← Chapters

ယောက်ျားနှစ်ယောက်ကြားက လျှို့ဝှက်ချက်

Vol. 93 Ch. 1296

ယောက်ျားနှစ်ယောက်ကြားက လျှို့ဝှက်ချက်

Vol. 93 Ch. 1296

ရှီမာယူယူသည် အဘိုးအဘွားနှင့် ပတ်သတ်သည့် သတင်းကို ပထမဆုံး အကြိမ်ကြားဖူးခြင်းဖြစ်သဖြင့် အံ့ဩသွားရသည်။

ထိုမတိုင်ခင်တွင် သူမ၏ အဘိုးအဘွားအကြောင်းကို မည်သူမှမပြောဖူး သဖြင့် ဒီကမ္ဘာကြီးတွင် မရှိတော့ဟု သူမ ယုံကြည်ထားသည်။

အခု ရုတ်တရက် သူတို့သတင်းကြားလိုက်သောအခါ သူမ တုံ့ပြန်မှုကိုပင် မလုပ်နိုင်ပေ။

“အဘိုးနဲ့ အဘွားက…” ရှီမာယူယူသည် မျက်တောင်အနည်းငယ်ကြုတ် လိုက်သည် “သူတို့ကို သမီးတို့နဲ့လိုက်စေချင်လို့လား”

“သူတို့က အစကတည်းက လျူရွှမ်ကို အပြင်မှာရှာနေတာကြာပြီ၊ သူတို့ ကို ဆက်သွယ်ပြီးပြန်လာခိုင်းလိုက်မယ်” ရှီမာကျိယွင် ပြောလေသည် “ဒီကောင်စုတ်နှစ်ကောင်သာ သမီးနဲ့သွားမယ်ဆိုရင် ဘိုးဘိုးကြီးစိတ်မချဘူး”

“….”

ဒီကောင်စုတ် နှစ်ကောင်…

ရှီမာလျူဖန်နှင့် ရှီမာလျူယွင်တို့သည် ဆွံ့အသွားကြသည်။ သို့သော် သူတို့တွင် တွန်းလှန်ရန် အားမရှိပေ။

“အဟွတ် အဟွတ်….” ရှီမာယူယူသည် သူမခံစားချက်များကို အတင်း ဖိနှိပ်ထားလိုက်သည်။ ထိုအခါမှပင် ရယ်သွမ်းချင်သည့်စိတ်ကို အောင့်ထားနိုင် လေသည်။

ဒီကောင်စုတ်နှစ်ကောင် ဟုတ်လား… သူတို့က အသက်ကိုက နှစ်ပေါင်း ရာချီရှိနေပြီလေ၊ အခုထိ ကောင်စုတ်လေးလို့ အခေါ်ခံရတုန်း၊ ကြည့်ရတာ သူတို့ အချိန်အတော်ကြာ မကြုံဘူးလို့ပဲဖြစ်မှာပဲ။

“အဟွတ် အဟွတ် မျိုးနွယ်ခေါင်းဆောင် ဦးလေးနဲ့ တခြားသူတွေက လာ ဖို့ဘယ်လောက်ကြာဦးမှာလဲ” ရှီမာလျူယွင်သည် စကားလမ်းကြောင်းလွှဲလိုက် သည်။

“ငါ သူတို့ကို အမြဲတမ်း ရှီမာယူယူအကြောင်းကို ပြောပြနေတာ၊ သမီး ပြန်လာတယ်ဆိုတာကို သိတာနဲ့ ချက်ချင်းပဲအမြန်ပြန်လာလိမ့်မယ်၊ သမီး အဖေ ရှိတဲ့နေရာကိုသိမှတော့ ပြောဖို့တောင်မလိုတော့ဘူး” ရှီမာကျိယွင် ပြော လိုက်သည်။

“အဘိုး… အဘွား…” ရှီမာယူယူသည် ရှီမာလိုင်ကို တွေးမိသွားသည်။ သူတို့သည် သူမနောက်ကျန်ခဲ့ပြီဟု ခံစားရသဖြင့် တံခါးပိတ်ကျင့်ကြံနေခဲ့ကြ သည်။ သူမကို ချစ်သောကြောင့် အတူနေချင်သော်လည်း သူမကို ဆွဲမချလိုကြ ပေ။

အမှန်အတိုင်းပြောရလျှင် သူမသည် မသိနိုင်သောဆက်ဆံရေးကို ကြောက်မိသည်။ သူမ ရှီမာလျူယွင်နှင့် ရှီမာလျူဖန်တို့ကို စသိခဲ့စဉ်ကကဲ့သို့ ပင်။ သူမ ရှီမာကျိယွင်ကို စတွေ့ခဲ့စဉ်ကလည်း သူ၏စကားများကို မသိစိတ်မှ ပုန်ကန်မိသည်။

