နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်း
Vol. 015 Ch. 1413
ထိုမြင်ကွင်းကို ကြည့်ကာ စွမ်းအားမြင့်တန်ခိုးရှင်များ၏မျက်လုံးများက ကျုံ့သွားသည်။ အထူးသဖြင့် နတ်ဆင်များဖြစ်ကြ၏။
ရီဖူရှင်း၏ခန္ဓာကိုယ်မှ ကမ္ဘာမြေကို တုန်ခါစေသည့် ဆင်နင်းသံများအား ကြားရသည်။ ထို့အပြင် သူ့အား သန့်စင်သော ရွှေအလင်းများ တောက်ပေနေသည်။ သူ့ခန္ဓာကိုယ်အား နတ်ဆင်ကြီး၏ပုံရိပ်တစ်ခု ဖုံးအုပ်ထားကာ အနီးတဝိုက်တွင်လည်း များစွာသော နတ်ဆင်ပုံရိပ်ယောင်များကို ဖြစ်ပေါ်စေသည်။
သူသည် ဆင်များ၏ဘုရင်တစ်ဆူအလား…။
ထိုနေရာသည် အလွန်တရာ တိတ်ဆိတ်သွားခဲ့သည်။ ထိုအခိုက်တွင် အရပ်ဆယ်မျက်နှာနတ်ဆင်အင်ပါယာပြန်လည်အသက်ဝင်လာသည့်အလား ထင်မှတ်ရ၏။
“ကျုပ်က အရပ်ဆယ်မျက်နှာနတ်ဆင်အင်ပါယာရဲ့ပညာတစ်ခုမှ မသုံးရသေးဘူး” ရီဖူရှင်းက နတ်ဆင်အင်ပါယာကို ပြောသည်။
ဝုန်း…
နောက်ထပ် တုန်ခါသံတစ်ခုကို ကြားရသည်။ နောက်ထပ် သန်မာသော နတ်ဆင်ပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။ သူကား နတ်ဆင်မျိုးနွယ်မှ လူငယ်မျိုးဆက်တွင် အတော်ဆုံးထဲမှ တစ်ဦးဖြစ်ပေသည်။ သူသည် နတ်ဆင်အင်ပါယာ၏တိုက်ရိုက်မျိုးဆက်တစ်ဦးလည်းဖြစ်၏။
“ရှင်းမင်း…” ထိုမြင်ကွင်းကို ကြည့်ကာ စွမ်းအားမြင့်တန်ခိုးရှင်များ စိတ်လှုပ်ရှားသွားကြသည်။ ယခု ထွက်လာသူကား နတ်ဆိုးဘုံတွင် လွန်စွာ နာမည်ကျော်ကြားသူဖြစ်သည်။ ရှင်းမင်းကား နတ်ဆင်အင်ပါယာ၏သွေးများစီးဆင်းနေသာ အကယ်၍သာ နတ်ဆင်အင်ပါယာက သူ၏အရိုးကို လက်ဆင့်ကမ်းလိုပါက ရှင်းမင်းထံသို့သာ ပေးအပ်ဖြစ်ပေလိမ့်မည်။
ရှင်းမင်းသည် ခြေတစ်လှမ်းတည်းဖြင့် ထိုနေရာတစ်ခုလုံးကို တုန်ခါစေကာ ရှေ့ကို တက်လာခဲ့၏။
ရီဖူရှင်း၏အနီးမှ လေထုသည် မွမ်းကျပ်လာ၏။တချိန်တည်းတွင် သူသည် လေထဲသို့ နတ်ဆင် ၁၈ကောင်တက်လာသည်ကို မြင်ရပြီး ထိုနေရာအား ပတ်လှောင်ထား၏။
ရီဖူရှင်းကား ထိုအခိုက်တွင် ဧရာမဖိအားကြီးကို ခံစားလိုက်ရသည်။ ရှင်းမင်းကား ရွှေရောင်ခန္ဓာကိုယ်ရှိကာ တစ်လက်လက်တောက်ပနေသည်။ သူက လေထဲတွင် ရပ်နေလျှင် သူ၏လူသားအသွင်မျှကပင် အရာခပ်သိမ်းကို နင်းချေနိုင်ဟန်ရနေသည်။
ဘုန်း… ဘုန်း… ဘုန်း…
ကြောက်မက်ဖွယ် ရင်ဆိုင်ထိတွေ့မှုများဖြစ်ပေါ်လာခဲ့ကာ ကောင်းကင်တခွင် တုန်ခါသွား၏။ မဟာလမ်းစဉ်၏ပေါက်ကွဲမှုနှင့်အတူ ရီဖူရှင်းက အပေါ်သို့ တရှိန်ထိုးတက်သွား၏။
“ဆင်းစမ်း…”
ရှင်းမင်းက အော်ဟစ်လိုက်လျှင် နတ်ဆင်၏ဧရာမခြေထောက်တစ်ချောင်းဖြစ်ပေါ်လာကာ ရီဖူရှင်းအား နင်းချေသည်။
