အခန်း (၁၃၅၁)
Vol. 91 Ch. 1351
တစ်ညလုံးလေ့လာသုံးသပ်ဖန်တီးပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အကြီးအကဲချန်ခဲ့သည့် များပြားလှသည့် အစီအရင်များကို ဂိုဏ်း၏ တည်နေရာအနှံ့တွင် ထားခဲ့နိုင်ခဲ့ပြီဖြစ်၏။ ဤအရာတွင် အကာအကွယ် နှင့် တိုက်ခိုက်ရေးအစီအရင်များ ပါဝင်လျက်ရှိ၏။ အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့သည့် ပြိုင်စံရှားဂိုဏ်းအနေနှင့် များပြားလှသည့် အရင်းအမြစ်များကို ရရှိရန်အတွက် အရင်ဆုံး ကိုယ့်၌ ရှိသော အရင်းအမြစ်များကို ထိန်းသိမ်းခြင်းကို ပြုလုပ်ရမှာဖြစ်၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ဤအရာကို သေသေချာချာ ဖန်တီးပြုလုပ်ထားပြီးဖြစ်၏။ သေမျိုး လောက၏ အစပိုင်းအခြေအနေတုန်းကဆိုလျှင် သူသည် များပြားလှသည့် နည်းလမ်းများနှင့် သေလမ်းရှာခြင်းကို ပြုလုပ်ခဲ့၏။ ထိုကဲ့သို့သော ပြုလုပ်ခဲ့ရခြင်းသည် ဂိုဏ်း၏ အကာအကွယ်အစီအရင် အားကိုးကြောင့်သာ ဖြစ်လေသည်။
သူ့အနေနှင့် အနိုင်မယူနိုင်သည်ဆိုလျှင်တောင်မှ ဂိုဏ်းထဲသို့ ဝင်ရောက်၍ ပုန်းအောင်းနိုင်စွမ်းရှိနေ၏။ ပွင့်ပွင့် လင်းလင်းပြောရမည်ဆိုလျှင် လက်ရှိအထက်နယ်မြေ၌လည်း ဤကဲ့သို့ ပြုလုပ်ရန် သူစဉ်းစားထားမိ၏။
“လက်ခံသူရဲ့ အစီအရင်စွမ်းအင်က အားကောင်းလွန်းတယ်ဆိုပေမဲ့ အထက်နယ်မြေမှာတော့ အရမ်းကြီး အားကောင်းမှာ မဟုတ်ဘူး။ အမြန်ဆုံးနဲ့ အကျိုးသက်ရောက်မှုအရှိဆုံး နည်းလမ်းကတော့ ….”
“ငါသိတယ်။ စတိုးကို သွားပြီး Refresh လုပ်ခိုင်းချင်တာမဟုတ်လား။”
ကျွင်းချောင်ရှောင်းသည် အဖြေကို အစောကြီးတည်းက သိရှိပြီးဖြစ်၏။ သို့ပေမဲ့ စနစ်ပြောဆိုသည်မှာလည်း အမှန်ပင် ဖြစ်သည်။ သူသည် ပင်ကိုယ်ပြောင်းလဲခြင်းဆေးရည်များကို အသုံးပြုကာ အစီအရင်အင်ပါယာအဖြစ်သို့ ရောက်ရှိ လာခဲ့သည်ဆိုသော်လည်း အထက်နယ်မြေတွင် အစီအရင်များကို ဖန်တီးခြင်းနှင့်ပတ်သက်လျှင်တော့ နက်နဲလှသည့် သဘောတရားများကို နားလည်နိုင်လိမ့်မည်မဟုတ်ချေ။
စတိုးထဲတွင် ဂိုဏ်းအကာအကွယ်အစီအရင်တစ်ခုခု တည်ရှိသည်ဆိုပါက ကျိန်းသေပေါက် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
တွေးကြည့်ပြီးသည့်နောက်မှာတော့ သူသည် စဦးစတိုးကို ဖွင့်လှစ်လိုက်၏။ အထဲတွင် များပြားလှသော ပစ္စည်း များ တည်ရှိနေသည်ဆိုသော်လည်း အရမ်းကောင်းမွန်လှသည့် ပစ္စည်းများတော့ မဟုတ်သေးချေ။
