပေမဲ့ အထက်နယ်မြေဆီသို့ တက်လှမ်းသွားသည့်သတင်းသည် မပြီးဆုံးသေးချေ။ တစ်လောကလုံး က ထိုအကြောင်းအရာကို ပြောဆိုလျက်ပင် ရှိနေသေး၏။ ဤလူနှင့်ပတ်သက်သည့်အရာအားလုံးသည် သမိုင်း မှတ်တမ်းတွင် ရေးထိုးထားမည့်အရာများပင် ဖြစ်၏။ ထိုသူသည် ကြီးမားလွန်းလှသော ကိစ္စရပ်များကို ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပြုလုပ်ခဲ့သည့်လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ထိုက်ရွှမ်အဘိုးအိုကဲ့သို့ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးအဖြစ် မှတ်တမ်းဝင်နေချေသည်။
ပြိုင်စံရှားဂိုဏ်းအတွင်းမှာတော့ တပည့်များအားလုံးသည် မနက်ခင်းလေ့ကျင့်ခန်းများကို ဦးစီးဦးဆောင်ပြုလုပ်မည့် ဂိုဏ်းချုပ်မရှိသည်ကို အသားမကျသေးသော်လည်း ၎င်းတို့အနေဖြင့် ပုံမှန်အတိုင်း လေ့ကျင့်ခန်းများကို ပြုလုပ်နေကြ၏။ နှလုံးသားထဲတွင်တော့ ဂိုဏ်းချုပ်အား တောင့်တလျက်ရှိနေကြ၏။
အထူးသဖြင့် ခန်းမဆောင်၏ ထိပ်တွင် ထိုင်လျက်ရှိနေသည့် နှင်းဆီဧကရီသည် သူမ၏ မျက်နှာကို လက်များဖြင့် အုပ်ကာ၍ တီးတိုးရေရွတ်လျက် ရှိနေသည်။ “ယောကျ်ားက သွားခဲ့တာ တစ်လကျော်တောင် ကြာမြင့်ခဲ့ပြီ။ ဒါပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်တယ်လို့ ဘာလို့ ခံစားနေရတာလဲ”
ကျွင်းချောင်ရှောင်း တက်လှမ်းသွား ပြီးသည့်နောက်မှာတော့ သူမသည် ဂြိုဟ်တိုက်ပွဲတည်နေရာဆီသို့ မပြန်ခဲ့ချေ။ ပထမဆုံး တည်နေရာရွေ့ပြောင်းခြင်း ဂိတ်တံခါးကြီး မရှိတော့ချေ။ ဒုတိယအနေဖြင့် သူမသည် ပြိုင်စံရှားဂိုဏ်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေ၏။ ထို့ကြောင့် ဤတည်နေရာတွင်သာ နေထိုင်ရန် ရွေးချယ်ပြီး ဤတည်နေရာကို ကူညီပေးရမည်ဖြစ်၏။
နှင်းဆီဧကရီသည် မည်သည့်ရာထူးရာခံကိုမှ ပိုင်ဆိုင်မထားချေ။ သို့ပေမဲ့ ကုန်းရှန့်နှင့် မရှင်းလင်းသည့် ဆက်ဆံရေးကို ပိုင်ဆိုင်သည်ဖြစ်သောကြောင့် ဂိုဏ်းထဲတွင် ရိုသေလေးစားခံတစ်ယောက်အဖြစ် တည်ရှိနေသည်။
“ဆရာကတော်”
လီချင်းယန်သည် သူမအား လာရောက်တွေ့ဆုံ၏။ “သံမဏိအရိုးမြို့ကို တတိယအကြိမ်မြောက် ချဲ့ထွင်ဖို့ကိစ္စက ပြီးသွားပြီ။ ဒီတော့ တစ်ချက်သွားပြီးတော့ ကြည့်ချင်သေးလား”
ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည်မှာ တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဂြိုဟ်အသီးသီးမှ လာရောက်၍ ကုန်စည်လဲလှယ်ခြင်းမှာတော့ ရပ်တန့်မသွားခဲ့ချေ။ မြို့ကြီးသည် ပိုမိုကာ စည်းကားလာခဲ့၏။ အဓိကအားဖြင့် ထန်မိသားစုဆေးဆိုင်ပင်ဖြစ်သည်။ ထိုအရာသည် ကောင်းကင်က ငြင်းပယ်ရလောက်သည့် ဆေးလုံးများကို ရောင်းချသည်ဖြစ်သောကြောင့် စွမ်းအားမြင့်ကျင့်ကြံသူများပင်လျှင် အလုအယက်နှင့် တန်းစီကာ ဝယ်ယူနေကြရသည်။
