ဆက်စပ်နေသူ
Vol. 94 Ch. 1307
ရှီမာယူယူသည် လက်ထောက်လေး၏ တုန့်ပြန်မှုကြောင့် လန့်သွားပြီး အတွေးဖြင့် မေးလိုက်သည် “မူစစ်ကဘာဖြစ်လို့လဲ၊ ဘာလို့မင်းတုံ့ပြန်မှုက ဒီ လောက်ကြီးရတာလဲ”
“အစ်မကြီးယူယူ မူစစ်က အစ်မကြီးအဖေကိုရှာတဲ့နေရာမှာ တစ်ခုခုကို လုပ်နိုင်တယ်လို့ ဆရာပြောလိုက်တယ်၊ မူစစ်ကို ကူရှာပေးဖို့လည်း ကျွန်တော့် ကို မှာလိုက်သေးတယ်” လက်ထောက်လေး ရှင်းပြလေသည် “ဒီလောက် မြန်မြန်ရှာတွေ့မယ်လို့ ထင်မထားဘူး၊ အခုတော့ ကျွန်တော်က အသုံးမဝင် ဖြစ်သွားပြီမဟုတ်ဘူးလား”
ရှီမာယူယူသည် သူ့ကိုကြည့်ပြီး အတွေးစဖြတ်လိုက်သည်။ မူစစ်သည် သူမ မစ်ရှင်နှင့် တစ်စုံတရာပတ်သတ်နေမည်ဟု ထင်မထားပေ။
အနိုင်ကျင့်ခံရသည့် လူငယ်တစ်ယောက်… သူ့ကို တွေ့စဉ်က အင်အား ကြီးတစ်ခုကိုပင် ပြစ်မှားခဲ့သေးသည်။ သူမ အဖေကို ကယ်တဲ့နေရာမှာ သူက ကူညီပေးမှာလား။
သူမ သူ့ကိုကြည့်နေသည်ကို သိသော်လည်း မူစစ်၏ အမူအရာမှာ ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ဒဏ်ရာများကို စစ်ဆေးခြင်းပင် ရပ်တန့် မသွားပေ။
“မင်း ကြည့်နေဖို့မလိုတော့ဘူး မင်းကို ငါပေးလိုက်တဲ့ဆေးက ထိပ်တန်း အဆင့်ဆေးပဲ မင်းဒဏ်ရာတော်တော်များများ သက်သာသွားမှာ အချိန်ပဲလို တယ်” ရှီမာယူယူ ပြောလိုက်သည်။
မူစစ်သည် သူ၏ ဒဏ်ရာများကို စစ်ကြည့်လိုက်သည်။ အများစုမှာ သူမ ပြောသလိုပင် သက်သာနေလေပြီ။ ပုံမှန်ဆိုလျှင် ဒဏ်ရာများသည် ပြန် သက်သာရန် လတစ်ဝက်ကြာသည်။ သို့သော် အခုတော့ နေ့တစ်ဝက်နှင့်ပင် သက်သာလာမည်ဟု ထင်မထားပေ။
ရှီမာယူယူ လျှောက်သွားပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ၏ ဖူးရောင်နေသော ဒဏ်ရာကို တို့ကြည့်ပြီး ပြောလိုက်သည် “မင်းကို ငါ ကယ်ပြီး အရည်အသွေးကောင်းတဲ့ဆေးပေးလိုက်တာတောင် မင်းက ငါ့ကိုကျေးဇူးမတင် ဘူးနော်”
မူစစ်သည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူ စကားမပြောတော့ဟု ရှီမာယူယူနှင့် ဒိဝူတို့ထင်သွားချိန်တွင် သူ တိုတိုတုတ်တုတ်ပြန်ဖြေခဲ့သည်။
“ခင်ဗျားတို့ကို နေဖို့နေရာပေးမယ်လေ”
ဆိုလိုသည်မှာ ထိုအရာသည် သူ၏ကျေးဇူးကိုတုံ့ပြန်မှုပင်ဖြစ်သည်။
စကားပြတ်လိုက်တာ…
မည်သည့်ခုံမှမရှိသဖြင့် ရှီမာယူယူသည် ဖျာတစ်ချပ်ထုတ်ကာ မူစစ်ဘေး တွင် ထိုင်လိုက်သည်။
မူစစ်သည် ခေါင်းမော့ကြည့်လေသည်။ သူ့မျက်လုံးများတွင် သတိပြု ကာကွယ်ခြင်းများ အပြည့်ရှိနေသည်။ သူ၏အဖေအပြင် သူ့အနားတွင် မည်သူ မှ မထိုင်ဖူးပေ။
