အခန်း (၁၃၅၄)
Vol. 91 Ch. 1354
ညကောင်းကင်ယံထက်မှာတော့ ကြယ်များသည် တောက်ပလျက် ရှိနေ၏။ သို့ပေမဲ့ ညအင်ပါယာမှာတော့ မှေးမှိန်လျက် ရှိနေ၏။ သူသည် အားလုံးက လေးစားရသည့် သိုင်းအင်ပါယာတစ်ယောက် ဖြစ်ခဲ့ဖူးသည် ဆိုသော်လည်း အထက်နယ်မြေသို့ ရောက်ရှိလာသည့်အချိန်မှာတော့ ဆယ်နှစ်သား ကလေးကပင် နလန်မထူအောင် ရိုက်နှက်သွား၏။ ဤအရာမှာ တကယ့်ကို အဓိပ္ပာယ်မရှိလှချေ။ ညအင်ပါယာသည် အနိုင်ကျင့် နှိပ်စက်ခြင်းကို ခံသည့်လူ မဟုတ်ပေ။
သို့ပေမဲ့ ယနေ့မှာတော့ ခေါင်းပင် မဖော်ရဲလောက်အောင် ရှက်ရွံ့လျက် ရှိနေသည်။
“ညီလေးရီ”
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လာ၏။ “တကယ်လို့ မင်းနေရာမှာ ငါသာဆိုရင်လည်း ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ ငါတို့က ဒီနေရာကို အခုမှ ရောက်လာတာ မဟုတ်လား။ လောကသစ်ကြီး တစ်ခုမှာ ဖြည်းဖြည်းချင်း အသားကျအောင် ပြုလုပ်ရအုံးမယ်။ ငါတို့က တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့ ဒေသခံ တွေထက် ဘယ်လိုမှ အားမနည်းပါဘူး”
ရှောင်ကျီသည် အမှန်ပင် နှစ်သိမ့်ပေးတတ်သူတစ်ယောက်ဖြစ်တော့၏။ ကုန်းရှန့်ကဲ့သို့ လူသားမဆန်သည့် စကားလုံးများကို ပြောဆိုတတ်သူ မဟုတ်ချေ။
“ကျုပ်က အသုံးမဝင်ဘူး”
ရီရှင်းချန်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ကလေး တစ်ယောက်ကိုတောင် အနိုင်မတိုက်ခိုက်နိုင်ဘူး”
သူ၏ ညီလေးသည် ယနေ့တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များမှ ပြန်လည် ရုန်းမထွက်နိုင်တော့ကြောင်း ရှောင်ကျီ နားလည်မိ၏။ ထို့ကြောင့် ဆက်လက်ကာ နှစ်သိမ့်လိုက်သည်။
သို့ပေမဲ့ ဘေးတစ်ဖက်ဆီမှ ကျွင်းချောင်ရှောင်းက ဝင်ပြောလိုက်၏။ “ယုံကြည်ချက် ပျောက်ဆုံးနေတဲ့လူတွေကို နှစ်သိမ့်နေလို့လည်း အလကားပဲ”
“ဂိုဏ်းချုပ်”
“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မင်းက အရင်ဘဝတုန်းက ဖြစ်တည်ခဲ့တဲ့ သိုင်းအင်ပါယာဆိုတဲ့ ဂုဏ်ထူးကို အရမ်းကြီး ဂရုစိုက်နေလွန်းတယ်။ မင်း ဒီအရာကို လက်မလွှတ်နိုင်ဘူး။ ဒါကြောင့် အခုဖြစ်တဲ့ ရှုံးနိမ့်မှုကို လက်မခံနိုင်တာပဲ” ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ သူ၏ စကားလုံးများသည် နာကျင်ဖွယ်ရာ ကောင်းသည် ဆိုသော်လည်း အမှန်ပင် ဖြစ်သည်။
