အခန်း (၁၃၄၇)
Vol. 91 Ch. 1347
ရင်ဘတ်တစ်ခုလုံး ထွင်းဖောက်ခံလိုက်ရသော ကျင်းဟောင်သည် ထွက်ပြေးသွားနိုင်လိမ့်မည် ဟု ကျွင်းချောင်ရှောင်းက မထင်မှတ်ခဲ့ချေ။ သို့မဟုတ် တစ်ဖက်လူ၏ နှလုံးသားတည်နေရာသည် မှားယွင်းနေသည် လား မသိချေ။
“ဟင်း”
ကုန်းရှန့်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ငါသူ့ကို မသတ်နိုင်ခဲ့တာ ဆိုးတာပဲ”
“ပထမတောင်းဆုအတွက် ရတဲ့ဆုလာဘ်က တကယ့်ကို အံ့အားသင့်စရာကောင်းတယ် မဟုတ်ဘူးလား” စနစ်က မေးလိုက်သည်။
“အံ့အားသင့်စရာ ကောင်းပါတယ်။ အံ့အားသင့်စရာ ကောင်းပါတယ်”
ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော မိုးကြိုးတုတ်ကြီးအား အသာမြှောက်ကာဖြင့် ကြည့်ရှုလိုက်၏။ လင်းထိန်လျက် ရှိနေသည့် အက်ကြောင်းလေးသည် မှေးမှိန်လျက် ရှိနေသည်။ သူသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “တစ်ချက်ကလေး တိုက်ခိုက်ရုံနဲ့ စွမ်းအင်တွေ အကုန်လုံး ကုန်သွားတာပဲ။ အနာဂတ်မှာ ငါ ဒါကို ဘယ်လိုထပ်ပြီး သုံးရမလဲ”
“အင်း ….”
စနစ်က ပြောလိုက်သည်။ “စည်းဓားမော့ကြီးတောင်မှ အသုံးပြုဖို့ စည်းဖွင့်ခြင်းအဆောင် လိုအပ်သေးတယ်လေ”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “အနည်းဆုံး စည်းဖွင့်ခြင်းအဆောင်ဆိုတာက ငါတာဝန်တွေကို ပြုလုပ်ပြီးတဲ့ အချိန်မှာ ရနိုင်သေးတယ်လေ။ ဒါပေမဲ့ ဒါကြီးကိုတော့ ဘယ်လိုပြန်ပြီး အားဖြည့်ရမှာလဲ။ နေ့စဉ် နေ့တိုင်း မိုးကြိုးကပ်ဘေးထဲကို သွားပြီးတော့ အပြစ်ပေးခံနေရမှာလား”
“မိုးကြိုးသဘာဝကို အသုံးပြုဖို့ မိုးကြိုးကပ်ဘေးထဲကို သွားရမယ်လို့ ဘာလို့ စဉ်းစားနေရတာလဲ။ တခြား အစားထိုး အရာတွေလဲ ရှိနေနိုင်တာပဲ” စနစ်က အကြံပြုလိုက်သည်။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ နဖူးကို ပိတ်ရိုက်ကာ ပြောလိုက်၏။ “ဟုတ်ပြီ။ ငါအစားထိုးအရာ တစ်ခုကို ရှာရမယ်”
ကျင်းဟောင်၏ ရင်ဘတ်ကို ဖောက်ထွင်းနိုင်ရုံသာမက ဒဏ်ရာဗရပွနှင့် ထွက်ပြေးသွားအောင် ပြုလုပ်နိုင်ခြင်းသည် ဤအဆင့်မြင့်တင်ထားသော မိုးကြိုးတုတ်ကြီးမှာ မည်မျှကြမ်းတမ်းလှေကြောင်း သက်သေပြနေခြင်းလည်း ဖြစ်သည်။
ကျွင်းချောင်ရှောင်း အနေနှင့် စည်းဓားမော့ကြီး ပြီးနောက် နောက်ထပ်အားကောင်းလှသည့် ဝှက်ဖဲတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီဟု ယုံကြည်လိုက်မိ၏။
“အကြီးအကဲကျန်း”
ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ အမိန့်ပေးလိုက်သည်။ “ဂိုဏ်းရဲ့အပြင်ဘက်မှာ မိုးကြိုး အစီအရင်တစ်ခုကို မြန်မြန်စီစဉ်လိုက်”
ဝမ် ဝမ်
ဖန်းချီမိုးကောင်းကင်တောင်တန်း၏ အပြင်ဘက်မှာတော့ မိုးကြိုးအစီအရင်များသည် ဖြစ်တည်လာခဲ့၏။
