← Chapters

အမှန်တရားနှင့် မရိုးသားမှု

Vol. 94 Ch. 1308

အမှန်တရားနှင့် မရိုးသားမှု

Vol. 94 Ch. 1308

“မင်းတို့က ဘယ်သူတွေလဲ၊ မူစစ် အိမ်ထဲမှာ ဘာလုပ်နေကြတာလဲ” သူ သည် လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ အသင့်ပြင်ထားသည်။ သူတို့သည် လူဆိုးများဟု မူစစ်ပြန်ဖြေလာလျှင် သူသည် ချက်ချင်းပင် တိုက်ခိုက်မည်။

“ကျွန်မတို့က မူစစ်ရဲ့ ကယ်တင်ရှင်တွေပါ” ရှီမာယူယူ ပြောလိုက်သည်။

“ကယ်တင်ရှင် ဟုတ်လား” ယန်းဇီသည် လှည့်ပြီးနောက် မူစစ်ကိုကြည့် လိုက်သည်။ မူစစ်ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် သတိကိုပြန်ချလိုက် သည်။ သူသည် သူတို့နှစ်ယောက်လုံး၏ လက်ကိုဆုပ်ကိုင်ကာ ကျေးဇူးတင် စွာဖြင့် ပြောလေသည် “ခုနက ပြစ်မှားမိတဲ့အတွက် ခွင့်လွှတ်ပါ”

ရှီမာယူယူသည် အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းကိုအသာအယာ ညိတ်လိုက်သည်။

“မူစစ် မင်းဒဏ်ရာတွေက အဲလူတွေကြောင့် ရလာပြန်တာလား” ယန်းဇီ မေးလိုက်သည်။

မူစစ် ခေါင်းညိတ်လိုက်သည်။

ယန်းဇီသည် သူ၏ အပြုအမူကို သတိမထားမိတော့ဘဲ လှည့်ကာ မူစစ် ကိုမေးလေသည် “မင်း ထပ်ပြီး သူတို့ဖမ်းတာခံရတယ်လို့ကြားတယ်၊ သူတို့ မင်း နောက်ကိုလိုက်သွားပြီး မကြာဘူး သေသွားတယ်လို့ မြင်တဲ့သူတွေ မြင်ကြ တယ်၊ မူစစ် ဦးလေးကို မှန်မှန်ပြော သူသေတာ မင်းနဲ့ပတ်သတ်လား”

မူစစ် ဝန်ခံတော့မည့်အချိန်တွင် ရှီမာယူယူ ပြောလိုက်သည်။

“မူစစ် အားကအရမ်းနိမ့်တယ်၊ ကျန်းရှုက လူအယောက်နှစ်ဆယ်လောက် ခေါ်လာတာကို သူက သူတို့ကိုသတ်နိုင်မယ်လို့ ထင်လား”

မူစစ်သည် သူမအား တအံ့တဩကြည့်လေသည်။ သူမ ထိုသို့ပြောမည်ဟု မထင်ထားပေ။ သို့သော် သူ ရေလိုက်ငါးလိုက်နေရင်း ပြောလိုက်သည် “သူတို့ မှာ လူများတယ်လေ”

သူ မငြင်းပေ။ သို့သော် ဝန်လည်းမခံပေ။

ယန်းဇီ စဉ်းစားကြည့်ရာ ရှီမာယူယူ ပြောသည်မှာ အဓိပ္ပာယ်ရှိသည်ဟု ထင်သည်။ ထိုအရာကို မူစစ်လုပ်ခြင်းမဟုတ်ဟု သူ ခံစားမိသည်။ ထို့နောက် တွင် သူ သူတို့ကိုအာရုံစိုက်ကာ မေးလိုက်သည် “မင်းတို့က ကျန်းရှုလက်ထဲက နေ သူ့ကိုကယ်ပြီး သိတာနဲ့သူတို့ကိုသတ်ပြီး ရှင်းလိုက်တာလား”

ရှီမာယူယူသည် ပခုံးတွန့်လိုက်သည် “ကျွန်မက ကိုယ်ရံတော်နည်းနည်း ကိုပဲ သတ်လိုက်တာပါ ကျန်းရှုကိုမသတ်ဘူး”

“တကယ်လား”

“မယုံရင် မူစစ်ကိုမေးကြည့်လိုက်”