နှင်းဆီဧကရီသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရောက်ရှိနေသည်မှာ မကြာသေးချေ။ သို့ပေမဲ့ အခြေခံ အချက်အလက်များအားလုံးကို နားလည်နေပြီဖြစ်၏။ ထို့ကြောင့် ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများကို စုဝေး ကာဖြင့် ဆွေးနွေးလျက်ရှိသည်။ နောက်ဆုံးမှာတော့ မြို့ကြီးအား ချဲ့ထွင်ရန် ဆုံးဖြတ်ချက် ချလိုက်၏။
သူမသည် ဂြိုဟ်တစ်ခုကိုပင် ထိန်းချုပ်ကာ စီမံခဲ့သည့်သူတစ်ယောက် ဖြစ်သည်မို့ ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲဖို့ ဆိုသည်မှာ အလွန်တရာ လွယ်ကူနေပေ၏။ ထို့အပြင် သူမ၌ သူမကို ကူညီမည့် ယွမ်ဖန်နှင့် တခြားသောသူများကလည်း တည်ရှိနေသေးသည်။ ထို့ကြောင့် သူမသည် အချိန်များ ပိုအားကာ ကျွင်းချောင်ရှောင်းကို လွှမ်းဆွတ်ဖို့ အချိန်ပင် ပိုင်ဆိုင်နေသေးသည်။
“မလိုဘူး” နှင်းဆီဧကရီက ပြောလိုက်၏။
လီချင်းယန်က ပြောလိုက်သည်။ “ဆရာကတော်... စိတ်ပူနေဖို့ မလိုပါဘူး။ ဂိုဏ်းချုပ်အနေနဲ့ တက်သွားတဲ့ နည်းလမ်း ရှိပြီဆိုမှတော့ ကျိန်းသေပေါက် ပြန်ဆင်းလာပါလိမ့်မယ်”
ဂိုဏ်းထဲသို့ အစောဆုံးရောက်ရှိလာသည့် တပည့်များထဲမှ တစ်ယောက်ဖြစ်သည်မို့ သူသည် ကျွင်းချောင်ရှောင်း အကြောင်းကို ကောင်းကောင်းသိရှိနေ၏။
“ငါလည်း ဒီလို မျှော်လင့်ပါတယ်”
........
ကျွင်းချောင်ရှောင်း တက်လှမ်းသွားသည့်အချိန်တွင် စိတ်ဓာတ်အကျဆုံးလူမှာတော့ ရီရှင်းချန်ပင် ဖြစ်တော့သည်။ သူ့အနေနှင့် အထက်နယ်မြေဆီသို့ သွားရောက်ချင်သည့်စိတ်သည် ဂိုဏ်းထဲတွင်ရှိသော တခြားသူများထက် ပိုမိုကာ ဆာလောင်မွတ်သိပ်လွန်းလှ၏။ အဆုံးသတ်မှာတော့ ဂိုဏ်းချုပ်သည် သူ့အား ထားရစ်ခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
အလွန်ခက်ခဲလွန်းလှသော သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေအတွင်းမှာတော့ အားညိုသည် သူ၏ နှလုံးသား ထဲတွင် ဖြစ်တည်နေသော ဒေါသများကို လက်သီးဆီသို့ ပို့လွှတ်ကာ စိတ်ဝိညာဉ်သားရဲ များအား တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေ၏။ သူသည် မိစ္ဆာနတ်ဆိုးတစ်ပါးကဲ့သို့ပင် အသွင်ပြောင်းလဲ လျက်ရှိ၏။
“ဂျူနီယာညီလေးရှောင်”
၎င်းနှင့်အတူ လိုက်ပါလာခဲ့သော စုရှောင်မိုသည် တီးတိုးပြောလိုက်၏။ “ဂျူနီယာ ညီလေးရီရဲ့ ဒေါသက အခုတလော ပိုပြီးတော့ ဆိုးလာတယ်။ သူ ဂိုဏ်းချုပ်ကို တော်တော်လွမ်းနေလို့များလား”
ရှောင်ကျီက ပြောလိုက်၏။ “မဟုတ်ဘူး။ သူက အထက်နယ်မြေကို မတက်ရတဲ့အတွက် ဒေါသထွက်နေတာပဲ”
ရီရှင်းချန်၏ အတိတ်ဘဝကို သိရှိပြီးနောက် သူသည် ရီရှင်းချန် မည်ကဲ့သို့ ခံစားရမည်ကို သူနားလည်နေမိ၏။ ထို့အပြင် သူသည်လည်း အရင်တုန်းက အမျိုးသမီးတစ်ယောက်ကြောင့် ထိခိုက်နာကျင်ခဲ့ရသည် မဟုတ်ပါလား။
ဘုန်း
နောက်ဆုံးသော စိတ်ဝိညာဉ်သားရဲကို ရင်ဆိုင်ပြီးသည့်နောက်မှာတော့ ဤတစ်ကြိမ် လာရောက်စိန်ခေါ်မှု အတွေ့အကြုံသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အားညိုသည် စိတ်မကျေနပ်သေးချေ။ ထို့ကြောင့် အော်ဟစ်ကာ ပြောလိုက်၏။ “သွားသောက်ကြရအောင်”
“.......”
