← Chapters

အခန်း (၁၃၄၄)

Vol. 91 Ch. 1344

အခန်း (၁၃၄၄)

Vol. 91 Ch. 1344

သူသည် ပထမဦးဆုံး တောင်းဆု၏ ဆုလာဘ်ကို ကြားရသည့်အချိန်မှာတော့ မျက်နှာတစ်ခုလုံး ပျက်ရွင်းသွားမိ၏။ သူသည် မိုးကြိုးပစ်ခြင်းကို ခံနေရ၏။ သူ့အား ကူညီ၍ မိုးကြိုးတုတ်တစ်ချောင်းကို ပေးအပ်ခဲ့သည်။ ယခုထက်ပို၍ လေးနက်လို့ မဖြစ်ပေဘူးလား။

“သေချာစဉ်းစားကြည့်လေ ….။”

စနစ်က ပြောလိုက်၏။ “ဒါက ကျိုးကြောင်းဆီလျော်ပါတယ်။”

ဘုန်း ဘုန်း ……..

ထိုအချိန်မှာပဲ အားကောင်းလွန်းလှသော မိုးကြိုးပစ်ချမှုများသည် ကောင်းကင်ယံဆီမှ ကျဆင်းလာ၏။ ကျွင်းချောင်ရှောင်း အနေနှင့် တွေးတောရန်အချိန်မရှိချေ။ သူသည် သိုလှောင်လက်စွပ်ထဲမှ သေးငယ်သော တုတ်ချောင်း တစ်ခုနှင့်ဆင်တူသည့် မိုးကြိုးတုတ်ကြီးအား ထုတ်ယူလိုက်၏။ ပြီးသည့်နောက် ရှက်ရွံ့စွာဖြင့် အသာ မြှောက်ကိုင်လိုက်သည်။

ဝှစ်

ရုတ်တရက် သူ၏လက်ထဲတွင် ရှိနေသောလက်နက်သည် ပြောင်းလဲသွားခဲ့ပြီးနောက် ပုဆိန်ကြီးတစ်ခုကဲ့သို့ ပုံပန်း သွင်ပြင်မျိုး ဖြစ်တည်သွား၏။ ကြည့်လိုက်သည်နှင့် ဤအရာသည် ရှေးပုဆိန်ကြီးတစ်ခုနှင့် ဆင်တူလှ၏။

“ဒါကမှ ကြည့်လို့ကောင်းတာ။”

ကျွင်းချောင်ရှောင်းက ပြုံးလိုက်သည်။

အနည်းဆုံး လောကလက်ချောင်းလက်နက်ထက်တော့ ပိုမိုကာ ကြည့်ကောင်းလွန်းလှ၏။ ထို့အပြင် အစွမ်း သက်ရောက်မှုသည် မိုးကြိုးဓာတ်သဘာဝများကိုသာ ရင်ဆိုင်နိုင်သော်လည်း ဟန်ထုတ်၍ ကိုင်ဆောင်နိုင်သည့် လက်နက်မျိုးလည်း ဖြစ်လို့နေ၏။

“ကောင်းပြီ။ ဒါက နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားတဲ့အရာဆိုတော့ အထူး အစွမ်းထုတ်ဖော်နိုင်မှုကလည်း ရှိရမယ်။”

ကျွင်းချောင်ရှောင်းသည် သေသေချာချာ စမ်းသပ်ကြည့်ရှုလိုက်တော့ လက်နက်တွင် အမြှောင်းလေးတစ်ခု တည်ရှိနေကြောင်း မြင်လိုက်ရ၏။ ထိုအရာသည် အထူးအစွမ်းထုတ်ဖော်နိုင်မှုကို အသက်သွင်းသည့်အရာပင် ဖြစ်ပေလိမ့်မည်။

များပြားလှသည့် မိုးကြိုးပစ်ချမှုများသည် ဆက်လက်ကာ ကျဆင်းလာ၏။ သူ့အနေနှင့် ထိုအရာကို လေ့လာရန် လုံလောက်သည့် အချိန် မရှိသေးချေ။ ထို့ကြောင့် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော မိုးကြိုးတုတ်ကြီးအား ခပ်မြင့်မြင့်သို့ မြှောက်ကိုင်ကာ တွေးလိုက်၏။ ဒုတိယမြောက်ရရှိတဲ့တောင်းဆုအရဆိုတော့ ဒါက ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

ဘုန်း ဘုန်း ဘုန်း …..

