အခန်း (၁၃၅၃)
Vol. 91 Ch. 1353
ကျွင်းချောင်ရှောင်းအနေနှင့် လင်းယွမ်မြို့ဟုခေါ်သို့ မြို့တစ်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။ ဤမြို့၏ အကျယ်အဝန်း သည် အထက်နယ်မြေတွင်တော့ အလယ်အလတ်အဆင့်တွင် တည်ရှိနေ၏။ ဤမြို့သည် သူတို့၏ တောင်တန်းနှင့် အနီးဆုံးနေရာတွင် ရှိပြီး ကီလိုမီတာ ငါးထောင်မှ ခြောက်ထောင်နီးပါးသာ ကွာဝေး၏။
စုရှောင်မိုကဲ့သို့ မြန်နှုန်းမြင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဤတည်နေရာသို့ ခရီးနှင်လာသည် ဆိုပါက ရက်အနည်းငယ်အတွင်း ရောက်ရှိလာနိုင်၏။ လင်းယွမ်မြို့ဆီသို့ လာရာလမ်းမှာတော့ သူသည် စီးဆင်းရေမြို့ကို ဖြတ်သန်းသွားရ၏။ ကျွင်းချောင်ရှောင်းသည် တပည့်နှစ်ယောက်ကို ခေါ်ယူ၍ စီးဆင်းရေမြို့တွင် ရှိနေသော ဈေးထဲသို့ ဝင်ရောက်ကာဖြင့် ဆေးပင်နှင့် မျိုးစေ့များကို ဝင်ရောက်ကာ ကြည့်ရှုလိုက်သည်။
ဘုတ်
ကုန်စုံဆိုင်ထဲသို့ ဝင်ရောက်ပြီးနောက် ကုန်းရှန့်သည် ပါဝင်ပစ္စည်းများ ရေးသားထားသည့် စာရွက်ကို စားပွဲပေါ်သို့ တင်ကာ ခပ်မာမာ ပြောလိုက်၏။ “ဒီဆေးပင်တွေ ရှိလား”
ဆိုင်ရှင်သည် ခေါင်းကို မော့ကြည့်လိုက်၏။ ချက်ချင်းပဲ သူ့ရှေ့တွင် ရှိနေသော လူငယ်အား အနည်းငယ် ရင်းနှီး နေသည်ဟု ခံစားလိုက်မိ၏။ မည်သည့်နေရာတွင် တွေ့ဖူးသည်မှန်း မသိချေ။
သူသည် ယခင်တုန်းက မြင်ခဲ့ဖူး၏။ သို့ပေမဲ့ စကားမပြောခဲ့ဘူးချေ။ အဘယ်ကြောင့်ဆိုသော် ကုန်းရှန့်သည် ဤလူပြောသည့်စကားများကို ကြားပြီးသည့်နောက် မြို့၏ အပြင်ဘက်သို့ ထွက်ကာ ဝမ်းနည်းတကြီးဖြင့် သီချင်းများကိုပင် သီဆိုခဲ့ရဖူးသေး၏။
“ဖောက်သည်” ဆိုင်ရှင်သည် ဆေးပင်စာရင်းကို သေသေချာချာ ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “တစ်ခုချင်းစိ လိုချင်တာလား”
“ကျုပ် ရှိသလောက် လိုချင်တယ်”
သူ၏ အိတ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်သန်းနီးပါးခန့်ရှိ၏။ ထို့ကြောင့် ကုန်းရှန့်၏ ခေါင်းမော့ ရင်ကော့လျက် ရှိနေတော့၏။
“ဒါက” ဆိုင်ရှင်သည် အနည်းငယ် နှောင့်နှေးသွားသည်။
“ဘာမှားလို့လဲ”
ကုန်းရှန့်သည် မျက်ခုံးကိုပင့်ကာ ပြောလိုက်၏။ “ကျုပ်ကို ပိုက်ဆံမရှိဘူးလို့ ခင်ဗျား ထင်လို့လား”
ဤကဲ့သို့ အခြေအနေမျိုးတွင် ဆိုင်ရှင်သည် အဓိကဇာတ်ဆောင် မင်းသားအား အထင်အမြင်သေးရမှာဖြစ်၏။ သို့ပေမဲ့ ဤဆိုင်ရှင်သည် တကယ့်ကို လူပါးနပ်သည့် လူတစ်ယောက်ဖြစ်သည်။
“ခင်မင်ရပါတဲ့ ဖောက်သည်ကြီး... ကျုပ်က….”
