အခန်း (၁၃၅၇)
Vol. 91 Ch. 1357
ပြိုင်စံရှားဂိုဏ်း၏ ယဉ်ကျေးမှုသည် တပည့်သစ်ဝင်ရောက်လာသည်နှင့်တပြိုင်နက် အိမ်ကိုပြန်ချင်သည့် ခံစားချက်များ ရရှိစေနိုင်ရန် ဘောလုံး ဆော့ကစားခြင်းကို ပြုလုပ်ရ၏။ အထူးသဖြင့် ဂိုးသမား တာဝန်ကို ယူရခြင်းပင်ဖြစ်၏။
သို့ပေမဲ့ စွန်းမူချန် ဂိုဏ်းထဲသို့ ဝင်လာသည့်အချိန်မှာတော့ အခြေအနေသည် ပြောင်းပြန် ပြောင်းလဲသွားသည်။
မူလအားဖြင့် ဂိုဏ်း၏ ယဉ်ကျေးမှု ရိုးရာကို တောက်လျှောက် တာဝန်ယူ ထမ်းဆောင်လာခဲ့သည့် စုရှောင်မိုနှင့် လီဖေးတို့သည် ၎င်းတို့၏ အကြံအစည် မအောင်မြင်ရုံသာမက သူတို့သည်ပင်လျှင် ဘောလုံးနှင့် ပြန်လည် ကန်ကျောက်ခြင်းကို ခံခဲ့ရ၏။
ဤကဲ့သို့ ကိစ္စအား မည်သို့သော ခန္ဓီစတရားဖြင့် သည်းခံရမည်နည်း။ ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် ကျန်သောဂိုဏ်းသားများကိုခေါ်ကာ ဘောလုံးပွဲကြီးတစ်ခုကို ဖန်တီးကြတော့သည်။
လက်ရှိအချိန်မှာတော့ စွန်းမူချန်သည် ဂိုးသမား အဖြစ် တာဝန်ယူထားရ၏။
ဖောင်း ဖောင်း ……
စုရှောင်မို၊ လီဖေး၊ လီထျန်းထျန်း၊ စီမာကျုံးတနှင့် တခြားသောသူအားလုံးသည် ပင်နယ်တီဧရိယာအတွင်း ဝင်ရောက်လာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် ဘောလုံးကို အားရပါးရနှင့် ကန်လျက် ရှိနေသည်။ ဤအရာသည် သာမန်ဘောလုံးပွဲတစ်ခုပင် မဟုတ်ချေ။ ဂိုးသမားအတွက် အထူးလေ့ကျင့်ခြင်းပင်ဖြစ်ပေမည်။
ငယ်ရွယ်၍ မောက်မာလွန်းလှသော စွန်းမူချန်သည် တစ်ဖက်လူများမှာ သူ့အား ပစ်မှတ်ထားကာ ကန်ကျောက် လျက်ရှိနေသည်ကို သိပင်မသိရှိချေ။ သူသည် ဂိုး၏ရှေ့တွင် ခန္ဓာကိုယ်ကို ကုန်းကာဖြင့် ရူးကြောင်ကြောင် မေးလိုက်သည်။ “စီနီယာအစ်ကိုတို့ ... ဒီလိုမျိုး ဖမ်းရမှာလား”
“အမှန်ပဲ”
စုရှောင်မိုက ပြောလိုက်၏။ “ဂိုးရှေ့မှာ စောင့်ကြပ်ပြီး ဘောလုံးတစ်လုံးမှ ဝင်မသွားအောင်လုပ်ရင် ရပြီ”
“နားလည်ပါပြီ။ လာကြတော့” စွန်းမူချန်သည် စိတ်ဝင်တစား ဖြစ်လို့နေ၏။ သူသည် လာသမျှ ဘောလုံးတိုင်းကို အမိဖမ်းရန် စိတ်ဆုံးဖြတ်လိုက်သည်။
အားလုံးသောလူများသည် တစ်ယောက်ကို တစ်ယောက် လှမ်းကြည့်ပြီးနောက် လျင်လျင်မြန်မြန်ပဲ တစ်ယောက်နှင့်တစ်ယောက် နားလည်မှု ရယူလိုက်ကြ၏။ ပြီးနောက် ခြေထောက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာ ကြမ်းကြမ်းတမ်းတမ်း ကန်ကျောက်ကြ၏။
