သူမကိုတားမြစ်ဧရိယာသို့ ခေါ်သွားခြင်း
Vol. 95 Ch. 1325
ရှီယူသည် မလုံမလဲရယ်မောလိုက်သည် “အဲလိုမပြောပါနဲ့၊ ငါ မင်းကို ပြဿနာတွေယူမလာပါဘူး၊ မင်းဘယ်လိုကစားလဲဆိုတာ ငါကြည့်ချင်ရုံတင်ပါ”
ရှီမာယူယူသည် မတတ်သာစွာဖြင့် သူမကို မျက်လုံးလှိမ့်ပြလိုက်လေ သည်။ သူမ၏ စကားလုံးများသည် ဟော်ပိုအားကြည့်လိုက်သည်နှင့် ယုံချင်စရာ မကောင်းပေ။
“မင်း ငါ့ကိုဖော်ကောင်မလုပ်တာကို တကယ်ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါ တကယ်ပဲလုပ်စရာရှိနေလို့ပါ”
“စိတ်ချပါ ငါ ကတိပေးပါတယ် ငါ မင်းကိစ္စတွေ အပြင်ကိုမပေါက်ကြား စေရပါဘူး” ရှီယူသည် သူမရင်ဘတ်ကိုသူမ ပုတ်လိုက်သည်။
“မင်းကတိလား မင်းကိုယ်မင်းတောင် ယုံမယ်လို့မထင်ဘူး” ရှီမာယူယူ ပြန်ချေပလိုက်သည်။
“ဟီးဟီး အဲလိုမဟုတ်ပါဘူး၊ ငါက တကယ်ပဲအားကိုးရပါတယ်၊ ငါ သတင်း မဖြန့်ဘူးလို့ပြောရင်မဖြန့်ပါဘူး” ရှီယူ အတည်ပြုလေသည်။
သူတို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုမရှိသေးဟု ရှီမာယူယူ ပြောချင်မိ သည်။ သို့သော် သူမသည် ရှီယူ၏ နာမည်ကိုအသုံးပြုခဲ့သည့်အချက်မှာ အားနည်းချက်ဖြစ်နေသည်။ ရှီယူသာ ထိုအရာကိုထောက်ပြပါက သေချာ ပေါက် ရိုက်ခတ်မှုဖြစ်လိမ့်မည်။ အခု သူမ မြို့တော်မှမထွက်နိုင်ပါက အမှန်တကယ်ပင်…
“မင်း တကယ်ပဲ ငါနဲ့သွားချင်တာလား”
“အင်း ဒီမှာပျော်စရာမကောင်းဘူးဆိုရင် ငါသွားမှာပဲ၊ ပြီးတော့ ငါ့နာမည် ကိုမင်းကိုဆက်ငှားပေးမယ်၊ ဘယ်လိုလဲ မဆိုးဘူးမလား” ရှီယူသည် သူမ အတွက် အကျိုးခံစားခွင့်မယူဟူသည့် အကြည့်ဖြင့်ကြည့်လေသည်။
“မဆိုးပါဘူး” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒါပေမဲ့ မင်းတကယ်ပဲ ငါ နဲ့လိုက်ချင်ရင် ငါ့စကားကိုနားထောင်ရမယ်၊ အဲလိုမလုပ်နိုင်ဘူးဆိုရင် ဖြစ်နိုင် သလောက်မြန်မြန်သာ ထွက်သွားလိုက်ပါ”
“ညီမလေး မင်းက အရမ်းကို မကြင်နာတတ်တာပဲ၊ အဲဒါကိုဘယ်လိုများ ချောချောမွေ့မွေ့ပြောနိုင်ရတာလဲ၊ ဒီအစ်မရဲ့နှလုံးသားလေးနာကျင်သွားပြီ ဒါ မင်းအခန်းလား နောက်ကျရင် ငါတို့အတူနေရတော့မှာပဲ” ရှီယူသည် ရှီမာယူယူ ၏ အခန်းသို့ဝင်သွားလိုက်သည်။ ထိုအတိုင်းပင် ရှီယူ၏စကားများကို သူမ နားလည်သွားခဲ့သည်။
ဒိဝူနှင့် မူစစ်တို့သည် သူမကိုကြည့်လိုက်ကြသည်။ သူမ တကယ်ပဲ ရှီယူ့ကို လိုက်ခွင့်ပြလိုက်တာလား။