“အချိန်ဖြုန်းမနေနဲ့။ ဒီစာရင်းထဲမှာပါတဲ့ ဆေးပင်တွေကို များနိုင်သလောက် အများကြီး ကျုပ်လိုချင်တယ်”
“ဒါက”
ဆိုင်ရှင်သည် ကောင်တာထဲမှ ထွက်လျှောက်လာပြီးသည့်နောက် လေးလေးစားစား ပြောလိုက်၏။ “ကျေးဇူးပြုပြီး ကျုပ်နောက်လိုက်ခဲ့ပါ”
ထိုသူ၏ ဦးဆောင်မှုအောက်မှာတော့ ကျွင်းချောင်ရှောင်းသည် များပြားလှသည့် အစောင့်အကြပ်များ စောင့်ကြပ် နေသော ကြီးမားသည့် သိုလှောင်ရုံကြီးဆီသို့ ရောက်ရှိလာ၏။ အထဲရှိ ဆေးပင်အနံ့များသည် သင်းလှိုင်လျက်ရှိနေပြီး အမျိုးအစားစုံလှသော ဆေးပင်များလည်း တည်ရှိနေသည်။
“ကျုပ်တို့ရဲ့ ဒီဆိုင်လေးမှာတော့ မိုးကောင်းကင်အင်ပါယာမြက် ခြောက်သောင်းကတ်တီ၊ ကျောက်စိမ်းကောင်းကင် အမြစ် တစ်သိန်းနဲ့ခြောက်ထောင်၊ စိတ်ဝိညာဉ်ငါးသစ်သီး လေးသိန်းလောက် ရှိပါတယ်”
“နေပါအုံး …”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လှမ်းကာ တားဆီးလိုက်သည်။ ပြီးနောက် မေးလိုက်သည်။ “ဒီလိုမျိုး သေးငယ်တဲ့ဆိုင်မှာ ဒီလောက်များတဲ့ အဆင့်မြင်ဆေးပင်တွေ ရှိတယ် ဟုတ်လား”
“အဆင့်မြင့် ဟုတ်လား”
ဆိုင်ရှင်သည် ရယ်ချင်စိတ်ကို မနည်းထိန်းသိမ်းကာ ပြောလိုက်၏။ “ဒီဆေးပင်တွေ က အမျိုးအစားစုံတယ် ဆိုပေမဲ့ ဈေးထဲမှာ သာမန်တွေ့နိုင်တဲ့ ဆေးပင်တွေပါပဲ”
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ ပါဝင်ပစ္စည်း၏ ကုန်ကြမ်းစာရင်း အပင်နာမည်များ ကို ကြည့်ရှုလိုက်မည်ဆိုလျှင် အမှန်ပင် ဈေးကြီးပြီး အဆင့်အတန်း မြင့်မားသည့်ပစ္စည်းများဖြစ်ကြောင်း သိရှိနိုင်၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဈေးများတွင် ပေါပေါ်သီသီဖြင့် ဝယ်ယူနိုင်သည့် ပစ္စည်းများ ဖြစ်လို့နေခဲ့သည်။
“ဖောက်သည်ကြီး”
ထိုသူသည် ဆက်လက်ကာ ပြောလိုက်၏။ “အကြမ်းဖျင်း တွက်ချက်မှုကို ပြုလုပ်ထားပါတယ်။ ဒီတော့ လိုအပ်တဲ့ဆေးပင်တွေ ဝယ်ယူချင်တယ်ဆိုရင် အနည်းဆုံးစိတ်ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်လောက် ပေးရပါလိမ့်မယ်”
နံရံကို လက်တစ်ဖက်ဖြင့်မှီကာ ရပ်နေသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မြေပေါ်သို့ လဲပြိုလုမတတ်ပင် ဖြစ်သွား၏။
ဇာတ်လမ်းအတိုင်းဆိုရင် ငါက ပိုက်ဆံတွေကိုထုတ် … ဆိုင်ရှင်ကို ပါးတွေနားတွေ ပိတ်ရိုက်ပြီး ဆေးပင်တွေ ဝယ်ရမှာ မဟုတ်လား။ အခု ဘယ်လိုဖြစ်ပြီး ငါ့ပါးတွေ နာနေသလို ခံစားနေရတာလဲ။