ထိုအချိန်မှာတော့ မိုးကြိုးအပြစ်ပေးမှုများသည် ကောင်းကင်ယံဆီမှ ကျဆင်းလာခဲ့၏။ ပေါက်ကွဲမှုနှင့် မိုးကြိုး အလင်းတန်းများသည် တည်နေရာတစ်ခုလုံးနှင့် သူ့အား ဖုံးလွှမ်းသွားစေခဲ့သည်။

“ဒါက …”

ဖြူမဲညီနောင်တို့သည် ဆွံ့အသွားခဲ့ကြ၏။ မိုးကြိုးအပြစ်ပေးမှုငါးခုတို့သည် သူတို့ဆီရောက်ရှိလာရာမှ ရုတ်တရက် လမ်းကြောင်းပြောင်းကာဖြင့် သူတို့၏ ဘေးတွင်ရှိနေသော ညီငယ်လေးကို တည့်တည့်ထိမှန်ခဲ့၏။

မူလအသွင်အပြင်ကို ပြောင်းလဲထားသည့် ခရမ်းရောင်ဘုရင်သည် အော်ဟစ်နေရာမှ ရပ်တန့်လိုက်၏။ အဘယ့် ကြောင့်ဆိုသော် သူ့ဆီသို့ ကျဆင်းလာခဲ့သည့် မိုးကြိုးအပြစ်ပေးမှုများအားလုံးသည် လမ်းကြောင်းပြောင်းကာ ဂိုဏ်းချုပ်ဆီသို့ သွားနေသောကြောင့်ပင်။

တိတိကျကျပြောရမည်ဆိုလျှင် မတူညီသည့် တည်နေရာများဆီမှ ကျဆင်းလာခဲ့သော မိုးကြိုးအပြစ်ပေးမှု ၂၀ ကျော်တို့သည် အချိန်အတိုတွင်းမှာပဲ ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိသွားခဲ့၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း

အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ကြီးသည် ရူးရူးမူးမူးဖြင့် အသက်ဝင်လျက် ရှိနေသည်။ တည်နေရာ တစ်ခုလုံးသည်လည်း မိုးကြိုးစွမ်းအင်များနှင့် ပြည့်နှက်နေ၏။ မတူညီသည့် တည်နေရာများဆီမှ မိုးကြိုးများ တစ်ခုပြီး တစ်ခု ကျဆင်းနေသည်ဆိုသော်လည်း သံမဏိအရိုးတောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားစေသည်။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဤလွှမ်းခြုံထားခဲ့သည့် မိုးကြိုးလှိုင်းများအားလုံးသည် ကျွင်းချောင်ရှောင်းရှိရာ တည်နေရာဆီသို့သာ ဦးစားပေး ပစ်ခတ်လျက်ရှိနေတော့သည်။ ဖြူမဲညီနောင်တို့သည် သက်တောင့်သက်သာ ခံစားလိုက်ရ၏။ ခရမ်းရောင်ဘုရင်နှင့် တစ်ခြားသော ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည်လည်း စိတ်သက်သာရာ ရမိနေကြ၏။

သို့ပေမဲ့ မိုးကြိုးများ တရစပ် ပစ်ခတ်ခံနေရသည့် ဂိုဏ်းချုပ်ကို ကြည့်ရှုလိုက်သည့်အချိန်မှာတော့ သူတို့သည် နဝေတိမ်တောင် ဖြစ်မိနေသည်။

ကျွတ် ကျွတ် ကျွတ်

ကျင်းဟောင်သည် သွားဖြီးကာ ပြောလိုက်၏။ “ဒီကောင်လေးက ကောင်းကင်ကို စိတ်တိုအောင်လုပ်ခဲ့တယ်နဲ့ တူတယ်။ မဟုတ်ရင် တစ်ယောက်တည်း ဒီလိုမျိုး ခံရစရာ အကြောင်းမရှိဘူး။”