ဘန်း ဘန်း ဘန်း ဘန်း
များပြားလှသည့် အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာ၏။ ဘောလုံးသည် မထင်မှတ်ထားသည့် ထောင့်တည်နေရာများဆီမှ ဝင်ရောက်လာခဲ့၏။ သို့ပေမဲ့ စွန်းမူချန်သည် ဘောလုံးကို ဂိုးထဲမဝင်အောင် ကာကွယ်နိုင်ခဲ့သည်။
“ကြမ်းလှချည်လား။ ဒီကောင်လေးကတော့ တကယ့်ကို ကံဆိုးတာပဲ။ သူအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်မယ်။”
လေ့ကျင့်ရေးကွင်းပြင်ရှိ တပည့်များသည် စာနာသနားသည့် အကြည့်ဖြင့် ကြည့်နေကြသည်။ အထူးသဖြင့် ရှမ့်ယုဟန်ပင် ဖြစ်သည်။ သူ့အနေနှင့် စီနီယာအစ်ကိုများ၏ ဂရုစိုက်မှုကို ခံယူခဲ့ရသည့် ဖြစ်စဉ်များကို ပြန်လည်စဉ်းစားမိပြီး မျက်ရည်များပင် ဝိုင်းလာမိ၏။
သို့ပေမဲ့ စွန်းမူချန်မှာတော့ ဂိုး၏ရှေ့တည့်တည့်တွင် မတ်တပ်ရပ်လျက် ရှိနေပြီး ခန္ဓာကိုယ်ကို လိမ်ကာ ကွေ့ကာဖြင့် လက်များသည် အရိပ်အယောင်များအဖြစ်သို့ ပြောင်းလဲကာ ဝင်ရောက်လာသမျှသော ဘောလုံးများအားလုံးကို တားဆီးထားနိုင်သည်။
“ချီးတဲ့မှ” ကြည့်ရှုနေကြသော တပည့်များသည် မျက်လုံးအပြူးသားဖြစ်သွားကြ၏။
ဘောလုံးများသည် တစ်လုံးပြီးတစ်လုံး ရောက်ရှိလာ၏။ ဂျူနီယာညီလေး အသစ်သည် အားလုံးကို တားဆီးနိုင်ရုံသာမက ခြေထောက်ပင် တစ်ချက်ကလေးမှ မလှုပ်ချေ။ ကိုယ်ကိုသာ ယိမ်းနွှဲ့၍ ကာကွယ်နေခြင်းဖြစ်သည်။ “အံ့အားသင့်စရာပဲ။ ဒါတကယ့်ကို အံ့အားသင့်စရာကောင်းတယ်”
“သွားစမ်း”
ဝှစ် ဝှစ် ဝှစ်
စုရှောင်မို၊ လီဖေးနှင့် တခြားသူများသည် အရှေ့ဆီသို့ လှမ်းတက်လာပြီး မတူညီသည့် တည်နေရာ အသီးသီးဆီမှ ဘောလုံးကို ကန်ကျောက်ခဲ့၏။ သူတို့၏ ကန်ချက်များသည် ပထမတစ်ကြိမ်ကထက် ပိုမိုကာ အားကောင်းလွန်း၏။
ဘန်း ဘန်း ဘန်း …..။
စွန်းမူချန်သည် ဂိုး၏ရှေ့တည့်တည့် တည်နေရာတွင် မတ်တပ်ရပ်လျက်ရှိ၏။ သူ၏ ခန္ဓာကိုယ်နှင့် လက်များသည် စည်းချက်ညီစွာဖြင့် လှုပ်ရှားလျက်ရှိ၏။ ၎င်းသည် လက်တစ်ထောင်ကွမ်ရင်မယ်တော်ကဲ့သို့ပင် ဝင်ရောက်လာသမျှ ဘောလုံးများကို တစ်ချက်ကလေးမှ ဂိုးမဝင်အောင် ကာကွယ်ထားသည်။
အဓိကဟောခန်း၏ ရှေ့မှာတော့ ......
