← Chapters

အခန်း (၁၃၅၀)

Vol. 91 Ch. 1350

အခန်း (၁၃၅၀)

Vol. 91 Ch. 1350

ဟုတ်ပေသည်။ ပြိုင်စံရှားဂိုဏ်းသည် အလွန်အားနည်းလွန်းလှ၏။

ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ယခုမှ အမြုတေအသွင်ပြောင်းခြင်း အဆင့်တစ်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး ချိုးဖြတ်ရောက်ရှိပြီးသားအဆင့်ကိုပင် ဟန်ချက်ညီအောင် မထိန်းချုပ်နိုင်သေးချေ။ အဆင့်သုံး စွမ်းအားမြင့်ကျင့်ကြံသူကိုမဆိုနှင့်။ အဆင့်နှစ် အမြုတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ကိုပင်လျှင် အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။

သို့ပေမဲ့ ယခုမှ အသစ်ရောက်ရှိလာသည်ဆိုသည့် ပြိုင်စံရှားဂိုဏ်းအား လာရောက်ကာ အနိုင်ကျင့်၍ မရချေ။

အဘယ့်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်းတွင် အစောင့်အရှောက်နှစ်ယောက်သာ ရှိသည် ဆိုသော်လည်း ထိုအစောင့်အရှောက်နှစ်ယောက်တို့သည် အဆင့်ခြောက် အမြုတေပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေသောကြောင့်ပင်။

ထိုညီအစ်ကို တို့သည် အထက်နယ်မြေဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက် ကောင်းကင်တာအို၏ နိယာမ ချုပ်နှောင်ခြင်းကို မခံရတော့ချေ။ တစ်ညတာ အားမွေးပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အဆင့်သည် အလုံးစုံပြန်လည်ကာ ကောင်းမွန်လာခဲ့၏။

ထိုက်ရွှမ်အဘိုးအို၏ အဆင့်သည် တတိယအဆင့်တွင် ရှိနေသည်ဆိုသော်လည်း အင်ပါရီယန်နတ်ဓားဂိုဏ်းနှင့် ရေခဲဓားမော့ဂိုဏ်းမှ စွမ်းအားမြင့်ကျင့်ကြံသူများအားလုံးအား လွှင့်စင်အောင် ပြုလုပ်တိုက်ခိုက်နိုင်ခဲ့သည်။

ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အစောင့်အရှောက်နှစ်ယောက်ကို ခေါ်လိုက်သည့်အချိန်မှာတော့ အားလုံးသော သူတို့မှာ အော်ရာများနှင့်ပင် အနောက်ဘက်သို့ လွင့်စင်ကုန်ကြ၏။

ဖြူမဲညီနောင်တို့သည် အဆင့် ၆ သိုင်းကျင့်ကြံသူများဖြစ်သည်မို့ အဆင့် ၃ သိုင်းကျင့်ကြံသူ အနည်းငယ်ကို ရင်ဆိုင် တိုက်ခိုက်ရန်ဆိုသည်မှာ အမှန်ပင် လွယ်ကူလွန်းလှချေသည်။

“လာခဲ့စမ်း။”

အဖြူရောင်နတ်ဆိုးသည် ပြုံးလိုက်မိ၏။ “ငါကောင်းကောင်းကစားပေးမယ်။”

ကျင်းဟောင်၏ ရှေ့တွင်တော့ သူတို့သည် အလွန်တရာ သေးငယ်သည့် စွမ်းအားမြင့် ကျင့်ကြံသူများဖြစ်နေသည် ဆိုသော်လည်း သူတို့ထက်အဆင့်နိမ့်သည့် ကျင့်ကြံသူများ၏ အရှေ့မှာတော့ အမှန်ပင် ကြီးကျယ်လွန်းသောလူများ ဖြစ်လို့နေခဲ့သည်။

အမဲရောင်နတ်ဆိုးသည် အေးစက်စက်အကြည့်ဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကိုလာပြီး ပြဿနာရှာရဲတယ်ဆိုမှတော့ အသက်ရှင်ရတာ ပျင်းရိနေလို့ပဲ နေမယ်။”

များပြားလှသော ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် တစ်ဖက်လူဆီမှ ထွက်ပေါ်နေသည့် စွမ်းအားမြင့် အော်ရာများကို ခံယူရပြီးသည့်နောက် ပိုမိုကာ ဇဝေဇဝါဖြစ်လာခဲ့သည်။