ဧကရီလင်းရောင်သည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိနေ၏။ သူမ၏နောက်တွင် ရပ်တန့်လျက်ရှိနေသော ခါးကုန်းကုန်း နှင့်အဘိုးအိုမှာမူ ခေါင်းကိုခါယမ်းနေမိသည်။

ဤကောင်ကလေးနှင့် ဂိုဏ်းကြီးတစ်ခုလုံးသည် အသင်္ချေမိုးကြိုးတစ်သောင်း အပြစ်ပေးမှုအစီအရင်၏ အဓိက တည်နေရာထဲသို့ ဝင်ရောက်လာခဲ့ပြီးဖြစ်၏။ ဖြစ်ပေါ်လာသည့် ရလဒ်သည် နောက်ဆုံးသေဆုံးခြင်းသာ ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများ၏ မျက်နှာများသည် ရုတ်တရက် ပျက်ယွင်းသွားခဲ့၏။ ၎င်းတို့သည် အားနည်းလွန်းသည့်အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်လျက်ရှိနေကြ၏။ ဂိုဏ်းချုပ် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို သူတို့အနေနှင့် ဖြေရှင်းနိုင်ရန် အရည်အချင်းမရှိကြချေ။

“စိတ်မပူနဲ့။”

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် အားလုံးသောသူများကို အသံပို့လွှတ်လိုက်တော့၏။ “ငါ အလုံးစုံ အဆင်ပြေတယ်။”

တပည့်များသည် ရုတ်တရက် ကြောင်အသွား၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်နေ၏။ ဂိုဏ်းချုပ်သည် မိုးကြိုးအပြစ်ပေးမှုများနှင့် လွှမ်းခြုံခံထားရသည်ဆိုသော်လည်း တဖြည်းဖြည်းနှင့် ဂိုဏ်းချုပ်အား သူတို့ မြင်လာရ၏။ ထို့အပြင် ဂိုဏ်းချုပ်၏ အသံသည် ပုံမှန်ပင်ဖြစ်နေ၏။

“ညီငယ်လေး ထုတ်ယူလိုက်တဲ့အရာက မိုးကြိုးအပြစ်ပေးမှုကို ခုခံနိုင်တဲ့အရာဖြစ်မယ်နဲ့ တူတယ်။ ဒီလိုအရာမျိုးက စီနီယာတုံးကု ဆီက ရထားတာပဲဖြစ်ရမယ်။” ဖြူမဲညီနောင်တို့သည် ခန့်မှန်းလိုက်မိသည်။

ဟယ်ဝူတီသည် တွေးတောနေမိ၏။ “ဂိုဏ်းချုပ်က ခရမ်းရောင်သူတော်စင်ချန်ခဲ့တဲ့ ရတနာကို အသုံးပြုပြီး အသင်္ချေ မိုးကြိုး တစ်သောင်း ကပ်ဘေး အစီအရင်ကြီးကို ရင်ဆိုင်နေတာပဲ ဖြစ်ရမယ်။”

ရီရှင်းချန်နှင့် ခရမ်းရောင်ဘုရင်တို့သည်လည်း ထိုကဲ့သို့ပင် တွေးတောမိကြ၏။

ဝှစ် ဝှစ် ဝှစ်

မိုးကြိုးအပြစ်ပေးမှုများသည် ဆက်လက်ကာ ကျဆင်းလျက်ရှိနေသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ တည်နေရာအနှံ့ဆီမှ အလင်းတန်းများ ပေါ်ပေါက်လာခဲ့ပြီး ကျဆင်းလာသည့် မိုးကြိုး၏ အရေအတွက် သည်လည်း ပိုမိုကာ များပြားလာ၏။ အနည်းဆုံး မိုးကြိုးတစ်ရာခန့်ဆီသို့ပင် ရောက်ရှိနေ၏။ ထိုမိုးကြိုးများသည် နေရာလပ်မရှိလောက်အောင် တည်နေရာအစုံဆီမှ ကျဆင်းနေ၏။

