ထူးခြားသော ကိုယ့်ကိုယ်ကိုမိတ်ဆက်မှု
Vol. 96 Ch. 1335
ရှီယူ၏ အရိပ်အမြွက်ပေးခြင်းကြောင့် ရှီမာယူယူသည် ရှီမျိုးနွယ်ဝင် မဟုတ်ကြောင်းကို ရှီမျိုးနွယ်သည် မထုတ်ဖော်တော့ပေ။
ရှီမာယူယူသည် အမည်းလေးကို ပိုက်ရင်း ရှီယူဆီသို့လျှောက်သွားလိုက် သည်။ ရှီယူသည် သူမကို ကိုင်ပြီး အဆင်ပြေရဲ့လားဟု စစ်ဆေးပြီးနောက်တွင် လွှတ်လိုက်သည်။
ထိုမြင်ကွင်းသည် အစ်မကြီးမှ ညီမလေးကို ကြည့်ရှုပေးသည်နှင့် တူလေ သည်။
“ညီမလေး အဆင်ပြေရဲ့လား” ရှီယူသည် သူမ၏ပခုံးများကို ပုတ်ပြီး သူမကို မျက်စိမှိတ်ပြလေသည်။
“အဆင်ပြေပါတယ်” ရှီမာယူယူသည် သူမ မည်သည့်အရာလုပ်ရန်ကြိုး စားနေသည်ကို မသိတော့ပေ။ သူမ ဖုံးကွယ်ရန် ကြိုးစားနေသည်မှာ သိသာနေ သဖြင့် သူမ မထုတ်ဖော်သည်က ကောင်းပေမည်။
ရှီမျိုးနွယ် နှုတ်ပိတ်စေရန် ရှီယူမည်သို့လုပ်လိုက်သည်ကို သူမ မသိသော်လည်း ရှီယူသည် မျိုးနွယ်တစ်ခုလုံးမှ အလိုလိုက်ခြင်းကိုခံရကြောင်း သူမ ပြောဖူးသည်ကို ရှီမာယူယူ မှတ်မိသေးသည်။ ထို့ကြောင့် သူတို့ သူမကို ဆွဲမချသည်မှာ ထင်ထားသည့်အတိုင်းပင်။
“အဆင်ပြေတယ်ဆိုတာ သေချာရဲ့လား” ရှီယူသည် မြတ်နိုးစွာဖြင့် မေးမြန်းလေသည် “အခုအရမ်းအန္တရာယ်များတာကို၊ နင့်ကြောင့်သာမဟုတ်ရင် လူတွေဘယ်လောက်သေမလဲဆိုတာ မသိတော့ပါဘူးဟယ် အဲဒါကြီးကို ဒီအထိ တစ်ဆင့်ချင်း တွန်းပို့လာရတာ စွမ်းအားတွေအများကြီးသုံးလိုက်ရလို့ နင်တို့ တွေပင်ပန်းနေမှာပဲ”
ရှီယူသည် မလိမ်တတ်ဟု ပြောခဲ့သည့်စကားကိုတွေးမိပြီး ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။
သို့သော် ကျန်းမျိုးနွယ်ကို ဆန့်ကျင်သည့်နေရာတွင် ကောင်းသည်။ သူတို့ မျက်နှာများသည် တောင့်ခံနေသည့်ကြားကပင် နီရဲလာသည်။
“ရှီမျိုးနွယ်ရဲ့ သခင်မလေးဖြစ်နေတာကိုး၊ ရှီမျိုးနွယ်က အရမ်းသေးတယ် လို့ကြားဖူးတယ် အခုကျ ဘာလို့များ သခင်မလေးနှစ်ယောက်ရှိနေတာလဲ” ကျန်းမျိုးနွယ်မှ တစ်ယောက်သည် မပျော်မရွှင်ဖြစ်ကာ သူတို့ကို အပြစ်တင်လေ သည်။
“သူမက ကျွန်မအဖေရဲ့ မွေးစားသမီးမဖြစ်နိုင်ဘူးလား” ရှီယူ ဆက်ပြော လေသည် “မဟုတ်ရင် ကျွန်မအဖေက သမီးတစ်ယောက်မွေးစားတာကို ကျန်း မျိုးနွယ်ရဲ့ခွင့်ပြုချက်တောင်းနေရဦးမှာလား”
“ငါ…”
“ရှင် ဘာဖြစ်တာလဲ” ရှီယူသည် ကျန်းဟောက် ရှီမာယူယူကို အမိန့်ပေး ပြီးခိုင်းစေသည်ကို မပျော်မရွှင်ဖြစ်ခဲသည်။ အခု ဦးနှောက်မရှိသောလူ နှစ်ယောက်ထွက်လာပြီး ကျန်းမျိုးနွယ်ကိုပါ မကျေမနပ်ဖြစ်အောင်လုပ်လိမ့် မည်ဟု သူမ ထင်မထားပေ။