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် ထိုအရာ၏ အလယ်ဆီသို့ ဝင်သွားပြီးသည့်နောက် သူ၏ အဆင့်မြင့်တင်ထားသော မိုးကြိုးတုတ်ကြီးအား မြှောက်ကိုင်ကာ အားဖြည့်လျက်ရှိ၏။ သို့ပေမဲ့ အချိန်အတော်ကြာမြင့်ပြီးသည့်နောက်မှာ တော့ ထုတ်ဖော်နိုင်သည့် မျဉ်းကြောင်းလေး၏ အလင်းသည် တောက်ပမလာဘဲ မှေးမှိန်လျက် ရှိနေတုန်းပင်။
စနစ်က ပြောလိုက်သည်။ “ဒီမိုးကြိုးတွေရဲ့အဆင့်က အရမ်းကို နိမ့်တယ်လေ။ အားဖြည့်ဖို့ ခက်ခဲလိမ့်မယ်”
“.........” ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။
သူသည် အဓိကဟောခန်းဆီသို့ သွားပြီး အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များကို ဆင့်ခေါ်စုဝေးလိုက်သည်။ “ကျုပ်တို့က အခု အထက်နယ်မြေကို ရောက်လာပြီ။ ဒီမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီး ဓာတ်သဘာဝတွေ၊ နိယာမ တွေ အကုန်လုံးက အောက်နယ်မြေထက် ပိုပြီးအားကောင်းတယ်။ ဒီတော့ လုပ်ဖို့လိုတာက ကိုယ့်ကိုယ်ကိုယ် အမြန်ဆုံး တိုးတက်အောင် ပြုလုပ်ဖို့ပဲ။ ဖြစ်နိုင်သမျှ အမြန်ဆုံး တည်နေရာချိုးဖြတ်ခြင်းအဆင့်ကို ချိုးဖြတ် ရောက်ရှိအောင် ပြုလုပ်ရမယ်”
“ဟုတ်ကဲ့ပါ” တပည့်များ အားလုံး၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ ဤနေရာတွင်ရှိနေသော ဓာတ် သဘာဝများသည် အလွန်အားကောင်းလှသည်ကို သူတို့ ခံစားပြီးသားဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်များ ကိုပင် ပိုမိုကာ သန်မာ ကြံ့ခိုင်လာစေ၏။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “ဒီတည်နေရာတစ်ခုလုံးက အန္တရာယ်တွေ ပြည့်နှက်နေတယ်။ ဒီတော့ စည်းမျဉ်းအဟောင်းကြီးအတိုင်း ပြန်ထားရမယ်။ အထက်ပိုင်း အကြီးအကဲတွေရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူ့ကိုမှ ပြိုင်စံရှားဂိုဏ်းထဲကနေ ထွက်ခွာသွားခွင့် မပြုဘူး”
သေးငယ်လှသော မြို့လေးအတွင်းရှိ သုံးနှစ်မှ ငါးနှစ်ကြား ကလေးငယ်များသည်ပင်လျှင် ကြီးမားလှသည့် ကျောက်တုံးကြီးကို ထမ်းကာ မိုင်ငါးရာလောက် အသွားအပြန် ပြုလုပ်နေသည့် တည်နေရာသို့ သူတို့ ရောက်ရှိနေခြင်းဖြစ်၏။ ထို့ကြောင့် တပည့်များအနေဖြင့် မဆင်မခြင် အပြင်သို့ ထွက်သွားမည်ဆိုပါက သာမန်လူ တစ်ယောက်မှ ခေါ်ယူကာ ပါးရိုက်ခြင်းကိုပင် ခံရနိုင်၏။
စုတ်ပြတ်သတ်လျက်ရှိနေသည့် လှိုဏ်ဂူ၏ အရှေ့တည်နေရာမှာတော့ ထိုက်ရွှမ်အဘိုးအိုသည် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်မိနေ၏။ ထို့အပြင် ဤတည်နေရာသည် နှစ်ပေါင်းများစွာ သူနေထိုင်ခဲ့သည့် တည်နေရာ လည်းဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် နေထိုင်၍ မရတော့လောက်အောင်ပင် ပျက်စီးလျက် ရှိနေသည်။