အဘယ့်ကြောင့် ယခုမှ အထက်နယ်မြေဆီသို့ တက်လှမ်းလာခဲ့သည့် ဂိုဏ်းတစ်ခု၌ အဆင့် ၆ အမြုတေအသွင် ပြောင်းလဲခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ ၂ ယောက်တို့ တည်ရှိနေရသနည်း။ ဤကိစ္စကို သူတို့ မနေ့ကသာ ကြိုတင်ကာ သိရှိမည်ဆိုပါက အဘယ်သို့ လာရောက်ကာ ပြဿနာရှာမိမည်နည်း။

ညီအစ်ကိုနှစ်ယောက်တို့သည် တောင်၏ ခြေရင်းတွင် မတ်တပ်ရပ်လျက်ရှိနေပြီး ချက်ချင်းပဲ ဂိုဏ်းချုပ်ဖြစ်သည့် ကုန်းရှန့်၏ အမိန့်ကို နာခံကာဖြင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့၏။

“ဒီတော့ ကူညီမဲ့သူတွေကလည်း ရှိနေပြီ။ ဒါကြောင့် မောက်မာရဲနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ။”

အခြေအနေသည် သူတို့ဘက်တွင် မရှိသော်လည်း အင်ပါရီယန်နတ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများသည် တည်ငြိမ်လျက်တော့ရှိနေသေး၏။ သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “တောင်ကြီးက မပြောင်းလဲဘူးဆိုပေမဲ့ ရေတွေကတော့ အမြဲတမ်းစီးဆင်းနေတာပဲ။ ကျုပ်တို့ ကျင့်ကြံခြင်း လောကမှာ …”

ဘုန်း

အဖြူရောင်နတ်ဆိုးသည် ရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် လက်သီးဖြင့် ထိုးနှက်လိုက်၏။

ကျွင်းချောင်ရှောင်း သည် ရှောင်ကျီ ပြင်ဆင်ပေးထားသော ထိုင်ခုံပေါ်တွင် အသာထိုင်ချကာပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းထဲကို သတိမပေးဘဲ ဝင်ရောက်လာခဲ့တယ်။ ပြီးတော့ ဒီမှာရှိနေတဲ့ အစီအရင်ကြီးကို လူသိရှင်ကြား ဖျက်ဆီးခဲ့သေးတယ်။ ကျင့်ကြံခြင်းလောကမှာ ထပ်တွေ့တာတွေ၊ မတွေ့တာတွေ လာမပြောနဲ့။ လောလောဆယ် ထောင်ထဲမှာ တွေ့ကြတာပေါ့။”

အမဲရောင်နတ်ဆိုးသည် သူ့ညီငယ်လေး၏ စကားကို ချက်ချင်းနားလည်လိုက်မိ၏။ ထို့ကြောင့် ချက်ချင်းပဲ သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်လွှင့်ကာဖြင့် များပြားလှသော ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများကို ဝင်ရောက်ကာ တိုက်ခိုက်တော့သည်။

ဖြစ်စဉ်တစ်ခုလုံးသည် အလွန်တရာ ရှုပ်ထွေးလွန်းသောကြောင့် ဖော်ပြရန်မသင့်ပေ။ မည်မျှရက်စက်ကြမ်းတမ်းလိုက် သနည်းဆိုသော် ၁၈ နှစ်အောက်ကလေးငယ်များပင် ကြည့်ရှုရန် မသင့်သည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာခဲ့၏။

“သနားစရာပဲ။”

များပြားလှသော ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများနှင့် တစ်ယောက်ပြီးတစ်ယောက် မှောက်လဲနေသည်ကို မြင် ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒီကို သက်သက်လာပြီးတော့ ပြဿနာလာရှာကြတာပဲ။ ပြီးတော့လည်း ဘာသီးခြားတာဝန်မှ ပေါ်လာတာ မဟုတ်ဘူး။”

ကုန်းရှန့်အနေနှင့် သီးခြားတာဝန်သာ ပေါ်ပေါက်လာသည်ဆိုပါက များပြားလှသည့် ဂိုဏ်းစုဆောင်းမှတ်များကို ရရှိနိုင်မည်ဟု စိတ်ကူးယဉ်ခဲ့မိသေး၏။