သူမတင်မဟုတ်ဘဲ တခြားသူများလည်း ထို့အတူပင်။
ကျန်းမျိုးနွယ်က ဘာလို့ဒီတစ်ခေါက်မှာ ဒီလောက်ကိစ္စတွေအများကြီး လုပ်ရတာလဲ။ သူတို့ ရှီမာယူယူကို တကယ်ပဲ ပြစ်မှားမိရင် ပြဿနာတွေကို ဘယ်သူ ဖြေရှင်းတော့မှာလဲ။
ကံကောင်းစွာပင် မြူခိုးမည်းသည် နေရာတစ်ခုလုံးကို ဖုံးမလာခြင်းဖြစ် သည်။ အားလုံးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထိုအရာသာ ယခုကိစ္စကြောင့် ပြန်တိုက်ခိုက်လာပါက ကျန်းမျိုးနွယ်ကို သာ အပြစ်တင်ရတော့မည်ဖြစ်သည်။
ထိုအချက်တွင် ကျန်းမျိုးနွယ်ဝင်များသည် မပျော်ရွှင်တော့ပေ။ ရှီမာယူယူ နှင့် အမည်းလေးတို့သည် သူတို့ကြောင့် ရပ်လိုက်ကာ လူတိုင်းမှ သူတို့ကို အပြစ် တင်နေသည့်အတွက် သူတို့၏ မာနကိုချရန်မဖြစ်ပေ။
“ညီမလေး ဒါက ငါပြောတဲ့အဒေါ်မန်လေ နင်ဝင်လာကတည်းက အဒေါ် မန်ကိုမမြင်ဖူးသေးဘူးမလား” ရှီယူ မိတ်ဆက်ပေးလေသည်။
ရှီမာယူယူသည် မျက်တောင်ခတ်ကာ ရှီယူအားကြည့်လေသည်။ ဒီလိုဆို ဖြစ်ရဲ့လား။ သူတို့ပေါ်သွားရင် ဘယ်လိုလုပ်မှာလဲ။
ရှီယူသည် သူမကို တစ်ချက်ကြည့်လိုက်သည်။ စိုးရိမ်မနေနဲ့ ငါတို့ပေါ်မှာ မဟုတ်ဘူး။
ထင်ထားသည့်အတိုင်းပင် သူမ ဘာမှမပြောခင်တွင် ဝူမန်ပြောလာသည်။
“အစ်ကိုကြီးရှီ သမီးတစ်ယောက်မွေးစားထားတာကိုတော့ ကြားလိုက် တယ်၊ ဒီလိုမျိုး မြန်မြန်တွေ့ရမယ်လို့ထင်မထားဘူး၊ ဒီနေ့အတွက်ကျေးဇူးတင် ပါတယ်၊ မင်းနဲ့ မင်းရဲ့ဝိညာဉ်သားရဲသာမရှိရင် ဘဘ်လိုဖြစ်မလဲဆိုတာ တွေး တောင်မတွေးရဲဘူး၊ မင်းက အစ်ကိုကြီးရှီရဲ့သမီးဆိုမှတော့ ငါ့ကို ရှီယူ ခေါ်သလိုပဲ အဒေါ်မန်လို့ ပဲခေါ်ပေါ့”
ဝူမန်သည် ထိုမိန်းကလေးကို အမှန်တကယ်ပင် ကျေးဇူးတင်သည့် အတွက် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ ရှီမာယူယူ အနည်းငယ်လွန်သည်ဟု သူမ ခံစားရသော်လည်း ထိုအရာမှာလည်း ကျန်းမျိုးနွယ်မှ စိတ် ကသိကအောက်ဖြစ်အောင် လုပ်ခြင်းကြောင့်ပင်ဖြစ်သည်။
“မန်.. အဒေါ်မန် မြှောက်ပင့်နေပြန်ပါပြီ” မြောက်ပိုင်းမြို့တော်မှ တာဝန် ရှိသူပါ ရှီယူကိုကူညီပြီး ဖုံးကွယ်ပေးလိမ့်မည်ဟု ရှီမာယူယူထင်မထားပေ။ ကြည့်ရသည်မှာ အားလုံးသည် သူမကို အလိုလိုက်သည့်ပုံပင်။