“အင်း”
ကျွင်းချောင်ရှောင်းက သက်ပြင်းချမိသည်။ “သေမျိုးစကြဝဠာရဲ့ ထိပ်ဆုံးမှာ ငါ ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့ အထက်နယ်မြေကို ရောက်ရှိတဲ့အချိန်မှာတော့ တကယ့်ကို သုံးစားမရတဲ့အခြေအနေဖြစ်နေတာပဲ။”
“ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာရပ်လိုက်။ လျင်လျင်မြန်မြန်နဲ့ Refresh လုပ်လိုက်။”
“refresh လုပ်ရင် ဘယ်လောက် ကုန်မှာလဲ။”
“တစ်သောင်းလေ။”
“အင်း။ ဈေးပေါသားပဲ။”
ပစ္စည်းများသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀ ကုန်ကျသည်ကို မြင်ရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် refresh တစ်ခါလုပ်တိုင်း ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀ ကုန်ကျလိမ့်မည်ဟု စိတ်ပိုင်းဆိုင်ရာအရ တွေးတောထားမိ၏။ သို့ပေမဲ့ တစ်သောင်းသာလျှင် ကုန်ကျနေသည်။
စနစ်က ပြောလိုက်၏။ “ဒါက ၁၀၀၀၀ပဲ ကုန်ကျရုံတင်မကဘူး။ ထပ်ပြီး refresh လုပ်မယ်ဆိုရင် အထဲကကုန်ပစ္စည်းတွေကို ဝယ်ယူစရာ မလိုတော့ဘူး။ ပြီးတော့ refresh ကို အကန့်အသတ်တစ်ခုထိ ထပ်လုပ်နိုင်စွမ်း ရှိသေးတယ်”
“တကယ်လား။”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ ယခင်တုန်းကသာဆိုလျှင် သူ့အတွက် ဂိုဏ်းစုဆောင်း မှတ်များ တော်တော်ကုန်ကျ၏။ refresh လုပ်ချင်သည်ဆိုပါက နောက်ထပ် အထဲတွင်ရှိသော ကုန်ပစ္စည်းများကို ထပ်မံကာ ဝယ်ယူခဲ့ရသည်။
“စမ်းကြည့်ရအောင်။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် စတိုးအား ဖွင့်လှစ်လိုက်၏။ refresh လုပ်လိုက်သည့်အချိန်မှာတော့ ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ ကုန်ကျသွားခဲ့၏။ သို့ပေမဲ့ သူသည် ဒုတိယအကြိမ်မြောက် စတိုးအားrRefresh လုပ်ရန် အစီအစဉ်မရှိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် အထဲတွင် ပစ္စည်းကောင်းများ များစွာ တည်ရှိနေသောကြောင့်ပင်။
ဥပမာအားဖြင့် ပထမအသွင် အသွင်ပြောင်း ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး၊ ပထမအသွင်ပြောင်း ပြန်လည် ကောင်းမွန်ခြင်းဆေးလုံး၊ ပထမအသွင်ပြောင်း …….