စုရှောင်မိုနှင့် လီဖေးတို့သည် မျက်နှာများ ပျက်ရွင်းသွားကြ၏။ အတိတ်တုန်းကသာဆိုလျှင် သူတို့ သည် ရီရှင်းချန်အား အရက်သောက်ရန် မနည်းပင် မြူစွယ်ကာ ဆော်ဩခဲ့ရ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူတို့သည် ရီရှင်းချန်အား ယှဉ်ပြိုင်၍ မသောက်ရဲတော့ချေ။
“အိုက်ယား... ငါ ဗိုက်နာနေတာပဲ။ အိမ်သာသွားလိုက်အုံးမယ်”
“ငါ ဒီနေ့ မြို့ထဲမှာ ဈေးဝယ်ထွက်ဖို့ ရွှေယွင့်ကို ပြောထားတယ်လေ”
စုရှောင်မိုနှင့် လီဖေးတို့သည် အကြောင်းပြချက် များကို ရှာကာဖြင့် ခပ်မြန်မြန် ထွက်သွားခဲ့ကြသည်။
သို့ပေမဲ့ ရှောင်ကျီသည် ခေါင်းကိုခါယမ်းကာ အကူအညီမဲ့သလို ပြောလိုက်တော့သည်။ “ဂျူနီယာညီလေး... သွားကြရအောင်။ ငါ မင်းနဲ့အတူတူ သောက်မယ်”
မိန်းမတစ်ယောက်ကြောင့် ထိခိုက်နာကျင်ခဲ့သည့် ယောကျာ်းတစ်ယောက်အား မိန်းမတစ်ယောက်ကြောင့် ထိခိုက်နာကျင်ခဲ့ဖူးသော ယောက်ျားတစ်ယောက်ကသာလျှင် နားလည်နိုင်စွမ်း ရှိပေလိမ့်မည်။
..............
