အခန်း (၁၃၄၀)
Vol. 90 Ch. 1340
ထိုက်ရွှမ်အကြီးအကဲ၏ အကြံအစည်သည် မဆိုးလှချေ။ အထက်နယ်မြေ၏ ဓာတ်ငါးပါး အရင်းအမြစ်များကို အသုံးပြုပြီးသည့်နောက် လူပေါင်းများစွာတို့အား အထက်နယ်မြေဆီသို့ တက်လှမ်းနိုင်ရန် စဉ်းစားခဲ့ခြင်းပင်။ သို့ပေမဲ့ သူသည် ပြဿနာတစ်ခုအား မေ့လျော့သွားခဲ့၏။ တစ်စုံတစ်ယောက်သည် ဤအရာကို ပြုလုပ်မည် ဆိုပါက ငြိမ်ငြိမ်သက်သက် ဖြစ်နိုင်၏။ လူပေါင်းသိန်းချီ ပြုလုပ်မည်ဆိုလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။
ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် လူပေါင်းများစွာကို ခေါ်ဆောင်လာပြီးသည့်နောက် ဘာဖြစ်သည် ဆိုသည်ကို အလုံးစုံ ပြသလျက် ရှိနေ၏။ ဤကဲ့သို့ လူပေါင်းများစွာကို ခေါ်ဆောင်ကာ အထက်နယ်မြေဆီသို့ တက်လှမ်းသွားခဲ့သည့်အတွက် အထက်နယ်မြေ၏ သဘာဝပတ်ဝန်းကျင် တစ်ခုလုံးသည် ပြောင်းလဲလျက် ရှိနေပြီး ထူးခြားလှသည့် အရိပ်သင်္ကေတများ ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် နယ်မြေဟောခန်းသည် မရောက်ခင် ကတည်းကပင် ကြိုတင်သိနေ၏။
အောက်နယ်မြေဆီမှ အထက်နယ်မြေဆီသို့ တက်လာနိုင်ရန် အခြေခံလိုအပ်ချက်သည် ကျင့်ကြံခြင်းအဆင့် အားကောင်းလွန်းခြင်းပင်ဖြစ်သည်။
သို့ပေမဲ့ ရုတ်တရက် လိုအပ်ချက်နှင့် မကိုက်ညီသည့် လူပေါင်းများစွာတို့သည် အတင်းကြိုးစားကာဖြင့် အထက်နယ်မြေဆီသို့ တက်လှမ်းလာခဲ့ကြ၏။ ထို့ကြောင့် ကျိန်းသေပေါက် တားမြစ်ရမှာ ဖြစ်၏။
ထူးဆန်းလှချေသည်။ နယ်မြေဟောခန်းသည် ၎င်းတို့၏ လက်ရွေးစင် ကျင့်ကြံသူများကို ချက်ချင်း မစေလွှတ်ချေ။ ထိုအစား ဧကရီလင်းရောင်ကိုသာ သတိပေးလိုက်၏။ ထိုအရာသည် စိတ်ဝင်စားစရာ ကောင်းလှချေသည်။
“သခင်”
ခါးကုန်းကုန်း အကြီးအကဲသည် မျက်မှောင်ကုတ်လိုက်မိ၏။ “အထက်နယ်မြေဆီကို အတင်း တက်လှမ်းလာတဲ့လူက ပြိုင်စံရှားဂိုဏ်းတဲ့။ နယ်မြေဟောခန်းက သခင့်ကို သွားပြီးတော့ တားဆီးခိုင်းတယ် ဆိုတော့ သူတို့ဆီမှ ထူးခြားတဲ့ အကြံအစည်တစ်ခု ရှိနေနိုင်တယ်”
“အင်း…. ဒီကျွင်းချောင်ရှောင်းက တကယ့်ကို မလွယ်တဲ့လူပဲ။ လူတွေကို ငြိမ်ငြိမ်သက်သက်နဲ့ မနေစေနိုင်တဲ့လူက ဒီလူပဲ”
ခါးကုန်းကုန်းနှင့် အကြီးအကဲသည် ဒေါသတကြီး ပြောလိုက်သည်။ “သခင်… ဂြိုဟ်တိုက်ပွဲတည်နေရာကြီးမှာ သူ့ကို ကူညီပြီးတော့ ပြဿနာတော်တော်များများ ဖြေရှင်းခဲ့ရတယ်။ အခု လူက လူပေါင်းများစွာ ခေါ်လာရဲနေတယ်”