…

ထျန်းယွမ်အကျဉ်းထောင်စေတီ

စောင့်ကြည့်ရေးခန်းမထဲတွင် ထိုင်လျက်ရှိနေသည့် ကျိုးဒူဒူသည် မျက်နှာတစ်ခုလုံး မှုန်ကုတ်ကုတ်ဖြင့် တည်ရှိနေ၏။ အထက်နယ်မြေဆီကို တက်လှမ်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အကျဉ်းသားများအား ကြယ်ကြွေ ကုန်းမြေတိုက်ကြီးတွင် ထားရစ်ခဲ့၏။ ထို့ကြောင့် လက်ရှိအခြေအနေမှာတော့ အကျဉ်းထပ်ကြီး ၉ လွှာသည် လွတ်လပ်လျက်ရှိနေပြီး ဒုတိမြောက်ထောင်မှူးအနေနှင့် ဘာမှလုပ်စရာမရှိချေ။

“ဟင်း”

အားရာသည် သူမ၏ မျက်နှာငယ်လေးကို အသာထိတွေ့ကာဖြင့် သက်ပြင်းချကာ ပြောလိုက်၏။ “ပျင်းစရာကောင်းလိုက်တာ။”

လေ့ကျင့်ပေးရသည်ကိုသာ အာရုံစိုက်စရာရှိသည့် လက်နက်စိတ်ဝိညာဉ်တစ်ယောက်ဖြစ်သည်မို့ သူမသည် လေ့ကျင့်ပေးစရာ အကျဉ်းသားမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသောကြောင့် နေ့ရက်များမှာ အဓိပ္ပာယ်မဲ့ သလိုပင် ခံစားလာမိသည်။

သူတို့၏ တစ်ခြားတစ်ဖက်မှာတော့ တိုင်လုသည် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး ကျင့်ကြံခြင်းကို အာရုံစိုက်ကာ ပြုလုပ်နေ၏။ သူ၏ ဂိုဏ်းသားအမှတ်သည် ၁၀၀၀၀၀ တိတိ ဖြစ်၏။ သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီးပြီဖြစ်သော်လည်း ထောင်ထဲမှ မလွတ်မြောက်သေးချေ။ ထိုအစား ထောင်၏ သန့်ရှင်းရေးကို တာဝန် ယူသည့် လူတစ်ယောက်ဖြစ်လာခဲ့၏။

ခရမ်းရောင်ဘုရင်၊ ဟယ်ဝူတီနှင့် ရီရှင်းချန်တို့အားလုံးသည်လည်း သက်တန့်ရောင်သူတော်စဉ်နှင့်ပတ်သက်၍ စိတ်ကူးယဉ်သမားများ ဖြစ်ကြသည်ဆိုသော် ဤ အားရာ ၊ ကျိုးဒူဒူ နှင့် တိုင်လုတို့သုံးယောက်မှာတော့ အကျဉ်းထောင်ကို စွဲလမ်းနေသူများဟုပင် သတ်မှတ်နိုင်ပေမည်။

ကျွီ

ရုတ်တရက် တံခါးကြီးပွင့်လာ၏။ စုရှောင်မို၊ လီဖေးနှင့် တစ်ခြားသောသူများသည် မျက်နှာများရောင်ကိုင်းလျက်ရှိပြီး တစ်ချို့ဆိုလျှင် ပါးစပ်မှ အမြှုပ်များထွက်လျက်ရှိနေသော လူများကို ထမ်းပိုးကာဖြင့် အထဲသို့ ဝင်ရောက်လာခဲ့၏။ သူတို့သည် သွားကို ဖြီးကာ ပြောလိုက်၏။ “ဂျူနီယာညီလေးကျိုး။ မင်းအရမ်းပျင်းနေတာကို ဂိုဏ်းချုပ်က သိတယ်။ ဒါကြောင့် ဧည့်သည်တချို့ကို ပို့လိုက်တာ။”

ထိုအသံ ထွက်ပေါ်လာချင်းချင်းမှာပဲ ဆားနယ်ခံထားရသော ငါးသေလိုဖြစ်နေသည့် ကျိုးဒူဒူနှင့် အားရာတို့သည် ချက်ချင်းပဲ အသက်ဝင်လာခဲ့ကြ၏။ သူတို့သည် စောင့်ကြည့်ရေးအခန်းထဲမှ ချက်ချင်းထွက်ခွာသွားပြီး ရောက်ရှိလာသည့် သိုင်းကျင့်ကြံသူများကို သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “စီနီယာအစ်ကို။ ဒါတွေက ပစ္စည်းကောင်းတွေပဲ။”