ကံကောင်းစွာဖြင့် ကုန်းရှန့်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သူ၏ လှိုဏ်ဂူဆီမှ သေတ္တာများကိုသာမက လှိုဏ်ဂူ၏ ကျောက်တံခါးကြီးကိုပင် ဆွဲဖြုတ်ကာ ယူဆောင်သွားခဲ့သည်ဖြစ်ကြောင်း ကို သူမသိရှိပေ။ မဟုတ်ပါက သွေးအန်ကာ သတိလစ်မေ့မျောနေမှာ သေချာ၏။
“စီနီယာ”
ဂိုဏ်း၏ ကိစ္စရပ်များကို စီစဉ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် အသာလျှောက်လှမ်းလာပြီး တောင်းပန်သလို ပြောလိုက်၏။ “စီနီယာရဲ့ တည်နေရာတစ်ခုလုံးကို သက်ရောက်စေခဲ့တဲ့အတွက် တောင်းပန်ပါ တယ်”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “မင်းအနေနဲ့ အခု စိတ်ပူရမှာက ရွှေရောင်ချပ်ဝတ်နဲ့လူကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့တဲ့အတွက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်ပဲလေ”
“ဒီလူနဲ့ ကျုပ်က တစ်ယောက်ချင်း တိုက်ခိုက်ခဲ့တာလေ။ ကျုပ်ရဲ့ စွမ်းအင်အဆင့်က သူ့လောက်မကောင်းဘူး။ ဒါပေမဲ့ ကျုပ်ကိုရှုံးပြီး ထွက်ပြေးသွားရတာပဲ မဟုတ်လား။ ဒါကိုတောင် အရှက်မရှိ ပြန်လာပြီး ပြဿနာရှာလိမ့် မယ်လို့ စီနီယာ ထင်နေတာလား” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်၏။
ထိုက်ရွှမ်အဘိုးအိုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “မင်းတို့က မျှမျှတတနဲ့ တိုက်ခိုက်ခဲ့ကြတယ် ဆိုပေမဲ့ သူက နယ်မြေဟောခန်းဆီက လူတစ်ယောက်လေ။ အနာဂတ်မှာ သေးငယ်တဲ့ အမှားလည်းတစ်ခုက တောင်မှ မင်းရဲ့အသက်ကို နုတ်ယူသွားနိုင်တဲ့ အခြေအနေမျိုးအထိ ဖြစ်လာနိုင်တယ်”
“စီနီယာ... ကျေးဇူးပြုပြီး စိတ်ပူမနေပါနဲ့”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ ပထမဦးဆုံးဆောင်ပုဒ်က သိုသိုသိပ်သိပ် နေထိုင်ပြီး လေးလေးနက်နက် အလုပ် လုပ်ဖို့ပဲ။ အထက်နယ်မြေဆီမှာ ဘယ်တော့မှ ရာဇဝတ်သင့်မယ့် ကိစ္စတွေမလုပ်ပါဘူး”
ဤစကားလုံးသည် အခြားသောသူများ၏ ပါးစပ်မှ ထွက်ပေါ်လာသည်ဆိုပါက ထိုက်ရွှမ်အဘိုးအိုသည် ကျိန်းသေပေါက် ယုံကြည်ပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်လူသည် အထက်နယ်မြေဆီသို့ ရောက်ရှိလာပြီး မကြာခင်မှာပဲ ဂိုဏ်းပေါင်းများစွာတို့နှင့် ပြဿနာတက်ခဲ့သောကြောင့် အနောက်မှလိုက်ကာ တိုက်ခိုက်ခြင်းကို ခံရသည့်လူတစ်ယောက် ဖြစ်သည့်အပြင် ပြဿနာပေါင်း သောင်းခြောက်ထောင်အား ခပ်တည်တည်ဖြင့် သူ၏ခေါင်းပေါ်သို့ တင်ပေးခဲ့သည့် လူတစ်ယောက်လည်း ဖြစ်နေ၏။ ထိုသူ့ဆီမှ ထွက်ပေါ်လာသည့် သိုသိုသိပ်သိပ် နေထိုင်မည် ဆိုသည့်စကားအား သူမည်ကဲ့သို့သော နှလုံးသားနှင့် ယုံကြည်ရမည်နည်း။