ရီရှင်းချန်သည် တော်တော်များများ ပြောင်းလဲသွားခဲ့၏။ သူ့ကိုယ်သူ ပြိုင်စံရှားဂိုဏ်းသား တစ်ယောက်အဖြစ် သတ်မှတ်ြဤနေရာတွင် ရှောင်ကျီနှင့် လီချင်းယန်တို့ ဆိုပါက စွန်းမူချန်ကို ရှုံးနိမ့်သွားမည် ဆိုလျှင်တောင်မှ ဤကဲ့သို့ ထူးထူးခြားခြား ခံစား နေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် တစ်ဖက်လူသည် သိုင်းနယ်မြေ ထိပ်ဆုံးအဆင့်တွင် ရှိနေပြီး သူတို့မှာတော့ သိုင်းနယ်မြေအဆင့်လေး၊ အဆင့်ငါး ကျင့်ကြံသူများသာဖြစ်၏။ ထို့ကြောင့် ရှုံးနိမ့်မည်ဆိုပါက ခဏတာ ရှုံးနိမ့်မှု ဖြစ်ပြီး သေသေချာချာ လေ့ကျင့်မည်ဆိုပါက ပိုမိုကာ အားကောင်းလာမည် ဖြစ်ကြောင်းကို နားလည်ပေလိမ့်မည်။ သူသည် အားနည်းလွန်း၍ ရှုံးနိမ့်ခဲ့ခြင်း မဟုတ်ပေ။ ပတ်ဝန်းကျင် တည်နေရာကြီးသည် ကောင်းမွန်လွန်းလှသောကြောင့် တစ်ဖက်လူသည် မွေးဖွားစဉ်ကတည်းက အသက်ရှုတိုင်း လေ့ကျင့်သလို ဖြစ်နေသည် မဟုတ်ပါလား။
“အခု မင်းက ကလေးတစ်ယောက်နဲ့ပဲ ရင်ဆိုင်ရသေးတယ်။ အနာဂတ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင် လောက်က အထက်နယ်မြေကို တက်လှမ်းသွားတဲ့ ဧကရီလင်းရောင်တို့လို လူမျိုးကို ရင်ဆိုင်ဖို့ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီနေ့လို ရှုံးနိမ့်မှုမျိုးကနေ ရုန်းထွက်မသွားနိုင်ဘူးဆိုရင် လက်စားချေဖို့အကြောင်းကို မပြောနဲ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဂိုဏ်းချုပ် ထိုအမျိုးသမီးအကြောင်း ပြောဆိုလိုက်သည်ကို ကြားသည့်အချိန်မှာတော့ ရီရှင်းချန်သည် စိတ်ဓာတ်ကျနေသော အသွင်အပြင်များ ပျောက်ကွယ်သွား၏။ သူ၏ အကြည့်များသည် အေးစက်လာခဲ့၏။ “မဟုတ်ဘူး”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ “ကျုပ် ရီရှင်းချန်က ဒီလို သေးငယ်လှတဲ့ ရှုံးနိမ့်မှုမျိုးကိုတောင် မခံနိုင်ရင် ဘယ်လိုလုပ် အနာဂတ်မှာ သူမကို ကလဲ့စားချေလို့ ရမှာလဲ”
ဟူး ဟူး
ထိုအချိန်မှာတော့ ရီရှင်းချန်၏ ခန္ဓာကိုယ်ဆီမှ စွမ်းအင်လှိုင်းများ လှိမ့်တက်လာ၏။ မူလအားဖြင့် ထိခိုက်ထားသော သူ၏ဂုဏ်သိက္ခာနှင့် စိတ်ဓာတ်များသည် ပြန်လည်ကာ ကောင်းမွန်သွားခဲ့၏။
“အားညို”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ “မင်းက အရမ်းကို ကြီးမြတ်ပြီး ဂုဏ်သိက္ခာ ကြီးမားတဲ့ ညအင်ပါယာ မဟုတ်တော့ဘူး။ မင်းက အခုပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်သာသာပဲ။ ဒီတော့ ဂိုဏ်းရဲ့ဆောင်ပုဒ်အတိုင်းပဲ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့အရာကို သံမဏိစိတ်ဓာတ်ကို လက်ကိုင်ထား သင့်တယ်”
“ကျွန်တော် နားလည်ပါပြီ”
