အခန်း (၁၃၃၉)
Vol. 90 Ch. 1339
ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပြန်ရောက်လာခြင်းမှာ နွေဦးလယ်ပွဲတော်အား သူ၏ တပည့်များနှင့်အတူ လာရောက်ဆင်နွှဲခြင်း မဟုတ်ပေ။ ထို့ကြောင့် စားပွဲပြီး ဒုတိယမြောက်နေ့တွင် ကောင်းကင် နှင့် မြေကြီး ဖန်တီးခြင်းအစီအရင်ကို အာရုံစိုက်ကာ ကြည့်ရှုတော့၏။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများအားလုံးသည် အထက်နယ်မြေအကြောင်းကို မူလအားဖြင့် လာရောက်ကာ မေးမြန်းချင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အခန်းထဲတွင်သာ သော့ခတ်၍ နေထိုင်နေသည်ကို သိရှိ ပြီးသည့်နောက် သူတို့သည် ဆက်လက်ကာ ကျင့်ကြံခြင်းကိုသာ ပြုလုပ်ဖို့ ရွေးချယ်ခဲ့ကြရသည်။
“အကြီးအကဲထိုက်ရွှမ် ပေးခဲ့တဲ့ စွမ်းအင်တွေက အရမ်းအားကောင်းတယ်ဆိုပေမယ့် ဂိုဏ်းတစ်ခုလုံး အထက်နယ်မြေဆီ တက်လှမ်းသွားနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ အစီအရင်ကို ထပ်ပြီးတော့ တိုးတက်အောင် ငါလုပ်ဖို့လိုတယ်”
ကျွင်းချောင်ရှောင်း၏ ဦးနှောက်သည် မြန်မြန်ဆန်ဆန်နှင့် အလုပ်လုပ်လျက်ရှိနေ၏။ ရှုပ်ထွေးလှသည့် အစီအရင်မျဉ်းကြောင်းများသည် သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး တစ်ခုပြီးတစ်ခု သူ့အလိုလို စီစဉ်ကာ ပေါင်းစပ်လျက်ရှိနေ၏။ ဤဖြစ်စဉ်သည် အလွန်တရာ ရှုပ်ထွေးလွန်းလှ၏။ ထို့ကြောင့် သုံးသပ်မှု ပြုလုပ်ပြီး နှစ်ရက်၊ သုံးရက် ကြာပြီးသည့်နောက် ၎င်း၏ ဆံပင်များသည် အောက်သို့ပင် ကျွတ်ကာ ကျခဲ့သည်။
စနစ်သည် ဆွံ့အလျက်ရှိ၏။ “ဆံပင်တွေ ဆုံးရှုံးတယ်ဆိုတာ သာမန်လိုတောင် ဖြစ်လာပါလား။ အရှေ့ဘက်က နေထွက်တယ် ၊ ကုန်းရှန့် ဆံပင်ကျွတ်တယ် တောင် ဖြစ်နေပြီ”
“ဘာဖြစ်ဖြစ် အဆင်ပြေတယ်”
ကျွင်းချောင်ရှောင်းသည် အရာအားလုံးကို လျစ်လျှူရှုပြီးသည့်နောက် သူ၏ စိတ်အာရုံအားလုံးကို ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင် အဆင့်မြှင့်တင်သည့် နေရာတွင်သာ အာရုံစိုက်ထား၏။ ငါးရက်ကြာသည်အထိ သူသည် တစ်ချက်ကလေးမှ မျက်လုံး မဖွင့်ခဲ့ချေ။ ပြီးသည့်နောက်မှာတော့ သူက ပြောလိုက်သည်။ “အခုအချိန်မှာတော့ ပြည့်စုံတဲ့အဆင့်ကို ရောက်နေလောက်ပြီပဲ”