“ဟုတ်တယ်။”

စုရှောင်မိုက လေးလေးနက်နက်ပြောလိုက်၏။ “ဂိုဏ်းချုပ်ပြောတာကတော့ ဒါက ရွှမ်အဆင့်ဂိုဏ်းတွေရဲ့ လက်ရွေးစင် စွမ်းအားမြင့်ကျင့်ကြံသူတွေပဲ။ သူတို့ရဲ့ အားအင်အဆင့်က တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူတွေကိုတောင် လွယ်လွယ်ကူကူနဲ့ သတ်ဖြတ်နိုင်စွမ်းရှိတယ်။”

“အဲလိုလား။”

ကျိုးဒူဒူသည် အလျင်အမြန်ဖြင့် သိုင်းကျင့်ကြံသူတစ်ယောက်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူသည် လီထျန်းထျန်းကို ခေါ်ယူကာ ပြောလိုက်သည်။ “ကျုပ်နဲ့ အတူတွဲပြီး ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါအုံး။”

ဖောက်

ဓာတ်ပုံသည် ထွက်ပေါ်လာ၏။ လက်ရှိအခြေအနေမှာတော့ အသစ်ဖြစ်တည်လာသည့် ပြိုင်စံရှားဂိုဏ်းသည် မည်သည့် စီးပွားရေးကိစ္စကိုမှ တရားဝင် ပြုလုပ်ရသေးသည်မဟုတ်သော်လည်း ထျန်းယွမ် အကျဉ်းထောင် စေတီမှာတော့ အကျဉ်းသားများကို စတင်ကာ လက်ခံနေရပြီဖြစ်၏။

ဒုတိယထောင်မှူးတစ်ယောက်ဖြစ်သည်နှင့်အညီ ကျိုးဒူဒူသည် လောကကြီးအား အနိုင်ရရှိနေသည့် လူတစ်ယောက်ကဲ့သို့ ခံစားနေမိ၏။ သူ၏ အားအင်အဆင့်သည် သာမန်သာဖြစ်သည် ဆိုသော်လည်း သူတာဝန်ယူထားရသည့် အကျဉ်းသားများမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သူများ ဖြစ်လို့နေသည် မဟုတ်ပါလား။

…

အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “အစ်ကိုကြီးတို့။ အင်ပါရီယန်နတ်ဓားဂိုဏ်းနဲ့ ရေခဲဓားမော့ဂိုဏ်းတို့က ဘယ်လောက်အားအင်အဆင့်ကို ပိုင်ဆိုင်တယ် ဆိုတာ သိကြလား။ သူတို့ရဲ့ နောက်ခံက ဘာတွေလဲ။”

“သူတို့က ဓားနဲ့ ဓားမော့လမ်းစဉ်ကို အဓိကလျှောက်လှမ်းကြတဲ့ ဂိုဏ်းတွေဖြစ်တယ်ဆိုပေမဲ့ နည်းနည်းလေးပဲ အားကောင်းတာ။ အထက်နယ်မြေမှာ သူတို့ရဲ့ ဂုဏ်သိက္ခာတရားက အရမ်းကြီးမြင့်မားတာမဟုတ်ဘူး။ ဒီတော့ ကျောထောက်နောက်ခံ ရှိနေမယ်ဆိုရင်တောင် အရမ်းကြီး ကြီးမားမှာ မဟုတ်ဘူး။” အမဲရောင်နတ်ဆိုးက ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကျုပ် စိတ်သက်သာရာ ရသွားပြီ။”

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို အသာပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်၏။ “အမြုတေအသွင်ပြောင်းခြင်း တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က တန်ဖိုးကြီးတဲ့ လူတစ်ယောက်ဖြစ်မှာပဲ မဟုတ်လား။ ဒါဆိုရင် ဘယ်လောက်လောက် အသုံးပြုပြီးတော့ ပြန်ရွေးခိုင်းရင်ကောင်းမလဲ။”

“……”