“သွားကြရအောင်”
ဧကရီလင်းရောင်သည် တည်ငြိမ်စွာ ပြောလိုက်၏။ “သူ့ကို သွားပြီး တားဆီးကြမယ်”
ဆွစ် ဆွစ်
အလင်းတန်းနှစ်ခုသည် နန်းတော်ထဲမှ ပျံသန်းထွက်ခွာလာပြီးသည့်နောက် လေဟာနယ်၏ အနက်ပိုင်းနေရာဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာခဲ့သည်။ ထိုသူတို့သည် တစ်ဖက်မှ အတင်းချိုးဖြတ် ဝင်ရောက်လာခဲ့သည့် တည်နေရာလမ်းကြောင်းဆီသို့ ဦးတည်သွားနေခြင်းပင်ဖြစ်သည်။
ဧကရီလင်းရောင်နှင့် သူမ၏ ကျေးကျွန်တို့သည် ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ အလွန်ခန့်ညားလှသည့် စစ်ရထားကြီးကို စီးနင်းထားသည့် လူတစ်ယောက်သည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ရွှေရောင်ချပ်ဝတ်ကြီးကို ဝတ်ဆင်ထားပြီး စိတ်ဝင်တစားဖြင့် ပြောလိုက်၏။ “ဒီတစ်ကြိမ်မှာတော့ တစ်ဖက်လူကို လွယ်လွယ်ကူကူနဲ့ လက်မလွှတ်ပေးဘူး မဟုတ်လား”
သူ၏ နာမည်သည် ကျင်းဟောင်ဖြစ်တော့၏။ ၎င်းသည် ကျွင်းချောင်ရှောင်းအား ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲတွင် အပြစ်ပေးခဲ့သည့် အဓိကလူပင် ဖြစ်တော့သည်။
……………..
ဝှစ် ဝှစ် ဝှစ် …….။
အောက်နယ်မြေနှင့် အထက်နယ်မြေကြား ဥမင်လှိုဏ်ခေါင်းတစ်ခု ဖြစ်တည်လာခဲ့၏။ ကြီးမားလှသည့် အလင်းတန်းကြီးတစ်ခုသည် ကောင်းကင်တာအို၏ နိယာမကို ချိုးဖြတ်ကာဖြင့် မရပ်မနား ခရီးနှင်လာခဲ့၏။
အလင်းတန်းများကို ဖြတ်၍ ကြည့်ရှုမည်ဆိုလျှင် ထိုအရာကြီးသည် ရွက်သင်္ဘောကြီးတစ်ခု မဟုတ်သလို ပျံသန်းနိုင်သည့်အရာတစ်ခုလည်း မဟုတ်ချေ။ ပြည့်စုံသည့် တောင်ကြီးတစ်ခုသာဖြစ်ပြီး ထိုတောင်ကြီးပေါ်တွင် များပြားလှသည့် အဆောက်အအုံများလည်း ပါရှိ၏။ အမှန်ပင်ဖြစ်သည်။ ထိုအရာသည် အထက်နယ်မြေဆီသို့ ချိုးဖြတ်ဝင်ရောက်လာသည့် ပြိုင်စံရှားဂိုဏ်းပင် ဖြစ်သည်။
“ငါတို့နောက်ဆုံးတော့ လုပ်နိုင်တော့မှာပဲ”
ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်လျက် ရှိပြီး ဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းတစ်ခုလုံးကို ကြည့်ရှုလျက်ရှိနေ၏။ ထိုမြင်ကွင်းများသည် အစစ်အမှန်နှင့် ပုံရိပ်ယောင်များကဲ့သို့ပင် ဝေခွဲမရ ဖြစ်လို့နေ၏။ သူသည် ပျော်ရွှင်စွာဖြင့် ထခုန်လုမတတ် ဖြစ်မိနေ၏။
“ငါ့ရဲ့ ကလေးလေးတို့”