စားသောက်ခန်းအတွင်းမှာတော့ လျှိုဝမ်ရှစ်သည် သူမ၏ ရင်ကာကို အသာချွတ်ယူကာ ပြောလိုက်တော့သည်။ “ရှင်တို့နှစ်ယောက် နည်းနည်းလျော့သောက်ကြအုံး”
သူမသည် ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ခဲ့စဉ်က အသက် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ်သာ ရှိသေး၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အသက်နှစ်ဆယ်ကျော်သို့ပင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အပြစ်ကင်းစင်ပြီး ထုံအအနှင့် မိန်းကလေးတစ်ယောက်၏ ပုံပန်းသွင်ပြင်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ အလွန်လှပသော မိန်းကလေးအဖြစ်သို့ ဖြစ်တည်လာခဲ့၏။
ထိုအထဲတွင် ပြောင်းလဲမှု အများဆုံးသောလူမှာ ရောင်မုန့်ယဉ်ပင်ဖြစ်သည်။ သူမအနေဖြင့် အကြီးအကဲလူ သေဆုံးစဉ်က အဆုံးအစမဲ့ အော်ဟစ်ငိုယိုခဲ့သည့် ကလေးလေးတစ်ယောက် မဟုတ်တော့ချေ။ လက်ရှိအချိန်တွင် အရွယ်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူမသည် အဓိကအားဖြင့် နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံခဲ့သူ ဖြစ်သောကြောင့် တခြားသောသူများနှင့် ကိုယ်ရည်ကိုယ်သွေး အမူအရာသည် ခြားနားလွန်းလှချေသည်။
တစ်ချိန်တုန်းက ဂိုဏ်းထဲတွင် အတူကျော်ကြားခဲ့သည့် အမျိုးသမီးအဖွဲ့ဝင်များဖြစ်သော လီလိုရှုနှင့် လင်းယွမ်ရွှယ် တို့မှာတော့ အသက်ကြီးလာသော်လည်း အလှများ ယုတ်လျော့မသွားခဲ့ချေ။ ပိုမိုကာဖြင့် လှပလာခဲ့၏။
“လာခဲ့”
ရီရှင်းချန်သည် ဝိုင်ခွက်ကို အသာဆွဲမြောက်ကာ ပြောလိုက်သည်။ “ဆက်သောက်ကြရအောင်”
ရှောင်ကျီသည် မည်သည့်စကားမှ မဆိုချေ။ အဘယ်ကြောင့်ဆိုသော် စားပွဲပေါ်တွင် မှောက်လျက် လဲနေပြီ ဖြစ်သောကြောင့်ပင်။
“ဟင်း” ရီရှင်းချန်သည် သက်ပြင်းချလိုက်မိ၏။
.............
ကျွင်းချောင်ရှောင်းမရှိသည့် ရက်ပိုင်းအတွင်းတွင် ပြိုင်စံရှားဂိုဏ်းသည် သက်ဝင်လှုပ်ရှားလျက် ရှိနေသည် ဖြစ်သော်လည်း စိတ်သက်တောင့်သက်သာဖြစ်မှုနှင့် ပျော်ရွှင်မှုများမှာတော့ ပျောက်ဆုံးလျက် ရှိသည်။
ဘုန်း
ညတစ်ညမှာတော့ ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည့်အသံကြီးတစ်ခု ဖြစ်တည်လာသည်။ တလက်လက် တောက်ပနေသော အလင်းတန်းများသည် တည်နေရာ၏ အတွင်းပိုင်းဆီမှ ဖြစ်ပေါ်လာခဲ့၏။
ဂြိုဟ်ကြီးတစ်ခုလုံးသည် လင်းလက်သွားခဲ့၏။ ဤမိုးကြိုးကြီး ပစ်ချမှုသည် သံမဏိအရိုးတောင်၏ တည်နေရာ ရှိရာသို့ ကျဆင်းလာသည်။
“ဒါ ဘာကြီးလဲ”
ရုတ်တရက် မိုးကြိုးဖြစ်တည်လာသည့်အရာကို မြင်ရသည့်အချိန်မှာတော့ အားလုံးသောလူများ သည် အလန့်တကြား ဖြစ်မိသွား၏။
ဟူး ဟူး ဟူး
ခဏလောက် ကြာပြီးသည့်နောက် ရင်းနှီးလှသည့်အော်ရာများသည် တည်နေရာထဲတွင် ဖြစ်တည်လာ၏။ ထိုအရာများသည် သိုင်းကျင့်ကြံသူတစ်ယောက်၏ အော်ရာများနှင့် ဓားသမားတစ်ယောက်၏ ထက်ရှမှုများလည်း ပါဝင်နေသည်။
“သူပဲ”
Hello kitty ညအိပ်ဝတ်စုံနှင့်အတူ အပြင်ဘက်သို့ လျှောက်ထွက်လာသော မြို့တော်ဝန်ရှဲ့သည် စိတ်လှုပ်ရှား စွာဖြင့် ပြောလိုက်၏။
“သူပဲ”
မည်သူနည်း။ သူတို့၏ သူရဲကောင်း ကုန်းရှန့်ပင် ဖြစ်သည်။
“သူ လေဟာနယ်ကို ချိုးဖြတ်ပြီး အပေါ်ကို ရောက်သွားခဲ့တာ မဟုတ်လား”
မြို့တော်ဝန်ဟန်သည်လည်း ဇဝေဇဝါ ဖြစ်လို့နေသည်။ “ဘာလို့ပြန်ပြီး ဆင်းလာရတာလဲ”
..........