အဖြူရောင်နှင့်အမဲရောင်နတ်ဆိုးတို့သည် နှုတ်ခမ်းများ တဆတ်ဆတ် တုန်ယင်သွားခဲ့သည်။

သူတို့၏ ညီငယ်လေးသည် အဘယ့်ကြောင့် တစ်ဖက်လူများအား ဖမ်းချုပ်ထားရန် စဉ်းစားခဲ့သည်ဖြစ်ကြောင်းကို နောက်ဆုံးနားလည်လိုက်ကြပြီ ဖြစ်၏။ တစ်ဖက်လူများ လာရောက်ရွေးယူသည့်ငွေများကို ရယူရန်ပင် ဖြစ်တော့သည်။ သူတို့နှစ်ယောက် သေမျိုး လောကဆီသို့ ရောက်ရှိသည့်အချိန်တွင် ပြိုင်စံရှားဂိုဏ်သည် အလွန်အားကောင်းနေပြီ ဖြစ်၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း ရုန်းကန်ရစဉ်က ငွေညှစ်ခဲ့သည့်ကိစ္စရပ်များကို ကောင်းကောင်းမသိရှိခဲ့ချေ။

သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် သူ၏ ဂိုဏ်းသည် ရက်အနည်းငယ်ကြာ ဆာလောင်လျက်ရှိနေသည့် ဝံပုလွေအရိုင်းများကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ သူတို့၏ ဆာလောင်မှုကို စိတ်ကျေနပ်မှုရစေရန်အတွက် တစ်ဖက်သောသူများသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ပေးအပ်မှ ဖြစ်ပေလိမ့်မည်။ သူတို့အနေနှင့် သူတို့၏ စီးပွားရေးလုပ်ငန်း များကို ယခင်ကအတိုင်း ပြုလုပ်ရန် စဉ်းစားထားခဲ့၏။

“အစ်ကိုကြီးတို့ … အဲဂိုဏ်းတွေအနေနဲ့ ပြန်လာရွေးဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်လောက် ပေးအပ်သင့်တယ်ထင်လဲ။”

“အနည်းဆုံး တစ်သိန်းလောက်ပေါ့။”

အဖြူရောင်နှင့်အမဲရောင်နတ်ဆိုးတို့သည် ဤနေရာနှင့်ပတ်သက်လျှင် အတွေ့အကြုံမရှိကြချေ။ ထို့ကြောင့် တိကျသည့် ဈေးနှုန်းတစ်ခုကို မသတ်မှတ်ပေးနိုင်ကြချေ။

“ကောင်းပြီ။”

ကျွင်းချောင်ရှောင်းသည် သူ၏ပေါင်ကို အသာရိုက်ကာ ပြောလိုက်၏။ “ဒါဆိုရင် တည်နေရာချိုးဖြတ်ခြင်းအထက်အဆင့် စွမ်းအားမြင့်ကျင့်ကြံသူအတွက် တစ်သိန်း၊ အမြုတေအသွင်ပြောင်းခြင်း တတိယအဆင့်ကျင့်ကြံသူအတွက် တစ်သန်းထားလိုက်မယ်။”

“……”

ဖြူမဲညီနောင်တို့၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိနေ၏။ “ညီငယ်လေးက တကယ့်ကို လောဘကြီးတာပဲ။”

သို့ပေမဲ့ မတတ်နိုင်ချေ။ အရာအားလုံးသည် သူတို့ရှင်သန်နေထိုင်ရန်အတွက်ပင်ဖြစ်တော့သည်။

ဟုတ်ပေသည်။ အထက်နယ်မြေရှိလူများအားလုံးအား လာရောက်ရွေးယူရန်တောင်းဆိုခြင်းသည် စွန့်စားရသည့်ကိစ္စမျိုးဖြစ်၏။ ဂိုဏ်း၏ လုံခြုံရေးကိုလည်း ဦးစားပေးဖြစ်တည်နိုင်ရန်အလို့ငှာ ကျွင်းချောင်ရှောင်းသည် ထိုက်ရွှမ်အဘိုးအိုပေးခဲ့သည့် လျှို့ဝှက်အစီအရင်ကျမ်းအား သေသေချာချာ လေ့လာခဲ့၏။ ပြီးသည့်နောက် သံမဏိအရိုးတောင်တစ်ခုလုံးတွင် အဆင့်မြင့်အကာအကွယ်အစီအရင်ကြီး တစ်ခုလုံးကို အသက်သွင်းလိုက်သည်။ တစ်ဖက်သောသူများအနေနှင့် အထဲသို့ ဝင်ရောက်ရန် ကြိုးစားသည်ဆိုပါက သူသည် ကျိန်းသေပေါက် သတ်ဖြတ်ပစ်မှာ သေချာ၏။

All Chapters