ဤအစီအရင်သည် အကြီးအကဲ ထိုက်ရွှမ်၏ အစီအရင်အဖြစ် ရှိနေသေး၏။ သို့ပေမဲ့ အတွင်းဘက်မှာတော့ များပြားစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ အပြင်ဘက် အခြေခံပုံစံသာ ကျန်ရှိခဲ့ပြီး အတွင်း၌ ရှိနေသည့် မျဉ်းကြောင်းနှင့် လမ်းကြောင်းများသည် ပြည့်စုံစွာဖြင့် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
“ဒါက အလုပ်ဖြစ်နိုင်တယ်လို့ ငါမျှော်လင့်မိတယ်”
ကျွင်းချောင်ရှောင်းသည် တံခါးကို တွန်းဖွင့်ကာဖြင့် အပြင်ဘက် သို့ လျှောက်ထွက်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဂိုဏ်းတစ်ခုလုံးအား လွှမ်းခြုံနိုင်သည့် အစီအရင်ကြီးအား စတင်ကာ စီရင်တော့သည်။
ဒွီ ဒွီ
ခဏလောက် ကြာပြီးသည့်နောက် အလင်းတန်းများသည် ကောင်းကင်ယံထက်ဆီသို့ ထွန်းတောက်လာပြီး တောက်ပစွာ လင်းထိန်သွားခဲ့၏။
“ထပ်ပြီး လာပြန်ပြီလား”
လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် ဖြစ်တည်လာခဲ့သော အစီအရင်ကြီး အား မော့ကာကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ အားလုံးသည် တွေးတောလျက်ရှိ၏။ “ဂိုဏ်းချုပ်က အထက် နယ်မြေဆီကို ထပ်ပြီးတက်ဖို့ ကြိုးစားအုံးမှာလား”
“အကြီးအကဲကျန်း”
ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “ဂိုဏ်းချုပ် ဖန်တီးထားတဲ့အစီအရင်က နောက်ဆုံး ဖန်တီးခဲ့တဲ့အရာနဲ့ အရမ်းကို ကွာခြားသွားခဲ့တာပဲ”
ကျန်းတယ်ကျွင်းက ပြောလိုက်၏။ “ဒါက ထပ်ပြီး အဆင့်မြှင့်တင်ထားတာ နေလိမ့်မယ်”
တခြားသောသူများသည် အလှအပနှင့် အပြင်ဘက် သွင်ပြင်မူယာကိုသာ ကြည့်ရှုတတ်သည်ဆိုသော်လည်း အစစ်အမှန် ကျွမ်းကျင်သူများမှာတော့ အထဲတွင် ရှိနေသည့် အကြောင်းအရာနှင့် အနှစ်သာရကို ကြည့်ရှုတတ်သည်။ ၎င်းတို့ နှစ်ယောက်သည် အစီအရင်နှင့်ပတ်သက်၍ ကောင်းမွန်သည့် နားလည်မှုများ တည်ရှိပြီးဖြစ်၏။ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီး ဖန်တီးခြင်းအစီအရင်ထဲတွင် ရှိနေသော ပြောင်းလဲမှုများကို ကောင်းကောင်းသိရှိနိုင်စွမ်း ရှိသည်။
အားလုံးသောသူများသည် ယခုမှ ပေါ်ပေါက်လာခဲ့သော အလင်းအတားအဆီးကြီးကို အာရုံစိုက် ကြည့်ရှု နေကြ၏။
သို့ပေမဲ့နှင်းဆီဧကရီမှာတော့ သူမယောက်ျား၏ တောက်ပြောင်လျက်ရှိသော ဦးခေါင်းကိုသာ စိုက်ကြည့် လျက်ရှိနေသည်။ “သူက ဒီလိုပုံစံမျိုးနဲ့ ပိုတောင်ကြည့်ကောင်းသေးတယ်”
သူမသည် တခြားသူများနှင့် မတူညီစွာ အာရုံစူးစိုက်မှုကို ပိုင်ဆိုင်သူဖြစ်နေလေ၏။
ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်းအစီအရင်ကို အောင်မြင်စွာ တည်ထောင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် အစီအရင်၏ အဓိက တည်နေရာထဲသို့ ကောင်းကင်ရတနာများကို ထည့်သွင်းထားလိုက်သည်။
ဟူး ဟူး
အစီအရင်၏ လှည့်ပတ်မှုအောက်တွင် များပြားလှသော ဓာတ်ငါးပါး ဓာတ်သဘာဝများ မြန်မြန်ဆန်ဆန် စုဝေးလာပြီး ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
တပည့်များသည် လက်ရှိဖြစ်ပေါ်နေသော ဓာတ်သဘာဝများမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ဓာတ်သဘာဝများထက် အဆတစ်ထောင်လောက် သန့်စင်ကာ ပိုမိုအားကောင်းကြောင်းကို သိရှိလိုက်သည့်အချိန်မှာတော့ အလွန်အမင်း ထိတ်လန့်သွားသည်။
ကျွင်းချောင်ရှောင်း အနေနှင့် ဓာတ်ငါးပါးရတနာများကို အစီအရင်ထဲသို့ ထည့်သွင်းပြီးနောက် ထွက်ပေါ်လာသည့် ဓာတ်ငါးပါး ဓာတ်သဘာဝများသည် အထက်နယ်မြေနှင့်ပင် မကွာခြားကြောင်းကို သိရှိလိုက်ရ၏။ ဤသို့ဆိုလျှင် မျှော်လင့်ချက် ရှိနေသေး၏။ သူ့အနေနှင့် ဂိုဏ်းတစ်ခုလုံးအား အထက်နယ်မြေဆီသို့ တက်လှမ်းအောင် ပြုလုပ်နိုင်စွမ်း ရှိနေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် အစီအရင်ကို တစ်ခါတည်း အသက်မသွင်းခဲ့ချေ။ ထိုအစား သေသေချာချာ စစ်ဆေးခဲ့ ပြီး မည်သည့်အမှားအယွင်းမှ မရှိသည်ကို သေချာအောင် ထပ်မံလေ့လာခဲ့၏။
ဂိုဏ်းထဲတွင် ရှိနေသော တပည့်များ အားလုံးသည် အားကောင်းလှသော ဓာတ်သဘာဝများကို ခံစားပြီးသည့်နောက်မှာတော့ စိတ်သက်တောင့် သက်သာဖြစ်သည့် အမူအယာများ မျက်နှာပေါ်တွင် ပေါ်လာကြသည်။
အထူးသဖြင့် ၎င်းတို့၏ ဓာတ်ငါးပါးကောင်းကင်နည်းစနစ်ကို အသက်သွင်း လှည့်ပတ်ပြီးသည့်နောက်မှာတော့ အားအင်အဆင့်များသည် ပိုမိုအားကောင်းလာခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိရှိခံစားနိုင်ခဲ့ကြ၏။ ဤအသစ် ဖြစ်တည်လာခဲ့သည့် ဓာတ်ငါးပါးဓာတ်သဘာဝများအားလုံးသည် လောက၏ နိယာမများနှင့် ဆင်တူလှ သောကြောင့် ကျင့်ကြံခြင်းအဆင့်၏ ထိပ်ဆုံးတွင် ပိတ်မိနေခဲ့ကြသော တပည့်များသည် ထိုအရာများကို စုပ်ယူရင်း တဖြည်းဖြည်း ပိုမိုနားလည်လာခဲ့၏။
ကောင်းကင်နှင့်မြေကြီး ဓာတ်ငါးပါး ရတနာများသည် ထိုက်ရွှမ်အကြီးအကဲ ပေးခဲ့သည်ဖြစ်သောကြောင့် အလွန် တရာ အဆင့်မြင့်မားလှသည်။ ၎င်းတို့သည် အစီအရင်ကို ကောင်းကောင်း ထောက်ပံ့နိုင်ရုံသာမက တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် ဓာတ်သဘာဝများအားလည်း အထက်နယ်မြေနှင့်မခြား ဖြစ်တည်စေခဲ့သည်။