တင်းရှင်းဝမ်သည် အံ့အားသင့်စွာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... ဒီကောင်လေးက တော်တော့ကို အားကောင်းတာပဲ”
“အားမကောင်းရင် ကျုပ်က သူ့ကို ဘယ်လိုလုပ် တန်ဖိုးကြီးကြီးထားပြိး ခေါ်လာမှာလဲ” ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
အထက်နယ်မြေမှ သိုင်းကျင့်ကြံသူများသည် မြင့်မားလှသည့် ပင်ကိုယ်စွမ်းရည်နှင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြ၏။ ဤစွန်းမူချန်သည် အကောင်းဆုံးသောသူများထဲမှ တစ်ယောက်ဟု ဆိုနိုင်၏။
ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီးနောက် ကောင်းကောင်းမွန်မွန်နှင့် သေသေချာချာ လေ့ကျင့်လိုက်မည်ဆိုလျှင် အနာဂတ်တွင် တောက်ပသည့် ကြယ်တစ်ပွင့် ဖြစ်လာမှာ ကျိန်းသေ၏။ အနာဂတ်တွင် ဤအဆင့် တပည့်သစ်များကိုသာ ခေါ်ယူနိုင်မည်ဆိုပါက ဂိုဏ်းသည် အမှန်ပင် ကြီးမားတိုးတက်သည့် အခြေအနေ တစ်ခုဆီသို့ ရောက်ရှိသွားပေလိမ့်မည်။
စနစ်သည် သူ့အား ရေအေးအေးနှင့် လှမ်းကာ ပက်လိုက်၏။ “မင်း အတွေးလွန်နေပြီ။ ပေါက်ကရတွေ စဉ်းစားတာ တော်ပါတော့”
...........
တစ်နာရီခန့်ကြာပြီးသည့်နောက်မှာတော့ စုရှောင်မို၊ လီဖေးနှင့် တခြားသော သူများသည် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။ အစပိုင်းက သူတို့သည် တစ်ဖက်လူအား ထိမှန်ရန် ဘောလုံးဖြင့်ကန်ခဲ့ခြင်းဖြစ်၏။ နောက်ပိုင်းမှာတော့ ရည်မှန်းချက် ပြောင်းလဲကာ ဂိုးထဲသို့ ဘောလုံးဝင်အောင် ကြိုးစားခဲ့ကြသည်။ သို့ပေမဲ့ မည်သူမှသည် ဂိုးထဲဝင်အောင် မစွမ်းဆောင်နိုင်ခဲ့ကြချေ။
“စီနီယာအစ်ကိုတို့”
စွန်းမူချန်သည် ဂိုးရှေ့တွင် မတ်တပ်ရပ်လျက်ရှိပြီး တောက်ပစွာ ပြုံးနေ၏။ “မနက်ဖြန်ကျရင် ကျွန်တော်ကန်မယ်။ ခင်ဗျားတို့ ခုခံကြ”
နောက်တစ်ရက်မှာတော့ စုရှောင်မို၊ လီဖေးတို့သည် ဂိုး၏ရှေ့နားတွင် ခွေခွေလေး လဲလျက်ရှိနေ၏။ တစ်ယောက်သည် ဝမ်းဗိုက်ကို ဖိကိုင်ထားပြီး တစ်ယောက်မှာတော့ မျက်နှာကို အုပ်ကိုင်ကာ အော်ဟစ်လျက် ရှိသည်။
၎င်းတို့၏ ပုံပန်းသွင်ပြင်ကို ကြည့်ရသည်မှာ အလွန်ဆိုးရွားလျက် ရှိ၏။
ဘောလုံးသည် ၎င်းတို့အသင်းသား ဆယ်ယောက်ကျော်အား တစ်ယောက်ပြီး တစ်ယောက် ထိမှန်လျက် ရှိနေ၏။ အမြဲတမ်း တပည့်သစ်များ အားလုံးကို ဘောလုံးနှင့် ကန်ကျောက်ရသည်ကို နှစ်သက်နေကြသည့် အတွေ့အကြုံရင့် တပည့်များသည် လက်ရှိအချိန်မှာတော့ စွန်းမူချန်၏ လက်တွင်းသို့ သက်ဆင်းကျရောက် ခဲ့ရလေသည်။
ဤအဖြစ်အား လက်မခံချင်လည်း မဖြစ်နိုင်ပေ။ သူတို့ ဘာလုပ်ရမည်နည်း။ လုပ်နိုင်သည့်အရာတစ်ခုသည် ကျင့်ကြံခြင်းလမ်းစဉ်တွင် အာရုံစူးစိုက်ရန်သာဖြစ်၏။