“မစိုးရိမ်ပါနဲ့ မင်းအသက်ကိုယူဖို့ ငါစိတ်မဝင်စားဘူး” ရှီမာယူယူ ဆက်ပြောလိုက်သည် “ငါ မင်းကိုသတ်ချင်ရင် ဒီလိုအသက်ရှင်နေဦးမှာလား”
မူစစ်သည် သူမ မည်သည့်စကားပြောချင်နေသည်ကို နားလည်သည်။ သို့သော် စိတ်အတွင်းထဲတွင်တော့ သူသည် လူသားများကို စက်ဆုတ်ရွံရှာနေ သဖြင့် သူမ ထိုသို့ပြောလိုက်တိုင်း သတိထားရှိမှုကို ချမပစ်ပေ။
သို့သော် အကြည့်မှာ အေးစက်ခြင်းမရှိတော့ပေ။
“ဒီနေ့ အဲလူတွေက ဘယ်သူတွေလဲ ဘာလို့မင်းကို အနိုင်ကျင့်ကြတာလဲ” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။
ထိုလူများအကြောင်း ပြောလိုက်သည်နှင့် မူစစ်၏ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်သွားသည်။ ရှီမာယူယူ မျက်မှောင်ကြုတ်လိုက် သည်။ ကျန်းရှုသည် သူတို့သတ်၍သေသွားပြီဖြစ်သော်လည်း သူနှင့်ပတ်သတ် သည့်အမုန်းတရားကိုတော့ ဖြေဖျောက်မရပေ။ သူ့ရဲ့အမုန်းတရားကပဲ နက်နဲ နေလို့လား မဟုတ်ရင် တခြားအကြောင်းအရင်းကြောင့်များလား။
သို့သော် မူစစ်သည် ပြောပြလိုသည့်ပုံမရှိပေ။ သူသည် မျက်လုံးများကို မှိတ်ပြီး သူမကိုလျစ်လျူရှုကာ နံရံကိုမှီလိုက်သည်။
မောက်မာလိုက်တဲ့ ကလေး။
ရှီမာယူယူသည် သူ့ကိုဖိအားပေးပြီး တစ်စုံတရာကို ပြောစေချင်သည်။ သူမသည် ဒိဝူကိုပြောလိုက်သည် “အပြင်ထွက်ပြီး ဒီကအခြေအနေကို စစ် ကြည့်လိုက်”
“အင်း” ဒိဝူသည် ခေါင်းညိတ်ပြီး ထွက်သွားရန် ဟန်ပြင်လေသည်။
“အခုထွက်မသွားတာ အကောင်းဆုံးပဲ” မူစစ် အသံထွက်လာသည်။
“ဘာလို့လဲ” ဒိဝူသည် သိချင်သွားသည်။ သူသည် တစ္ဆေတစ်ကောင်ဖြစ် သည်။ အဲဒါကြောင့် သူထွက်သွားလည်း ဘာပြဿနာမှမရှိဘူးမလား။
“ကျန်းရှုသေသွားပြီး အပြင်မှာ သေချာပေါက် ဂယက်ထနေမှာပဲ၊ ဒီအချိန် မှာ မျက်နှာသစ်ကိုတွေ့ရင် သူတို့က သေချာပေါက် မင်းကိုဖမ်းမှာပဲ” မူစစ် ပြော လိုက်သည်။
“ကျန်းရှုက အဆင့်အတန်းမြင့်လို့လား”
“ဒီပြီးခဲ့တဲ့နှစ်တွေမှာ နတ်ဆိုးအိုကြီးက တစ္ဆေမြို့တော်ကို ဂရုစိုက်ခဲ့တာ မဟုတ်ဘူး၊ အခု လုပ်ပိုင်ခွင့်ကို ကျန်းမျိုးနွယ်က ဆုပ်ကိုင်ထားတယ်၊ အဲဒီ ကျန်းရှုက ကျန်းမျိုးနွယ်က အရေးပါတဲ့လူတစ်ယောက်ပဲ အခုသူသေသွားတော့ ဒီအတိုင်းကျော်သွားမှာမဟုတ်ဘူး” မူစစ် ပြောလိုက်သည်။
“ကျန်းရှုက အဆင့်အတန်းမြင့်တယ်ဆိုတာကို မင်းသိမှတော့ ဘာလို့ သူ့ကို သတ်ချင်တာလဲ” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။