ရှီမာယူယူသည် မတတ်သာစွာဖြင့် ပခုံးတွန့်လိုက်သည်။ “ငါ သူမကို မောင်းထုတ်လို့ရမယ်လို့ထင်နေလား”
“အာ…”
တစ်ညတာ အတူဖြတ်သန်းပြီးနောက်တွင် သူတို့သည် ရှီယူ၏ အကျင့် သဘောထားကို ပိုနားလည်လာသည်။ သူမ၏ ရည်ရွယ်ချက်များကိုသာ လိုက်လျောပါက ပေါင်းသင်းရန်လွယ်ကူသည်။ ထိုသို့မဟုတ်ပါက ရိုင်းစိုင်း သည့် သခင်မလေးဆိုသည်ကို သူမမှ ပြသပေးလိမ့်မည်။
“ဒါပေမဲ့ သူမ လိုက်ရင် ကျွန်တော်တို့ကို တားမှာတော့မဟုတ်လောက်ပါ ဘူးနော်” ဒိဝူမေးလိုက်သည်။
“မဟုတ်ဖို့မျှော်လင့်ပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
သူမဘက်မှ မသေချာမရေရာမှုတွေ မည်သည့်နေရာတွင် ထားရမည်ကို သူမ အမှန်တကယ်မသိပေ။ သို့သော် သူမသည် အမြဲတစေ အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားခဲ့သည်။ ရှီယူသာ ပြဿနာရှာပါက သူမ နူးညံ့နေမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ သူမ ဖခင်ကိုကယ်ရမည့်ကိစ္စတွင် သက်ရောက်မှု ရှိမည်မဟုတ်ပေ။
“ကောင်းပြီ မူစစ် မင်း တစ်ညလုံးမအိပ်ရသေးဘူး တစ်ခုခုစားပြီး သွား နားလိုက်တော့”
သူမသည် ရိုးရှင်းသော မနက်စာလုပ်ပေးလိုက်သည်။ ရှီယူသည် ဒိဝူထက် ပင် စူးရှသော နှာခေါင်းရှိသည်။ သူမသည် မွှေးပျံ့သောအနံ့ရသည်နှင့် ချက်ချင်း ထွက်လာခဲ့သည်။
“ဝါး မနက်စာစားရလိမ့်မယ်လို့ ထင်မထားဘူး” သူမသည် စားပွဲတွင် အသာအယာပင် ဝင်ထိုင်လေသည်။ သူမသည် ရိုးရှင်းသော်လည်း ပြည့်စုံသည့် မနက်စာကို ကြည့်လိုက်သည်။ “မူမူလေး မင်းကတော့ တကယ်ကံကောင်းတာ ပဲ၊ လက်ဆေးလို့ရလောက်တဲ့ ဟင်းရည်လုပ်ပေးမယ့်သူရှိတယ်”
“သွားတော့ မဟုတ်တာတွေမပြောနဲ့” ရှီမာယူယူသည် သူမကို မျက်လုံး လှိမ့်ပြလိုက်သည်။ ဟင်းရည်ကို ဘာလို့များလက်ဆေးရည်နဲ့လာနှိုင်းနေတာ လဲ။
“ဟီးဟီး ညီမလေး မနက်အစောကြီးတောင် ချက်ပြုတ်ဖို့အားတယ်ပေါ့” ရှီယူ မှတ်ချက်ပေးလေသည်။
“မူမူလေးက ထွားနေတဲ့အရွယ်ပဲရှိသေးတယ် အဲဒါကြောင့် သူ တစ်နေ့ကို သုံးနပ်စားရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“စားပြီးရင် ဘာအစီအစဉ်ရှိလဲ” ရှီယူ မေးလိုက်သည်။
“မူစစ်ကို သွားအိပ်ခိုင်းပြီး ငါလမ်းလျှောက်ထွက်မယ်” ရှီမာယူယူသည် ချက်ပြုတ်ပြီးသည်နှင့် ထိုင်ချလိုက်သည်။