“မင်းဆက်ပြီးတော့ ဟန်ထုတ်လို့ မရတော့ဘူးမို့လား” စနစ်က အငေါ်တူးလိုက်သည်။
ကျွင်းချောင်ရှောင်းအနေဖြင့် စီးဆင်းရေမြို့ဆီသို့ ထပ်မံရောက်ရှိနေသည့်အချိန်တွင် ဆိုင်ရှင်အား ထိတ်လန့်တုန်လှုပ်သွားအောင်ပြုလုပ်မည်ဟု စဉ်းစားထားမိခဲ့၏။ သို့ပေမဲ့ အမှန်တရားမှာတော့ သေးငယ်လှသည့် ကုန်စုံဆိုင်လေးကပင် သူ့အား ရင်နာအောင် ပြုလုပ်လျက်ရှိနေ၏။
“ထားလိုက်တော့။ ထားလိုက်တော့”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ “လောလောဆယ် ဒီဆေးပင်တွေနဲ့ပတ်သက်ပြီး ကတ်တီငါးသောင်းလောက် ကျုပ်ကိုပေး”
“ကောင်းပါပြီ”
ဆိုင်ရှင်က ပျူငှာစွာဖြင့် ပြောလိုက်၏။ “ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါအုံး”
ကျွင်းချောင်ရှောင်းက ထပ်မံကာ မေးမြန်းလိုက်သည်။ “ဒီဆေးပင်တွေရဲ့ မျိုးစေ့တွေရော ရှိသေးလား”
ဆေးပင်များသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးအတွက် ဖော်စပ်နိုင်သည့်အရာများ ဖြစ်သည်ဆိုသော်လည်း သူ့အနေနှင့် ကျယ်ကျယ်ပြန့်ပြန့် သန့်စင်နိုင်ရန်အတွက် စိုက်ပျိုးနိုင်သည့် မျိုးစေ့များ လိုအပ်နေသေး၏။ ထို့အပြင် သူတို့စိုက်ပျိုးမည်ဆိုပါက ဈေးကွက်တွင်ရနိုင်သည့် ဆေးပင်များထက် ပိုမိုကာ အကျိုးသက်ရောက်မှု များလာနိုင်ပေမည်။
“ရှိပါတယ်”
“ဒါဆိုရင် တစ်မျိုးချင်းစီကို မျိုးစေ့ ငါးသောင်းဆီပေး”
ဤတစ်ကြိမ်မှာတော့ ကုန်းရှန့်သည် ကြိုက်သလောက်ထုတ်ခဲ့ ဟူသော စကားကို မပြောတော့ချေ။ သေသေချာချာ တွက်ချက်ပြီးမှ ဝယ်ယူနေရ၏။
“ဖောက်သည်ကြီး”
အရာအားလုံး ပြင်ဆင်ပြီးသည့်နောက်မှာတော့ ဆိုင်ရှင်သည် အပြုံးနှင့်လာကာ ပြောလိုက်လေသည်။ “ဆေးပင်နဲ့ မျိုးစေ့တွေ ရပါပြီ။ စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ငါးသိန်းတိတိ ကျပါတယ်”
“ရော့”
ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ ပါဝင်နေသည့် လက်စွပ်ကို လှမ်းပစ်ပေးလိုက်သည်။ ပြီးနောက် အပြင်သို့ ထွက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ ရှောင်ကျီသည် သူ့အား အသံပို့လွှတ်လာတော့၏။ “ဂိုဏ်းချုပ်... ဂျူနီယာညီလေးရီ အပြင်မှာ ကလေးတစ်ယောက်နဲ့ ရန်ဖြစ်နေတယ်”
......