စွန်းမူချန် ရောက်ရှိလာမှုသည် ဂိုဏ်းထဲရှိ တပည့်များကို ဖိအားသက်ရောက်စေ၏။ ထို့ကြောင့် ၎င်းတို့သည် ပိုမို အားကောင်းချင်သည့်စိတ်များ တိုးတက်လာခဲ့သည်။
“မဆိုးဘူး။ မဆိုးဘူး” ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးသည် ပိုမိုကာ တောက်ပလာခဲ့၏။
စွန်းမူချန်ကို တပည့်သစ်အဖြစ် လက်ခံပြီးသည့်နောက် တခြားသော တပည့်များအားလည်း ပိုမိုကြိုးစားစေရန် စိတ်ခံစားချက်များ ရရှိစေခဲ့၏။ တပည့်များအားလုံးသည် ကျင့်ကြံခြင်းအရာတွင် ပိုမိုကာ အာရုံစိုက်နေကြသည်။
ဟုတ်ပေသည်။ သိုင်းကျင့်ကြံခြင်းလမ်းစဉ်သည် အလွန်တရာ ရှည်လျားလွန်းလှ၏။
ဂိုဏ်းချုပ်တစ်ယောက် အနေဖြင့် ကျွင်းချောင်ရှောင်းသည် တပည့်များကို အမြဲတမ်း ကြည့်ရှုမနေနိုင်ပေ။ ထို့အတူ အမြဲတမ်းပဲ ဖြတ်လမ်းနည်းများကို အသုံးပြု၍ ထောက်ပံ့ပေး၍ မဖြစ်နိုင်ပေ။ လတ်တလောတွင် ပစ္စည်း ပစ္စယနှင့် ငွေကြေးအကန့်အသတ်ရှိနေသည် ဖြစ်သောကြောင့် ဆေးလုံးတစ်ထောင်ကျော်ကိုသာ သန့်စင်ထားနိုင်သည်။
ထို့ကြောင့် လောလောဆယ်တွင် အထက်ပိုင်း အကြီးအကဲများနှင့် အတွင်းစည်းတပည့်များကိုသာလျှင် သောက်သုံးရန် ဆေးလုံးများ ထောက်ပံ့ပေးထားနိုင်၏။
..........
ကျွီ
ရီရှင်းချန်သည် တံခါးအား ပိတ်လိုက်၏။ သူ၏ လက်ထဲတွင် ရှိနေသော ဆေးလုံးအား အသာငုံ့ကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဒါက ဘယ်လိုထူးခြားတဲ့ အစွမ်းသက်ရောက်မှုတွေရှိတဲ့ ဆေးလုံးဖြစ်မလဲ”
သူသည် ခေါင်းကို မော့ပြီးသည့်နောက် အသွင်ပြောင်း ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးအား တစ်ခါတည်း မျိုချလိုက်၏။ သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်၊ မရီဒန်နှင့် တခြားသော အရာများ တိုးတက်သွားသည်ကို သိရှိရသည့်အချိန်မှာတော့ အံ့အားတကြီးဖြင့် အော်လိုက်မိသည်။ “ဒါက အရင်သောက်ခဲ့တဲ့ ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံးနဲ့ ဝိညာဉ်ဖြစ်တည်ခြင်းဆေးလုံးတို့ထက် ပိုပြီးအားကောင်းတာပဲ”
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ဆေးလုံးများကို သောက်သုံးလိုက်ကြ၏။ သူတို့အားလုံးသည် ဆေးလုံး၏ စွမ်းအင်များကို သိရှိပြီးသည့်နောက် အလွန်အံ့အားသင့်မိသလို ပျော်လည်း ပျော်ရွှင်မိကြသည်။
အောက်နယ်မြေတွင် ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအင်များ ကြံ့ခိုင်လာစေရန် နည်းလမ်းမျိုးစုံကို အသုံးပြု၍ ကြိုးစားခဲ့ရ၏။ သို့ပေမဲ့ ပင်ကိုယ်စွမ်းရည်နှင့် ခန္ဓာကိုယ်အဆင့်အရဆိုလျှင် သူတို့သည် စွန်းမူချန်ကို မယှဉ်နိုင်သေးချေ။