“နေပါအုံး။ ဘာလို့ အသွင်ပြောင်းဆိုတဲ့ဟာကြီး ပါနေတာလဲ။ အမြုတေအသွင်ပြောင်းခြင်းဆေးကို ရည်ညွှန်းတာလား။”
စနစ်က ပြောလိုက်သည်။ “အပိုတွေ လျှောက်တွေးမနေနဲ့။ တိုက်ဆိုင်သွားတာပဲ နေမယ်။”
“ကောင်းပြီ။ ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် ၎င်းနှင့်ငြင်းခုန်ရန်အတွက် ပျင်းရိလွန်းနေ၏။ ထို့ကြောင့် ပြောလိုက်၏။ “မင်း စကားအရမ်းများလွန်းတယ်။ မင်းမှန်တယ်။ ဟုတ်ပြီလား။”
မိတ်ဆက်အရ ကြည့်မည်ဆိုလျှင် ဤအသွင်ပြောင်းဆေးလုံးများသည် အလွန်တရာ ကောင်းမွန်လွန်းလှ၏။ အကျိုး သက်ရောက်မှုသည် ချီစုစည်းခြင်းဆေးလုံးများထက် ပိုမိုကာ ကောင်းမွန်လွန်းနေ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာများကို မဝယ်သေးချေ။ အဘယ့်ကြောင့်ဆိုသော် အချိန်ကာလတစ်ခုအထိ သူသည် ဂိုဏ်းစုဆောင်းမှတ်များ မရှိသောကြောင့်ပင်။
“အရင်ဆုံး ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို အရင်ဝယ်ရအောင်။”
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀၀ ကို အသုံးပြုပြီးနောက် ပထမအသွင် ပြောင်းလဲခြင်း ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး ဖော်မြူလာတစ်ခုအား ဝယ်ယူခဲ့၏။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးလိုက် ပါပြီ။”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၅၉၀၀၀၀”
နာမည်ကြားလိုက်ရုံနှင့် ထိုအရာသည် ခန္ဓာကိုယ်နှင့်ပတ်သက်နေသော ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးဖြစ်မှန်း သိရှိနိုင်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ များပြားသော လုပ်ဆောင်မှုများ ပါဝင်နေ၏။ ထိုအရာတွင် ခန္ဓာကိုယ် အသွင်ဖြစ်တည်ရာတွင် အသုံးပြုသည့်အရာသည်သာမက ခန္ဓာကိုယ်၏ အသွင်အပြင်ကိုလည်း ထိန်းသိမ်းနိုင်စွမ်း ရှိနေ၏။ ထို့အပြင် ဝိညာဉ်နှင့်စွမ်းအင်များ၏ ပိုမိုအားကောင်းအောင်လည်း အသုံးပြုနိုင်စွမ်းရှိ၏။ အမှန်ပင် ကောင်းမွန် လွန်းသည့်အရာပင် ဖြစ်တော့၏။
သို့ပေမဲ့ ဆေးလုံးအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းစာရင်းကို မြင်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် စိတ်ဓာတ်ကျသွားမိ၏။ အဘယ့်ကြောင့်ဆိုသော် ပါဝင်သည့် ဆေးပင်အမျိုးအစားအရေအတွက်သည် တစ်ရာ ကျော်ပင် ရှိနေ၏။ နာမည်များကို ကြည့်ရှုလိုက်သည်ဆိုသည်နှင့် အလွန်တရာ တန်ဖိုးရှိလှသည့် ဆေးပင် များဖြစ်ကြောင်းသိရှိနိုင်သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဆေးပင်တွေကို အမြန်ဆုံးရဖို့ နည်းလမ်းကို စဉ်းစားရမယ်။”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ အကြီးအကဲဝေသည် အားတက်တရောဖြင့် လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ဆေးပင်တွေ စိုက်ပျိုးဖို့အတွက် သင့်တော်တဲ့ နေရာတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်။”