“သွားပြီပဲ။ ပြီးသွားပြီ။” ကျင်းဟောင်သည် ပျင်းရိစွာဖြင့် ပြောလိုက်မိသည်။

အသင်္ချေမိုးကြိုးတစ်သောင်း ကပ်ဘေးအစီအရင်၏ အဓိကတည်နေရာကြီးသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ပင် အန္တရာယ်များလွန်းလှသည့် တည်နေရာတစ်ခုဖြစ်၏။ သေမျိုးစကြဝဠာထဲမှ သိုင်းကျင့်ကြံသူတစ်ယောက်ကို မဆိုနှင့်။ အထက်နယ်မြေတွင်ရှိသော စွမ်းအားမြင့်ကျင့်ကြံသူပင်လျှင် ထိုနေရာမှ ပြန်လည်ထွက်ခွာနိုင်လိမ့်မည်မဟုတ်ချေ။

ဘုန်း ဘုန်း ဘုန်း

မိုးကြိုးအပြစ်ပေးမှု၏ အသံများသည် ဆက်တိုက်ဆိုသလိုပဲ ကျဆင်းလျက်ရှိနေ၏။ တည်နေရာလှိုဏ်ခေါင်းအတွင်း တွင် ထိုအသံကြီးသည် တဖောက်ဖောက်နှင့် ဖြစ်တည်နေ၏။

များပြားလှသည့် ကျင့်ကြံသူများအားလုံး၏ အမူအရာ သည် ပြောင်းလဲလာခဲ့၏။ မိုးကြိုးမည်မျှ ပစ်ချခဲ့သည်ကိုပင် သူတို့ မမှတ်မိတော့ချေ။ သို့ပေမဲ့ သူတို့သိနေသည်မှာ ထိုမိုးကြိုးအစီအရင်ထဲတွင် တည်ရှိနေသည့်လူမှာ အသက်ရှင်နေသေးကြောင်းပင်။

“အောက်နယ်မြေမှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဘယ်အချိန်တုန်းက ရှိနေတာလဲ။ ဒါက ဘယ်သူလဲ။”

အထက်နယ်မြေတွင်ရှိသော သိုင်းကျင့်ကြံသူများအားလုံးသည် စိတ်ဝင်တစား ဖြစ်မိနေကြ၏။ ထို့အတူ သူတို့သည် အနည်းငယ်လည်း စိတ်ဓာတ်ကျလျက်ရှိ၏။ ဤကဲ့သို့ ကြီးမားလှသည့် မိုးကြိုးအစီအရင်ကြီးကို ကျော်ဖြတ်နိုင်သည့် လူသည် အောက်နယ်မြေမှ ဖြစ်နေသည်မဟုတ်ပါလား။

ထို့အတူ တစ်ချို့သောသူများသည်လည်း ထိုကဲ့သို့ ကျော်ဖြတ်သွားနိုင်စေရန် မျှော်လင့်လျက်ရှိနေကြ၏။ ထိုမှသာလျှင် အသစ်အသစ်သော အရာများကို သူတို့ ကြားဖူးကြမှာ ဖြစ်၏။

ရေကန်၏ ရှေ့တွင် ထိုင်လျက်ရှိနေသော အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် တည်နေရာလမ်းကြောင်းကြီးတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို လှမ်းကြည့်လိုက်၏။ ပြီးနောက်သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။

“ဒီကောင်လေးက စိတ်ဝင်စားဖို့ကောင်းတယ်။ သူက ဒီလောက်ကြာအောင်ခုခံပြီးတဲ့နောက်မှာ အသက်ရှင်နေသေး တာပဲ။ ဆိုးတာက ငါက တပည့်တစ်ယောက်လက်ခံဖို့ ရည်မှန်းချက်မရှိတော့ပဲ။ မဟုတ်ရင် နယ်မြေဟောခန်းကို အပြစ်ပြုရမယ်ဆိုရင် တောင်မှ ဒီလိုမျိုးစေ့ကောင်းလေးကို ငါ ကျိန်းသေပေါက် ဝင်ကယ်တယ်။”

…

အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်၏ အတွင်းဘက်မှာတော့ စွမ်းအင်လှိုင်းများမျိုးစုံတို့သည် ပေါက်ကွဲ ထွက်လျက်ရှိ၏။ အလင်းတန်းများအားလုံးသည်လည်း နေ့အလား တောက်ပလျက်ရှိနေ၏။ သို့ပေမဲ့ သံမဏိအရိုး တောင်တွင် တစ်စစ အပေါ်သို့ ထိုးတက်လာသည်ကိုတော့ မည်သည့်ကပ်ဘေးကမှ မတားဆီးနိုင်ခဲ့ချေ။