“ငါ မင်းကို အလည်လိုက်ပြမယ်၊ ငါ တောင်ပိုင်းမြို့ကိုရောက်တာ နည်းနည်းကြာပြီ နားလည်ထားတာ တချို့ရှိနေပြီ” ရှီယူသည် ဧည့်လမ်းညွှန် အဖြစ် သူမဘာသာ တာဝန်ယူလေသည်။
ရှီမာယူယူသည် သူမအား သံသယဖြင့် ကြည့်လိုက်သည်။ ဒီလူက လမ်းညွှန်ဖြစ်ချင်သေးတယ်။ ဘယ်လောက်တောင် ကြင်နာလိုက်လဲ။
“ငါ့ကို အဲလိုမကြည့်နဲ့” ရှီယူ ပြောလိုက်သည် “ငါက ဒီအတိုင်းပဲ နင့်ကိစ္စ တွေကိုသိချင်ရုံတင်ပဲ၊ မင်း တကယ်သွားချင်ရင် ငါက ဒီနေရာနဲ့ပိုရင်းနှီးတော့ လမ်းညွှန်ဖြစ်ပေးနိုင်တယ်လို့”
“လုပ်ချင်တာလုပ်လိုက်ပါတော့” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆိုရင် ဆုံးဖြတ်ပြီးပြီနော်”
မနက်စာစားပြိးနောက်တွင် မူစစ် အိပ်ရန်သွားလိုက်ပြီး ကျန်လူများ ထွက်လာခဲ့ကြသည်။ ရှီမာယူယူနှင့် ရှီယူတို့သည် အရှေ့မှလျှေက်လာကြပြီး အနော်တွင် ဟော်ပိုနှင့်ဒိဝူတို့ ပါလာကြသည်။
ရှီယူ လိမ်သည့်ပုံမပေါ်ပေ။ သူမသည် တောင်းပိုင်းမြို့အကြောင်းကို အနည်းငယ်သိနေပြီး အနည်းဆုံးတော့ ရောက်သည်မှာမကြာသေးသော သူမ ထက်တော့ ပိုရင်းနှီးနေသည်။ သို့သော် ကလေးအရွယ်ကတည်းက လမ်းပေါ် နေလာသော မူစစ်နှင့်ယှဉ်လျှင်တော့ ယှဉ်မရသေးပေ။
ခဏကြအောင် လျှောက်ပြီးနောက်တွင် ရှီယူသည် လျှို့ဝှက်စွာပြောလေ သည် “ငါ မင်းကို နေရာတစ်ခုကိုခေါ်သွားမယ်”
“ဘယ်နေရာကိုလဲ”
“ရောက်ရင်သိလိမ့်မယ်” ရှီယူ ပြန်ဖြေလေသည်။
ရှီမာယူယူသည် ရှီယူပြောသော လျှို့ဝှက်ဆန်းကြယ်သော နေရာသို့ လိုက်လာသည်။ သူမ လျှောက်လေလေ မြင်ရသော အဆောက်အဦးများမှာ ရင်းနှီးသလိုခံစားရလေဖြစ်သည်။
နောက်ဆုံးတွင် သူမ ထိုနေရာကိုမှတ်မိသွားလေပြီ။
“တားမြစ်ဧရိယာကို ငါ့ကိုဘာလို့ခေါ်လာတာလဲ”
“မင်း တားမြစ်ဧရိယာအကြောင်းကို သိတာလား” ရှီယူ မေးလိုက်သည် “ဒီမှာ ရတနာတွေရှိတယ်လို့ ကြားခဲ့လို့ မင်းကို ဒီကိုခေါ်လာတာ၊ တားမြစ် ဧရိယာကို ပိတ်ပင်ထားလို့ အပြင်ထွက်မရဘူးလို့ပြောတယ်မလား၊ ဒီက အကြောင်းအရင်းကို ရှာနိုင်ရင် မြို့ကနေစောစောထွက်သွားနိုင်ဖို့ ကူညီနိုင် လောက်တယ်”
“တကယ်တော့ ငါ နည်းနည်းရှုပ်နေပြီ၊ တားမြစ်ဧရိယာက အခြေအနေ ကြောင့်နဲ့ ဘာလို့များလူတွေကို ထွက်ခွာဖို့ ပိတ်ပင်ထားတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အဲဒါကို ငါ့မိသားစုဝင် ပြောတာကြားဖူးတယ်” ရှီယူ ပြောလေသည် “ဒီ တားမြစ်ဧရိယာမှာ တစ္ဆေမြို့တည်ရှိမှုကို သက်ရောက်စေမယ့် အသက်သွေး ကြောရှိတဲ့ပုံပဲ၊ အဲဒါသာပြိုကွဲသွားရင် တစ္ဆေမြို့တော်က ရှိတော့မှာမဟုတ်ဘူး”