သို့သော် အနည်းငယ်ဆက်ဆံပြီးနောက်တွင် သူတို့ကို လက်ခံသည်မှာ မြန်သည်ဟု ပြော၍ရသည်။ အကြောင်းမှာ သူမသည် ဆက်ဆံရေးကို တဖြည်း ဖြည်းလက်ခံတတ်သောသူဖြစ်သောကြောင့်ပင်။

အခု သူမ မသိသော သွေးသားတော်စပ်သူ နောက်တစ်ယောက်ပေါ်လာ ချေပြီ။ သူမ ကောင်းကောင်းကိုင်တွယ်နိုင်ပါ့မလားဆိုသည်ကို သူမ မသိတော့ ပေ။

ရှီမာလျူယွင်သည် သူမ ပခုံးပုတ်ပြီး ပြောလေသည် “သမီးအဖေရဲ့ အစ်ကိုကြီးနဲ့ အဒေါ်၊ သမီးအဖေရဲ့ ခယ်မတို့သာ သမီးပြန်လာတာသိရင် သေချာပေါက် ပျော်ကြမှာပဲ မစိုးရိမ်ပါနဲ့”

“အင်း” ရှီမာယူယူသည် အသံညည်းပြီးသာ ပြန်ဖြေလိုက်သည်။ သူမ သည် သူတို့နှင့်တွေ့ရန် အနည်းငယ်သာမျှော်လင့်ထားပြီး စိုးရိမ်မှုအနည်းငယ် ပါရောယှက်နေသည်။

သူမအတွက် စောင့်နေသည့်ရက်ကို ပြောပါဆိုလျှင် ရှီမန်ဖန်နှင့် တခြား သူများ အမြန်ပြန်နိုင်ရေးဖြစ်သည်။ သို့သော် သူတို့မပြန်ခင်တွင် ဘိုးဘွားများ နှင့်ပေါ့ပေါ့ပါးပါးတွေ့ရန် ထပ်တလဲလဲပြောလေသည်။

ရှီမာယူယူသည် ဖက်တီးကျူနှင့် တခြားသူများမှာ အားမသန်သေးသဖြင့် ပြန်စေချင်သည်။ သူတို့သာ နေခဲ့လျှင် အန္တရာယ်များနိုင်သည်။

ထိုအရာမှာ သူတို့ကို ငြင်းပယ်သလိုခံစားရလေသည်။ သူတို့သည် ပိုပိုပြီး ဝေးကွာသွားမည်။

သို့သော် သူတို့သည် နောက်ဆုံးတွင် အတူလိုက်ရန် ဆုံးဖြတ်လိုက်ကြ သည်။ သို့သော် ဝိညာဉ်စေတီအတွင်း၌သာနေရန် ကတိပေးထားကြသည်။

သူတို့စောင့်နေသည့်အချိန်တွင် မဟာမိတ်သည် အသင်းနှင့်ပတ်သတ် သည့်အကြောင်းများကို လူလွှတ်ပြီး သူမကိုသတင်းပေးလေသည်။

ထိုရက်များတွင် သူမနှင့် ဝူလင်းယူတို့သည် နှစ်ယောက်တစ်ကမ္ဘာတည် ဆောက်ရန် ရှားပါးသည့် အခွင့်အရေးကို အသုံးချလေသည်။

ရှီမန်ဖန်၊ ဘိုင်ရှန်းနှင့် တခြားသူများသည် အသည်းကွဲတောင်ကြားမှ ကိစ္စ များကို ဖြေရှင်းရန်သွားလေသည်။ ရှားပါးစွာပင် ရှီမာကျိယွင်သည် ထို ‘ကောင် စုတ်လေးနှစ်ကောင်’ ကို သူနှင့် ခေါ်သွားလေသည်။ ဖက်တီးကျူနှင့် တခြားသူ များသည် သူမ ဘေးတွင်ဆက်နေလိုသည့် အကြောင်းပြချက်နှင့် ဝိညာဉ်စေတီ အတွင်းတွင် တံခါးပိတ်ကျင့်ကြံကြလေသည်။

သူတို့နှစ်ယောက်သည် လက်ဖက်ရည် သောက်ရင်း တစ်နေ့တာ အကြောင်းပြောကြလေသည်။

“တကယ့်ကိုရှားရှားပါးပါးပဲ နောက်ဆုံးတော့ နှစ်ယောက်တည်း စကား ပြောရပြီ”

ရှီမာယူယူသည် သူ စောဒကတက်သည်ကို မြင်ပြီးနောက် မဲ့ပြုံးပြုံးလိုက် သည်။ ဒီလူက နောက်ဆုံးတော့ စောဒကတက်လာပြီပေါ့။