ဟူး ဟူး
ပြိုင်စံရှားဂိုဏ်းအတွင်း လေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံးသည် ဖုန်များ တထောင်းထောင်းထနေ၏။ ဖုန်များကြား ထဲတွင်တော့ ဆန်းကြယ်လှသည့် ဓားနှင့် သိုင်းအော်ရာများသည် ဖြစ်တည်လျက် ရှိနေ၏။
ဆွစ် ဆွစ် ဆွစ် ……။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ အလုအယက်နှင့် ပြေးလာခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးများတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများ ထွန်းတောက်လျက် ရှိသည်။
တဖြည်းဖြည်း ဖုန်မှုန့်များ ပျောက်ကွယ်ပြီး ကြမ်းတမ်းစွာ ဖြစ်ပေါ်နေသည့် စွမ်းအင်များ ယုတ်လျော့လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ဒူးတစ်ဖက်ကို ထောက်ထားပြီးသည့်နောက် တစ်စုံတစ်ခုကို တွေးတောနေသည့် ပုံပန်း သွင်ပြင်မျိုးဖြင့် ပေါ်လာ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထရပ်လိုက်၏။ ပြီးနောက် ဘယ်ဘက်လက်ကို ရင်ဘတ်ပေါ်သို့တင်ကာ ညာဘက်လက်ကို အသာမြှောက်လိုက်၏။ ပြီးနောက် အော်ဟစ်ပြောဆိုလိုက်၏။ “ကလေးတို့... ငါ့ကို လွမ်းနေကြတာလား”
“လွမ်းနေပါတယ်” အားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ တောက်ပသည့် အပြုံးများဖြင့် ပြည့်နှက်နေတော့သည်။
ဂိုဏ်း၏ အထက်ကောင်းကင်ယံတစ်ခုလုံးသည် ပျော်ရွှင်နေသည့် အော်ရာ များနှင့် ပြည့်နှက် သွားလေတော့သည်။ ဤအရာမှသည် ပြည့်စုံသည့် ပြိုင်စံရှားဂိုဏ်းဖြစ်၏။ အသက် ဝိညာဉ်တည်ရှိသော ပြိုင်စံရှားဂိုဏ်းသည် လက်ရှိပြိုင်စံရှားဂိုဏ်းပင်ဖြစ်တော့၏။
.............
ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီတွင် တစ်လကျော်ခန့်လေ့ကျင့်ခဲ့၏။ သူ့အနေနှင့် လအလင်းသေတ္တာ၏ အကူအညီဖြင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်လာနိုင်ရုံသာမက ဂိုဏ်းရှိရာနေရာဆီသို့ တိတိကျကျပင် ရောက်ရှိလာနိုင်၏။
ပြိုင်စံရှားဂိုဏ်းကြီးတစ်ခုလုံးသည် လက်ရှိအချိန်တွင် အထူးပင် သက်ဝင်လှုပ်ရှားလျက်ရှိ၏။ အထူးသဖြင့် စားသောက်ခန်းထဲတွင်ပင်ဖြစ်သည်။
လျှိုဝမ်ရှစ် ဦးဆောင်သော ရွှေရောင်စားဖိုမှူး အဖွဲ့များသည် လက်ရှိအခြေအနေမှာတော့ အလုပ်များလျက် ရှိနေ သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် နွေဦးအလယ်ပွဲတော်အတွက် စားပွဲတစ်ခု ကျင်းပရန် အမိန့်ပေးခဲ့ သောကြောင့်ပင် ဖြစ်တော့သည်။
“လက်ခံသူ... မင်းအခု ပြန်ရောက်လာတာ နွေဦးအလယ်ကျော်သွားပြီလေ။ ဘယ်လိုဖြစ်ပြီးတော့ အဲပွဲတော် လုပ်နေရတာလဲ”
“ငါက အဲနာမည်နဲ့ ပွဲတော် လုပ်မယ်ဆို လုပ်မယ်ပေါ့။ မင်း ဒီဟာကို ဝင်ပြီးတော့ ပြောဆိုနေစရာ မလိုပါဘူး”
............