“ငါ ဒီလိုပဲ မျှော်လင့်ပါတယ်”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “ဒါဆိုရင် အရင်ဆုံး ထွက်သွားအုံးမယ်။ ကံကြမ္မာရေစက်ရှိရင် ထပ်ပြီး ဆုံကြတာပေါ့”
“စီနီယာ”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက အခုမှ အထက်နယ်မြေ ဆီကို ရောက်ရှိလာတာဆိုပေမဲ့ စီနီယာလို ကျွမ်းကျင်တဲ့ လူတစ်ယောက်ဆီက အကူအညီတော့ လိုအပ်နေပါ သေးတယ်”
သူ့အနေနှင့် ထိုက်ရွှမ်အဘိုးအိုအား ဆရာတပည့် ဆက်ဆံရေးအဖြစ် တခြားသူများ ထင်မှတ်စေရန် ပြုလုပ်ခဲ့သည်မှာ လုံလောက်ပြီဟု တွေးထင်နေသည်လား။ မဟုတ်ပေ။ ကုန်းရှန့်အနေနှင့် ဖြစ်နိုင်မည်ဆိုလျှင် ဤနည်းပညာ ဘိုးဘေးကြီးအား ကြိုးဖြင့် တုပ်ထားချင်စိတ် ပေါက်နေမိ၏။ အခြေအနေသာ ပေးအပ်မည်ဆိုပါက သူသည် ထိုက်ရွှမ်အဘိုးအိုသာမက ကြီးမြတ်သူ တုံးကုနှင့် ဆရာကြီး သက်တန့်ရောင် သူတော်စင်တို့ကိုပါ ကြိုးချည်၍ ဂိုဏ်းထဲ ထည့်ထားမှာ သေချာသည်။
“ငါ တောင်းပန်ပါတယ်”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “ငါက အမြဲတမ်း အပူအပင်ကင်းမဲ့တဲ့ဘဝနဲ့ နေထိုင်ခဲ့တာကို နှစ်သက်တာ။ ဂိုဏ်းတစ်ခုခုကို ဝင်ရောက်ဖို့ကို စိတ်မဝင်စာဘူး”
“ဒီလိုဆိုမှတော့ ….” ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ငုံ့ကာ လေသံပျော့လေးနှင့် ပြောလိုက်သည်။ “စီနီယာ.. ဝါးတောင်တန်းနံပါတ်တစ်ကို ဘာလို့ ကျုပ်ဆီ မငှားတာလဲ”
သူသည် ကျင်းဟောင်အား မိုးကြိုးတုတ်ကြီးကို အသုံးပြုကာ အနိုင်ယူခဲ့၏။ သို့ပေမဲ့ အမြူတေအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည်အထိ အားကောင်းသည်ဟု သူ့ကိုယ်သူ မထင်မှတ်ခဲ့ချေ။ ထို့ကြောင့် ဤတည်နေရာသို့ ရောက်ရောက်ချင်း သူ၏ အားအင်အဆင့်ကို အခြေချနိုင်ရန်အတွက် သူသည် ဝါးတောင်တန်းနံပါတ်တစ်အား လိုချင်နေမိ၏။ ထိုမှသာလျှင် ရွှမ်အဆင့်ဂိုဏ်းများ နှင့် တိုက်ခိုက်နိုင်စွမ်း ရှိနေမှာ ဖြစ်၏။
“ကောင်လေး”
ထိုက်ရွှမ်အဘိုးအိုက လေးလေးနက်နက်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “မင်းဆီမှာ အရှက်ကော ရှိသေးရဲ့လား”
ဝါးတောင်တန်းနံပါတ်တစ်ဆိုသည်မှာ သူပြင်းပြင်းထန်ထန် ကြိုးစားဖန်တီးခဲ့ရသည့်အရာဖြစ်၏။ သူ၏ မိန်းမ ထက်ပင် ပို၍ တန်ဖိုးထားသေး၏။ သို့ပေမဲ့ တစ်ဖက်လူသည် အရှက်အကြောက် ကင်းမဲ့စွာဖြင့် သူ့အား ငှားရမ်းရန် တောင်းဆိုနေခဲ့ချေ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် စာချုပ် ရေးပေးပါ့မယ်”
“တော်စမ်း”