“ဒုတိယစီနီယာအစ်ကို”
စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒီလို ဆန်းကြယ်လှတဲ့ ဓာတ်ငါးပါး ဓာတ်သဘာဝတွေကိုသာ နေ့တိုင်းရရှိမယ်ဆိုရင် ကျုပ်တို့ မြန်မြန်ဆန်ဆန် အဆင့်ချိုးဖြတ်နိုင်တော့မှာပဲ”
“ဒါအမှန်ပဲ” လီချင်းယန်၏ မျက်လုံးများသည် တောက်ပလျက် ရှိနေသည်။
ဟူး ဟူး
ရီရှင်းချန်သည် ခြံဝန်း၏ အတွင်းဘက်တွင် မတ်တပ်ရပ်လျက်ရှိပြီး အသက်ကို ပြင်းပြင်းထန်ထန် ရှူလျက်ရှိ၏။ ၎င်း၏ခန္ဓာကိုယ်ထဲတွင်ရှိသော မရီဒန်များသည် ပိုမိုကာ အားကောင်းလာနေ၏။
“အရမ်း အားကောင်းတယ်။ ဒါအရမ်း အားကောင်းလွန်းတယ်”
အထက်နယ်မြေတွင်ရှိသော ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို ခံစားပြီးသည့်နောက်မှာ တော့ ညအင်ပါယာ၏ ယခင်က မောက်မာမှုများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ လက်ရှိအခြေအနေမှာတော့ အားညို သည် ငတ်ပြတ်လျက်ရှိသော ကလေးတစ်ကောင်ကဲ့သို့ပင် ခံစားနေမိသည်။
ဟယ်ဝူတီသည်လည်း အလွန်ပင် စိတ်လှုပ်ရှားလျက်ရှိ၏။ သေမျိုးစကြဝဠာ အဆင့်ထက် ပိုမိုကာ ကျော်လွန်နေ သည့် ဓာတ်သဘာဝများသည် ဤနေရာတွင် ဖြစ်တည်လာခဲ့၏။ နေ့စဉ်နေ့တိုင်းသာ ထောက်ပံ့မှုကို ရရှိမည် ဆိုပါက သိုင်းနယ်မြေအဆင့်ဆီသို့ လွယ်လွယ်ကူကူနှင့် ချိုးဖြတ်သွားနိုင်ပေလိမ့်မည်။
အမဲရောင်နှင့် အဖြူရောင်နတ်ဆိုးတို့မှာတော့ စိတ်ပိုင်းဆိုင်ရာအရ ပြောင်းလဲမှု မရှိကြချေ။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ ထူးခြားသည့် စွမ်းရည်ကို အသုံးပြုကာ အောက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်၏။ ၎င်းတို့၏ အဆင့်များသည် ခဏတာ ဖိနှိပ်ခြင်းကို ခံထားရပြီး အထက်နယ်မြေဆီသို့ ပြန်လည်ရောက်ရှိပြီဆိုပါက မူလ ကျင့်ကြံခြင်းအဆင့်ကို တဖြည်းဖြည်းနှင့် ပြန်လည်ရရှိသွားမှာ သေချာ၏။
ပြောရမည်ဆိုလျှင် ဓာတ်ငါးပါးဓာတ်သဘာဝများသည် အစီအရင်ကို ထောက်ပံ့ပြီးသည့်နောက် ပိုမိုကာ အားကောင်းပြီး နက်နဲသည့် စွမ်းရည်များ ဖြစ်တည်လာခဲ့၏။ ပြိုင်စံရှားဂိုဏ်းအနေဖြင့် အထက်နယ်မြေဆီကို မရောက်ရှိသေးသော်လည်း လက်ရှိအချိန်တွင် အထက်နယ်မြေနှင့် တူညီသည့် ပတ်ဝန်းကျင် သဘာဝကို ရရှိနေပြီ ဖြစ်သည်။
