အခန်း (၁၃၄၈)
Vol. 91 Ch. 1348
ကျွင်းချောင်ရှောင်းသည် အသစ်သော အဓိကတာဝန်ကြီးကို လက်ခံရယူလိုက်ရသည် ဖြစ်သလို အသစ်သော ဝိညာဉ် ချိန်ကိုက်ဗုံးကြီးကိုလည်း ထပ်မံရရှိခဲ့၏။ သူ့အနေနှင့် မလွတ်မြောက် နိုင်သည့် သံသရာ စက်ဝိုင်း အတွင်းသို့ ကျဆင်းနေသကဲ့သို့ပင်။
“စိတ်ကို အေးအေးထား”
စနစ်က ပြောလိုက်သည်။ “မင်းဆီမှာ နှစ်တစ်ရာတောင် အချိန်ရှိတယ်လေ။ ဒီတော့ အဓိက တာဝန်အသစ်က အရင်ကထက်ပိုပြီးတော့ သက်တောင့်သက်သာ ခံစားရမိစေတယ် မဟုတ်လား။ ပြီးတော့ တပည့်အရေအတွက် ကလည်း အကန့်အသတ် မရှိဘူး။ ဂိုဏ်းရဲ့အဆင့်က အင်မော်တယ်အဆင့်ကို ရောက်ရင် ပြီးပြီ။ မင်းအနေနဲ့ ဘာမှထပ်ပြီး လုပ်စရာ မလိုတော့ဘူး”
စနစ်သည် ထိုသို့ပြောလိုက်သည်ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် ထအော်လိုက်မိ၏။ “အထက်နယ်မြေဆီမှာ အင်မော်တယ်ဂိုဏ်းဖြစ်အောင် ပြုလုပ်ဖို့ဆိုတာက အောက်နယ်မြေမှာ ပြိုင်စံရှားဂိုဏ်းတစ်ခုဖြစ်အောင် ပြုလုပ်ဖို့ ထက် အဆပေါင်းတစ်သောင်းလောက် ခက်ခဲတယ်ကွ”
“စောဒကတက် အပြစ်တင်နေခြင်းက ပြဿနာကို ဖြေရှင်းလို့ မရနိုင်ဘူးလေ။ ဒီတော့ မင်းအနေနဲ့ ငြင်းပယ်လို့ မရဘူးဆိုမှတော့ ပျော်ရွှင်မှုကို ဘယ်လိုရရှိအောင် ပြုလုပ်ရမလဲဆိုတာကို သင်ယူသင့်တယ်”
စနစ်က ထပ်ပြော လိုက်သည်။ “လက်ခံသူအနေနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို မြန်မြန်ဆန်ဆန်ပြင်ဆင်ပြီး ဂိုဏ်းကို ပိုပြီး အားကောင်းလာအောင် ပြုလုပ်ဖို့ အစီအစဉ်တွေကို ရေးဆွဲသင့်တယ်”
“အင်း”
ကျွင်းချောင်ရှောင်းသည် သူ၏ နီရဲလျက်ရှိနေသည့် လည်ပင်းကြီးကို အသာပွတ်သပ်ကာ အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်မိ၏။ “ငါ့ဘဝ တစ်ခုလုံးကတော့ ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုအတွက်ပဲ အလုပ်လုပ်ရင်း သေဆုံးရ တော့မှာပါလား”
“တခြားနည်းလမ်းလည်း မရှိဘူးလေ”
စနစ်က ပြောလိုက်သည်။ “ပြီးတော့ ဒါက မင်းရဲ့ဂိုဏ်းပဲ မဟုတ်လား။ ဒီမှာပဲ အရိုးမြေကျသွားတဲ့အထိ နေထိုင်သွားရမှာပေါ့”
သူပြောသည့် အကြောင်းအရာတိုင်းတွင် မှားယွင်းသည့် အကြောင်းအရာဟူ၍ တစ်ခုမှ မရှိချေ။
“တော်စမ်း”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကြိတ်ကာ ကျိန်ဆဲလိုက်၏။ ရုတ်တရက် သူ၏ ဒန်ထျန်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်အမြူတေနှစ်ခုသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာခဲ့၏။ အထဲတွင် သိပ်ဆည်းထားခဲ့ သည့် စိတ်ဝိညာဉ်စွမ်းအင်များသည် တုန်ခါလာခဲ့ပြီး ဖြည်းဖြည်းချင်း အသွင်ပြောင်းလဲလာ၏။
“ဖြစ်နိုင်တာက”
ခဏလောက် တုန်လှုပ်သွားပြီးသည့်နောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ငါ အဆင့်ချိုးဖြတ် တော့မှာလား မသိဘူး”
ဟုတ်ပေသည်။ အထူးတာဝန်ကို အောင်မြင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အဆင့်ချိုးဖြတ်နိုင်မည့် အခွင့်အရေးတစ်ခုကို ကြုံနေရပြီဖြစ်၏။
ဝှစ် ဝှစ်