အထက်နယ်မြေကို ရောက်ရှိလာပြီးသည့်နောက်မှာတော့ တပည့်များသည် ကျင့်ကြံခြင်းအဆင့်ကို အာရုံစိုက်ထား၏။ သို့ပေမဲ့ ဆေးဟောခန်း၏ ဟောခန်းသခင်တစ်ယောက်အနေနှင့် သူသည် မည်သည့်အချိန်တွင် ဆေးဥယျာဉ်တစ်ခုကို ဖွင့်လှစ်ရမည်ဆိုသည်ကို တရစပ် စဉ်းစားနေမိ၏။
…
အင်မော်တယ်တောင်တန်းကြီးသည် အလွန်ကြီးမားလွန်းလှ၏။ ထိုက်ရွှမ်အကြီးအကဲသည် အစီအရင်များကို လေ့လာသုံးသပ်ခြင်း၊ ကံကြမ္မာဖတ်ခြင်းအတတ်ကို လေ့လာခြင်း စသည့်အရာများကိုသာ ပြုလုပ်တတ်သည်သောကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ သူ မထိတွေ့ရသေးသော တည်နေရာ တော်တော်များများ ကျန်ရှိနေသေးသည်။
အကြီးအကဲဝေသည် ဤတည်နေရာသို့ ရောက်ရှိလာပြီးသည့်နောက် စွန်းပုကုံးနှင့် တစ်ခြားသော တပည့်များကို ခေါ်ယူကာ ဆေးပင်စိုက်ပျိုးရန် ကောင်းမွန်လှသည့် တည်နေရာများကို လိုက်လံကာ ရှာဖွေခဲ့၏။
ပြီးသည့်နောက် ၁၀ မိုင်ကျော်နေရာတွင် မြေပြန့်ကြီးတည်နေရာတစ်ခုကြီး တည်ရှိနေကြောင်း မြင်ရပြီး ဤတည်နေရာသည် ကောင်းကင် နှင့် မြေကြီး ဓာတ်သဘာဝများ ပိုမိုကာ အားကောင်းနေသည်ကိုလည်း သိရှိခဲ့ရသည်။
“မဆိုးဘူး။”
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဒီမှာရှိတဲ့ ပတ်ဝန်းကျင်က ကြယ်ကြွေကုန်းမြေတိုက်ကြီး မှာရှိတဲ့ ပတ်ဝန်းကျင်ထက် ပိုပြီးအားကောင်းတယ်။”
အကြီးအကဲဝေက ပြောလိုက်သည်။ “ဂိုဏ်းချုပ် … ဒီတည်နေရာကို ပြောင်းပြီးတော့ ပြိုင်စံရှားဂိုဏ်းရဲ့ ဆေးဥယျာဉ်အဖြစ် လုပ်လိုက်ကြရအောင်။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျားနဲ့အတူ အလုပ်လုပ်ဖို့ တောဝက်ရိုင်းလေးကို ခိုင်းလိုက်မယ်။”
ပြီးနောက် သူသည် ရုတ်တရက် ရပ်တန့်သွားမိ၏။ အဘယ့်ကြောင့်ဆိုသော် တောရိုင်းတည်နေရာအစပ် တွင် မို့ဖောင်းနေသည့် ဗိုက်ကြီးနှင့်အတူ အိပ်ပျော်နေသည့် တောဝက်ရိုင်းလေးကို မြင်လိုက်ရသောကြောင့်ပင်။
လောကအသစ်ကြီးကို ရောက်ရှိသည့်အချိန်တွင် အသစ်အသစ်သော မြေဆီလွှာများကို စားသုံးပြီး တောဝက်ရိုင်းလေး သည် အားရပါးရ အိပ်မောကျလျက် ရှိနေလေသည်။
…
ဂိုဏ်း၏ အပြင်ဘက်မှာတော့ ဆေးဟောခန်းမှ စီစဉ်ထားသည့် ဆေးဥယျာဉ်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ ၎င်းတို့သည် အဆင့်နိမ့်နယ်မြေတွင် ရှိသော ဆေးပင်များကို မစိုက်ပျိုးကြချေ။