ထို့အပြင် ခြေထောက်သည် ဧရာမကြီးမားကာ စစ်မှန်သော နတ်ဆင်၏ခွန်အားများပါဝင်နေသည်။
ရီဖူရှင်းက ခေါင်းမော့ကာ ကြည့်လိုက်သည်။ သူသည်လည်း ရွှေရောင်နတ်ဆင်ပုံရိပ်တစ်ခုဖြင့် လွှမ်းခြုံထား၏။ သူက လက်ကို မြှောက်ကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။
ပုံရိပ်ယောင်လက်သီးသည် မရေမတွက်နိုင်သော နတ်ဆင်များအား တုန်ခါစေသည်။ လက်သီးက ဧရာမနတ်ဆင်ခြေထောက်ကြီးအား တိုက်ခိုက်၏။
မရေမတွက်နိုင်သော နတ်ဆင်ပုံရိပ်များမှာလည်း ကြေပျက်သွားရသော်လည်း သူတို့သည် နတ်ဆင်ခြေထောက်ကိုတော့ တားဆီးနိုင်ကြပေသည်။ နတ်ဘုရားအလင်းတစ်ခု ဧရာမခြေထောက်ကြီးကို ဖြတ်သန်းသွားသည်။ ထို့အတူ ရီဖူရှင်းသည်လည်း နောက်ကို လွင့်သွား၏။ တစ်ဘက်တွင် နတ်ဆင်ခြေထောက်ကြီးသည် အစိတ်စိတ်ကြေပျက်သွားခဲ့ကာ ရီဖူရှင်းအား ထိခိုက်စေခြင်းမရှိခဲ့ပေ။
ရှင်းမင်းက ရီဖူရှင်းကို ကြည့်ကာ အံ့အားသင့်သွားသည်။ သူ၏တိုက်ခိုက်မှုက အရာမထင်ခဲ့ပေ။
ကြည့်ရသည်မှာ သည်လူကား အမှန်တကယ်ပင် အရပ်ဆယ်မျက်နှာနတ်ဆင်အင်ပါယာ၏အမွေကို ဆက်ခံခဲ့ဟန်ရသည်။
ရှင်းမင်း၏မျက်လုံးများက အေးစက်သွားသည်။ သူက ရှေ့ကို တက်သွားလျှင် နတ်ဆင်ပုံရိပ်များစွာ လှုပ်ရှားသွားသည်။ သူက နောက်ထပ် ခြေတစ်လှမ်းယူလိုက်လျှင် လေထုသည် တုန်ခါသွား၏။ ဖူရှင်း၏သွေးများလည်း ဆူပွက်သွားကာ မသက်မသာ ခံစားသွားရသည်။ ထိုခြေလှမ်းသည် သူ့အနီးမှ လေထုကိုပင် ဖြိုခွင်းသွားနိုင်ဟန်ရသည်။
ဘုန်း…
နောက်ထပ် ခြေတစ်လှမ်း…။ လေထုပေါက်ကွဲသံသည် လူတိုင်း၏နားစည်လာကို ပြင်းထန်စွာ လာရောက်ရိုက်ခတ်၏။ ထိုနေရာအနီးတွင်ရှိသော ရှန့်ထိုအချို့မှာ သူတို့၏အာရုံကို ပိတ်ဆို့ထားလိုက်ကြရသည်။ ရှန့်ထိုပထမအဆင့်များကား နားစည်များမှ သွေးများပင် စီးကျလာကြ၏။
“နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်း”
စွမ်းအားမြင့်တန်ခိုးရှင်များအားလုံးက တိုက်ပွဲကို အာရုံစိုက်ကြည့်နေကြသည်။ ရှင်းမင်းကား လူငယ်မျိုးဆက်များအကြား အတော်ဆုံးထဲမှ တစ်ဦးဖြစ်သည်။
နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာသည် နတ်ဆင်များ၏အထွတ်အထိပ်ပညာရပ်တစ်ခုဖြစ်ကာ ခြေလှမ်းတစ်လှမ်းမျှဖြင့် တစ်ဘက်လူကို အမှုန့်ဖြစ်အောင် နင်းချေနိုင်စွမ်းရှိပေသည်။ ခြေလှမ်းများစွာဆိုပါက ဆိုဖွယ်မရှိတော့။
ထိုအကွက်ကား ဝိညာဉ်များကိုပင် ပြားချပ်စေနိုင်ကာ နတ်ဆိုးများ၏ပင်မတိုက်ကွက်တစ်ခုဟုလည်း ဆိုနိုင်သည်။