ထို့ကြောင့်ပင်လျှင် သူတို့ အသက်ရှင် နေထိုင်ရသည့် ပတ်ဝန်းကျင် တည်နေရာကြီး ပြောင်းလဲသွားမှုနှင့်အတူ ပိုမိုကာ ကြိုးစားရတော့မှာဖြစ်၏။
လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်သည် သူတို့အား ဆေးလုံးအသစ် တစ်မျိုးကို ပေးအပ်ခဲ့၏။ ထိုအရာသည် အလွန်ကောင်းမွန်သည့် အကျိုးသက်ရောက်မှု များကို ရရှိစေသည်။
“ဂိုဏ်းချုပ်”
ခန္ဓာကိုယ်တွင်း ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများကို ခံစားပြီးသည့်နောက် စွန်းမူချန်သည် သူ၏ ကြီးမားပြီး အပြစ်ကင်းစင်လှသည့် မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “ဒီဆေးလုံးက အံ့အားသင့်စရာပဲ”
“မူချန်”
ကျွင်းချောင်ရှောင်းသည် နှလုံးသားအလင်း ကျမ်းစာနှင့် ကောင်းကင်လက်ဝါးရိုက်ချက်တို့အား လှမ်းပေးကာ ပြောလိုက်သည်။ “ဒါ ငါတို့ဂိုဏ်းရဲ့ အဆင့်နိမ့် သိုင်းကျင့်ကြံခြင်းနည်းစနစ်တွေပဲ။ ဒါကို ယူပြီးတော့ ကျင့်ကြံတော့”
ဖြူမဲညီနောင်တို့သည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ မြေပေါ်တွင် လဲကျလုမတတ် ဖြစ်သွား၏။ ဤအရာများသည်ကသာလျှင် အဆင့်နိမ့် သိုင်းကျင့်ကြံခြင်းနည်းစနစ်ဆိုလျှင် အထက်နယ်မြေ၌ အဆင့်မြင့် သိုင်းကျင့်ကြံခြင်းနည်းစနစ်ဆိုသည်မှာ ရှိပင် ရှိတော့မည် မဟုတ်ချေ။
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်”
စွန်းမူချန်သည် သိုင်းကျမ်းနှစ်ခုကို ယူဆောင်ပြီးနောက် သူ၏ အိပ်ဆောင်ရှိရာသို့ ပြန်သွား၏။ ပြီးနောက် စတင်ကာ လေ့ကျင့်တော့သည်။ တစ်ညလုံး လေ့ကျင့်ပြီးနောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိ၏။ “စီနီယာတုံးကု က ငါ့ကို တကယ့်ကို တောက်ပတဲ့ လမ်းကြောင်းတစ်ခု ချပြခဲ့တာပဲ”
သူသည် ပြိုင်စံရှားဂိုဏ်းဆီသို့ လာရောက်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဝူတန်စာမေးပွဲကို ကျရှုံးခဲ့သောကြောင့် ဖြစ်၏။ သို့ပေမဲ့ ဤဂိုဏ်းထဲသို့ ရောက်ရှိပြီးသည့်နောက် မှော်ဆန်လှသည့် ဆေးလုံးကို သောက်သုံးရသည့်အပြင် အဆင့်မြင့် ကျင့်ကြံခြင်းနည်းစနစ်ကိုပါ ရရှိခဲ့သေး၏။ ထိုတင်မကသေးပေ။ ရရှိထားသော သိုင်းကျင့်ကြံခြင်း နည်းစနစ်များသည် နားလည်လွယ်ပြီး ဆန်းကြယ်လွန်းလှချေ၏။
ထို့ကြောင့် သူသည် လင်းယွမ်မြို့တော်ဝန်နှင့် ဝူတန်ကျောင်းတို့အား အမှန်ပင် ကျေးဇူးတင်မိနေ၏။ ၎င်းတို့သည်သာ ညစ်ပတ်သည့် နည်းလမ်းများကို အသုံးပြု၍ ကျောင်းထဲသို့ ဝင်ခွင့်မရအောင် မပြုလုပ်ပါက ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ဖြစ်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ပါရမီနှင့် အချိန်များကို ဖြုန်းတီးသလို ဖြစ်ပေလိမ့်မည်။
.............