ကုန်းရှန့်သည် ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။ “ငါတို့က ကြယ်ကြွေကုန်းမြေ တိုက်ကြီးကနေ ထွက်ခွာလာခဲ့ပြီး အထက်နယ်မြေဆီသို့ သွားရာလမ်းမှာ ရောက်နေတယ်။ ဒါကြောင့် အသစ် အသစ်သော ဆန်းပြားမှုတွေက မင်းတို့ကို စောင့်နေပြီ”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ထိုအရာကို ကြားသည့်နောက်မှာတော့ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့သည်။ အထက်နယ်မြေ ဆိုသည်မှာ ၎င်းတို့ ယခင်တုန်းက တွေးတောင် မတွေးရဲသည့် နတ်ဘုံနတ်နန်းတစ်ခု ဖြစ်၏။ လက်ရှိအချိန်မှာတော့ ထိုနေရာဆီသို့ သွားရောက်ရာလမ်းတွင် သူတို့ ရောက်ရှိနေကြသည်။ ထို့ကြောင့် အိမ်မက်ကဲ့သို့ပင် ခံစားနေမိ၏။
“ဂိုဏ်းချုပ်”
အကြီးအကဲဝေသည် မျက်မှောင်ကုတ်လိုက်သည်။ “ဒါက အရမ်းကို အသံ မကျယ်လွန်းဘူးလား။ အထက်နယ်မြေက သိရှိသွားရင် ဘယ်လိုလုပ်မလဲ”
“ဒီလိုဖြစ်လာမှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် လေးနက်စွာ ပြောလိုက်၏။ “ကျုပ် အထက်နယ်မြေဆီ တက်လာတာကို ဘယ်သူမှ မသိဘူး။ ဟားဟားဟား …”
ဘုန်း …….။
ထိုအချိန်မှာပဲ အလွန်မြန်ဆန်စွာ တက်လာခဲ့သည် သံမဏိ အရိုးတောင်ကြီးသည် ရုတ်တရက် တစ်စုံတစ်ခုနှင့် ထိခိုက်မိ သွား၏။ အနည်းငယ် တုန်ခါသွားပြီး အမြန်နှုန်းသည်လည်း လျော့ကျသွားခဲ့သည်။
စနစ်က ပြောလိုက်သည်။ “ငါတို့ သေမျိုးစကြဝဠာကို ချန်ခဲ့ပြီး အထက်နယ်မြေရဲ့ စကြဝဠာ စနစ်ထဲကို ဝင်ရောက်နေပြီ”
လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် အောင်မြင်စွာဖြင့် ချိုးဖြတ်ဝင်ရောက်နိုင်ခဲ့ပြီဟု ပြော၍ မရချေ။ အဘယ်ကြောင့်ဆိုသော် အထက်နယ်မြေဆီသို့ သွားရာ တည်နေရာစနစ်ထဲသို့ ဝင်ရောက်စသာ ရှိသေး၏။ သံမဏိ အရိုးတောင်သည် လအလင်းများ ထွန်းတောက်နေသကဲ့သို့ပင် ဘာမှန်းမသိသည့် တည်နေရာ တစ်ခုဆီသို့ ရွေ့လျားနေ၏။
ဂိုဏ်းထဲတွင် ရှိနေသော အထက်ပိုင်းအကြီးအကဲနှင့် တပည့်များသည် အထက်နယ်မြေနှင့် အောက်နယ်မြေကြား ဘာများကွာခြားတာ ရှိနေမည်နည်းဟု စတင်ကာ စိတ်ကူးယဉ်နေမိကြ၏။ ၎င်းတို့ကြုံဆုံရမည့် စမ်းသပ်မှုများ ဆိုသည်မှာ မည်သည့်အရာ ဖြစ်နေမည်နည်း။
လက်ရှိအချိန်မှာတော့ ဂိုဏ်းသည် အပေါ်သို့ တိုးတက်နေသည့် အော်ရာများ လွှမ်းခြုံလျက် ရှိနေပြီး မူလအားဖြင့် အဆင့်တစ်လျက်ရှိနေသည့် တပည့်များသည် အဆင့်ချိုးဖြတ်နိုင်မည့် လက္ခဏာများ ထင်ပေါ်လာကြ၏။ အလွန် အားကောင်းသည့် ဓာတ်သဘာဝများအပြင် ဓာတ်ငါးပါး၏ စွမ်းအင်များ စုဝေးလျက် ရှိနေသောကြောင့် တပည့်များသည် ထိုအရာများကို စုပ်ယူရင်းနှင့် အဆင့်တက်နိုင်ကြတော့မှာဖြစ်သည်။