ရီရှင်းချန်၏ မျက်လုံးထဲတွင်တော့ ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်အယောင်များ ပြည့်နှက်လာခဲ့၏။ ဆယ်ကျော်သက်တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရခြင်းသည် သူ့အတွက် ကြီးမားသည့် ထိခိုက်မှုပင် ဖြစ်၏။ သို့ပေမဲ့ ကုန်းရှန့်၏ စကားလုံးများကို နားထောင်ပြီးသည့်နောက် သူသည် အသစ်ဖြစ်တည်လာသည့် လူတစ်ယောက်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့လေသည်။
“ညအင်ပါယာ” သူသည် အတိတ်မှာရှိသော အရာများအားလုံးကို မေ့လျော့သွားခဲ့ပြီဖြစ်၏။ လက်ရှိအချိန်တွင် သူသည် ပြိုင်စံရှားဂိုဏ်းတပည့်တစ်ယောက် ဖြစ်လို့နေသည်။
“ဒင်... သီးခြားတာဝန် ပြည့်စုံသည်။ ဆုလာဘ် ဂိုဏ်းစုဆောင်းမှတ် တစ်သိန်း”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၆၉၀၀၀၀”
ရီရှင်းချန်တစ်ယောက် အသစ်ပြန်လည်ဖြစ်သလို ပြောင်းလဲသွားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ နားထဲတွင် အသံတစ်ခုဖြစ်တည်လာ၏။ အားညိုတစ်ယောက် စွန်းမူချန်အား ရှုံးနိမ့်ခဲ့သည့်အချိန်တွင် သီးခြား တာဝန် ဖြစ်တည်လာခဲ့ခြင်းဖြစ်၏။ ပါဝင်သည့် အကြောင်းအရာမှာ အားညိုအား နှစ်သိမ့်ပေးရန်ပင် ဖြစ်၏။
ရီရှင်းချန်အား နားလည်ပေးနိုင်ဆုံးလူသည် မိန်းကလေးတစ်ယောက်ကြောင့် ထိခိုက်နာကျင်ခြင်းကို ခံရဖူးသည့် ရှောင်ကျီပင် ဖြစ်လိမ့်မည်ဟု အားလုံးသောသူများက တွေးထင်ထားပေလိမ့်မည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ဂိုဏ်းချုပ် ဖြစ်သည့် ကျွင်းချောင်ရှောင်းသည် သူ၏တပည့်ကို နားအလည်ဆုံးပင်ဖြစ်၏။ ထို့ကြောင့် ဧကရီလင်းရောင်၏ နာမည်ကို အသုံးပြုပြီး သူ့တပည့်၏ ကျဆင်းနေသော စိတ်ဓာတ်များကို ပြန်လည်ကာ ဆွဲတင်ပေးခဲ့တော့သည်။
................
စီးဆင်းရေမြို့
စွန်းမူချန်သည် ကျောင်းတွင် နောက်ကျသည်အထိ လေ့ကျင့်ပြီးသည့်နောက် သူ၏ အိမ်ရှိရာသို့ ပြန်လာခဲ့၏။ သိုင်းပညာနှင့် ထိတွေ့ဆက်ဆံခဲ့ကတည်းက သူသည် စောစောထကာ လေ့ကျင့်တတ်ပြီး နောက်ဆုံးမှ ပြန်လာ တတ်၏။ ထို့ကြောင့် သူ့အား ပါရမီရှင်ကလေးငယ်ဟု ခေါ်ဆိုကြခြင်းဖြစ်၏။ သူ၏ အားအင်အဆင့်သည် သန္ဓေ ပါရမီပေါ်တွင် မူတည်မနေဘဲ သူ၏ အလုပ်ကြိုးစားမှုပေါ်တွင် မူတည်လျက်ရှိ၏။
“ဝူတန် စာမေးပွဲက ရောက်ရှိဖို့အတွက် လဝက်လောက် ကျန်သေးတယ်လေ။ အားလုံးရဲ့ မျှော်လင့်ချက်အတိုင်း နေထိုင်နိုင်ဖို့ ငါအရမ်းကို ကြိုးစားရမယ်”
ဝူတန်စာမေးပွဲကို ဝင်ရောက် ဖြေဆိုချင်သူများထဲတွင် အဆင့်မြင့် သိုင်းပညာရှင်များလည်း ပါဝင်နေ၏။ အားလုံးသောသူများသည် ထိုကျောင်းဆီသို့ ဝင်ခွင့်ရရန် ကြိုးစားနေကြသည်မှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။
“ဘယ်သူလဲ”