ကောင်းကင်နှင့် မြေကြီးထဲတွင်ရှိသော ဓာတ်သဘာဝများသည် ကျွင်းချောင်ရှောင်း ၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်ကာ တိုးဝင်နေ၏။ ၎င်းစွမ်းအင်များသည် မရီဒန်များကို ဖြတ်သန်းစီးဆင်းပြီးသည့်နောက် ယခင်ရှိခဲ့သည့် ဓာတ်သဘာဝများအစား ပိုမိုသန့်စင်သည့်အရာများ အစားထိုး ဝင်ရောက်လာခဲ့သည်။ ဤအရာသည် ပထမဦးဆုံး အသွင်ပြောင်းလဲခြင်းပင်ဖြစ်၏။ မူလအားဖြင့် ဖြူလျော်လျက်ရှိနေသည့် စိတ်ဝိညာဉ် အမြူတေသည် ရွှေဝါရောင်အဆင့်ဆီသို့ ပြောင်းလဲသွားခဲ့၏။ ထိုအရောင်သည် တကယ့်ကို တော်ဝင် အရောင်ပင် မဟုတ်ပါလား။
“ဒါက အမြူတေ တစ်ခုပဲ”
စနစ်က ပြောလိုက်၏။ “အထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အသွင်ပြောင်းလာတဲ့ အချိန်မှာ လက်ခံသူအနေနဲ့ ပထမဦးဆုံး ချီအသွင်ပြောင်းခြင်းအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”
ကျွင်းချောင်ရှောင်းအနေဖြင့် အများကြီး မပြောချေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်မှာတော့ သူသည် အလွန်တရာ ဝမ်းမြောက်သည့် အခြေအနေဆီသို့ ရောက်ရှိနေသောကြောင့်ပင်။ သူ၏ ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ထွက်ခွာပြီး အကန့်အသတ်မဲ့ ကျယ်ပြောလွန်းလှသော သမုဒ္ဒရာကြီးထဲတွင် လွင့်မျောနေသလိုပင် ခံစားနေမိသည်။
ဒွီး ဒွီး
အမြူတေပေါ်ပေါက်လာပြီးသည့်နောက် အထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် ပြောင်းလဲလာခဲ့၏။ စွမ်းအင်အငွေ့ ပုံပန်းသွင်ပြင်မှသည် အရည်အဖြစ်သို့ ပြောင်းလဲခြင်းလည်း ဖြစ်သည်။။ ထို့အပြင် ကျွင်းချောင်ရှောင်း သည် ကြီးမားလွန်းသော စွမ်းအင်များကို ပိုင်ဆိုင်လာသည်ဟု ခံစားလာမိ၏။
ဟူး … ဟူး …။
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ဆီမှ လေလှိုင်းများထွက်ပေါ်လာခဲ့ပြီး ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားစေသည်။
ဖြူမဲညီနောင်တို့သည် ထိုအချင်းအရာကိုမြင်တော့ နားလည်လိုက်မိ၏။ “ညီငယ်လေးက ပထမဦးဆုံး အသွင်ပြောင်းမှုကို ပြည့်စုံတော့မှာလား” ဤကဲ့သို့ အော်ရာနှင့် အဆင့်တက်နှုန်းသည် အလွန်တရာ အားကောင်းလှချေ၏။
ကောင်းကင်နှင့်မြေကြီးရှိ ဓာတ်သဘာဝများနှင့် ထိတွေ့လျက်ရှိနေသည့် တပည့်များ အားလုံးသည် ချက်ချင်း ခြေချိတ်ထိုင်လိုက်ပြီးသည့်နောက် ၎င်းတို့၏ နှလုံးသားများမှ စိတ်ဆန္ဒအတိုင်း ကျင့်ကြံလျက်ရှိနေကြသည်။
ဟူး ဟူး
ဂိုဏ်းချုပ်၏ ဦးဆောင်မှုနှင့်အတူ သိုင်းစစ်သူကြီးနှင့် သိုင်းဘုရင်ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေကြသည့် တပည့်များ အားလုံးသည် အဆင့်တက်မည့် အရိပ်လက္ခဏာများ ပြသလာခဲ့၏။ အချိန်ကုန်လွန်ပြီးသည့်နောက် ၎င်းတို့၏ အဆင့်တက်နှုန်းသည် တဖြည်းဖြည်းနှင့် ပိုမိုကာ တိုးတက်လာတော့၏။ နှစ်နာရီ အတောအတွင်းမှာပဲ တပည့် တော်တော်များများသည် အဆင့်ကြီးတစ်ခုဆီသို့ တိုးတက်သွားကြ၏။
ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲနှင့် အတွင်းစည်းတပည့်များ အားလုံးသည် သိုင်းနယ်မြေကျင့်ကြံခြင်းအဆင့်ဆီ သို့ ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီဖြစ်၏။ ၎င်းတို့အနေဖြင့် ထပ်မံကာ အဆင့်မချိုးဖြတ်နိုင်သော်လည်း ကြီးမားသည့် အကျိုးအမြတ်ကို ရရှိခဲ့တော့၏။
အမြူတေအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အဆင့်တက်နှုန်းသည် လေးနာရီကျော် ကြာမြင့်ခဲ့၏။ ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံလျက်ရှိနေသည့် လေလှိုင်းများအားလုံး ငြိမ်သက်သွားပြီးသည့်နောက် ဤကဲ့သို့ အဆင့်တက်မှု လုပ်ငန်းစဉ်သည် နောက်ဆုံး၌ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ဝှစ် ……။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲဆီမှ ပျံသန်းထွက်ခွာလာပြီးသည့်နောက် အဓိကဟောခန်း၏ အပေါ်တွင် မတ်မတ်ရပ်လိုက်၏။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက် ရှိနေသည့် အော်ရာများသည် ပြိုင်စံရှားဂိုဏ်းတပည့်များအား အမှန်ပင် ချီးကျူးဂုဏ်ပြုမှုများနှင့် ပြည့်နှက်စေတော့၏။
...........
ရက်အနည်းငယ်အတွင်းမှာပဲ သူသည် တည်နေရာချိုးဖြတ်ခြင်း အလယ်အလတ်အဆင့်မှသည် အထက်အဆင့် ဆီသို့ ချိုးဖြတ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ တည်နေရာချိုးဖြတ်ခြင်းအဆင့်မှသည် အမြူတေအသွင်ပြောင်း ခြင်းအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့ပြီ ဖြစ်တော့၏။ သူ၏ အဆင့်တက်နှုန်းသည် ကြောက်ခမန်းလိလိပင်။
ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းသည်မှာ အဓိက ကျင့်ကြံခြင်းအဆင့်ကို ချဉ်းနှင်းဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများကြားတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ရုံ သာမက ကောင်းကင်ယံထက်တွင် လွတ်လွတ်လပ်လပ် ပျံသန်းနိုင်စွမ်း ရှိနေပြီ ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် သူသည် ဓားနှင့် သိုင်းတာအိုကို လေ့ကျင့်သည့်အပြင် အရည်အသွေးကောင်းမွန်လွန်းလှသော စွမ်းအင် အမြူတေနှစ်ခုသည် သူ၏ ဒန်ထျန်ထဲတွင် တည်ရှိနေသောကြောင့်ပင်။
အထက်နယ်မြေတွင်တော့ ထိုကဲ့သို့ ဒန်ထျန်ထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များအား ကျန်းချီ ဟု ခေါ်ဆိုကြ သည်။ လက်ရှိအချိန်မှာတော့ သူသည် ကျန်းချီကို အသုံးပြုပြီးသည့်နောက် ပိုမိုကာ အားကောင်းလာခဲ့၏။
ထိုကဲ့သို့ ဆက်လက်ကာ ကျင့်ကြံသွားပြီး အဆင့်လေး စိတ်ဝိညာဉ်အသွင်ပြောင်းမှုကို ရောက်ရှိသည်နှင့် ကျန်းချီ မှသည် တာအိုစွမ်းအင်အဖြစ်သို့ ထပ်မံကာ ပြောင်းလဲပေလိမ့်မည်။ သတ္တမအဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိပြီးသည့် နောက် ထိုတာအိုစွမ်းအင်များသည် နတ်ဘုရားစွမ်းအင်များအဖြစ် ထပ်မံကာ ပြောင်းလဲပေဦးမည်။
[ဤအဆင့်များအား ဘာသာပြန်သူသည် သီးသန့် ခွဲထုတ်ပေးထားပါမည်။
အမြူတေ ပြောင်းလဲခြင်းအဆင့် ….
