← Chapters

တစ်ဆင့်ပြီး တစ်ဆင့်ဖိနှိပ်ခြင်း

Vol. 96 Ch. 1333

တစ်ဆင့်ပြီး တစ်ဆင့်ဖိနှိပ်ခြင်း

Vol. 96 Ch. 1333

“မိန်းကလေး မင်းရှေ့ကလျှောက်လိုက်ပါ”

ဝူမန်နှင့် တခြားသူများသည် အနီးကိုမကပ်ရဲကြပေ။ သူတို့သည် သူမကို အဝေးမှသာ ပြောနိုင်ကြလေသည်။

ရှီမာယူယူသည် ခေါင်းညိတ်ကာ အမည်းလေးကိုဖက်ပြီး သူတို့ပြောသော နေရာသို့ လျှောက်သွားလိုက်သည်။

သူမ ခြေလှမ်းတိုင်းတွင် မြူခိုးမည်းများသည် တစ်လှမ်းနောက်ဆုတ်သွား ကာ လွှမ်းမိုးထားသောနေရာမှာ နည်းနည်းချင်းစီလျော့နည်းသွားလေသည်။

ထိုအခိုက်တွင် အစပိုင်းက ဂယက်ထနေသောမြို့သည် တိတ်ဆိတ်သွား လေသည်။ သူတို့ကို ကြောက်စေသော ရောင်ဝါသည် အားနည်းသွားသည်။ အဲဒီ အန္တရာယ်ကို ဖြေရှင်းပြီးသွားတာလား။

သူတို့သည် တားမြစ်ဧရိယာသို့သွားပြီးကြည့်ချင်သည်။ သို့သော် ကျန်းဟောက်သိသွားချိန်တွင် အပြင်ကိုအစောင့်များလွှတ်ကာ မည်သူမှ နီးကပ်မလာစေရန် အားလုံးကိုတားမြစ်လိုက်သည်။

ဇာမဏီနက်ကျောပေါ်တွင် ဒိဝူနှင့် မူစစ်တို့သည် ဘေးမှ စိုးရိမ်တကြီး ကြည့်လျက်ရှိသည်။

“သခင်မလေး ဘေးကင်းရမယ်နော် တစ်ခုခုဖြစ်ရင် ဆရာ့ကိုဘယ်လို မျက်နှာပြရတော့မှာလဲ” ဒိဝူသည် ငိုတော့မည့်အတိုင်းဖြစ်နေသည်။

“ဘာမှဖြစ်မှာမဟုတ်ပါဘူး အဆင်ပြေမှာပါ” မူစစ်သည် ယုံကြည်ချက် ရှိရှိဖြင့် ပြောလေသည် “သူမက ကျွန်တော်တို့ဆီပြန်လာမယ်လို့ပြောတယ်လေ သူမ သေချာပေါက်ပြန်လာမှာပါ”

သူသည် ထိုစကားကိုယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သော်လည်း လက်များသည် ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ စိုးရိမ်မှုကြောင့် တုန်ယင်နေ သည်။

ရှီယူပင် အနည်းငယ်မသေချာကာ ပြောလိုက်သည် “ငါတို့သိတာ နှစ်ရက် ပဲရှိသေးပေမဲ့ ဘာလို့ သူမကိုစိုးရိမ်နေတာလဲ၊ ဒါကအရင်နဲ့တူကိုမတူဘူး”

ဟော်ပိုသည် ရှီမာယူယူကို တစ်မျိုးခံစားမိသည်။ ရှီမာယူယူသာ ယောက်ျားလေးဖြစ်ပါက သူ၏သခင်မလေးသည် ခံစားချက်ဖြစ်ပေါ်လာနိုင် သည်ကို စိုးရိမ်မိသည်။ သို့သော် သူမသည် မိန်းကလေးတစ်ယောက်ဖြစ်သည်။ အပြောင်းအလဲတချို့မကြုံခဲ့ရင်ရော။

“သူမ ထွက်သွားတုန်းက အရမ်းယုံကြည်မှုရှိတဲ့ပုံနဲ့လေ သူမ အဆင်ပြေ မယ်ထင်ပါတယ်” သူသည် သူ၏သခင်မလေး စိတ်မပူစေရန် အာမခံလေသည်။

“ဟော်ပို ပြောပါဦး ယူယူက စွမ်းအားတွေကိုဖတ်နိုင်တယ်လို့ပြောတယ် သူမက ဝိညာဉ်ရှာဖွေသူသခင်များလား” ရှီယူသည် ရှီမာယူယူ ထွက်မသွားခင် ပြောခဲ့သောစကားကို တွေးပြီးမေးလိုက်သည်။

“ဟုတ်သားပဲ”