“ဦးလေးယန်းဇီ သူတို့က ကျန်းရှုကိုမသတ်ပါဘူး” မူစစ် ပြောလိုက်သည်။

ယန်းဇီသည် သူ အမှန်ပြောရဲ့လားဆိုသည့် အကြည့်ဖြင့် သေချာအောင် ကြည့်လိုက်သည်။ ပြီးနောက်တွင် သူ့ပခုံးကိုပုတ်ပြီး ပြောလိုက်သည် “ငါက မင်းကို စိုးရိမ်လို့လေ ကျန်းမျိုးနွယ်က ဒီလောက်အားကောင်းတာ၊ မင်းက ကျန်းရှုကို သတ်တယ်လို့ သူတို့သိရင် မင်းတော့ ပြဿနာကြီးပြီလေ”

“အင်း ကျွန်တော် နားလည်ပါတယ်” မူစစ် ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ သူတို့က ကျန်းရှုကိုမသတ်ပါဘူး”

ကျွန်တော် သတ်လိုက်တာ။ သူ့စိတ်ထဲမှ ပြောမိလေသည်။

“အင်း ဒီကိစ္စမှာ မင်းမပါတာ ကောင်းတယ်” ယန်းဇီသည် စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချလိုက်သည် “မင်းသာ သူတို့ဖမ်းတာခံရရင် အဲပစ္စည်းကို လွတ်သွားတော့မယ်၊ အဲလိုဆိုရင် မင်းအဖေကို ရှာလို့ရတော့မှာမဟုတ်ဘူး၊ အဲပစ္စည်းကို ရှာနိုင်ခဲ့လား”

မူစစ်သည် ခေါင်းရမ်းပြီး ပြောလိုက်သည် “ဦးလေးယန်းဇီ ရှာမတွေ့ဘူး အဲပစ္စည်းကမရှိတာလား မဟုတ်ရင် အဖေများယူသွားတာလား”

“ထပ်ပြီးရှာကြည့်ပေါ့၊ မင်းအဖေက သူ့မှာတစ်ခုခုဖြစ်ရင် တခြားသူများ လာရှာမှာစိုးလို့ သူထွက်သွားတော့ သေချာပေါက် အရန်တစ်ခုထားခဲ့မှာပါ” ယန်းဇီသည် အသေအချာပြောလေသည်။

“ဒါပေမဲ့ အဖေက ဒီအကြောင်းကို ကျွန်တော့်ကို တစ်ခါမှမပြောဖူးဘူး ပြီးတော့…” မူစစ်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည် “အိမ်တစ်ခုလုံးက တစ်ချက်တည်းကြည့်ရတောင်မြင်နိုင်တာကို၊ တကယ်လို့ တစ်ခုခုသာရှိရင် ရှာတွေ့တာကြာနေလောက်ပြီ”

“မင်း မျက်စိလျှန်းတာဖြစ်မှာပေါ့” ယန်းဇီ ဆက်ပြောလေသည် “အဲဒီက မင်းအဖေကို ရှာလို့ရမယ့် သော့ချက်ပဲ၊ အဲနေရာကိုရှာမတွေ့ရင် မင်းအဖေရဲ့ နေရာကို ခြေရာခံနိုင်မှာမဟုတ်ဘူး နားလည်လား”

“နားလည်ပါတယ်” မူစစ်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့သွား သည်။

သူသည် ထိုပစ္စည်းကို မရှာနိုင်ပါက သူ၏ဖခင်ကို ခြေရာခံနိုင်မည်မဟုတ် ပေ။ သူသည် အိမ်ထဲရှိ နေရာတိုင်းတွင် ရှာဖွေပြီးသော်လည်း ထိုပစ္စည်းကို ရှာ မတွေ့သေးပေ။ သူမည်သို့ ခံစားနေရသည်ကို တွေးကြည့်နိုင်သည်။

ယန်းဇီသည် သူစိတ်ဓာတ်ကျသွားသည်ကို မြင်သောအခါ ပြောလိုက် သည် “ထပ်ပြီး ရှာကြည့်လိုက်ပါ၊ ဒီအချိန်ကိုတော့ သူတို့ကိုရှောင်နေလိုက် လမ်းပေါ်မထွက်နဲ့၊ သူတို့ ဒေါသတွေက မင်းအပေါ်ပုံလာလိမ့်မယ်”

“နားလည်ပါတယ်”