ပြုံးလျက်ရှိနေသည့် ကျင်းဟောင်သည် အနည်းငယ် ဆွံ့အသွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အစကနေ အဆုံးထိ မိုးကြိုးကပ်ဘေးကြီးသည် ဤကောင်လေးရှိသည့် တည်နေရာဆီသို့ တိုက်ရိုက်ကျဆင်းလျက်ရှိ၏။ ဤကဲ့သို့ တိုက်ခိုက်မှုများ ခံရပြီးသည့်နောက်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားရမှာမဟုတ်ပေဘူးလား။ သို့ပေမဲ့ မိုးကြိုးကပ်ဘေးများသည် ဆက်တိုက်ကျဆင်းလျက်ရှိနေသေး၏။

ဘုန်း ဘုန်း

မိုးကြိုးအပြစ်ပေးမှုကပ်ဘေး၏ စွမ်းအင်များသည် ဆက်လက်ကာ ကျဆင်းလျက်ရှိနေ၏။ သို့ပေမဲ့ တဖြည်းဖြည်းတော့ အရှိန် နည်းပါးလာ၏။ မိုးကြိုးကျဆင်းလာသည့်အရေအတွက်သည်လည်း တဖြည်းဖြည်း ၁၀၀၊ ၅၀၊ ၂၀ စသည်ဖြင့် လျော့ကျလာခဲ့သည်။

ကျင်းဟောင်၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် မိုးကြိုးအပြစ်ပေးမှုစွမ်းအင်များ လျော့ကျလာခြင်းသည် ပြိုင်စံရှားဂိုဏ်းအနေနှင့် အဓိကတည်နေရာကြီးထဲမှ ထွက်ခွာလာနိုင်မည်ဆိုသည့် အဓိပ္ပာယ် ပင် ဖြစ်နေသည် မဟုတ်ပါလား။

“ရှင် မြင်ပြီနော်။”

ဧကရီလင်းရောင်သည် လေးနက်စွာ ပြောလိုက်၏။ “ကျွန်မက အပြစ်ပေးမှုကို စည်းမျဉ်းစည်းကမ်းအတိုင်း ပြုလုပ်ခဲ့တာ။ ဒါပေမဲ့ ဒီဂိုဏ်းနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ဆက်ပြီး မလုပ်နိုင်တော့ဘူး။”

“…….”

ကျင်းဟောင်၏ အမူအရာသည် ပိုမိုကာ ပျက်ယွင်းသွားခဲ့၏။ သူသည် ဤကိစ္စနှင့် ပတ်သက်၍ စောဒက မတက်နိုင်တောာ့ချေ။

ဝှစ် ဝှစ် ……။

ပြီးနောက် သံမဏိအရိုးတောင်ကြီးသည် လူပေါင်းတစ်သိန်းကို ခေါ်ဆောင်ပြီး မိုးကြိုး အစီအရင်အတွင်းဆီမှ ထွက်ခွာလာခဲ့၏။

ဟူး ဟူး ဟူး

ကျဆင်းနေသည့် မိုးကြိုးလှိုင်းများသည် တဖြည်းဖြည်း လျော့ကျလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဧကရီလင်းရောင်ရှိရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။ “ကျုပ် တပည့်တွေနဲ့အတူ မိုးကြိုးအစီအရင်ထဲကနေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီနော်။ နယ်မြေဟောခန်းအနေနဲ့ ဘာတွေ ပြောစရာရှိသေးလဲ။”

“အထက်နယ်မြေရဲ့ စည်းမျဉ်းစည်းကမ်းအရ ကပ်ဘေးအစီအရင်ကြီးကို ချိုးဖြတ်နိုင်တဲ့ မည်သည့်သက်ရှိမဆို အထက် နယ်မြေကို တရားဝင်တက်လှမ်းနိုင်ခဲ့ပြီ။ ဒီတော့ ….”