“သူမက ငါ့လိုပဲ တည်ဆောက်မှုသခင် ဟီးဟီး အလုပ်အကိုင်တွေများ လိုက်တာ” ရှီယူ သက်ပြင်းချလိုက်သည် “သူမလိုလူကတော့ ကောင်းကင်ဘုံက ကောင်းချီပေးတာပဲ သူမ ဒီလာက်မြန်မြန်မသေနိုင်ဘူး”

သူမသည် အခြေအနေနှစ်ခုကိုသုံးကာ သူမကိုယ်သူမ အာမခံလိုက်သည်။ ထိုသည်မှာ သူမသည် ထိုမျှလောက် ယုံကြည်ချက်မရှိသည်ကို ပြနေသည်။

“ငါတို့ အနီးကပ်သွားမကြည့်ရတာတော့ နှမြောဖို့ကောင်းတယ်၊ သခင်မလေး အခုဘယ်လိုနေလဲမသိဘူး” ဒိဝူ စိုးရိမ်သွားသည်။

အနီးကပ်ဟုတ်လား။

ရှီယူ၏ မျက်လုံးများ အရောင်တောက်သွားသည် “အခု အဲလောက် အန္တရာယ်မများတော့ဘူး၊ ငါတို့အနီးကပ်ကြည့်လို့ရနိုင်လောက်တယ်၊ အဲဒါက အဝေးကနေ စိတ်ပူနေတာထက်စာရင် ကောင်းတယ် ဇာမဏီနက် သွားလိုက်”

ဇာမဏီနက်သည် အတောင်ပံခတ်ကာ တားမြစ်ဧရိယာသို့ ပျံသန်းသွား လေသည်။ သူတို့နီးလာသည်နှင့် အစောင့်များက တားလိုက်လေသည်။

“ရှေ့ဆက်သွားရင် တားမြစ်ဧရိယာပဲ၊ ဘယ်သူမှ အနားသွားလို့မရဘူး”

“ငါ့ညီမလေးက အထဲမှာ ငါဝင်သွားပြီးကြည့်ရမယ်” ရှီယူသည် မရှက်မရွံ့ ပြောလိုက်သည်။

“မင်းရဲ့ညီမလေးလား” အစောင့်သည် သူမကို မယုံပေ။

“ဟုတ်တယ် သူမ အခုလေးတင်ဝင်သွားတာပဲ” ရှီယူ ပြောလိုက်သည် “သူမက အနက်ရောင်စကတ်ရှည်ဝတ်ထားပြီး အရမ်းလည်းလှတယ်”

“မင်းပြောနေတာက ခွေးပိုက်ထားတဲ့ မိန်းကလေးကိုတော့မဟုတ်ဘူး မလား” အစောင့် ပြောလိုက်သည်။

ခွေးပိုက်ထားတဲ့ မိန်းကလေးဟုတ်လား။

ရှီယူ တအံ့တဩ မျက်တောင်ခတ်လိုက်သည်။ သူသည် ရှီမာယူယူကို တလေးတစားပြောနေသည်ဟု သူမ အတပ်ပြောနိုင်သည်။ ထိုမိန်းကလေး သည် ရှီမာယူယူ ဟုတ်သည်မဟုတ်သည်ကို ဂရုမစိုက်တော့ဘဲ သူမ ပြန်ဖြေ လိုက်သည် “သူမပဲလေ ဘာဖြစ်လို့လဲ သူမ ဒဏ်ရာရထားတာလား အားယား မင်း ငါ့ကိုညီမလေးနဲ့ မြန်မြန်တွေ့ခွင့်ပေးလိုက်၊ သူမက ငါ့မျိုးနွယ်ကရတနာ လေးပဲ၊ တစ်ခုခုဖြစ်ရင် အဒေါ်မန်ကို မင်းကိုအပြစ်ပေးခိုင်းတော့မှာ”

“ဒါပေမဲ့ ဘယ်သူမှမလာစေနဲ့လို့ ခေါင်းဆောင် ပြောထားတယ်” အစောင့် များသည် ခုခံနေတုန်းင်။

“ငါက ကျန်တဲ့သူတွေနဲ့တူလို့လား၊ ငါ့ညီမလေးက အထဲမှာရောက်နေ တာ၊ သူများတွေရဲ့ညီမလေးတွေက အထဲရောက်နေလို့လား” ရှီယူသည် အသံ မြှင့်ပြီး စိုးရိမ်ပူပန်ချင်ယောင်ဆောင်လေသည်။

“ဒါပေမဲ့…”