(၁-၃) ချီပြောင်းလဲမှု - ကျန်းချီ
(၄-၆) စိတ်ဝိညာဉ်ပြောင်းလဲမှု - တာအိုစွမ်းအင်
(၇-၉) ဝိညာဉ်ပြောင်းလဲမှု - နတ်ဘုရားစွမ်းအင်]
ဒန်ထျန်ထဲတွင်ရှိသော အသွင်ပြောင်းလဲမှုများအားလုံးသည် တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို တိုးတက် ရုံသာမက ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းကိုလည်း ပိုမိုကာ အားကောင်းလာခဲ့၏။ ထို့အတူ ခန္ဓာကိုယ်နှင့် ဝိညာဉ်များ၏ ကြံ့ခိုင်မှုသည်လည်း ကြောက်ခမန်းလိလိ လိုက်ပါတိုးတက်လာမှာ သေချာ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း သည် အမြူတေအသွင်ပြောင်းလဲခြင်းအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက် အလုံးစုံ တိုးတက်မှုများ ဖြစ်တည်လာခဲ့သည်။
လေထဲတွင် မတ်မတ်ရပ်လျက်ရှိသော ကုန်းရှန့်သည် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများအား ပိုမိုကာ ခံစား နားလည်လာမိ၏။ အဆင့်တက်မှုကြောင့် ရရှိခဲ့သည့် သာယာမှုများကို ခံယူပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် အဓိကဟောခန်းဆီသို့ ဆင်းသက်ပြီး ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများကို ခေါ်ယူကာ ဆွေးနွေးတော့၏။
သူ့အနေနှင့် ဤကဲ့သို့ ခေါ်ယူဆွေးနွေးရသည့် အကြောင်းအရင်းသည် တစ်ခုတည်းသာလျှင် ရှိသည်။
အထက်နယ်မြေတွင် ဂိုဏ်းအား မည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ရမည်နည်းဆိုသည့် အကြောင်းအရာပင် ဖြစ်တော့၏။
သေမျိုးလောကနှင့် မတူဘဲ ဤတည်နေရာကြီးတစ်ခုလုံးတွင် သူတစ်ယောက်တည်းအပေါ် အမှီအခို ပြု၍ ဂိုဏ်းကို တိုးတက်လာအောင် ပြုလုပ်ဖို့ဆိုသည်မှာ မလွယ်ကူလှချေ။ သူ့အနေနှင့် တပည့်များ၏ အကူအညီ များကိုလည်း လိုအပ်နေသေး၏။ ထိုမှသာလျှင် အထက်နယ်မြေတွင် မြန်မြန်ဆန်ဆန် ပိုမိုတိုးတက်လာမှာ သေချာ သည်။
“ဂိုဏ်းချုပ်”
ယွမ်ဖန်သည် ပထမဦးဆုံး သူ၏ အထင်အမြင်ကို ထုတ်ဖော် ပြောဆိုလိုက်၏။ “မိသားစု၊ ဂိုဏ်းတစ်ခု ပဲ ဖြစ်ဖြစ် အရင်းအမြစ်မရှိဘဲ ဘာမှလုပ်လို့ မရဘူးလေ။ ဒီတော့ ကျုပ်တို့ ပိုက်ဆံအရင်ဆုံး ဘယ်လိုရှာရမလဲ ဆိုတာကို စဉ်းစားသင့်တယ်”
“ဒါက အမှန်ပဲ”
ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။ သူ့အနေနှင့် အစောပိုင်းတစ်လတုန်းက ဤနေရာသို့ ကြိုတင်ရောက်ရှိခဲ့ဖူးပြီး အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့ဆီမှ သိုင်းအရင်းအမြစ်များကို ရရှိခဲ့၏။ သို့ပေမဲ့ ဤအရင်းအမြစ်များသည် ဂိုဏ်းဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုမည်ဆိုလျှင် သမုဒ္ဒရာထဲသို့ ပစ်ထည့်လိုက်သည် ကျောက်ခဲလေး တစ်လုံး၊ နှစ်လုံးကဲ့သို့ပင် ဖြစ်သည်။
အမဲရောင်နတ်ဆိုးက ပြောလိုက်၏။ “အောက်နယ်မြေမှာရှိတဲ့ သိုင်းပညာ အရင်းအမြစ်တွေက အထက်နယ်မြေ ဆီမှာ အသုံးမပြုနိုင်ဘူး။ ဂိုဏ်းချုပ်... ဒီတော့ တပည့်တွေအတွက် ကျင့်ကြံခြင်းနည်းစနစ်အသစ်တွေကို အသုံးပြု ဖို့အတွက် စဉ်းစားသင့်တယ်။ သိုင်းနည်းစနစ်အသစ်တွေကိုလည်း ဖန်တီးထားသင့်တယ်။ ဒါမှ တပည့်တွေက ပိုပြီး တိုးတက်လာကြမှာ”
သေမျိုးလောကထဲတွင် သိုင်းပညာနှင့် ပတ်သက်သည့် အသိအမြင်သည် အောက်နယ်မြေတွင် ရှိနေသော ဓာတ်သဘာဝများအပေါ် အမှီအခိုပြုထားခြင်းဖြစ်၏။ ထို့ကြောင့် နတ်ဘုရားအဆင့်နှင့်အထက် သိုင်းကျင့်ကြံခြင်း နည်းစနစ်များ မဟုတ်ပါက အထက်နယ်မြေတွင် အသားကျလိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်”
အဖြူရောင်နတ်ဆိုးသည် လျှို့ဝှက်သိုင်းကျမ်းအနည်းငယ်ကို ထုတ်ယူကာ ပြောလိုက်၏။ “ကျုပ်ဆီမှာ ကျင့်ကြံခြင်းနည်းစနစ်နဲ့ သိုင်းနည်းစနစ် တော်တော်များများ ရှိတယ်လေ။ ဒီကျမ်းစာတွေရဲ့အဆင့်က အရမ်းကြီး မြင့်မားတယ် မဟုတ်ပေမယ့် တပည့်တွေအနေနဲ့ လောလောဆယ် ကျင့်ကြံဖို့အတွက် သင့်တော်လိမ့်မယ်”
သူ့အနေနှင့် အတိတ်တုန်းကသာဆိုလျှင် ထိုအရာများကို ထုတ်၍ ပေးလိမ့်မည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် အထက်နယ်မြေဆီမှ ဖန်တီးထားသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ်များ ဖြစ်နေသောကြောင့်ပင်။ အောက်နယ်မြေတွင် ကျင့်ကြံ၍ ရနိုင်သည်ဆိုသော်လည်း အောင်မြင်မှု ရရှိရန် ခက်ခဲလွန်းလှ၏။ ဥပမာအားဖြင့် ဟယ်ဝူတီသည် အားကောင်းလွန်းလှသော သိုင်းနည်းစနစ်များကို တက်ကျွမ်းနားလည်သည် ဆိုသော်လည်း အောက်နယ်မြေတွင် ထုတ်ဖော်အသုံးပြု၍ မရနိုင်ချေ။ ထိုနည်းတူစွာပင်ဖြစ်၏။
“မလိုဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်ဆီမှာ အထက်နယ်မြေနဲ့ သင့်တော်တဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်နဲ့ ကျင့်ကြံခြင်းနည်းစနစ် အသင့်ရှိတယ်”
ပြောပြီးသည့်နောက် သူသည် နှလုံးသားအလင်းကျမ်းစာနှင့် ကောင်းကင်လက်ဝါးရိုက်ချက်ကျမ်းအား ထုတ်ကာ ပေးလိုက်၏။
အဖြူရောင်နတ်ဆိုးသည် လက်ထဲတွင် ထိုအရာကိုကိုင်ကာ တီးတိုးရေရွတ်လိုက်၏။ “ဒီသိုင်းကျင့်ကြံခြင်း နည်းစနစ်နှစ်ခုကို တစ်ခါမှ မကြားဖူးဘူး။ ဒါတွေက ငါကျင့်ကြံခဲ့တဲ့ နည်းစနစ်တွေထက် ပိုပြီးအားကောင်းနေ တာလား”
သံသယတချို့နှင့်အတူ သူသည် စာရွက်ကိုအာ လှန်ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ အလန့်တကြား ထအော်လိုက်မိသည်။ “ဒါ အင်မော်တယ် သိုင်းကျင့်ကြံခြင်းနည်းစနစ်ပါလား”
အမဲရောင်နတ်ဆိုးသည် ထိုအချင်းအရာကို ကြိုတင်သိရှိပြီးဖြစ်သောကြောင့် ထွက်ခွာသွားနှင့်သည်မှာ ကြာမြင့်ပြီ ဖြစ်၏။ လက်ရှိအချိန်မှာတော့ သူသည် သူ၏အိပ်ဆောင်ဆီသို့ ပြန်လည်ရောက်ရှိပြီး ခြေချိတ်ကာ ကျင့်ကြံလျက်ပင် ရှိနေလေ၏။
ကျွီ
တံခါးပိတ်လိုက်ပြီးသည့်နောက် ရီရှင်းချန်သည် တံခါးကို နောက်ကျောနှင့် အသာမှီလိုက်၏။ သူ၏ အသက်ရှုနှုန်း များသည် မြန်ဆန်နေခဲ့၏။ ရင်ဘတ်ထဲတွင် ရှိနေသော ကျင့်ကြံခြင်းနည်းစနစ် စာအုပ်အား လက်ထဲမှာ ထုတ်ကိုင်ရင်း ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိသည်။ “ဒီလို ကျင့်ကြံခြင်းနည်းစနစ်တွေက ငါ့ကို ပိုပြီးအားကောင်းလာစေမှာပဲ။ ငါ ဟိုမိန်းမယုတ်ကို ကောင်းကောင်း ကလဲ့စားချေရမယ်”
“စီနီယာသက်တန့်ရောင်”
နှလုံးသားအလင်းကျမ်းစာကို ရရှိပြီးသည့်နောက် ဟယ်ဝူတီသည် ရူးရူးမူးမူးဖြင့် စိတ်ထဲတွင်ရှိနေသည့် အတွေးများ များလျက် ရှိနေတော့၏။ “ဂိုဏ်းချုပ်ကို ဘယ်လောက်များပြားတဲ့ ပစ္စည်း ကောင်းတွေ ပေးထားခဲ့တာလဲ”
ကျွင်းချောင်ရှောင်းအနေဖြင့် သူရရှိထားသည့် သိုင်းကျင့်ကြံခြင်းနည်းစနစ် အသစ်အား သေချာလှန်လှော ကြည့်ရှုလိုက်၏။ ဤကျင့်ကြံခြင်းနည်းစနစ်၏ အဆင့်သည် အင်မော်တယ်အဆင့်ဖြစ်ကြောင်း သိရှိပြီးနောက် ပျော်ရွှင်သွားမိသည်။ “အထက်နယ်မြေဆီမှာ ကြိုးစားရတာက အောက်နယ်မြေမှာ စစချင်း ကြိုစားခဲ့ရတာနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော်သေးတာပဲ”