မြို့၏ အလယ်ခေါင်မှာတော့ အလွန်တရာ စည်ကားလှသည့်တည်နေရာကြီး တစ်ခုအဖြစ် ဖြစ်တည်နေသည်။
ရီရှင်းချန်သည် ဝင့်ကြွားစွာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူ၏အရှေ့ ပေတစ်ရာတွင်တော့ အသက်ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်သည် မတ်တပ်ရပ်လျက် ရှိနေ၏။
အနားတွင်ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုကာ တီးတိုးပြောဆိုနေကြသည်။
“ဒီ မျက်နှာရှည်ရှည်နဲ့ကောင်က မြို့ကို အခုမှ ရောက်လာတာလေ။ ပြီးတော့ သောက်ခွက်ကို ကြည့်ရတာလည်း ရှိရှိသမျှ လူအားလုံး သူ့အပေါ် အကြွေးတင်နေတဲ့ရုပ်နဲ့။ ရိုက်ချင်စရာကောင်ပဲ”
“သူက အဝေးကလာတဲ့ ဧည့်သည်မဟုတ်လား။ ဘာလို့ သိုသိုသိပ်သိပ် မနေဘဲနှင့် ဖန်းယွမ်နေ့ကလေးထိန်း ကျောင်းက ပါရမီရှင်ကလေးငယ်နဲ့ ရန်ဖြစ်နေရတာလဲ”
ဖန်းယွမ်နေ့ကလေးထိန်းကျောင်း …….။
ဤအရာသည် စီးဆင်းရေမြို့ရှိ သိုင်းပညာသင်ကြားပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်နေပြီး အသက် သုံးနှစ်မှ ဆယ့်နှစ်နှစ်ကြား ကလေးများကို သင်ကြားပြသပေး၏။ ကျွင်းချောင်ရှောင်း ဤမြို့သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က ကြားခဲ့ရသော ကလေးများသွားရောက်ကာ လေ့ကျင့်ကြမည် ဆိုသော နေရာသည် ထိုနေရာပင် ဖြစ်တော့သည်။
သို့ပေမဲ့ ထိုနေ့ကလေးထိန်းကျောင်းသည် ခဏသာလေ့ကျင့်နိုင်၏။ အဘယ်ကြောင့်ဆိုသော် သတ်မှတ်ထားသည့် အရည်အချင်း ပြည့်မီပါက ပိုမိုကာ အဆင့်မြင့်သည့် ဝူတန် အကယ်ဒမီကျောင်းဆီသို့ ဝင်ခွင့်ရပြီး ပင်ကိုယ်စွမ်းရည် သာမန်သာ ဖြစ်သည်ဆိုပါက အိမ်ပြန်၍ သိုးမွေးခြင်းကိုသာ ပြုလုပ်ရပေလိမ့်မည်။
ရီရှင်းချန်၏ အရှေ့တွင်ရှိသော ကလေးငယ်သည် စွန်းမူချန်ဖြစ်ပြီး ဖန်းယွမ်နေ့ကလေးထိန်းကျောင်း၏ ကျောင်းသားတစ်ယောက်လည်း ဖြစ်၏။ သူ၏ ခန္ဓာကိုယ်၊ ပင်ကိုယ်စွမ်းရည်နှင့် တခြားသောအရာများသည် ကျောင်းတွင် အားအကောင်းဆုံးဖြစ်သောကြောင့် သူ့အား ပါရမီရှင်ကလေးငယ်ဟုပင် ခေါ်ဆိုသည်။
“မူချန်က ငါတို့မြို့ရဲ့ ရှားရှားပါးပါး ပါရမီရှင်ပဲလေ။ သူက ဝူတန်အကယ်ဒမီကို ကျိန်းသေပေါက် တက်ရောက် နိုင်မှာ။ လွယ်လွယ်ကူကူနဲ့ သူ့ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး”
ဤမြို့လေးထဲတွင် ဖန်းယွမ်နေ့ကလေးထိန်းကျောင်း တည်ရှိပြီး အပြင်ဘက် မြို့ကြီးမှာတော့ ဝူတန် အကယ်ဒမီ ကျောင်းက တည်ရှိနေ၏။
“ကျွတ်”
တီးတိုးဆွေးနွေးနေသည့် အသံများကို ကြားရပြီးသည့်နောက် ရီရှင်းချန်သည် နှာခေါင်းရှုံ့လိုက်၏။ စီးဆင်းရေမြို့ ဆီသို့ ရောက်ရှိလာသည့်အချိန်တွင် သုံးနှစ်မှ ငါးနှစ်အရွယ် ကလေးငယ်များသည် သိုင်းတပည့် ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်နေကြောင်း မြင်ရချိန်မှာတော့ သူ အမှန်ပဲ တုန်လှုပ်မိသည်။