တပည့်များသည် ကျင်းပမည့်ပွဲတော်အတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေသည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် နဂါးဦးခေါင်း တောင်ထွတ်ဆီသို့ တစ်ယောက်တည်း သွားခဲ့၏။ ပြီးသည့်နောက် သူနေထိုင်ရာ ခြံဝန်းထဲသို့ လျှောက်ဝင်လိုက်သေည်။ သို့ပေမဲ့ တံခါးဝသို့ ရောက်သည့်အချိန်မှာတော့ သူသည် ရပ်တန့်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် နှင်းဆီဧကရီသည် ထိုနေရာတွင် ရပ်တန့်နေပြီး သူ့အား ချိုသာစွာ ပြုံးပြနေ၏။
“ရှင်ပြန်လာပြီလား”
သူမသည် လေ့ကျင့်ရေးကွင်းပြင်၌ ကျွင်းချောင်ရှောင်း ပြန်လာကြောင်း သိရှိပြီးဖြစ်၏။ သို့ပေမဲ့ အလျင်စလိုနှင့် မလာခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် တပည့်များ တည်ရှိ နေ၏။ ထို့ကြောင့် ယောက်ျားအိမ်ပြန်လာသည်ကို စောင့်မျှော်နေသည့် မိန်းမကောင်းလေးတစ်ယောက်ကဲ့သို့ပင် ခြံဝန်းထဲတွင် ငြိမ်ငြိမ်သက်သက် ရပ်နေခြင်းပင် ဖြစ်တော့သည်။
“ကျုပ် ချင်းယန်ဆီက ကြားခဲ့ပြီပါပြီ။ ဒီတလျှောက်လုံး ခင်ဗျား ဂိုဏ်းအတွက် စီမံဆောင်ရွက်ပေးခဲ့တယ်တဲ့။ ဒီတော့ …”
ကျွင်းချောင်ရှောင်းသည် ခဏရပ်တန့်ကာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်”
“တပည့်တွေက ဂိုဏ်းချုပ်ရဲ့ မိန်းမအဖြစ် ကျွန်မကို လေးစားမှု ရှိကြတယ်လေ။ ပြီးတော့ ယောက်ျားရဲ့ဂိုဏ်းကို စီမံခန့်ခွဲပေးရမှာ ကျွန်မရဲ့ တာဝန်ပဲ”
နှင်းဆီဧကရီက ပြောလိုက်၏။ “ပြီးတော့ ယွမ်ဖန်နဲ့ အကြီးအကဲဝေတို့ကလည်း ရှိနေတာကြောင့် အများကြီး ကူညီပေးရတယ် မဆိုပါဘူး”
သူတို့နှစ်ယောက်သည် စကားအနည်းငယ် ပြောဆိုပြီးသည့်နောက်မှာတော့ နဝေတိမ်တောင်နှင့် ပြောစရာ စကားမဲ့သလို ဖြစ်သွားကြသည်။
ဂိုဏ်း၏ ဓာတ်ပုံဆရာဖြစ်သော လီထျန်းထျန်းသည် ဂိုဏ်းချုပ်နှင့် ဂိုဏ်းချုပ်ကတော်တို့ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဆုံကာ ပြုံး၍ ပြောဆိုနေသည့် မြင်ကွင်းအား ကင်မရာကြီးနှင့် ဓာတ်ပုံရိုက်လျက် ရှိနေ တော့၏။
ဟူး ဟူး
လေ့ကျင့်ရေးကွင်းပြင်၏ အလယ်တွင် မီးပုံပွဲကြီး ဖြစ်တည်နေ၏။ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်း၏ ရှေ့တွင် ထိုင်ပြီးသည့်နောက် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားသည်။
ဂိုဏ်းထဲတွင် ရှိနေသော အထက်ပိုင်း အကြီးအကဲများနှင့် တပည့်များအားလုံးသည် မတ်တပ်ထရပ်ပြီး ဂုဏ်ပြုစကား ပြောဆိုကြ၏။
“ဒီလို ပျော်ရွှင်စရာကောင်းတဲ့နေ့မှာ လအလင်းတွေက ပြိုင်စံရှားဂိုဏ်းရဲ့ ကောင်းချီးကို ယူဆောင်ပေးလိမ့်မယ်လို့ ထင်တယ်။ ဒီတော့ ကိုယ့်ရဲ့အိမ်မက်၊ ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ အရာရာတွေကို ပြည့်စုံတဲ့ အခြေအနေထိဖြစ်အောင် ဖြည့်ဆည်းပေးကြပါ။ လာကြ၊ သောက်လိုက်ကြရအောင်”