ဧကရီလင်းရောင်သည် ခဏရပ်တန့်လိုက်သည်။ “ရှင်သွားလို့ရပြီ။”

“နှုတ်ဆက်ပါတယ်။” ကျွင်းချောင်ရှောင်းက အေးစက်စက်ပြောလိုက်၏။

ဝှစ် ဝှစ်

သံမဏိအရိုးတောင်သည် အပေါ်ဆီသို့ ဆက်လက်ကာ တက်လျက်ရှိသည်။

“ကျွင်းချောင်ရှောင်း”

ဧကရီလင်းရောင်က ပြောလိုက်၏။ “ဒီရထားလုံးပေါ်မှာ ထိုင်နေတဲ့ လူရဲ့ နာမည်က ကျင်းဟောင်တဲ့။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ ရှင့်ကို အပြစ်ပေးဖို့ တာဝန်ယူခဲ့တာ သူပါပဲ။”

“သြော်”

ကျွင်းချောင်ရှောင်းသည် မောက်မာစွာ တည်ရှိနေသည့် ရွှေရောင်ချပ်ဝတ်နှင့်လူဆီကို လှမ်းကာ ကြည့်ရှုလိုက်သည်။

ကျင်းဟောင်က အေးစက်စက် ပြောလိုက်၏။ “ကောင်လေး ….. မင်းအနေနဲ့ မိုးကြိုးကပ်ဘေးရဲ့ စွမ်းအင်ရဲ့ အောက်မှာ မသေဆုံးခဲ့တာ ကံကောင်းလို့ပဲ။ ဒါပေမဲ့ မှတ်ထား။ အထက်နယ်မြေကို ရောက်လာပြီဆိုရင် လိမ်လိမ်မာမာနဲ့ ကိုယ့်အကြောင်းကိုယ် နားလည်ရတယ်။ တစ်ခုခုမှားယွင်းတာတွေ လုပ်ပြီး ငါ့လက်ထဲကို မကျရောက်စေနဲ့။”

ထွီ

ကျွင်းချောင်ရှောင်းသည် တံတွေးကောက်ထွေးလိုက်၏။ တပည့်များအားလုံးသည်လည်း သူတို့၏ ဂိုဏ်းချုပ်အတိုင်း လိုက်လံကာ ပြုမူသည်။

ကျင်းဟောင်သည် ထိုကဲ့သို့သော အပြုအမူကို မြင်ရသည့်အချိန်မှာတော့ အလွန်တရာ ဒေါသထွက်လျက်ရှိ၏။

“ရွှေရောင်ကောင်။”

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာဖြင့် ပြောလိုက်သည်။ “လာခဲ့။ အထက်နယ်မြေမှာ သံမဏိအရိုးတောင် အခြေချပြီးရင် ကျုပ် ခင်ဗျားနဲ့ တစ်ယောက်ချင်း တိုက်ခိုက်မယ်။”

“….…”

ဖြူမဲညီနောင်တို့သည် အလုံးစုံ လဲပြိုလုမတတ်ဖြစ်နေကြ၏။

ညီငယ်လေး …. အသင်္ချေမိုးကြိုးတစ်သောင်းကပ်ဘေးအစီအရင်ကြီးကို ခုခံနိုင်ခဲ့တယ်ဆိုတာက တကယ့်ကို လုပ်ရည် ကိုင်ရည်ရှိလို့ပဲ။ ထိတ်လန့်တုန်လှုပ်စရာကောင်းတယ်။ ဒါပေမဲ့ မင်းရှေ့မှာ ရှိနေတဲ့ ရွှေရောင်ချပ်ဝတ်နဲ့ လူက အနည်းဆုံး နဝမ ဝိညာဉ် အသွင်ပြောင်းအဆင့်ကို ရောက်နေတဲ့လူပဲ။ အသက်ရှင်ရတာပျင်းနေလို့ သူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ဖို့ စီစဉ်နေတာလား။

“မင်း သေချာလို့လား။” ကျင်းဟောင်က မေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “သေချာတာပေါ့။ သိပ်ကို သေချာတယ်။”

ကျင်းဟောင်သည် ဧကရီလင်းရောင်ကို ကြည့်ရှုကာ ပခုံးတွန့်လိုက်သည်။ “သူက စပြီးတော့ စိန်ခေါ်တာနော်။ ကျုပ်က သူ့ကို အနိုင်ကျင့်တာမဟုတ်ဘူး။”

All Chapters