“ဟား ဟား ဟား ဟား ကျုပ် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီ”
“ကျုပ်လည်း အဆင့်ချိုးဖြတ်သွားပြီ”
“ဒီနေရာမှာ အဆင့်တက်တဲ့ ခံစားမှုက လွယ်ကူလိုက်တာ”
လမ်းတလျှောက်မှာတော့ များပြားလှသော တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် အဆင့်တက်ကုန်ကြ၏။ ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စနစ်ပြောခဲ့သည်များကို သဘောတူလိုက်မိ၏။ ခွေးတစ်ကောင်ကို အထက် နယ်မြေဆီသို့ ခေါ်သွားပါက ထိုအထက်နယ်မြေရှိ လေများကို ရှုရှိုက်ရင်း ခွေးအင်ပါယာ ဖြစ်သွားနိုင်သည်ဟု ဆိုခြင်းပင်။
လက်ရှိအခြေအနေမှာတော့ အတည်ငြိမ်ဆုံးသောလူသည် ရီရှင်းချန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အရာအားလုံးကို လျစ်လျှူရှုပြီးသည့်နောက် သူ၏ အခန်းထဲတွင် ခြေချိတ်ထိုင်ကာ ကျင့်ကြံခြင်းနည်းစနစ် ကို လှည့်ပတ်လျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို ရူးရူးမူးမူး စုပ်ယူလျက်ရှိနေ၏။ ပြီးနောက် သူသည် သိုင်းနယ်မြေအဆင့်ခြောက်ကို ထိတွေ့မိပြီဟု ခံစားမိနေသည်။
စိတ်ဝိညာဉ်သားရဲတောင်ထွတ်ပေါ်မှာတော့ ခရမ်းရောင်ဘုရင်သည် မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ကာဖြင့် ရယ်မော လျက်ရှိနေ၏။ ဂိုဏ်းသည် အထက်နယ်မြေနှင့် နီးကပ်လာလေ ကောင်းကင်တာအို၏ ဖိနှိပ်မှုကြောင့် ဖြစ်တည်ခဲ့သည့် သူ၏ အားအင်နိမ့်ကျမှုများသည် တဖြည်းဖြည်းနှင့် ပြန်လည် ကောင်းမွန်လာလေဖြစ်၏။
ဖြူမဲညီနောင်တို့သည်လည်း ထိုနည်းလည်းကောင်းပင်။ ၎င်းတို့သည် ထူးခြားသည့် စွမ်းရည်များကို အသုံးပြုပြီး အောက်နယ်မြေဆီသို့ ချိုးဖြတ်ဝင်ရောက်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များသည် ဖိနှိပ်ခံခဲ့ရသည်။
သို့ပေမဲ့ အဆိုးရွားဆုံးလူမှာ ဟယ်ဝူတီပင်ဖြစ်သည်။ ၎င်းသည် မည်သည့်အထူးစွမ်းရည်ကိုမှ အသုံးပြုခဲ့သည် မဟုတ်ဘဲ အောက်နယ်မြေဆီသို့ ဆင်းသက်လာသူတစ်ယောက် ဖြစ်သောကြောင့် ကျင့်ကြံရာတွင် အစမှ ပြန်လည်ကာ ကျင့်ကြံရ၏။
သို့ပေမဲ့ သူသည် နောင်တရနေသည်လား။