ဝူလင်းယူသည် သူမ အပြုံးကိုမြင်သောအခါ နှုတ်ခမ်းအနည်းငယ်တွန့် လိုက်ပြီး ပြောလိုက်သည် “မင်းလည်း အဲလိုပဲ မခံစားရဘူးလား”

“ဒီကိစ္စကြီးပြီးသွားရင် အဆင်ပြေသွားမှာ” ရှီမာယူယူသည် အသာအယာ ပြုံးလိုက်သည် “အခုလူတွေ များနေလို့ အစ်ကို့ကို လျစ်လျူရှုရတာလေ အရမ်း ကြီးသဘောထားမသေးပါနဲ့”

“သဘောထားသေးတယ်ဟုတ်လား” ဝူလင်းယူသည် အရှေ့ကိုင်းကာ ရှီမာယူယူဘေးတွင် ဝင်ထိုင်လေသည်။ ထိုသို့လုပ်လိုက်သောအခါ သူသည် သူမအပေါ်သို့ လုံးဝမှီလုနီးပါးဖြစ်သွားလေသည်။ သူသည် သူမနားရွက်နားသို့ ပါးစပ်တေ့ကာ မြည်တွန်တောက်တီးသည့် ပုံစံဖြင့် ပြောလေသည် “ကိုယ်က သဘောထားသေးတာမဟုတ်ဘူး မင်းရဲ့မိဘတွေကို စောစောလေးရှာတွေ့ဖို့ မျှော်လင့်နေတာ၊ အဲဒါမှ ကိုယ်တို့ မြန်မြန်လက်ထပ်ပြီး မင်းကိုမြန်မြန်စားရမှာ”

ရှီမာယူယူသည် ရှက်ရွံ့လာကာ လက်နှစ်ဖက်ဖြင့် သူ့ခေါင်းကိုတွန်းလိုက် လေသည်။ သူမသည် စကားလမ်းကြောင်းပြောင်းကာ ပြောလိုက်သည် “ညီမ မိဘတွေကို တွေ့ရင် နောက်ထပ်အတားအဆီးတစ်ခုတွေ့ရဦးမှာမဟုတ်ဘူး လား”

“အဲဒါ ကိုယ်တကယ်ကို မပျော်ဘူး” သူမ တွန်းလိုက်ပြီးနောက်တွင် ဝူလင်းယူသည် ပြန်မှီလာကာ လက်ချောင်းရှည်များဖြင့် သူမကို ကစားနေလေ သည်။

သည်တစ်ကြိမ်တွင် ရှီမာယူယူသည် တွန်းရမည်ကိုပင် ပျင်းလွန်းသဖြင့် လက်ချောင်းများဖြင့် ပြန်ကစားပေးလိုက်သည်။ “အခုပြောမှပဲ ဒီ့အရင်က ဘိုးဘိုးကြီးကို ဘယ်လိုဖြေရှင်းလိုက်တာလဲ၊ ညီမသွားတုန်းက နှစ်ယောက်က ထူးဆန်းနေတာ မှတ်မိသေးတယ်၊ ဒါပေမဲ့ ပြန်လာတော့ ပျော်ပျော်ရွှင်ရွှင်ကြီး ကို စကားပြောနေကြတာ”

“အဲဒါက ယောက်ျားတွေကြားက လျှို့ဝှက်ချက်လေ”

“…”

ဒါကိုတောင် ယောက်ျားတွေကြားက လျှို့ဝှက်ချက်လို့ ပြောလို့ရတာပေါ့။

“အရင်က အဘိုးနဲ့ ညီမမောင်တို့ကလည်း အစ်ကို့ကိုလက်မခံကြဘူး ဒါပေမဲ့ အခုတော့ လက်ခံသွားကြတယ် အဲဒါလည်းလျှို့ဝှက်ချက်ပဲလား”

“မင်းဘိုးဘိုးကြီးက အဘိုးနဲ့မောင်လေးထက်တောင် ကိုယ့်ကိုပို သဘော ကျနေပြီ”

“ညီမမိဘတွေကိုတော့ အဲလောက်လွယ်လွယ်ဖြေရှင်းလို့ရမယ်မထင်ဘူး” ရှီမာယူယူ စနောက်လိုက်သည်။

“ပိုသွေးရင်းနဲ့လူတွေနဲ့ ဖြေရှင်းရတာ ပိုဒုက္ခရောက်တယ်” ဝူလင်းယူ ပြောလိုက်သည် “ကြည့်လေ ကိုယ်ကဘယ်လောက်တောင် ကောင်းလိုက်လဲ၊ အမျိုးမရှိတော့ မင်းဘာမှ လိုက်ဖြေရှင်းစရာမလိုဘူး၊ ကိုယ့်အတွက် တစ်ဦး တည်းသော ဆွေမျိုးက ဆရာပဲ၊ ဒါပေမဲ့ အဲလူကြီးက မင်းကိုကိုယ့်ထက်တောင် သဘောကျနေသေးတယ်၊ အချိန်ကျရင် သူက မင်းဘက်ပဲရပ်တည်တာ”