ထိုအခိုက်တွင် ရီဖူရှင်းကား တုတ်နှောင်ခံရသလို ခံစားရသည်။ သူသည် လေဟာနယ်စွမ်းအားအောက်တွင် လှုပ်ရှားနိုင်စွမ်းမရှိပေ. သူ့ပတ်ဝန်းကျင်မှာ ရှင်းမင်း၏ခြေလှမ်းကြောင့် ပိတ်ဆို့ခံထားရဟန်တူသည်။
ဘုန်း…
နောက်ထပ် တစ်လှမ်း…။ လေဟာနယ်မဟာလမ်းစဉ်စွမ်းအားသည် ပိုမိုအားကောင်းလာနေသည်။ ၎င်းသည် ပတ်ဝန်းကျင်မှာ မဟာလမ်းစဉ်လေဟာနယ်စွမ်းအားများအားလုံးကို စုစည်းသွားဟန်ရသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါနေသည်။ သူက လေထဲမှ ပုံရိပ်အား ကြည့်လိုက်သည်။ သူ့မျက်လုံးများမှ အရောင်များ ဖြာထွက်နေ၏။
ထိုအခိုက်တွင် ရီဖူရှင်း၏မျက်လုံများသည် မယုံကြည်နိုင်အောင် နက်ရှိုင်းလာခဲ့သည်။ သူသည် တစ်လောကလုံးကို မြင်နိုင်သည့်အလား…။
ကောင်းကင်တွင် လေပြင်းများ တိုက်မုန်တိုင်းများဖြစ်ပေါ်လာသည်။ ရှင်းမင်း၏ပြင်းထန်သော နတ်ဆင်အရှိန်အဝါက အသက်ဝင်လာခဲ့ကာ ပိုမိုပြင်းထန်သော စွမ်းအားဖြစ်ပေါ်လာ၏။ ထို့နောက်တွင် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်ပေါ်လာခဲ့ပြီး ရီဖူရှင်းထံသို့ ကျဆင်းလာခဲ့တော့သည်။
ဘုန်းခနဲမြည်သံနှင့်အတူ ရီဖူရှင်း၏ခန္ဓာကိုယ်က တုန်ခါကာ နောက်ကို လွင့်သွား၏။ သူ့ခန္ဓာကိုယ်မှ သွေးများယိုစီးကျလာသည်။
သူက လေထဲကို ဆက်လက်၍ စောင့်ကြည့်နေသည်။ သူ၏သက်စောင့်ဟော်နန်းထဲတွင် နတ်ဆင်အင်ပါယာ၏ပုံရိပ်ယောင်တစ်ခုဖြစ်ပေါ်လာဟန်ရသည်။
သူကား အရိပ်ဆယ်မျက်နှာနတ်ဆင်အင်ပါယာ၏အရိုးကို ဆက်ခံရရှိခဲ့သော်လည်း သူသည် နတ်ဆင်များ၏တိုက်ခိုက်နည်းနစ်များကို မပိုင်ဆိုင်ပေ။ နတ်ဆင်များသည်သာ ထိုနည်းစနစ်များကို ပေးနိုင်ပေသည်။
ဘုန်း…
နောက်ထပ် ခြေတစ်လှမ်း…။ ရီဖူရှင်းကား တုန်ခါသွားကာ နောက်ကို ထပ်လွင့်သွား၏။
သို့တိုင်အောင် ရီဖူရှင်း၏သန်မာမှုကို ကြည့်နေသူများအားလုံး အံ့အားသင့်ကြရသည်။ သူသည် ထိုမျှ တောင့်ခံနိုင်ခြင်းအပေါ်လည်း အံ့အားသင့်ကြရ၏။ မည်သူမှ နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာကို ထိုတို့ တောင့်မခံနိုင်ကြပေ။
ထိုအခိုက်တွင် ရီဖူရှင်းက လက်ဆန့်တန်းလိုက်ကာ နှင်တံအား ထုတ်ဖော်လိုက်၏။
သူ့အား နတ်ဆင်ပုံရိပ်တစ်ခု ခြုံလွှမ်းသွားသည်။ အဆုံးအစမဲ့သော စွမ်းအားများ သူ့ထံသို့ လာရောက်စုစည်းကြ၏။ ထိုအခိုက်တွင် သူသည် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်သည်။
ဝုန်း…