စဉ်းစားကြည့်ရာ သူမ ကြီးပြင်းခဲ့သော ပတ်ဝန်းကျင်တွင်ပင် သူမ၏ ဇာတ်ကောင်ကို ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ သူမသာ ပရိယာယ်များသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ပါက ဖြူစင်သည့် မျက်လုံးတစ်စုံကိုပိုင်ဆိုင် မည်မဟုတ်ပေ။
“ပင်ပန်းထားမှတော့ အနားယူလိုက်ပါဦး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို ငါ ဆက်စောင့်ကြည့်နေမှာပဲ၊ အဲဒါ ရှေ့ကိုတိုးမလာရဲပါဘူး” ဝူမန်သည် ကျန်းဟောက်နှင့် မောင့်ရှားကို စူးစူးရှရှကြည့်လိုက်သည်။
မောင့်ရှားသည် သူမအကြည့်ကိုမြင်သောအခါ နှုတ်ခမ်းတွန့်သွားကာ ပြောမည့်စကားများကို ပြန်မျိုသပ်လိုက်ရသည်။ သူသည် အမြဲတစေ ဝူမန်ကို ဆန့်ကျင်ခဲ့သော်လည်း ကျန်းဟောက်ထက်စာလျှင် ဆက်ဆံရေးအဆင်ပြေခဲ့ သည်။
ကျန်းဟောက်သည် မတူပေ။ ဝူမန်သည် သူ့ကို သတိပေးရန်ကြိုးစားနေ သည်မှာ သိသာကာ ကျန်းမျိုးနွယ်ဝင်များ မည်သည့်ပြဿနာမှ ရှာရန်ခွင့်မပြု ပေ။ ရှီမာယူယူသည် ပင်ပန်း၍ အနားယူလိုသည်ဟုသာ ပြောခဲ့သည်။ သူသာ ပြဿနာထပ်ရှာပါက သူမထွက်သွားနိုင်သည်။ အချိန်တိုအတွင်းတွင် မြို့ထဲမှ အားလုံးသေသွားလျှင်တောင် သူမအတွက် ဘာမှဆုံးရှုံးမည်မဟုတ်ပေ။
ယခုအချိန်တွင် ကျန်းမျိုးနွယ် လက်မလျော့လျှင် မယဉ်ကျေးမှုအတွက် သူတို့ကို အပြစ်တင်ပေတော့မည်။
ထိုအချိန်တွင် ရှီမျိုးနွယ်ဝင်များ ပျံလာရာ တခြားသူများသည် သူတို့ကို မတားကြပေ။
“အဖေ” ရှီယူသည် သူမဖခင်၏ မျက်လုံးထဲမှအေးစက်မှုကို မြင်သည်နှင့် မျက်နှာတွင် အပြုံးဆင်လိုက်ပြီး သူ့လက်မောင်းကိုချိတ်လိုက်သည်။
“ထပ်ပြီး ဆိုးပြန်ပြီ” ရှီကုန်းသည် သူမအား စိုက်ကြည့်ပြီး အပြစ်တင်လေ သည်။
သူမ ရှီမာယူယူကို ညီမလေးအဖြစ် မွေးစားလိုက်ခြင်းကို သူ ပြောနေ သည်လား မဟုတ်လျှင် အားလုံးရှေ့တွင် ကျန်းမျိုးနွယ်ကို အရှက်ရအောင်လုပ် နေခြင်းကို ပြောနေသည်လားကို သူမ မသိတော့ပေ။
“အဖေ သမီးက ညီမလေးကို စိတ်ပူလို့ပါ” ရှီယူသည် ရှီကုန်းကို ချွဲလိုက် ကာ တစ်ချိန်တည်းမှာပင် အသနားခံလေသည်။
ရှီမာယူယူသည် ရှီယူနှင့် သူမဖခင်တို့ ရင်းနှီးပုံကို မြင်သောအခါ သူမ အရင်ဘဝမှ သေဆုံးသွားသောဖခင်အကြောင်းကိုတွေးမိကာ သူမ၏အကြည့် များသည် ဝမ်းနည်းလာသည်။
ထိုသို့ပြောရလျှင် သူမတွင် အမည်ခံဖခင် သို့မဟုတ် ဖခင်အရင်းပင်လျှင် မည်သူမှ သူမ၏ မှတ်ဉာဏ်ထဲတွင်မရှိပေ။ ယခုခန္ဓာကိုယ်ထဲသို့ ဆယ်စုနှစ် ပေါင်းကြာအောင် လာပြီးနောက်တွင်တောင် သူမတွင် အစ်ကိုကြီးများနှင့် အဘိုး၊ အပေါင်းအပါများရှိသော်လည်း အဖေ၊ အမေကိုတော့ တောင့်တဆဲပင် ဖြစ်သည်။