“ဒါက အခုအတွက် မင်းရဲ့အသုံးစရိတ်ပဲ၊ မင်းအဖေက သူရဲကောင်းပဲ ကျင့်ကြံတာကို မရပ်လိုက်နဲ့” ယန်းဇီသည် သူ့ကို အိတ်တစ်အိတ်ပေးလိုက် သည်။

မူစစ်သည် အိတ်ကိုယူပြီး သူ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည် “ကျွန်တော် အကောင်းဆုံးကြိုးစားပါမယ် ကျေးဇူးပဲ ဦးလေးယန်းဇီ”

“ဪ ဟုတ်သားပဲ သူတို့က မင်းရဲ့ကယ်တယ်ရှင်ဆိုပေမဲ့ သူတို့ကို မင်းက သိတာမဟုတ်ဘူး ဘာပြဿနာမှဖြစ်မလာအောင် ဂရုစိုက်တာကောင်း မယ်”

“ဦးလေးယန်းဇီ မှတ်ထားပါမယ်”

“ကောင်းပြီ ငါသွားတော့မယ်၊ သတင်းတစ်ခုခုရှိရင် မင်းကိုပြောလိုက် မယ်”

ယန်းဇီသည် ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ မူစစ်သည် သူ့ကို ပို့ပြီးသည်နှင့် အမြန်ပင်ပြန်လာသည်။

သူသည် ဖျာပေါ်ထိုင်ပြီး အထဲကိုကြည့်ရန် အိတ်ဖွင့်လိုက်သည်။ ရှီမာယူယူ တစ်ချက်ကြည့်လိုက်ရာ အဆင့်နိမ့် အမှောင်ဝိညာဉ်ကျောက် အနည်းငယ်နှင့် အလယ်အလတ်အဆင့် ကျောက်နှစ်တုံးဖြစ်သည်။

ရှီမာယူယူသည် သူ့ကိုကြည့်ရင်းနှင့် လက်ကိုမေးပေါ်တင်ပြီး မေးလိုက် သည် “ဦးလေးယန်းဇီက ဘယ်သူလဲ”

မူစစ်သည် ဝိညာဉ်ကျောက်တုံးများကို သိမ်းလိုက်သည်။ ရှီမာယူယူသည် သာမန်လူမဟုတ်ကြောင်း သိသွားသဖြင့် သူ စိုးရိမ်ခြင်းမရှိတော့ပေ။ သူမသည် သေချာပေါက် ထိုဝိညာဉ်ကျောက်လေး အနည်းငယ်ကို လိုချင်မည်မဟုတ်ပေ။

“ဦးလေးယန်းဇီက အဖေ့ရဲ့ သူငယ်ချင်းကောင်းပဲ၊ ပြီးခဲ့တဲ့နှစ်တွေမှာ သူက ကျွန်တော့်ကို စောင့်ရှောက်ပြီးကူညီပေးခဲ့တာ ၊ မဟုတ်ရင် ကျွန်တော် ဒီလောက်ကြာအောင် အသက်ရှင်နိုင်မှာမဟုတ်ဘူး”

“မင်း သူ့ကိုယုံလား”

“အင်း”

“ဒါပေမဲ့ မင်း ခုနကသူ့ကိုလိမ်လိုက်တယ်လေ” ရှီမာယူယူ ဆက်ပြောလေ သည် “မင်း သူ့ကိုယုံရင် ဘာလို့အမှန်အတိုင်း မပြောလိုက်တာလဲ”

မူစစ်သည် ခေါင်းငုံ့ပြီး ဘာစကားမှမပြောဘဲနှင့် လက်ထဲမှ အိတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူ သူမကိုနေ့တစ်ဝက်စာလောက်ပဲ သိတာကို မပြောပြတတ်အောင် သူမကိုယုံလိုက်ပြီလား။

ရှီမာယူယူ သက်ပြင်းချကာ ပြောလိုက်သည် “ကလေး၊ ငါ မင်းကို မေးခွန်း သုံးခုမေးတာကို မင်း တစ်ခုပဲပြန်ဖြေသေးတယ်၊ မင်းကို ပြောရတာ ပင်ပန်း လိုက်တာ”

“ခင်ဗျားက ဘယ်သူလဲ” မူစစ်သည် ရုတ်တရက် ခေါင်းမော့လာပြီး မျက်ရည်ပြည့်နေသော မျက်လုံးများဖြင့် သူမ ကိုကြည့်လေသည် “ကျွန်တော့် ကိုသာ မေးခွန်းမေးနေတာ ဒါပေမဲ့ ခင်ဗျားကဘယ်သူလဲဆိုတာ မပြောရသေး ဘူး”