သူက နှင်တံကို ဝှေ့ယမ်း၏။ ထိုသို့သော ဖိအားအောက်တွင် နှင်တံကို အသုံးပြုနိုင်ခြင်းကပင် ရီဖူရှင်း၏ခွန်အားကို သိနိုင်ပေသည်။
ရှင်းမင်း မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်လုံးများကမူကား အေးစက်နေဆဲ။ သူက နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်ကာ ပတ်ဝန်းကျင်ကို ပြားကပ်စေသည်။
ရီဖူရှင်း၏နှင်တံက ချက်ချင်းပင် ထွက်ပေါ်လာ၏။ နှင်တံသည် ပြင်းထန်သော အရှိန်နှင့်အောက်ကို ကျဆင်းလာခဲ့သည်။
သို့သော်လည်း နောက်ထပ် ဝှေ့ယမ်းသံတစ်ခုနှင့်အတူ လေထုသည် ပေါက်ကွဲသွား၏။ မုန်တိုင်းများ ရှင်းလင်းသွားကာ ရီဖူရှင်းသည်လည်း နောက်ကို လွင့်သွားသည်။ သို့သော်လည်း သူက ရှေ့ကို ဆက်သွားလိုက်လျှင် သူ့ခွန်အားများ ပိုမိုကြီးမားလာခဲ့သည်။
လေထဲတွင် နောက်ထပ် နှင်တံဝှေ့ယမ်းမှုတစ်ကြိမ် ဖြစ်ပေါ်လာပြန်သည်။ ကြောက်မက်ဖွယ် နှင်တံပုံရိပ်သည် ကောင်းကင်ကို ခွင်းကာ ကျဆင်းလာလျှင် စွမ်းအားမြင့်တန်ခိုးရှင်များအားလုံး ထိတ်လန့်သွားရသည်။
“ဒါက ဘာနှင်တံပညာလဲ…” နဂါးအင်ပါယာက ကျူးယန့်ကို ကြည့်ကာ မေးသည် “ခင်ဗျား သိလား…”
“ရင်းနှီးနေတယ်။ ကျုပ်ကို ပြောတာကတော့ သူအောက်ဘုံမှာ လေ့ကျင့်တုန်းက လူဝံတွေရဲ့ ကောင်းကင်ဖြတ်သန်းခြင်းနှင်တံ ၈၁ချက်ကို သင်ယူခဲ့တာလို့ ပြောတယ်” ကျူးယန့်က ပြောသည်။
ရီဖူရှင်းက နောက်ထပ်နှင်တံတစ်ချက် ထပ်ရိုက်သည်ကို ကြည့်ကာ နဂါးအင်ပါယာက ခေါင်းညိတ်လိုက်သည် “ကြည့်ရတာ သူက နှင်တံကို အသုံးပြုတဲ့အခါ သူ့နည်းလမ်းသူ့ဟန်ရှိပုံပဲ။ ဒီလူသားလူငယ်က အရမ်းအရမ်းကို ပါရမီမြင့်တယ်”
ကျူးယန့်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
ရီဖူရှင်းက လေးချက်မြောက်ကို ရိုက်လိုက်သောအခါ သူသည် နတ်ဆင်ခြေလှမ်းကို ဆန့်ကျင်ကာ တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေထုသည် ပြင်းထန်စွာ ပေါက်ကွဲမြည်ဟီးသွား၏။
“ဒီနှင်တံပညာရပ်က တကယ်ပဲ နတ်ဆင်ခြေလှမ်းကောင်းကင်နင်းပညာကို ယှဉ်နိုင်တာပဲ”
အနီးမှ နတ်ဆိုးများအားလုံးမှာ အံ့အားသင့်သွားကြသည်။ နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာကား ပင်မတိုက်ကွက်တစ်ခုဖြစ်သည်။ ထိုပညာရပ်သည် နတ်ဆင်များ၏မူပိုင်လည်းဖြစ်၏။
သို့သော်လည်း သည်နှင်တံပညာသည် ထိုခြေလှမ်းတိုက်ကွက်အား အမှန်တကယ်ယှဉ်နိုင်နေသည်။