“ဆရာသွားလိုက်တာ နှစ်ပေါင်းကိုကြာနေပြီ၊ သူ့ကို တကယ်ပဲ သွားမရှာ တော့ဘူးလား” ရှီမာယူယူသည် နောက်လက်တစ်ဖက်ဖြင့် လက်ဖက်ရည်ခွက် ကို ကစားနေသည်။ သူမသည် အဘိုးနတ်ဆိုး၏ လုံခြုံမှုအတွက် စိုးရိမ်လျက်ရှိ သည်။

“သူ့အသက်ကျောက်စိမ်းက လုံးဝကိုကောင်းသေးတယ်၊ သူ့ကိုရှာမတွေ့ ရင်တောင် သူဒုက္ခရောက်မှာမဟုတ်ပါဘူး” ဝူလင်းယူ ပြောလိုက်သည်။

“ဆရာပြန်လာတာနဲ့ ဆရာဦးလေးနဲ့ တခြားသူတွေတော့ ဆူညံသွားမှာပဲ သူ တောင်ကြားကိုပစ်ထားသွားတာ ဒီလောက်ကြာနေပြီ” ရှီမာယူယူ ပြော လိုက်သည်။

“သူကတော့ အမြဲတမ်းဒီလိုပါပဲ တောင်ကြားကလူတွေတော့ ကျင့်သားရ နေပြီ” ဝူလင်းယူ ပြောလိုက်သည် “သူ့ကိုစိတ်ပူတယ်ဆိုရင် မင်းရဲ့အဒေါ်ဖန်ကို ဆက်သွယ်လိုက်လေ၊ သူမရဲ့ဝိညာဉ်အမှတ်အသားက သူများတွေနဲ့မတူဘူး သူမကို တိုက်ရိုက်ရှာလို့ရတယ်”

“အရင်က ဆေးလာယူတဲ့သူတွေက သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေပဲလေ တကယ်လို့ ဆိုးဆိုးဝါးဝါးဖြစ်ရင်တော့ အဒေါ်ဖန်ကို ဆက်သွယ်လိုက်မယ်၊ ညီမလည်း အဲဒါကိုခံစားမိတယ် သူမကို ဆက်သွယ်လိုက်တာနဲ့ ညီမမသိတဲ့ ကမ္ဘာထဲကို ဝင်သွားရမယ်လို့၊ အဲဒီကမ္ဘာကို ဝင်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရတယ်” ရှီမာယူယူ ပြောလိုက်သည်။

“အမှန်ပဲ အဲဒါကိုသိဖို့က မင်းအတွက် နည်းနည်းစောသေးတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ညီမအားနည်းတယ်လို့ ခံစားရတဲ့အချိန်တွေရှိတယ် မင်းကမ္ဘာနဲ့ကျ အရမ်းဝေးသွားပြီ၊ အစ်ကို့ကမ္ဘာထဲကို မြန်မြန်ဝင်ဖို့ တိုးတက်အောင် အကောင်း ဆုံးကြိုးစားပါမယ် ဒါပေမဲ့ ဝေးသေးတယ်လို့ ခံစားရတယ်” ရှီမာယူယူသည် အနည်းငယ်ဝမ်းနည်းသလို ပြောလေသည်။

“အခုတောင် မယုံနိုင်လောက်တဲ့ အရှိန်နဲ့တိုးတက်နေပါပြီ” ဝူလင်းယူ ပြောလေသည် “မင်းကိုအရှေ့မှာ စောင့်မယ်၊ အချိန်ယူပြီးလျှောက်လာခဲ့ပါ”

“ညီမအစ်ကို့ကို မှီအောင်လိုက်မှာပါ” ရှီမာယူယူသည် ချစ်ခြင်းများဖြင့် ပြည့်နေသော အမူအရာဖြင့် သူမ၏ ပခုံးပေါ်တွင် ခေါင်းတင်ထားသော သူ့ကို မြင်ရန် မော့ကြည့်လိုက်လေ၏။ သူမသည် မျက်လုံးများကို မတတ်သာစွာ လှိမ့် လိုက်သည် “အစ်ကိုက နတ်ဆိုးလောကရဲ့ တော်ဝင်နတ်ဆိုးဘုရင်လေ ဒီလိုမျိုး နေလို့ရော ဖြစ်ရဲ့လား”

***

All Chapters