ပြိုင်စံရှားဂိုဏ်း၏ အပြင်ဘက် မြေပြန့်တည်နေရာ တစ်ခုလုံးသည် တောဝက်ရိုင်းလေးနှင့်အတူ တခြားသော ဆေးခန်းမဆောင်မှ အဖွဲ့သားများ၏ အလုပ်ကြိုးစားမှုကြောင့် ဆေးပင်များ ဖုံးလွှမ်းလျက် ရှိနေ၏။
တောဝက်ရိုင်းလေးသည် အနည်းငယ်ပိုကာ ကြိုးစားခဲ့ရသည်ဆိုသော်လည်း လက်ရှိရှိနေသော မြေဆီလွှာများကို စားသုံးရင်း၊ အန်ထုတ်ရင်းနှင့် ပိုမိုကာ အားကောင်းလာနေသည်။
၎င်းသည် မြေပေါ်တွင် လဲလျောင်းကာ အိပ်နေရင်းနှင့် ကောင်းကင်နှင့် မြေကြီးတွင် ရှိနေသော ဓာတ်သဘာဝများ အားလုံးသည် သူ၏ ခန္ဓာကိုယ် အမွှေးအမှင်များဆီမှတဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျက် ရှိနေ၏။ မြေဝါးမြိုခြင်း သူတော်စင် သားရဲ သွေးမျိုးဆက်ကို ပိုင်ဆိုင်သူ ဖြစ်သည်မို့ သူသည်သာ ပိုမို အားကောင်းချင်သည် ဆိုပါက တလျှောက်လုံး စားနေရန်သာ လိုအပ်၏။
အထက်နယ်မြေတွင် ရှိသော မြေဆီလွှာများသည် အောက်နယ်မြေတွင်ရှိသော မြေဆီလွှာများထက် ပိုမိုကာ အာဟာရပေါကြွယ်လွန်းလှ၏။ တောဝက်ရိုင်းလေး၏ လက်ရှိ အားအင်အဆင့်သည် ကျွင်းချောင်ရှောင်း၏ ပဋိညာဉ်သားရဲများထဲတွင် ထိပ်ဆုံးများထဲမှ တစ်ယောက်အဖြစ် သတ်မှတ်နိုင်စွမ်း ရှိနေ၏။ သို့ပေမဲ့ ၎င်း၏ ထူးခြားသည့် ဓာတ်သဘာဝနှင့် လုပ်ဆောင်နိုင်မှုကြောင့် သူသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင်သာ အချိန်ဖြုန်းနေရသည်။
“အကြီးအကဲဝေ”
တောင်၏ထိပ်တည်နေရာတွင် ရပ်လျက် ရှိနေသော ကျွင်းချောင်ရှောင်းသည် စွန်းပုကုံးနှင့် တခြားသော သူများကို ကြည့်ရှုကာ မေးလိုက်၏။ “အထက်နယ်မြေမှာရှိတဲ့ မြေဆီလွှာဆီမှာ ကောင်းကင်နဲ့ မြေကြီးဓာတ်သဘာဝတွေ ပိုပြီးတော့ အားကောင်းတယ်။ ဒီတော့ ဆေးပင်တွေ စိုက်ပျိုးမှုကာလက ပိုပြီးတော့ မြန်ဆန်နိုင်တယ် မဟုတ်လား”
အကြီးအကဲဝေသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါကို အစောကြီးကတည်းက ကျုပ် လေ့လာပြီးပြီ။ ဒီမှာရှိတဲ့ မြေဆီလွှာတွေက အရမ်းကို အားကောင်းတယ်ဆိုပေမဲ့ ဂိုဏ်းချုပ်ပေးတဲ့ ဆေးမျိုးစေ့တွေက အဆင့်နိမ့် နယ်မြေနဲ့ နှိုင်းယှဉ်လို့ရှိရင် ပိုပြီး အားကောင်းတယ်လေ။ ဒီတော့ ဒါတွေရင့်မှည့်လာစေဖို့အတွက် အချိန်အတော်ကြာ စိုက်ပျိုးရမှာ စိုးရိမ်မိတယ်”
...........
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ကောင်းကင်နှင့်မြေကြီးဓာတ်သဘာဝများ ပိုမိုကာ အားကောင်းခြင်းသည် တပည့်များအား ပိုမိုအားကောင်းလာစေရန် ကူညီပေးနိုင်မည်ဟု သူက သတ်မှတ်ထားခဲ့၏။
အကယ်၍ များပြားလှသည့် ဆေးလုံးများနှင့်သာ ကူညီနိုင်မည်ဆိုပါက ကျင့်ကြံခြင်း၏ အချိန်ကြာမြင့်မှု နှုန်းကို လျော့ချနိုင်ပေလိမ့်မည်။ သို့ပေမဲ့ ဆေးပင်များ ထောက်ပံ့မှု မလုံလောက်ပါက ဆေးလုံးလည်း မရရှိနိုင်ပေ။ ဤသို့ဆိုလျှင် အကုန်ရှုပ်ကုန်ပေလိမ့်မည်။
စနစ်သည် အခွင့်အရေးကို အရယူကာ ပြောလိုက်၏။ “ပြဿနာတွေ ရှိတယ်ဆိုရင် စတိုးဆီကို သွားလို့ရတယ်နော်”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာ လေးလေးနက်နက် ပြောလိုက်သည်။ “ငါ တကယ့်ကို ကြိုးစားရမယ်။ ဒါပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားတာကို ပိုပြီး နှစ်သက်တယ်။”