“အဲလောက်အရေးကြီးလား” ရှီမာယူယူသည် အံ့ဩသွားသည်။ ထိုနေရာ သည် ရတနာဝှက်ထားသော သာမန်တားမြစ်နယ်မြေဟုသာ သူမ ထင်ခဲ့သည်။
“ဟုတ်တယ် အရင်နှစ်တွေတုန်းက ဘာတွေဖြစ်ခဲ့လဲတော့ ငါလည်းမသိ ဘူး၊ တားမြစ်ဧရိယာမှာ အမြဲတမ်းမတော်တဆမှုတွေဖြစ်တတ်တဲ့ပုံပဲ၊ ငါ့အဖေ တို့ကလည်း ဒီကို အကြိမ်ပေါင်းများစွာလာဖူးတယ်” ရှီယူ ထပ်ပေါင်းပြောလေ သည်။
“ဒါဆိုရင် ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းသိလား” ရှီမာယူယူ မေးလိုက် သည် “ဒါပေမဲ့ တစ္ဆေမြို့တော်က လေပေါ်မှာမဟုတ်ဘူးမလား အောက်မှာ ဘာမှမရှိဘူးလေ”
“ချီပဲ” ရှီယူ ပြန်ဖြေလေသည် “ချီရဲ့ထောက်ပံ့မှုနဲ့ တစ္ဆေမြို့တော်ရှိနေတာ ပဲ၊ ဒီအသက်သွေးကြောက အဲဒီချီကိုသက်ရောက်မှုရှိမယ်လို့ ထင်တယ်၊ ထူးဆန်းတယ် အဲတုန်းက အကုန်ကောင်းနေတာပဲ မကြာခင်ကမှ ဘာလို့ဆိုး လာတာလဲ”
“စုံစမ်းပြီးရင် မသိနိုင်ဘူးလား” ရှီမာယူယူ ပြောလိုက်သည်။
“ငါက သွားစုံစမ်းရမှာလား၊ မင်းက ငါနဲ့မသွားဘူးလား”
“ငါ့မှာ လုပ်စရာလေးတွေရှိသေးတယ်” ရှီမာယူယူ ငြင်းဆန်လိုက်သည် “ပြီးတော့ တစ္ဆေမြို့တော်က ငါနဲ့ဘာမှမဆိုင်ဘူး၊ ဒီလိုနေရာအတွက် ငါ မစွန့်စားချင်ဘူး”
သူမသည် ပြန်သွားချင်သည်။
သူမ ထိုနေရာသို့လာရသည့် ရည်ရွယ်ချက်မှာ သူမ ဖခင်ကိုရှာရန်ဖြစ် သည်။ သူမသာ ထိုကိစ္စများတွင် ပါဝင်သွားပါက အရှုံးထွက်သွားမည်။
“မင်း ဒါတွေကို မသိချင်ဘူးလား” ရှီယူ မေးလိုက်သည်။
“သိချင်စိတ်ကလည်း အခြေအနေပေါ်မူတည်သေးတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒီလိုစကားကိုကြားဖူးလား စပ်စုတဲ့စိတ်ကကြောင်ကို သေ စေတယ်တဲ့”
“အဲလိုမပြောနိုင်ဘူးလေ” ရှီယူ ဖြားယောင်းလေသည် “မင်း အသက်ရှင် နေမှတော့ ဘာကိုမှမသိချင်ရင် အသက်ရှင်နေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
“ငါ့ကိစ္စရှင်းပြီးသွားလို့ မင်း ဒီနေရာကိုစိတ်ဝင်စားနေသေးရင် မင်းကို ငါ အဖော်ပြုပေးမယ်” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် ရုတ်တရက် လောကအသေးမှ တစ်စုံတစ်ခုကို အာရုံခံမိလေ သည်။ သူမ စစ်ကြည့်လိုက်ရာ လက်ထောက်လေးကြောင့်ဖြစ်သည်ကို တွေ့ရှိ လိုက်ရလေသည်။
***