ထို့ကြောင့် ကျွင်းချောင်ရှောင်းအနေနှင့် အထက်နယ်မြေတွင်ရှိသော ဆေးပင်များ၊ ဆေးမျိုးစေ့များကို မည်ကဲ့သို့ ရှာဖွေရမည်ဆိုသည့် နည်းလမ်းများကို စဉ်းစားလျက်ရှိနေ၏။ ထိုမှသာလျှင် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးများကို သန့်စင်နိုင်မှာဖြစ်၏။ သို့ပေမဲ့ စိုက်ပျိုးခြင်း သည် ပြဿနာမရှိချေ။ ပြဿနာရှိနေခြင်းမှာ ပိုက်ဆံမရှိခြင်းပင်။
“ဂိုဏ်းချုပ်”
ဖြူမဲညီနောင်တို့က အသံပို့လွှတ်လိုက်သည်။ “အင်ပါရီယန်နတ်ဓားဂိုဏ်းနဲ့ ရေခဲဓားမော့ဂိုဏ်းက လူတွေ ရောက်နေကြတယ်။”
“ကောင်းပြီ။”
ထိုသူများသည် သူ့အား ပိုက်ဆံလာပေးခြင်းပင် ဖြစ်ပေလိမ့်မည်။ ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ ထွက်ပြီး ဂိုဏ်း၏ ဂိတ်တံခါးအရှေ့သို့ ဆင်းသက်လိုက်၏။
အပြင်ဘက်တွင် သိုင်းကျင့်ကြံသူ ၁၀၀၀၀ နီးပါးခန့် တည်ရှိနေကြပြီး ၎င်းတို့၏ လက်ထဲတွင် ဓားများ၊ ဓားမော့များကို ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသည်။
“ဒီလူစာရင်းက နည်းနည်းများတာပဲ။”
သူသည် လမ်းတစ်လျှောက်တွင် ရှိခဲ့သော သိုင်းကျင့်ကြံသူများထံမှ သိုင်းပညာအရင်းအမြစ်များကို လုယူခဲ့၏။ ထို့ကြောင့် ကြီးမားသော ခန္တီစတရားကို ပိုင်ဆိုင်သည့် ဂိုဏ်းများဆိုလျှင်ပင် သည်းခံနိုင်လိမ့်မည်မဟုတ်ချေ။
လက်ရှိ အခြေအနေမှာတော့ အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းတို့သည် ဦးစီးဦးဆောင် ပြုလုပ်ပြီးသည့်နောက် များပြားလှသည့် သိုင်းကျင့်ကြံသူများကို ခေါ်ဆောင်ကာ ၎င်းတို့၏ ဒေါသကို ဖြေသိပ်ရန် ရောက်ရှိလာခဲ့ကြ၏။
“သူခိုး”
ဝါးတောင်တန်း နံပါတ်တစ်၏ တိုက်ခိုက်မှုကြောင့် လွင့်စင်ခဲ့ဖူးသည့် အင်ပါရီယန်နတ်ဓားဂိုဏ်းမှ တတိယ အကြီးအကဲသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဒီနေ့မှာ ငါတို့က …”
“ရှူး”
ကျွင်းချောင်ရှောင်းသည် ပါးစပ်ပိတ်ဆိုသည့်အမူအရာကို ပြုလုပ်ကာ ပြောလိုက်၏။ “ကျုပ်ပြောတာ နားထောင်။”
ဗွမ်း
သူတို့၏ ဘေးတစ်ဖက်၏ တောင်ပေါ်တွင်တော့ အလင်းတန်းများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ တိုင်ကြီးများတွင် ကြိုးဖြင့် ချည်နှောင်ခြင်း ခံထားရသော အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းမှ စွမ်းအားမြင့်ကျွမ်းကျင်သူများသည် ပေါ်လာကြသည်။
၎င်းတို့၏ ရှုပ်ထွေးပွေလီနေသည့် ဆံပင်နှင့် ဖူးရောင်လျက်ရှိနေသည့် မျက်နှာများကို မြင်ရသည့်အချိန်မှာတော့ အားရာသည် သေသေချာချာ လေ့ကျင့်ပေးထားမှန်း သိသာလှ၏။
“ချီးတဲ့မှ”