“ဒါပေမဲ့တွေဘာတွေလုပ်မနေနဲ့ ငါ့ကိုဝင်ခိုင်းလိုက်၊ ငါ့ညီမလေး တစ်ခုခု ဖြစ်ရင် ငါ သူမနဲ့အတူလိုက်သေမယ်” ရှီယူသည် ထိုစကားအားကြေညာရင်း မျက်ရည်များကျလာကာ မျက်ရည်များသည် အဆက်မပြတ်ထွက်လာတော့ သည်။

“မစိုးရိမ်ပါနဲ့ မင်းညီမလေးက အားကောင်းပါတယ် သူမ အဆင်ပြေတယ်”

“တားမြစ်ဧရိယာမှာက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ အရာကြီးဆိုတာ ပြောဖို့လိုဦးမှာလား၊ ငါ့ညီမလေးက အဲဒီကိုတစ်ယောက် တည်း ဝင်သွားတာ အဲတော့ ဘယ်လိုလုပ်မစိုးရိမ်ဘဲနေမလဲ” ရှီယူသည် ပြော ရင်းနှင့် မျက်ရည်များပိုကျလာသည်။

“ဒါပေမဲ့ စည်းကမ်းဖောက်လို့မရဘူး”

အစောင့်များသည် သူမကိုကြည့်ပြီး သူမသည် အစောင့်များကို ကြည့်နေ လေသည်။ အလွန်ပင် မတူညီသော အခြေအနေပင်ဖြစ်လေသည်။

သာမန်လူသာဆိုပါက သူမကို တိုက်ရိုက်ပင် မောင်းထုတ်လိုက်မည်ဖြစ် သည်။ သို့သော် သူတို့သည်ရှီယူ၏ဇစ်မြစ်ကိုမသိသော်လည်း သူမသည် မျိုးနွယ်ကြီးတစ်ခုမှဖြစ်သည်ကို ကြည့်လိုက်သည်နှင့် ပြောနိုင်သည်။ သူမသာ ပြဿနာရှာလိုက်ပါက နှစ်ဖက်လုံးနစ်နာမည်ဖြစ်သည်။

ထိုနေရာတွင် လှုပ်လှုပ်ရှားရှားလုပ်လိုက်သည်မှာ ကောင်းသွားသည်။ တားမြစ်ဧရိယာမှ အာရုံကိုရသွားလေသည်။ ဝူမန်သည် ပြဿနာရှာနေသော လူကိုတွေ့သောအခါ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် “သူတို့ကိုဝင်ခိုင်း လိုက်”

အစောင့်များကြားသောအခါ ချက်ချင်းပင်ဘေးသို့ဖယ်ပေးကာ ပြော လိုက်သည် “ကြွပါ”

ဇာမဏီနက်သည် ဝူမန်ဘေးသို့ ခေါ်သွားသည်နှင့် ရှီယူ အော်လေသည် “အဒေါ်မန်”

“ညီမလေးဟုတ်လား မင်းအဖေမှာ နောက်ထပ်သမီးတစ်ယောက်ရှိသေး တာ ငါဘာလို့မသိလိုက်တာလဲ” ဝူမန် မေးလိုက်သည်။

ရှီယူသည် ဝူမန်ဘေးသို့ပျံသွားကာ သူမလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက် သည် “ဟီးဟီး အဒေါ်မန် သိတယ်ပေါ့”

“အပြင်မှာ ခင်လာတဲ့နောက်သူငယ်ချင်းတစ်ယောက်လား”

ဝူမန်သည် ရှီမာယူယူဘက်သို့ကြည့်ပြီး သူမကို ချီးကျူးလိုက်သည် “မင်း ဒီတစ်ခါတော့ တကယ်ပဲ သူငယ်ချင်းရွေးတာတော်သွားပြီ၊ သူမက အရင်တုန်း က မင်းရဲ့ခွေးသူငယ်ချင်းတွေနဲ့ မတူဘူး”

ဝူမန်၏အသံသည် မကျယ်ပေ။ ပြီးနောက် ရှီယူကိုမေးခွန်းထုတ်ရမည်ဟု လည်းမထင်ပေ။ အခုအခြေအနေသည် သူမကို ပြောပြရန်မလိုပေ။

ရှီယူသည်လည်း ရှီမာယူယူဘက်သို့ ကြည့်လိုက်သည်။ ရှီမာယူယူ တစ်ယောက်တည်း တားမြစ်ဧရိယာတွင်ရှိနေသည်ကို မြင်သောအခါ ချက်ချင်း ပင် အော်လေသည်။

“အဒေါ်မန် သူမက အဲဒီမှာတစ်ယောက်တည်းဘာလုပ်နေတာလဲ အရမ်း အန္တရာယ်များတယ်”