“တပည့်တွေ အကုန်လုံး နားထောင်ကြ”
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အော်ဟစ်လိုက်၏။ “အထက် နယ်မြေဆီကို ငါနဲ့အတူလိုက်ပြီး လောကကြီးကို သိမ်းပိုက်ကြမယ်”
“ကောင်းပါပြီ”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြ၏။ သူတို့၏ အသံ သည် ကျယ်လောင်လွန်းသောကြောင့် သံမဏိအရိုးတောင်ကြီး တစ်ခုလုံးသို့ လွင့်ပျံသွားသည်။
တစ်ယောက်ချင်းစီ ကို သေသေချာချာ ကြည့်ရှုမည်ဆိုပါက ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ သံမဏိကဲ့သို့ မာကျောလှသည့် စိတ်ဓာတ်နှင့် အော်ရာ အဟုန်များ ထွက်ပေါ်လျက်ရှိသည်ကို မြင်နိုင်ပေလိမ့်မည်။
ဆွစ်
အစီအရင်၏ အလယ်တည့်တည့်ရှိ တည်နေရာမှာတော့ ကျွင်းချောင်ရှောင်းသည် လက်များကို ဖြန့်ကားလိုက်၏။ ပြီးနောက် သူသည် မျက်လုံးကို မှိတ်ကာဖြင့် ကြိတ်ကာ ဆုတောင်းလိုက်မိ၏။ “ဘယ်လိုပဲဖြစ်ဖြစ် အထက် နယ်မြေဆီကို ရောက်အောင် ဆောင်မပေးပါ။ အထက်နယ်မြေ … တစ်ဂိုဏ်းလုံးနဲ့အတူ ကျုပ်လာခဲ့ပြီ”
ဆွစ် ဆွစ် …….။
ဂိုဏ်းတစ်ခုလုံးအား ဖုံးလွှမ်းလျက်ရှိနေသည့် ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း အစီအရင်သည် ရုတ်တရက် အသက်ဝင်သွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ အစီအရင်၏ တခုချင်းစီသော မျဉ်းကြောင်းများသည် အသက်ဝင်လာခဲ့ပြီး များပြားလှသော စွမ်းအင်များသည် ထိုအထဲသို့ စီးဝင်လျက်ရှိနေသည်။
ဂျိန်း ဂျိန်း
ငြိမ်းချမ်းလျက်ရှိနေသော ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့၏။ ထိုအရာသည် ကုန်းမြေတိုက်ကြီး တစ်ခုလုံးထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများ အားလုံးကို ထိတ်လန့်တုန်လှုပ်စေ၏။
ပထမ၌ ၎င်းတို့သည် ငလျင်လှုပ်သည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ ကြီးမားသည့် အလင်းလုံးကြီးတစ်ခုသည် ကောင်းကင်ယံပေါ်သို့ ထိုးတက်သွားကြောင်း မြင်ရသည့်အချိန်မှာတော့ ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကြရသည်။
ဘန်း
ကြီးမားလွန်းလှသော အလင်းလုံးကြီးသည် အမြင့်ဆုံး တည်နေရာဆီသို့ ရောက်ရှိပြီးသည့်နောက် ကုန်းမြေတိုက်ကြီး၏ ဂြိုဟ်အတားအဆီးနှင့် ပြင်းထန်စွာ တိုက်မိ၏။ ပြီးသည့်နောက် ထိုအတားအဆီးကြီး တစ်ခုလုံးသည် အက်ကွဲကြောင်းကြီး ဖြစ်တည်လာခဲ့၏။
ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကြယ်ကြွေ ကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူများသည် စကားလုံးနှင့် ဖော်ညွှန်း၍ မရနိုင်အောင်ပင် တုန်လှုပ်လျက် ရှိနေကြသည်။
“ဘာတွေဖြစ်ကုန်တာလဲ။ ဒါ ဘာတွေဖြစ်ကုန်တာလဲ”
“ဒီကြီးမားတဲ့ အလင်းလုံးကြီးက ဘာကြီးလဲ”
ဝှစ်
အားလုံး ဆွံ့အလျက် ရှိနေတုန်းမှာပဲ ကြီးမားလှသည့် အလင်းတန်းကြီးသည် အက်ကွဲကြောင်းကြီးနှင့် ပေါင်းစပ်ပြီးနောက် ပျောက်ကွယ်သွားခဲ့၏။
ဖြူဖွေးသည့် အလင်းတန်းများနှင့် စူးရှာစွာ တည်ရှိနေသည့် ကောင်းကင်ကြီးတစ်ခုလုံးသည် သာမာန်ကဲ့သို့ ပြန်လည် ဖြစ်တည်လာ၏။ သို့ပေမဲ့ အားလုံးသောသူများ၏ ထိတ်လန့်တုန်လှုပ်မှုသည် အချိန် အတော်ကြာသည်အထိ ပြန်လည်၍ မအေးချမ်းနိုင်ခဲ့ပေ။
နောက်တစ်ရက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်၏။ အဘယ်ကြောင့်ဆိုသော် ချင်းယန်နိုင်ငံတွင် ရှိနေသော သံမဏိ အရိုးတောင်တစ်ခုလုံးသည် ညတွင်းချင်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ထို့အတူ ပြိုင်စံရှားဂိုဏ်းသည်လည်း ပျောက်ကွယ်သွားပြီဖြစ်၏။ ဤအရာသည် တကယ့်ကို ဝက်ဝက်ကွဲ ကျော်ကြားလှသည့် သတင်းတစ်ခု ဖြစ်လာခဲ့၏။ ဤသတင်း ပျံ့နှံ့သွားပြီး သည့်နောက်မှာတော့ ကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် ဤအကြောင်းအရာကို ဆွေးနွေးရင်းနှင့်ပင် အချိန်ကုန် နေကြတော့သည်။
“ဒါအမှန်ပဲ”
ဝိညာဉ်အင်ပါယာ တုရင်ရှင်းသည် ကောင်းကင်ယံထက်တွင် ပေါ်ပေါက်လာကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်း က အထက်နယ်မြေကို တက်သွားပြီ”
သူပြောပြောပြီးချင်းမှာပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြ၏။ အားလုံးသော သိုင်းကျင့်ကြံသူများ၏ မျက်နှာများသည် တုန်ယင်လျက် ရှိနေ၏။
တစ်စုံတစ်ယောက်သည် လေဟာနယ်ကို ချိုးဖြတ်ပြီး အထက်နယ်မြေကို တက်လှမ်းသွားသည်ကို သူတို့ ကြားဖူးခဲ့ခြင်းဖြစ်၏။ ဥပမာအားဖြင့် ထိုက်ရွှမ်အဘိုးအိုနှင့် ဧကရီလင်းရောင်တို့ပင်ဖြစ်သည်။ သို့ပေမဲ့ ထိုသူများ သည် တစ်ယောက်ချင်းစီ အထက်နယ်မြေဆီသို့ တက်လှမ်းသွားခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ယနေ့မှာတော့ ပြိုင်စံရှား ဂိုဏ်းတစ်ခုလုံးသည် အထက်နယ်မြေဆီသို့ ရောက်ရှိသွားခဲ့၏။ ဤအရာသည် အိမ်မက်တစ်ခု ကဲ့သို့ပင်။
........