ထိုက်ရွှမ်အဘိုးအိုသည် လှည့်ကာ ထွက်ခွာသွားခဲ့၏။ သို့ပေမဲ့ သူမထွက်ခွာခင်မှာပဲ လျှို့ဝှက် အစီအရင် စာအုပ်အား လှမ်းပစ်ကာ ပြောလိုက်၏။ “ငါတို့က တူညီတဲ့ ဌာနေကနေ လာကြတယ်ဆိုမှတော့ ငါမင်းကို ဖန်းချီမိုးကောင်းကင်တောင်တန်းကြီး တစ်ခုလုံး ပေးလိုက်မယ်။ ပြီးတော့ တောင်ပေါ်မှာရှိတဲ့ အစီအရင် တွေ အကုန်လုံးအကြောင်းကို ဒီမှာ မှတ်သားထားတယ်။ မင်းအနေနဲ့ ကောင်းကင်နဲ့မြေကြီး ဖန်တီးခြင်းအစီအရင် ကို ပြုလုပ်နိုင်တယ်ဆိုမှတော့ ဒါတွေ အကုန်လုံးကို လုံလောက်စွာ ထိန်းချုပ်နိုင်မှာ သေချာတယ်။ ထိန်းချုပ်နိုင်ဖို့လည်း မျှော်လင့်တယ်”
“ကျေးဇူးပါ စီနီယာ” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ဂါရဝ ပြုလိုက်သည်။
“အင်း... ဟုတ်ပြီ”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်၏။ “အင်ပါရီယန်နတ်ဓားဂိုဏ်းနဲ့ ရေခဲဓားမော့ဂိုဏ်းတို့က မင်းကို လက်လွှတ်ပေးမှာ မဟုတ်ဘူး။ ဒီတော့ ကြိုပြီး ပြင်ဆင်ထားသင့်တယ်။ ရောက်ရောက်ချင်း ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံရတဲ့ အခြေအနေမျိုး မရောက်သွားအောင် ကြိုးစား”
ပြောပြီးပြီးချင်းမှာပဲ သူသည် ဖန်းချီမိုးကောင်းကင် တောင်တန်းဆီမှ ပျံသန်းထွက်ခွာသွားတော့သည်။
“သူတို့လုပ်မှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်၏။ “ကျုပ်ရဲ့ ပြိုင်စံရှားဂိုဏ်းက တခြားဂိုဏ်းတွေကိုပဲ ဖျက်ဆီးတာ။ တခြားသူတွေရဲ့ ဖျက်ဆီးခြင်းကို ဘယ်လိုလုပ် ခံရမှာလဲ”
“ဒင်... လက်ခံသူသည် အသင်္ချေမိုးကြိုးတစ်သောင်း ကပ်ဘေးအစီအရင်ကြီးကို ကျော်ဖြတ်ခဲ့သည့်အတွက် တရားဝင် အထက်နယ်မြေဆီသို့ တက်လှမ်းခွင့် ရရှိခဲ့သည်။ လိုအပ်ချက်များသည် ကိုက်ညီသွားခဲ့သည်။ အထူး တာဝန်ပြည့်စုံ၏။ ပြည့်စုံမှုနှုန်းထားသည် တစ်ရာ ရာခိုင်နှုန်းဖြစ်ပြီး ဂိုဏ်းစုဆောင်းမှတ် ငါးသိန်းကို ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၇၀၀၀၀၀”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏။ “ပြည့်စုံမှုနှုန်းက တစ်ရာ ရာခိုင်နှုန်းပဲ ရှိတာလား”
အထူးတာဝန် (၁၃) မှာတုန်းက ပြည့်စုံမှုရာခိုင်နှုန်း နှစ်ရာရာခိုင်နှုန်း ရပြီးသည့်နောက် ဂိုဏ်းစုဆောင်းမှတ် နှစ်သိန်းကို ရရှိခဲ့၏။ ယခု ဂိုဏ်းစုဆောင်းမှတ် ငါးသိန်းဆိုသည်မှာ များပြားပြီးသား ဖြစ်သည်။
“ဒါက သာမန်ပဲလေ”
စနစ်က ပြောလိုက်သည်။ “ပြီးတော့ ဒါက အထက်နယ်မြေဆီကို ရောက်ရောက်ချင်းရတဲ့ အထူးတာဝန်တစ်ခု မဟုတ်လား”
“ဒင်... လက်ခံသူသည် အထက်နယ်မြေဆီမှ အထူးတာဝန် နံပါတ်တစ်အား ပြည့်စုံနိုင်ခဲ့သည်။ ထို့ကြောင့် နှလုံးသားအလင်းကျမ်းစာ တစ်ခု၊ ကောင်းကင်လက်ဝါးကျမ်း တစ်ခု၊ ဂိုဏ်းအဆောက်အအုံ အဆင့်မြှင့်တင်နိုင်မှု တစ်ခုကို ရရှိသည်”