“ကျွန်တော်က အမြဲတမ်း သူ့ကိုသတ်ချင်ခဲ့တာ ဒါပေမဲ့ အခွင့်အရေးမရှိခဲ့ ဘူး” မူစစ်သည် အညှာတာမဲ့စွာ ပြောလေသည်။
“သူက မင်းကို သူ့လူတွေနဲ့ ဒီလိုမကြာခဏရိုက်တတ်တာလား”
မူစစ်သည် သူမ ပြောလိုက်သည့်စကားကို အသိအမှတ်ပြုသည့်အလား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“အဲလိုပုံပဲ” ရှီမာယူယူ ဆက်ပြောလေသည် “အပြင်က ပစ္စည်းတွေက မင်းကို သူတို့ရိုက်ရင်းနဲ့ ကျိုးပဲ့သွားတာတွေလား”
တိတ်ဆိတ်သွားသည်။
ခြံထဲမှ ကျိုးပဲ့နေသော ပစ္စည်းများသည် ခုံများ ခုံတန်းများဖြစ်ကာ ထိုလူ များ သူ့ကို ရိုက်ရန်အသုံးပြုသည့် ပစ္စည်းများဖြစ်သည်။
ရှီမာယူယူသည် ထိုခေါင်းမာသော ကောင်လေးအတွက် စိတ်မကောင် ဖြစ်မိကာ မေးလိုက်သည် “သူတို့က ဘာလို့မင်းကိုရိုက်ကြတာလဲ”
“သူတို့က ကျွန်တော့်အဖေနဲ့ မတိုက်ခိုက်နိုင်ကြဘူး၊ အရင်တုန်းက အဖေ ဆူငေါက်တာကို သူတို့ခံခဲ့ရတယ်၊ အဲဒါကြောင့် ကျွန်တော့်ကို လာမဲတာပဲ” မူစစ် ပြော လေသည်။
သူ့အဖေအကြောင်းပြောနေချိန်တွင် သူ့မျက်လုံးတွင် လေးစားမှုများ ပြည့်နေသည်ကို ရှီမာယူယူ သတိထားမိသည်။ သို့သော် သူ၏ မျက်ခုံးများ အကြားတွင် ဝမ်းနည်းမှုခပ်ဖျော့ဖျော့ရှိနေသေးသည်။
“မင်း အဖေက အားကောင်းလို့လား”
“ကျွန်တော့်အဖေက တစ္ဆေမြို့တော်မှာ အားအကောင်းဆုံးလူပဲ” မူစစ် ဆက်ပြောလေသည် “သူသာ မပျောက်သွားရင် သူ့ရဲ့ဂုဏ်သိက္ခာကို အဲကောင် တွေ ရန်စရဲမှာမဟုတ်ဘူး”
“မင်းအဖေပျောက်နေတာ ဘယ်လောက်ကြာပြီလဲ”
“၇ နှစ်” မူစစ် ဆက်ပြောလေသည် “ကျွန်တော် ၈ နှစ်ကတည်းက သူ တစ်ခါမှ ပြန်မလာတော့ဘူး”
“မင်းအဖေ ပျောက်သွားကတည်းက သူတို့က မင်းကို စပြီးအနိုင်ကျင့်လာ တာလား”
“၂ နှစ်ကြာမှ၊ အဖေပျောက်သွားတုန်းက သူတို့က ပြန်လာမှာကို ကြောက်ကြသေးတယ်၊ အဲဒါကြောင့် ဘာပြဿနာမှမလုပ်ရဲဘူး” မူစစ် ဆက် ပြောလေသည် “၂ နှဏ်ကြာတော့ အဖေပြန်မလာတော့ဘူးဆိုတာနဲ့ သူတို့က ကျွန်တော့်ကို ပြဿနာရှာတော့တာပဲ၊ အဖေ့သတင်းမကြားတော့တာနဲ့ သူတို့ က ကျွန်တော့အသက်ကို ဂရုမစိုက်ကြတော့ဘူး၊ ဒါပေမဲ့ မကြာခင်ကပဲ အဖေ သေပြီဆိုတဲ့သတင်းပြန့်သွားတော့ သူတို့က အဖေတကယ်သေသွားပြီလို့ တွေး လိုက်ကြတယ်၊ အဲဒါကြောင့် သူတို့က ကျွန်တော့်ကို ပိုပြီးအညှာတာမဲ့လာတယ် ဟင်း အဖေက သေချာပေါက် ပြန်လာမှာ”
အဲဒါကြောင့် ခြံဝန်းထဲမှာ အဲပစ္စည်းတွေအဲအတိုင်းရှိနေတာကိုး၊ သူတို့က သူ့ကိုမသတ်ရဲကြလို့ ရှိနေတဲ့ပစ္စည်းတွေကို ကန်ကြ ထိုးကြနဲ့ ဖျက်ဆီးကြတာ ပဲ။
“မင်းအသက် ဘယ်လောက်လဲ”