သူတို့၏ ဂိုဏ်းတူရောင်းရင်းများ ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရသည်ကို မြင်ရသည့်အချိန်မှာတော့ ဂိုဏ်းအသီးသီးရှိ သိုင်းကျင့်ကြံသူများသည် ချက်ချင်းဒေါသထွက်သွားခဲ့ကြ၏။ သူတို့သည် ရှေ့ဆီသို့ တိုးလာပြီး ပြိုင်စံရှားဂိုဏ်းအား တစ်ခါတည်း ဖျက်ဆီးပစ်ရန် မည်သို့မျှ မစောင့်နိုင်တော့ချေ။
“ခင်ဗျားတို့ ကျုပ်ကို သတ်ချင်နေတာကို နားလည်ပါတယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ မကောင်းတဲ့စကားကို အရင်ပြောရအုံးမယ်။ ခင်ဗျားတို့ရဲ့ စကားလုံးနဲ့ လုပ်ရပ်တိုင်းက သူတို့ရဲ့ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်လိမ့်မယ်။”
“ကောင်လေး”
တတိယအကြီးအကဲသည် ခက်ထန်စွာ ပြောလိုက်၏။ “မင်းဘာကို ဆိုလိုတာလဲ။”
ကျွင်းချောင်ရှောင်းသည် ရှောင်ကျီပြင်ဆင်ပေးထားသော ထိုင်ခုံပေါ်တွင် အသာထိုင်ချလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “သူတို့က ခွင့်ပြုချက်မရှိဘဲ ဒီတောင်ထဲကို ဝင်လာပြီး ဒီမှာရှိတဲ့ အစီအရင်တွေကို ဖျက်ဆီးခဲ့တယ်။ စည်းမျဉ်းစည်းကမ်းအရဆိုရင် တစ်ခါတည်း သူတို့ကို သတ်ပစ်ရမှာ။ ဒါပေမဲ့ ကျုပ်တို့က ဂိုဏ်းကဏ္ဍအသီးသီးက အသက်ရှင်နေထိုင်နေတဲ့လူတွေပဲလေ။ သူတို့ကို ပိုက်ဆံနဲ့ ရွေးလိုက်ရင်လည်း ကျေနပ်ပေးနိုင်ပါတယ်။”
“ပိုက်ဆံပေးရမယ်ဟုတ်လား။”
တတိယအကြီးအကဲသည် အေးစက်စက် ပြောလိုက်၏။ “မင်းက ဘယ်လိုလုယက်ပြီးတော့ ဘယ်လိုငွေညှစ်ရမလဲဆိုတာကို ကောင်းကောင်းသိတဲ့လူတစ်ယောက်ပဲ။”
“တ … တတိယအကြီးအကဲ မြန်မြန်။ မြန်မြန် ပိုက်ဆံပေးလိုက်ပါ။”
အင်ပါယာနတ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူသည် အားပျော့စွာဖြင့် ပြောလိုက်၏။ လက်ရှိအခြေအနေတွင် သူ၏ ကျင့်ကြံ ခြင်းအဆင့်သည် အလုံးစုံစည်းခတ်ခြင်းကိုခံထားရပြီး တစ်ညလုံးလုံး အားရာ၏ နှိပ်စက်ခြင်းကိုလည်း ခံထားရ သေး၏။ အလွန်တရာ နာကျင်နေ၏။ ဖြစ်နိုင်သမျှ ပိုက်ဆံကို မြန်မြန်ပေးပြီး ဤတည်နေရာဆီမှ လွတ်မြောက်သွားချင်စိတ်သည် ဖုံးမနိုင်ဖိမရပင် ဖြစ်လို့လာခဲ့သည်။
“အဘိုးကြီးလု”
တတိယအကြီးအကဲသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ခင်ဗျားရဲ့ စွမ်းရည်သတ္တိတွေ ဘယ်ရောက်သွားလဲ။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားတာလဲ။”
“……..”
အဘိုးကြီးလု ဟု ခေါ်သည့် ကျွမ်းကျင်သူသည် သွေးအန်လုမတတ်ပင် ဖြစ်သွားမိ၏။ ဤကဲ့သို့ စကားများကို ပြောဆိုမည်ဆိုလျှင် သူနှင့်နေရာလဲပြီး ခဏလောက်လာနေပြီးမှ ပြောဆိုသင့်သည်။ ထိုသို့ဆိုလျှင် ဇွဲတွေ၊ သတ္တိတွေ၊ ဂုဏ်သိက္ခာတရားတွေ ဘယ်ရောက်သွားသလဲဆိုသည်ကို ကောင်းကောင်းသိရှိပေလိမ့်မည်။