ဒီလူစိမ်းက သူ့ကိုဘာလို့ စိုးရိမ်ပေးနေတာလဲ။

သူသည် ငယ်ရွယ်သေးသော်လည်း သူ အရင်ကတွေ့ကြုံခဲ့သော အတွေ့ အကြုံများမှ သိလာသော ထိုးထွင်းသိမြင်မှုသည် သူ့အပေါ် မည်သူက ကောင်း သည် မကောင်းသည်ကို သိလာခဲ့သည်။

ခေါင်းမာသောသူသည် ရုတ်တရက် ထိုသို့ဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ မျက်တောင်ခတ်ကာ ပြုံးပြီး ပြောလိုက်သည် “ငါက ရှီမာယူယူပဲ မင်းလိုပဲ ငါလည်း ငါ့အဖေကိုရှာနေတာ”

“ခင်ဗျားအဖေလည်း ပျောက်နေတာလား”

“ဟုတ်တယ်” ရှီမာယူယူသည် အနေအထားပြောင်းလိုက်သည်။ သူမ သည် ဒူးကို လက်နှစ်ဖက်ဖြင့် ဖက်ပြီး ဒူးပေါ် ခေါင်းတင်ကာ ပြောလိုက်သည် “စဉ်းစားကြည့်လိုက်တော့ ငါတို့နှစ်ယောက်က အခြေအနေတူတာပဲ၊ မင်းအဖေ က မင်း အသက် ၈ နှစ်မှာပျောက်သွားတယ်၊ ငါကကျတော့ မွေးလာကတည်း ကတခြားနေရာကို အပို့ခံလိုက်ရပြီး ငါ့အဖေကို တစ်ခါမှမမြင်ဖူးဘူး၊ သူဘယ်လိုပုံလဲဆိုတာတောင် ငါမသိဘူး၊ အခု ငါလွမ်းနေသလို သူငါ့ကိုလွမ်း နေလားလဲမသိဘူး၊ အခုတော့ သူနေမကောင်းဘူးဆိုတာ ငါသိတယ် အဲဒါ ကြောင့် ဖြစ်နိုင်သလောက်မြန်မြန် ငါ သူ့ကိုရှာဖို့လွယ်တယ်”

“ခင်ဗျားအဖေက တစ္ဆေမြို့တော်မှာလား” မူစစ်မေးလိုက်သည်။

“အင်း ငါက အဖေ့ကိုရှာဖို့ ဒီကိုလာခဲ့တာပဲ” ရှီမာယူယူသည် ရှီမာလျူရွှမ် ၏ အသက်ကျောက်တုံးကိုထုတ်လိုက်သည်။ ကွဲအက်ရာများစွာပြည့်နှက် နေသော ထိပ်တန်းအဆင့်ကျောက်… ပိုင်ရှင်သည် လက်ရှိတွင် မည်သို့ဖြစ်နေ မည်ကို တွေးကြည့်၍ရနေသည်။

သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကိုယ်ချင်းစာမိ၍လားမသိပေ။ နှစ်ယောက်လုံးသည် ပိုရင်းနှီးလာကြသည်။

ရှီမာယူယူသည် သက်ပြင်းချကာ ပြောလိုက်သည် “မင်းသိတယ်မလား မင်းရဲ့ဦးလေးယန်းဇီက မင်းထင်သလောက် မရိုးရှင်းဘူး”

မူစစ်သည် အိတ်ကိုတင်းကြပ်စွာ ကိုင်ပြီး ပြောလိုက်သည် “သိပါတယ်၊ သူက အဖေ့ကြောင့် ကျွန်တော့်ကို စောင့်ရှောက်ခဲ့တာမဟုတ်ဘူး၊ တခြား အကြောင်းအရင်းရှိမှာပဲ”

“ဒါပေမဲ့ သူ့အသံကိုကြားတာနဲ့ မင်းပျော်သွားတာ မြင်နေရတယ်၊ မင်းက ပျော်ပျော်ကြီးထွက်သွားတာပဲ မင်းကဂရုမစိုက်ဘူးလား” ရှီမာယူယူ မေးလိုက် သည်။

“သူက အပြင်ကနေ ခံစားလို့ရတယ်လေ”

ရှီမာယူယူ အံ့အားသင့်သွားသည်။ သူက တမင်ဟန်ဆောင်နေတာလား။

***

All Chapters