“အဖေပျောက်သွားတုန်းက ကျွန်တော် ၈ နှစ်”
ပျောက်သွားတုန်းက သူ ၈ နှစ်သား၊ ၁၀ နှစ်ကစပြီး အနိုင်ကျင့်ခံလာရ တော့ ၅ နှစ်လောက်ကို အနိုင်ကျင့်ခံလာရတာပဲ။
အဲဒါကြောင့် သူ့မျက်လုံးထဲက အမုန်းတရားက နက်ရှိုင်းနေတာကိုး။ သူမ သာဆိုရင်လည်း သူတို့ကိုသတ်မှာပဲ။
“သူ့အပြင် မင်းကိုအနိုင်ကျင့်တဲ့ တခြားသူတွေရှိသေးလား”
“မြို့ထဲမှာက မောက်မာပြီး အရည်အချင်းမရှိတဲ့သူတွေ များတယ်၊ အခြေ အနေကို အခွင့်ကောင်းယူတဲ့သူတွေလည်းရှိတာပေါ့၊ အဲဒီ ပါးလျက်နားလျက် လုပ်တဲ့ကောင်တွေက တစ်စက္ကန့်အတွင်း ပြောင်းသွားတာ” မူစစ် ပြန်ဖြေလေ သည်။
ထိုသို့ပြောပုံအရ သူ့ကို အနိုင်ကျင့်သူ များလောက်မည်။
“မင်းနဲ့ ကျန်းရှုက ဒီလောက်ပြဿနာတွေများနေပြီကို ငါတို့ကို ဒီကို ခေါ်လာရဲသေးတယ်၊ သူတို့ဒီနေရာကို လာရှာမှာမကြောက်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“သူတို့ ဒီကိုမလာဘူး” မူစစ် ဆက်ပြောလေသည် “ကျွန်တော်က သူတို့ အနိုင်ကျင့်တာခံနေရတာကို သိပေမဲ့လည်း သူ့ကိုသတ်ဖို့ ကျွန်တော့်မှာ အရည်အချင်းရှိလိမ့်မယ်လို့ သူတို့ထင်မှာမဟုတ်ဘူး၊ လမ်းတွေမှာ ကျွန်တော် သေလုနီးပါး အရိုက်ခံရတာကို မြင်တဲ့သူများတယ်လေ၊ ဘေးမှာ ကိုယ်ရံတော် တွေအများကြီးရှိတဲ့သူ့ကို သတ်ဖို့ကျွန်တော် မတတ်နိုင်ဘူးလေ”
သူပြောသည့် အကြောင်းများမှာ ယုတ္တိရှိသည်ဟု ရှီမာယူယူ ခံစားရ သည်။
ပုံမှန်ဆိုလျှင် ထိုလူများသည် သူ့ထက်အားကောင်းသောသူကို ရှာကြလိမ့် မည်။ မူစစ်ကဲ့သို့ အင်အားမရှိဘဲ ဖိအားပေးတတ်သော လူများသည် စာရင်းထဲ မှ ထုတ်ပယ်ရမည့် ပထမဆုံးသော လူဖြစ်သည်။
သူသည် အသက်အရွယ်နှင့် မမျှလောက်အောင် တွေးတတ်လိမ့်မည်ဟု သူမ ထင်မထားပေ။
“မူစစ် မူစစ်”
တုန်ယင်နေသော အသံသည် ခြံဝန်းထဲမှထွက်လာသည်။ ထိုအသံကို ကြားသည်နှင့် မူစစ်သည် မတ်တတ်ထရပ်ပြီး အလျင်စလိုထွက်သွားကာ ပြော လိုက်သည် “ဦးလေးယန်းဇီ ကျွန်တော်အိမ်ထဲမှာ”
“မင်း အိမ်ထဲမှာလား၊ ကောင်းတယ် အဲဒီအမှိုက်ကောင် ကျန်းရှုအသတ် ခံရတယ်လို့ ကြားတယ် မင်းအဆင်ပြေရဲ့လား”
“ပြေပါတယ်”
“မူစစ် ကျန်းမျိုးနွယ်က သံသယရှိတဲ့သူတွေကို ရှာနေတယ်၊ အိမ်မှာနေ ပြီး အပြင်မထွက်နဲ့ ကြားလား ငါ…” ထိုလူသည် ဝင်လာသောအခါ ကြမ်းပြင် ပေါ်တွင် ထိုင်နေသာ ရှီမာယူယူနှင့် ဒိဝူကိုမြင်ပြီး ထိတ်လန့်သွားလေသည်။ သူသည် မူစစ်ကို အလိုလိုပင် သူ့နောက်ကိုဆွဲပြီး သတိရှိရှိဖြင့် သူတို့ကိုကြည့် လေသည်။
***