စွန်းမူချန်သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးသည့်နောက် သူ၏အိမ်အဝင်တံခါးရှေ့ဆီသို့ လှမ်းကာ ကြည့်ရှု့လိုက်ချိန်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မျက်နှာဖုံးနှင့် လူတစ်ယောက်သည် အမှောင်ထဲမှ လှမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။
“ကောင်လေး... ငါ ဘယ်သူလဲက အရေးကြီးလို့လား။ အရေးကြီးတာက မင်း ပိုပြီးအားကောင်းလာချင်တဲ့ ကိစ္စ မဟုတ်လား” အသံသည် အနည်းငယ် တိုးညှင်းလှသည်ဆိုသော်လည်း နားထောင်၍တော့ ရနေ၏။
စွန်းမူချန်၏ နှလုံးသားများသည် လှုပ်ခါသွားခဲ့၏။ သို့ပေမဲ့ သူသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် တည်နေရာပတ်ဝန်းကျင်အား အမြဲတမ်း အာရုံဖြန့်ကျက်ကြည့်ရှုထားပြီးဖြစ်သည် ဆိုသော်လည်း တစ်ဖက်လူကို တစ်ချက်ကလေးမှ သတိမပြုမိခဲ့ချေ။
ကျွမ်းကျင်သူ …။
ဤလူသည် အမှန်ပင် ကျွမ်းကျင်သူ ဖြစ်ပေလိမ့်မည်။
“ဟုတ်တယ်။ ကျုပ် ပိုပြီး အားကောင်းချင်တယ်” စွန်းမူချန်က ပြောလိုက်သည်။
အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်၏။ “မင်း ပိုပြီးအားကောင်းချင်တယ်ဆိုမှတော့ ဝူတန်စာမေးပွဲကို ဝင်ပြီး မဖြေနဲ့။ ဒီအဘိုးကြီးက မင်းပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အားကောင်းလာမယ့်လမ်းတစ်ခုကို ရှင်းရှင်းလင်းလင်း ပြောပြမယ်။ မင်းက အမြူတေအသွင်ပြောင်းခြင်း အဆင့်ကနေမဟုတ်ဘဲ အစစ်အမှန် ရှာဖွေခြင်းအဆင့်ဆီကို ရောက်ရှိနိုင်တဲ့ လူတစ်ယောက်ပဲ”
စွန်းမူချန်၏ နှလုံးသားများသည် တုန်ခါသွား၏။ သူသည် ငယ်ရွယ်စဉ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့၏။ သို့ပေမဲ့ သူ၏ရည်မှန်းချက်သည် အမြူတေအသွင်ပြောင်းခြင်းအဆင့်ကိုး ကျင့်ကြံသူတစ်ယောက် ဖြစ်ရန်ပင်။ ပိုမို၍ အဆင့်မြင့်သော အစစ်အမှန် ရှာဖွေခြင်းအဆင့်ဆိုသည်မှာ သူတွေးတောင် မတွေးထားဖူးသည့် အရာပင် ဖြစ်သည်။
မြို့ထဲတွင်ရှိနေသော သာမန်ထက်ပိုသည့် ပြိုင်စံရှား ပါရမီရှင်များပင်လျှင် ထိုအဆင့်ကို မရောက်ရှိကြောင်းကို သူ သိရှိနားလည်ပြီး ဖြစ်၏။
“ကျုပ်... ကျုပ်လုပ်နိုင်ပါ့မလား”
“မင်း ဝူတန်လို နေရာမျိုးကို သွားပြီးလေ့ကျင့်မယ်ဆိုရင်တော့ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒါကြောင့် မင်းလေ့ကျင့်ဖို့ အတွက် အကောင်းဆုံးသော နေရာတစ်ခုကို ငါ လမ်းညွှန်ပြသမယ်”
“နားလည်ပါပြီ” စွန်းမူချန်က ပြောလိုက်သည်။
“မင်း ဝူတန်ထက် ပိုပြီး ကောင်းမွန်တဲ့ နေရာတစ်ခုမှ ကျင့်ကြံချင်လား”
“...........”