အထက်နယ်မြေ
နယ်မြေဟောခန်း၏ ကြီးကျယ်ခမ်းနားလှသော ဟောခန်းကြီးတစ်ခုအတွင်းမှာတော့ ဂုဏ်သိက္ခာ ကြီးမားလွန်းလှသည့် အဘိုးအိုများသည် မျက်မှောင်ကုတ်ကာ ရှိနေကြ၏။ သေမျိုးလောကမှ လိုအပ်ချက်နှင့် မကိုက်ညီသော သေမျိုးသတ္တဝါများသည် အထက်နယ်မြေဆီသို့ တက်လှမ်းလာကြောင်း သူတို့ သိရှိသွားခဲ့သောကြောင့်ပင်။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ တည်နေရာ အက်ကွဲကြောင်းကနေ ဖြစ်နေတာပဲ”
“အရေအတွက်ကို အတည်ပြုပြီးပြီလား”
“အင်း... အနည်းဆုံး လူတစ်သိန်းလောက် ရှိတယ်”
“အောက်နယ်မြေကနေ အထက်နယ်မြေဆီကို အတင်း ခိုးဝင်လာတယ်ဆိုတာက တကယ့်ကို ကျက်သရေယုတ်တာပဲ”
“မြန်မြန်... ဧကရီလင်းရောင်ကို သတင်းပို့လိုက်။ ဒီလို တရားမဝင် ရွေ့ပြောင်းတဲ့လူတွေ အကုန်လုံးကို တားဆီးဖို့ သူမကို အမိန့်ပေးလိုက်”
နယ်မြေဟောခန်းသည် ဆွေးနွေးလျက် ရှိနေတုန်းမှာပဲ အထက်နယ်မြေ တစ်ခုလုံးသည်လည်း လှုပ်ရှားသက်ဝင် လျက်ရှိနေ၏။
မူလအားဖြင့် တည်ငြိမ်လျက် ရှိနေသော ကောင်းကင်ကြီးသည် တုန်ယင်လာခဲ့၏။ ပြီးနောက် ကြီးမားသည့် လေဝဲကြီးဖြစ်တည်လာခဲ့ပြီး ထိုအရာသည် တည်နေရာ လမ်းကြောင်းကြီးတစ်ခုကဲ့သိုပင် ဖြစ်တည်လာ၏။ တည်နေရာကို ဖော်ညွှန်းရမည်ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် တည်နေရာသည် ဖန်းချီမိုးကောင်းကင် တောင်တန်းပင် ဖြစ်သည်။
“သွားပြီ။ သွားပြီ”
တခြားသော တောင်တစ်ခုဆီသို့ ထွက်ပြေးလျက်ရှိနေသည့် ထိုက်ရွှမ်အဘိုးအိုသည် ကြီးမားသည့် လေဝဲကြီးကို မြင်ရသည့်အချိန်မှာတော့ စိတ်ဓာတ်တကျ ဖြစ်မိနေ၏။ “ဒါက ကောင်းကင်နှင့် မြေကြီး ဖန်တီးခြင်း အစီအရင်ကြောင့် ဖြစ်တည်လာတဲ့ အရာပဲ။ ပြောရမယ်ဆိုရင် အားကောင်းတဲ့ ဓာတ်ငါးပါးရဲ့ ပေါင်းစပ်မှုကြောင့် လူတွေအများကြီး ဒီနေရာကို ရောက်လာတာပဲဖြစ်မယ်။ ဒီလောက်ကြီး ကြီးကြီးမားမား ဖြစ်လာပြီဆိုမှတော့ နယ်မြေဟောခန်းက လုံးဝသိသွားပြီပေါ့”
ကောင်းကင်ယံတွင် ရှိနေသော လေဝဲလမ်းကြောင်းကြီး ပေါ်ပေါက်လာသည်နှင့်အမျှ အထက်နယ်မြေ တစ်ခုလုံး သည်လည်း ဆွံ့အလျက် ရှိနေ၏။
တံခါးပိတ်ကျင့်ကြံလျက်ရှိနေသည့် အကြီးအကဲများပင်လျှင် ခြွင်းချက် မရှိလှချေ။ ဤရှားပါးလွန်းလှသော ကောင်းကင်ယံထက်ရှိ ပတ်ဝန်းကျင် ပြောင်းလဲမှုကြီးကို အပြင်သို့ ထွက်ကာ ကြည့်ရှုနေကြသည်။
“ထူးဆန်းတယ်၊ ဒါက ထူးဆန်းတယ်”
ရေကန်တစ်ခု၏ ရှေ့မှာတော့ ဆံပင်အဖြူရောင်နှင့် အဘိုးအိုတစ်ယောက်သည် လက်ထဲတွင် ရှိနေသော ငါးမျှားတံ အား အသာချလိုက်၏။ သူ၏ မျက်နှာပေါ်တွင်တော့ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ဖြစ်တည်လာ၏။ ၎င်း၏ ခါးပေါ်တွင် သပ်ရပ်လှသော ကျောက်စိမ်းပြားလေးတစ်ခုကို ဆွဲထားပြီး ထိုကျောက်စိမ်းပြားလေးပေါ်တွင် တုံး ဟူသော စာလုံးကို ရေးထိုးထား၏။