သို့ပေမဲ့ ဆယ်နှစ် သားကလေးတစ်ယောက်သည် သူ့ကို အနိုင်ယူနိုင်သည် ဆိုခြင်းကိုတော့ သူမယုံကြည်နိုင်ပေ။ ထို့အပြင် ဤတည်နေရာသည် မြို့ငယ်လေးတစ်ခုသာ ဖြစ်သေး၏။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်း၏ သတိပေးမှုကို မခံရပါက အားညိုသည် ဤကဲ့သို့ ပြဿနာ ရှာလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူ့အား အထင်အမြင်သေးသည်ကို သိရှိပြီးသည့်နောက် သူ၏ အားအင်အဆင့်ကို သက်သေပြရန် စဉ်းစားထားမိသည်။
ညအင်ပါယာ - ညအင်ပါယာဆိုသည်မှာ လွယ်လွယ်ကူကူ နှင့် အနိုင်ကျင့်နှိပ်စက်၍ ရနိုင်သည့်လူတစ်ယောက် မဟုတ်ပေ။
“ဟေး”
စွန်းမူချန်သည် မျက်ခုံးကိုပင့်ကာဖြင့် စိတ်မရှည်သလို ပြောလိုက်၏။ “ကျုပ် အိမ်ပြန်ပြီး ညစာ စားစရာ ရှိသေးတယ်။ ဒီတော့ ခင်ဗျားတိုက်ခိုက်ချင်တယ်ဆိုရင် မြန်မြန်စပြီး တိုက်ခိုက်ရအောင်”
“ကောင်းပြီ”
ရီရှင်းချန်သည် လက်တစ်ဖက်ကို နောက်သို့ပစ်ကာ ပြောလိုက်သည်။ “ငါ လက်တစ်ဖက်တည်း သုံးမယ်”
“ဦးလေး... လက်နှစ်ဖက်ကို သုံးတာပိုကောင်းမယ်။ ဒါမှ အသက်ကြီးတဲ့သူကို အနိုင်ကျင့်တယ် ဆိုတာမျိုးဖြစ်မလာမှာ။” စွန်းမူချန်က ပြောလိုက်၏။
“ပေါက်ကရတွေ ပြောတာလျှော့”
ရီရှင်းချန်သည် တင်းမာခက်ထန်သည့် လေသံဖြင့် ပြောလိုက်သည်။ “မင်းတိုက်စရာရှိတာ တိုက်တော့”
“ကောင်းပြီ။ ကောင်းပြီ။ လက်တစ်ဖက်ပဲ သုံးပြီးတိုက်မယ်ဆိုမှတော့ ကျုပ်က …”
စွန်းမူချန်၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွား၏။ ပြီးနောက် ရှေ့သို့ လှမ်းလာကာ ပြောလိုက်၏။ “တိုက်ခိုက်ရတော့မှာပေါ့”
ဘုန်း
လေလှိုင်းများ ဖြစ်တည်လာပြီး မြေပေါ်တွင်ရှိနေသော ဖုန်များ အလိပ်လိပ် တက်လာ၏
ဘုတ် ဘုတ် ဘုတ် ဘုတ်
ရီရှင်းချန်သည် အနောက်ဘက်သို့ ခြေလှမ်းဆယ်လှမ်းခန့် ဆုတ်ခွာသွားရ၏။ သူ၏ မျက်နှာပေါ်တွင်တော့ ထိတ်လန့် တုန်လှုပ်သည့် အမူအရာများ ဖြစ်တည်လာသည်။ “သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်လား”
ဝှစ် ဝှစ် ……။
စွန်းမူချန်သည် ရှေ့ဆီသို့ လှမ်းတက်လာပြီး ရိုးရှင်းလှသည့် လှုပ်ရှားမှုများ ပြုလုပ်ကာ ထပ်မံ တိုက်ခိုက်ပြန်၏။ ရှုပ်ထွေးလှသည့် လက်သီးအရိပ်အယောင်များသည် တည်နေရာတစ်ခုလုံးတွင် ပြည့်နှက်နေ၏။
အလျင်စလိုဖြင့် ရှေ့သို့တိုးကာ ကြည့်ရှုနေသည့် ကျွင်းချောင်ရှောင်းသည် ချီးကျူးလိုက်မိသည်။ “ဒီကောင်လေးက တကယ့်ကို မျိုးစေ့ကောင်းလေးပဲ”