“ဒင်... လက်ခံသူသည် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုနှင့် လက်ဝါးနည်းစနစ်တစ်ခုအား ရရှိခဲ့၏။ ကျင့်ကြခြင်း နည်းစနစ်သည် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် အလိုအလျောက် လိုက်ဖက်ညီသွားခဲ့၏”
စနစ်၏ မျက်နှာပြင်မှာတော့ ဂိုဏ်း၏ ကျင့်ကြံနိုင်သော ကျင့်ကြံခြင်းနည်းစနစ် စာရင်းတွင် ထိုကျင့်ကြံခြင်း နည်းစနစ်များ ပေါ်ပေါက်လာခဲ့၏။ သို့ပေမဲ့ သူတို့အနေနှင့် အများကြီး ပိုမိုကာ ကြိုးစားရဦးမှာ သေချာသည်။
သံမဏိအရိုးတောင်သည် သံမဏိအရိုးတောင်အတိုင်း ဖြစ်နေပြီး ပြိုင်စံရှားဂိုဏ်းသည်လည်း ပြိုင်စံရှား ဂိုဏ်းပင်ဖြစ်၏။ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံး ရှိနေသည် ဆိုလျှင်တောင်မှ သူတို့ ရောက်ရှိလာသည့် လောကကြီးသည် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ပတ်ဝန်းကျင် တည်နေရာနှင့် လိုက်ဖက်ညီအောင် ကြိုးစားမှ ဖြစ်ပေလိမ့်မည်။
ဟူး
ကျွင်းချောင်ရှောင်းသည် မျက်လုံးကို မှိတ်လိုက်၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ လေထဲတွင် ရှိနေသော အလွန်တရာ များပြားသိပ်သည်းလွန်းသည့် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို ရှုရှိုက်ပြီး သည့်နောက်မှာတော့ အားရဝမ်းသာသလို ပြောလိုက်၏။ “ဒါ လောကကြီးရဲ့ အစပဲ”
“ကံကောင်းလို့”
စနစ်က ပြောလိုက်သည်။ “ထပ်ပြီးတော့ ဝိညာဉ်ချိန်ကိုက်ဗုံး ပေါ်မလာတော့တာပဲ”
“ဒင်... အဓိက တာဝန်သည် ဖြစ်တည်လာခဲ့၏”
“........”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါသွားခဲ့၏။ သူသည် ရွေးချယ်ခွင့်မရှိဘဲ စနစ်အား ဖွင့်ကြည့်လိုက်ရတော့သည်။ ပါဝင်သည့်အကြောင်းအရာမှာ နှစ်တစ်ရာအတွင်း ပြိုင်စံရှားဂိုဏ်းအား (မိုးကောင်းကင်) အင်မော်တယ်အဆင့် ဂိုဏ်းတစ်ခုအဖြစ် ဖန်တီးပြုလုပ်ရန်ဖြစ်ပြီး မပြည့်စုံဘဲ အချိန်ပြည့်သွားသည်ဆိုပါက လက်ခံသူ၏ ဝိညာဉ်သည် ချက်ချင်း ပျောက်ကွယ်သွားမှာဖြစ်၏။
လီချင်းယန်နှင့် တခြားသောသူများသည် အထက်နယ်မြေဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးအား သေသေချာချာ ကြည့်ရှုကာ အာရုံခံလျက်ရှိသည်။
အဓိကဟောခန်း၏ အရှေ့တွင် မတ်တပ်ရပ်နေသည့် ဂိုဏ်းချုပ်သည် လက်နှစ်ဖက်ဖြင့် ကိုယ့်လည်ပင်းကိုယ် ညှစ်ကာ ရန်ဖြစ်နေသည်ကို မြင်ရချိန်မှာတော့ သူတို့သည် အသားကျနေသလို စိတ်အေးသက်သာစွာဖြင့် ကြည့်ရှုနေမိကြ၏။
“ငါ့ကို ဒုက္ခ ပေးတဲ့ကောင် …. မင်းထွက်ခဲ့စမ်း။ ငါ့ကို ဒုက္ခပေးတဲ့ကောင်”