ဘယ်တော့မှ နောင်တရလိမ့်မည် မဟုတ်ချေ။ ပိုမို၍ပင် ဝမ်းမြောက်နေသေး၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံခြင်းအဆင့်များ မရှိတော့သော်လည်း ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ပြီးသည့်နောက် များပြားလှသည့် သိုင်းအရင်းအမြစ်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို အသုံးပြုပြီး သူ့ကိုယ်သူ ပိုမိုအားကောင်းအောင် ပြုလုပ်နိုင်ခဲ့သောကြောင့်ပင်။ သူသည် ယခင်တုန်းကထက် ပိုမိုကာ အားကောင်းလာလိမ့်မည်ဟု ခန့်မှန်းနေမိသည်။
ဝှစ် ဝှစ် ဝှစ်
သံမဏိအရိုးတောင်တစ်ခုလုံးသည် တပည့်များနှင့်အတူ အပေါ်ဆီသို့ ဆက်လက်ကာ မြင့်တက်လျက်ရှိ၏။ သို့ပေမဲ့ အထက်နယ်မြေ၏ စကြဝဠာစနစ်ထဲသို့ ဝင်ရောက်ခါနီးအချိန်တွင် အပေါ်ဆီမှ အားကောင်းလှသော အားအင် တစ်ခုသည် သူတို့အား တားဆီးထားခဲ့၏။
“အမ်”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကြုတ်မိသွားသည်။
အခန်းထဲတွင် ကျင့်ကြံလျက်ရှိနေသော ရီရှင်းချန်သည် ရုတ်တရက် မျက်လုံးပွင့်သွား၏။ သူ၏ အကြည့်များသည် ဒေါသတရားများ ထွန်းတောက်လာခဲ့၏။ သူ၏ မျက်လုံး ထဲတွင် သွေးနီရောင်များ ထင်ပေါ်လာခဲ့၏။
“ကျွင်းချောင်ရှောင်း”
အေးစက်သည့် အသံတစ်ခုသည် အပေါ်ဆီမှ ထွက်ပေါ်လာသည်။ “ရှင်က အထက်နယ်မြေရဲ့ ခွင့်ပြုချက်မရှိဘဲ လူပေါင်းများစွာကို ခေါ်ဆောင်လာခဲ့တယ်။ ဒါက ပုန်ကန်ဖို့ ကြိုးစားတာပဲ” ထိုအသံတွင် အခွင့် အာဏာဆိုသည့် အားကောင်းလှသော ဓာတ်သဘာဝများ ပါဝင်လျက်ရှိ၏။ ထို့ကြောင့် အောက်တွင်ရှိနေသော တပည့်များ၏ နှလုံးသားများသည် တုန်ခါသွားခဲ့သည်။
“ဒါ... ဒါက”
ဖြူမဲညီနောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။ “ဒါက အဆင့်ကိုး ဝိညာဉ်ပြောင်းလဲခြင်းလား”
ဝှစ်
ထိုအချိန်မှာပဲ ကြည့်ကောင်းလွန်းလှသော ပုံရိပ်တစ်ခုသည် အဖြူရောင်အလင်းတန်းများ ထွန်းတောက်ကာဖြင့် ရောက်ရှိလာခဲ့၏။ တိမ်များဖုံးလွှမ်းလျက်ရှိနေပြီး အလင်းတန်းများသည် စူးရှလွန်းသောကြောင့် သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်ရရန် ခက်ခဲလွန်းလှချေသည်။
ဝှစ် ဝှစ်
ကျယ်ပြောပြီး အားကောင်းလွန်းလှသော အော်ရာများသည် ကြမ်းကြမ်းတမ်းတမ်း ဖြစ်တည်လာ၏။ ထိုအရာသည် တပည့်များအား ကြီးမားသည့် ဖိအားများအား ခံစားရစေရုံသာမက ကျွင်းချောင်ရှောင်း၏ မျက်နှာကိုလည် ပျက်ယွင်းသွားစေ၏။ သူက မေးလိုက်မိသည်။ “ခင်ဗျားဘယ်သူလဲ”
“ဧကရီလင်းရောင်”
“..........”