ရှီမာယူယူသည် သူမ ဖခင်ကိုလာရှာကြောင်း၊ သူမ ငယ်စဉ်ကပင် သူကို မွေးစားရန်ပေးလိုက်သည့်အကြောင်းများကို ရှီမာယူယူ ပြောဖူးသည်ကို ရှီယူ သတိရသွားလေသည်။ သူမ ဖခင်ကို လွမ်းနေတဲ့ပုံပဲ။
“ညီမလေး မစိုးရိမ်ပါနဲ့ အဖေက နင့်ကိုအပြစ်မတင်ဘူး” ရှီယူ ဆက်ပြော လေသည် “အဖေ သမီးတို့ခိုးထွက်ဖို့က သမီးအကြံပါ ညီမလေးကိုအပြစ်မတင် ပါနဲ့”
သူမသည် ရှီကုန်း၏ လက်ကိုပင်လွှဲလိုက်သေးသည်။
ရှီမာယူယူ၏ မျက်နှာတွင် အံ့ဩမှုဖြစ်သွားသော်လည်း သူမ၏ မျက်လုံး များတွင် အရိပ်အမြွက်ရှိနေသည်။
ဒါကဘယ်လိုဖြစ်ပြီး ခိုးထွက်ဆော့တာြဖစ်သွားတာလဲ။
“ဟားဟား ညီမလေး” အစ်ကို ၃ သည်ရှီမာယူယူကို ပြုံးပြလေသည် “အစ်ကို ၃ ကိုပြောပါဦး ဒီခရီးကပျော်ဖို့ကောင်းရဲ့လား”
အားလုံး သူမကို ကြည့်လိုက်သည်ကို ရှီမာယူယူမြင်လိုက်သည်။ အထူးသဖြင့် ကျန်းမျိုးနွယ်ဝင်များဖြစ်သည်။ သူမသည် ရှီမျိုးနွယ်မှဖြစ်သည်ဟု ပြောခဲ့သည်။ သူမ လိမ်ညာနေသည်ဟု သူတို့သိပါက ကျန်းရှုသေဆုံးခြင်းနှင့် သူမကို ဆက်စပ်မိတော့မည်။ အခုချိန်တွင် သူမ မကိုင်တွယ်နိုင်သေးသဖြင့် လုပ်ပြုံးပြုံးကာ ပြန်ဖြေလိုက်သည် “ပျော်ဖို့ကောင်းပါတယ်”
“ပျော်တယ်ဆိုရင်တောင် စောစောပြန်လာရမယ်လေ” ရှီမျိုးနွယ်၏ အစ်ကိုကြီး ပြောလိုက်သည် “ညီ.. မင်းရဲ့ အစ်မကြီးက အမြဲတမ်း ပျော်ချင်နေ တာ၊ အစ်ကိုကြီးမရှိတာနဲ့ပဲ သူမနောက်လိုက်လို့မရဘူးလေ”
“ညီမလေးပျော်ချင်ရင် အစ်ကို ၂ ကခေါ်သွားမှာပေါ့ အပြင်မှာ တစ် ယောက်တည်းအန္တရာယ်များတယ် နားလည်ပြီလား” ရှီမျိုးနွယ်၏ ဒုတိယသား သည် ညီမနှစ်ယောက်ရှိသည့်အလား လေးနက်စွာပြောလေသည်။
“နားလည်ပါပြီ” ရှီမာယူယူ၏ နှုတ်ခမ်းများသည် တွန့်တက်သွားသည်။ ဒါက ရှီမျိုးနွယ်က ညီအစ်ကိုတွေ ကိုယ့်ကိုယ်ကိုမိတ်ဆက်တဲ့နည်းလမ်းလား။ သူမက အကုန်လုံးရှေ့မှာ ဖော်လိုက်မှာကို ကြောက်နေတာလား။
ရှီကုန်းပင်လျှင် သူမကိုကြည့်ပြီး ပြောလိုက်သည် “ဘယ်လိုလဲ ဒဏ်ရာရ ထားတဲ့နေရာရှိတာလား”
“မရှိပါဘူး သမီး ပင်ပန်းရုံပါပဲ” ရှီမာယူယူသည် လိုက်လျောညီထွေဖြစ် အောင်ပြန်ဖြေလိုက်သည်။
“ပင်ပန်းရင်အနားယူလိုက်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေလည်းရှိ နေတာကို ဒီမှာရှိနေဖို့မလိုပါဘူး” ရှီကုန်းသည် နူးညံ့စွာပြောပြီး ကျန်းမျိုးနွယ် ဝင်များကို အရူးလုပ်လိုက်လေသည်။
***