“ကောင်လေး”
အမဲရောင်ဝတ်စုံနှင့်လူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဝူတန်လို နေရာမျိုးက တကယ့်ပါရမီရှင်တွေ အတွက် ကောင်းတဲ့နေရာတစ်ခုတော့ မဟုတ်ဘူး။ ဂိုဏ်းတစ်ခုကို ဝင်ရောက်ခြင်းကသာ ပိုပြီးတော့ အားကောင်းစေလိမ့်မယ်”
စွန်းမူချန်သည် နားလည်သွားမိ၏။ ထို့ကြောင့် သူသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာ... ကျေးဇူးပြုပြီး သင်ကြားပြသပေးပါအုံး”
“မင်းဆီမှာ ပြိုင်စံရှားတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး တစ်သက်မှာတစ်ခါပဲ တွေ့ရတဲ့ ပါရမီရှင်ဖြစ်ကြောင်း ငါသိတယ်။ ဒီနေ့ ငါမင်းကို လမ်းပြပေးမယ်”
အမဲရောင်ဝတ်စုံနှင့်လူသည် အရှေ့ဘက်သို့ မျှော်ကြည့်ကာ ပြောလိုက်သည်။ “မင်း.. ဒီလမ်းတည့်တည့်သွားမယ်ဆိုရင် ဖန်းချီမိုးကောင်းကင်တောင်တန်းဆိုတာကို ရောက်လိမ့်မယ်။ အဲဒီမှာ ပြိုင်စံရှား ဂိုဏ်းဆိုတာ ရှိတယ်။ မင်း သူတို့ရဲ့တပည့် ဖြစ်လာပြီဆိုရင် အကန့်အသတ်မဲ့တဲ့ အနာဂတ်ကို ပိုင်ဆိုင်လိမ့်မယ်”
ဤစကားလုံးများအား ရင်းနှီးနေပေလိမ့်မည်။
မှန်ပေသည်။ အမဲရောင်ဝတ်စုံနှင့်လူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။ စွန်းမူချန်ကို နှစ်သက်လွန်းသောကြောင့် တပည့်အဖြစ် ခေါ်ယူရန် တစ်ဖက်လှည့်ဖြင့် လာရောက်ကာ မြူစွယ်နေခြင်း လည်းဖြစ်၏။
“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”
စွန်းမူချန်သည် ဦးခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ “ကျုပ် တစ်ခါမှ မကြားဖူးပါလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အထက်နယ်မြေမှာ ဂိုဏ်းဆိုတာ သဲမှုန်တွေလိုပဲ များပြားလွန်း တယ်လေ။ မကြားဖူးဘူးဆိုတာနဲ့ သူတို့ကို အထင်အမြင်သေးလို့ မဖြစ်ဘူး”
“တောင်းပန်ပါတယ်”
စွန်းမူချန်သည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “ကျုပ် အိမ်ကို သွားပြီး အိပ်တော့မယ်”
ပြီးနောက် လှည့်ကာ ထွက်ခွာသွားတော့သည်။
“..........”
ကျွင်းချောင်ရှောင်းသည် ခဏလောက် ကြောင်အသွား၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်မိသည်။ “သေချာပြီ။ ဒါက အလုပ်မဖြစ်ဘူးပဲ”
“စီနီယာ”
ထိုအချိန်မှာပဲ စွန်းမူချန်သည် ရုတ်တရက် ခေါင်းလှည့်ကာ မေးမြန်းလိုက်၏။ “စီနီယာရဲ့ နာမည်က ဘာလဲ”
“ငါ”
ကျွင်းချောင်ရှောင်းသည် အဘိုးကြီးကျွင်းထျန်ဆိုသည့် နာမည်ကို ပြောရန် စဉ်းစားလိုက်၏။ သို့ပေမဲ့ ချက်ချင်းပဲ သူသည် စိတ်ပြောင်းသွားသည်။ ထို့နောက် လက်နှစ်ဖက်ကို နောက်ပစ်၍ ပြောလိုက်သည်။ “ကြီးမြတ်သူ တုံးကုပဲ”
စွန်းမူချန်၏ မျက်နှာသွင်ပြင်သည် ချက်ချင်းပဲ ပျက်ယွင်းသွား၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် မယုံကြည်နိုင်သလို ထအော်လိုက်၏။ “စီ.. စီနီယာက ကြီးမြတ်သူ တုံးကုလား”
“အင်း... သိပ်မှန်တာပေါ့ကွာ”