ဘုန်း ဘုန်း
တိုက်ခိုက်ရေး တည်နေရာထဲမှာတော့ ရီရှင်းချန်သည် ဂိုဏ်း၏ များပြားလှသော သိုင်းနည်းစနစ်များကို အသုံးပြုကာ ဝင်ရောက်လာသည့် လက်သီးရိပ်များကို ဖြေရှင်းဖို့ ကြိုးစားနေ၏။ ပထမတုန်းက အဆင်ပြေနေ သေးသည်။ သို့ပေမဲ့ တိုက်ကွက်အနည်းငယ်လောက် အသုံးပြုပြီးသည့်နောက် သူသည် နောက်သို့ တဆုတ်တည်း ဆုတ်နေရတော့၏။
ဝှစ်
စွန်းမူချန်သည် လေထဲသို့ ခုန်တက်ပြီးသည့်နောက် နောက်ပြန်တစ်ချက် ကန်ထုတ်လိုက်၏။ အစောကြီး ကတည်းက ဆိုးဆိုးရွားရွား အခြေအနေကို ကြုံတွေ့နေသော ရီရှင်းချန်သည် မည်သို့မှ မရှောင်နိုင်တော့ချေ။ ထို့ကြောင့် လက်နှင့်ကာကာ တားဆီးခြင်းကို ပြုလုပ်ရ၏။ သို့ပေမဲ့ ဘန်းဟူသော အသံနှင့်အတူ သူသည် ခြေလှမ်း တစ်ဒါဇင်လောက် နောက်ကိုဆုတ်ပြီး မြေပေါ်သို့ ဖင်ထိုင်ကျသွားသည်။
ဘုတ်
စွန်းမူချန်သည် မြေပေါ်သို့ ခုန်ချပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ “ထပ်ပြီး မတိုက်ခိုက်တော့ဘူး။ ထပ်ပြီး မတိုက်ခိုက်တော့ဘူး။ ခင်ဗျားက ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
ပြောပြီးသည့်နောက် လှည့်ကာ ထွက်ခွာသွား၏။
ကြည့်ရှုနေသူများသည်လည်း ဤကဲ့သို့ ဖြစ်လာမည်ကို သိရှိပြီးသလို ခေါင်းတခါခါနှင့် ထွက်ခွာသွားကြ တော့သည်။ တိုက်ပွဲသည် အလွန်တရာ တိုတောင်းလွန်းလှ၏။ သို့ပေမဲ့ မည်သူက အနိုင်ရရှိသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပေသည်။
“ဂျူနီယာညီလေးရီ” ရှောင်ကျီသည် လှမ်းလာ၏။
ရီရှင်းချန်သည် ခေါင်းကိုငုံ့ထားပြီး သူ၏လက်များသည် တုန်ယင်လျက် ရှိနေ၏။ စောနက တိုက်ခိုက်မှုအဟုန်ကြောင့် လက်များ တုန်ခါနေခြင်းပင် ဖြစ်ပေလိမ့်မည်။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး” အားညို၏ ပါးစပ်ဆီမှ ခြောက်ကပ်ကပ် အသံတစ်ခု ထွက်ပေါ်လာသည်။ မူလအားဖြင့် မောက်မာလှသည့် အသွင်အပြင်နေရာတွင် ရှက်ရွံ့သည် အမူအရာ များ ဖြစ်တည်လာ၏။
ဂိုဏ်းချုပ်သည် စနောက်နေခြင်း ဖြစ်မည်ဟု သူထင်မှတ်ခဲ့၏။ သို့ပေမဲ့ တကယ်တမ်း ကြုံတွေ့ရသည့်အချိန်မှာ တော့ ကလေးငယ်တစ်ယောက်ကပင်လျှင် သူ့ကို အနိုင်ယူ ရိုက်နှက်ခဲ့သေး၏။ တစ်ဖက်လူသည် အိမ်ပြန်၍ ညစာ စားရန် အလျင်လိုနေသည်သာ မဟုတ်ပါက သူ့ကို ပြာနှမ်းနေအောင် ရိုက်သွားခဲ့မှာ သေချာသည်။
“စိတ်ဓာတ်ကျမနေနဲ့” ကျွင်းချောင်ရှောင်းသည် အနားသို့ လှမ်းလာပြီး အားညို၏ ပခုံးကို ပုတ်လိုက်သည်။ ပြီးနောက် သူ၏ တပည့်အား သေသေချချာ အားပေးလိုက်၏။ “မင်းအနေနဲ့ အသက်ဆယ်နှစ်ကလေးကို မနိုင်ဘူးဆိုပေမဲ့ ငါးနှစ် ၊ ခြောက်နှစ် ကလေးဆိုရင်တော့ နိုင်မှာပါ။”