ရှီမာယူယူသည် သူမအသံကိုကြားလိုက်သောအခါ လှည့်ကြည့်လေ သည်။ သူမသည် ရှီယူ၏စိုးရိမ်ပုံကိုမြင်ပြီးနောက် ပြုံးသွားကာ ပြန်လှည့်ပြီး ဆက်လျှောက်လေသည်။

“ငါမြင်သလောက်ဆိုရင် သူမ အဆင်ပြေတဲ့ပုံပါပဲ” ဝူမန် ပြောလိုက် သည်။ “သူမ ပွေ့ထားတဲ့ ဝိညာဉ်သားရဲက အဲဒီဟာကို အောင်နိုင်တဲ့ပုံပဲ၊ သူမ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာ မြူခိုးမည်းတွေနောက်ဆုတ်သွားတာ မတွေ့ဘူး လား”

ဇာမဏီနက်ကျောပေါ်တွင်ရှိနေသော ရှီယူနှင့် မူစစ်တို့သည် ကြည့်လိုက် ကြသည်။ တကယ်ပဲ အဲလိုပဲ။ ထိုအခါမှပင် စိုးရိမ်နေသော သူတို့စိတ်များ အေး သွားတော့သည်။

“အဲကောင်လေးက အဲလောက်အားကောင်းမယ်လို့ ဘယ်သူထင်ထားမှာ လဲ၊ သူမမှာ အကြံရှိတယ်လို့ပြောတယ် တကယ်ပဲရှိနေတာပဲ” ရှီယူသည် ပြုံးပြီး ပြောလိုက်သည်။

ဒိဝူသည် ထိုမြင်ကွင်းကိုကြည့်ပြီး အရမ်းမအံ့ဩတော့ပေ။ သူသည် သခင်မလေး၏ စွန့်စားခန်းများစွာကိုကြားဖူးသည်။ သူ့စိတ်ထဲတွင်တော့ သူမ မလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။

သို့သော် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ စိတ်ချရန် သူ့မျက်လုံးနှင့် မြင် ချင်ဆဲပင်ဖြစ်သည်။

“ကြည့်ရတာ အရမ်းရင်းနှီးတယ်ထင်တယ်” မောင့်ရှားသည် ရံဖန်ရံခါ တွင် ဝူမန်ကိုရှာရန် မြောက်ပိုင်းကိုလာတတ်ရာ သူမအလိုလိုက်ထားသော တူမ နှင့်ပင် သိကျွမ်းနေလေသည်။

သူသည် ရှီမာယူယူ၏ ဇစ်မြစ်ကိုသိချင်နေသည်။ ရှီယူသာ သူမကိုသိပါက ပိုပြီးရှာဖွေနိုင်မည်။

“အရမ်းကြီးတော့မဟုတ်ပါဘူး သိတာမှနှစ်ရက်ပဲရှိသေးတယ်” ရှီယူ သည် လွန်ခဲ့သည့်နှစ်ရက်က သူတို့တွေ့ခဲ့သည့်အကြောင်းကို ပြန်တွေးလိုက်ရာ နှုတ်ခမ်းတွင် အပြုံးဖြစ်လာလေသည်။

“နှစ်ရက်တည်းနဲ့ သူမက မင်းညီမလေးဖြစ်လာတာလား” ဝူမန်သည် ရှီမာယူယူကို သဘောကျသော်လည်း သူမသာ အာဏာမက်ပြီး အဆင့်တက်ရန် ကြိုးစားပါက ထိုအကောင်းမြင်သောစိတ်သည် အနည်းငယ် ကျဆင်းသွားလေ သည်။

“မှားနေပြီ အဒေါ်မန် သူမက သမီးရဲ့ ညီမလေးဖြစ်ချင်တာမဟုတ်ဘူး သမီးက သူမရဲ့အစ်မကြီးအတင်းလုပ်တာ” ရှီယူ ရှင်းပြလေသည် “သမီးက ရှီမျိုးနွယ်က သခင်မလေးဆိုတော့ အစတုန်းကသဘောမတူခဲ့ဘူး၊ သမီးက ခြိမ်းခြောက်ပြီး ကတိတွေပေးလိုက်မှ သူမ သဘောတူခဲ့တာ”

သူမ ထိုသို့ပြောလိုက်ရသော်လည်း သူမကိုယ်သူမ ဂုဏ်ယူနေလေသည်။

“မင်း…”

ဝူမန်သည် ပြဿနာထပ်ရှာပြန်ပြီဟု ပြောချင်မိသည်။ သို့သော် သူမ စကားမဆုံးလိုက်ခင်ပင် ပျော်ရွှင်စွာအော်သံမှ သူမစကားကို နှောင့်ယှက်လိုက် လေသည်။

“အဲအရာကြီးက ကန်ထဲကိုပြန်သွားလိုက်ပြီ”

***

All Chapters