ဂိုဏ်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထိုနာမည်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံး ကြားဖူးသည့်အရာဖြစ်၏။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည်တော့ ပိုမိုကာ ကြားဖူးကြ၏။ အဘယ်ကြောင့်ဆိုသော် သူမသည် အားကောင်းလွန်းလှသည်သာမက သူတို့၏ ဂျူနီယာညီလေးရီ အား အတိတ်ဘဝတုန်းက သတ်ဖြတ်ခဲ့သည့် မိန်းမလည်းဖြစ်နေသည် မဟုတ်ပါလား။
“သြော်... ခင်ဗျားကိုး”
ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် ဒေါသတရားများ ဖြစ်တည်လာ၏။ သူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် များပြားလှသော အပြစ်ပေးမှုများကို ခံရ၏။ ထိုအရာများအားလုံး၏ အဓိက လက်သည်သည် သူမပင်ဖြစ်ရမည်။
“ရှင့်ဆီမှာ အလုံးစုံသော အားအင်အဆင့်တွေ မရှိဘဲနဲ့ အထက်နယ်မြေဆီ တက်လှမ်းလာတယ်ဆိုတာ ပုန်ကန်တာနဲ့ တူတူပဲ”
ဧကရီလင်းယောင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ဒီတော့ မြန်မြန် အောက်ကိုပြန်ဆင်းသွား”
“ခင်ဗျားကျကျွေင်းချောင်ရှောင်းက နှာခေါင်းရှုံ့လိုက်သည်။ သူ့အနေနှင့် တစ်ဖက်အမျိုးသမီးသည် မည်မျှ အစီအစဉ်ချတတ်ပြီး ယုတ်မာတတ်သည့်လူဖြစ်ကြောင်း ကောင်းကောင်းသိရှိလို့နေ၏။ ထို့ကြောင့် မခန့်လေးစား ပြောဆိုနေခြင်းပင်ဖြစ်သည်။
“လိုရင်းကို ပြောရအောင်”
ဧကရီလင်းရောင်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျွန်မ ဒီကို ရောက်လာတာက နယ်မြေဟောခန်းရဲ့ အမိန့်နဲ့ ရှင့်ကိုလာပြီး တားဆီးတာပဲ။ တကယ်လို့ အပေါ်ကို တက်လာမယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခံရလိမ့်မယ်”
သူတို့ အထက်နယ်မြေ၏ တည်နေရာ စနစ်ထဲသို့ ဝင်ရောက်ချိန်တွင် အဓိက တာဝန်သည် ပြည့်စုံသွားခဲ့မှာ ဖြစ်၏။ သို့ပေမဲ့ ဧကရီလင်းရောင်သည် ရုတ်တရက် မည်သည့်နေရာကမှန်းမသိ ပေါ်လာပြီး သူတို့ကို တားဆီးလျက် ရှိနေ၏။ ထိုအရာသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် ဒေါသထွက်စေသည်။
“ဟုတ်ပြီ”
ဧကရီလင်းရောင်က ပြောလိုက်၏။ “ရှင် ဒီလို လူတွေအများကြီးကိုခေါ်ပြီး အပေါ်ကို တက်ချင်တယ် ဆိုရင်တော့ အသင်္ချေမိုးကြိုးတစ်သောင်း ကပ်ဘေး အစီအရင်ထဲကို ဝင်ပြီးတော့ အပြစ်ပေးမှုကို ခံရလိမ့်မယ်။ ကျော်ဖြတ်နိုင်ရင် တရားဝင် တက်လှမ်းနိုင်မယ်
“အသင်္ချေမိုးကြိုးကပ်ဘေး အစီအရင် ဟုတ်လား” ဖြူမဲညီနောင်တို့၏ မျက်နှာများသည် ပြောင်းလဲသွားကြသည်။