ရီဖူရှင်းသည် ဆက်လက်၍ ရင်ဆိုင်တိုက်ခိုက်ကာ သတ္တမမြောက်ရိုက်ချက်ကို ထုတ်ဖော်လိုက်၏။ ရှင်းမင်းကလည်း နောက်ထပ်ခြေတစ်လှမ်းကို တက်လိုက်သည်။ နတ်ဆင်များအားလုံးသည် ထိုခြေလှမ်းတွင် ပါဝင်အားဖြည့်ကြသလို ရီဖူရှင်း၏စွမ်းအားများအားလုံးမှာလည်း နှင်တံရိုက်ချက်တစ်ခုတည်းတွင် စုစည်းနေဟန်ရသည်။
တိုက်ခိုက်မှုများ ရင်ဆိုင်တွေ့သောအခါ မရေမတွက်နိုင်သော နတ်ဆင်များနှင့် နှင်တံပုံရိပ်များ ပျက်စီးသွားရသည်။ ထို့နောက် သူတို့ လူချင်းခွဲလိုက်ကြ၏။ ထိုအချိန်တွင် ရီဖူရှင်းသည် လှုပ်ရှားခြင်းလည်း မရှိသလို ရှင်းလင်းသည်လည်း ရွေ့လျားခြင်းမပြုပေ။
နတ်ဆိုးများကိုထား၊ လူသားများပင် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။
သူကား နတ်ဆင်များအကြား အတော်ဆုံးဖြစ်သော်လည်း ယခု လူသားတန်ခိုးရှင်တစ်ဦးက တန်းတူယှဉ်ပြိုင်နေသည်။
“လူဝံတွေရဲ့နှင်တံနည်းစနစ်” ရှင်းမင်းသည်ပင် ထိုပညာကို သိပေသည်။ ထို့နောက် သူက ရီဖူရှင်းကို မေးသည် “နတ်ဆင်အင်ပါယာရဲ့ပညာကို နှင်တံပညာနဲ့ပေါင်းစပ်ထားတယ်။ ဒါက နတ်ဆင်အင်ပါယာအရိုးက ရတဲ့ စွမ်းအားလား”
ရီဖူရှင်းက ရှင်းမင်းကို ကြည့်ကာ ပြန်ဖြေသည် “ဒီထက်ပိုတယ်…”
သူက ပြောလိုက်သည်နှင့် နတ်ဆင်များ၏မာန်သွင်းကြွေးကြော်သံများဖြစ်ပေါ်လာသည်။ လေထဲတွင် ထောင်ပေါင်းများစွာသော နတ်ဆင်များဖြစ်ပေါ်လာ၏။
သူကား ရွှေရောင်အလင်းများဖြင့် တောက်ပနေသည်။ သူသည် နတ်ဆင်ချပ်ဝတ်ဖြင့် ရောင်စုံများလင်းလက်နေခဲ့ကာ ကြည့်နေသူများအားလုံးကို ထိတ်လန့်စေသည်။
ထိုအခိုက်တွင် ရှင်းမင်းသာမက ပတ်ဝန်းကျင်မှလူများပင် အကြီးအကျယ် အံ့အားသင့်ရသည်။
ဝုန်း…
ခြေတစ်လှမ်း…။ ထောင်ပေါင်းများစွာသော နတ်ဆင်များ တစ်ပြိုင်နက်တည်း နင်းခြေလိုက်လျှင် လေထုက တုန်ခါ၏။ ရှင်းမင်းသည်လည်း တုန်ခါသွားသော်လည်း သူက အကြည့်ကို ရှေ့သို့ စူးစိုက်ထားသည်။
“နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်း…”
ထိုမြင်ကွင်းကို ကြည့်ကာ မည်သူမှ မယုံကြည်နိုင်ကြပေ။
သည်ပညာကား နတ်ဆင်များ၏မူပိုင်ပညာဖြစ်ကာ ပြင်ပလူများ သင်ကြားခွင့်မရှိပေ။ လူသားဆိုလျှင် ပိုဆိုးသေးသည်။
ထို့အပြင် နတ်ဆင်မဟုတ်လျှင်လည်း ထိုပညာကို သင်ယူရန် အလွန်အမင်း ခက်ခဲပေသည်။
သို့သော်လည်း ရီဖူရှင်းသည် စစ်မှန်သော နတ်ဆင်ခြေလှမ်းကောင်းကင်ချနင်းပညာကို ထုတ်ဖော်ခဲ့၏။
နတ်ဆင်များအားလုံးက ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။ နတ်ဆင်အင်ပါယာသည်ပင် ရှေ့ကို တက်လာကာ မေးသည် “မင်းက ဒီပညာကို ဘယ်က သင်လာတာလဲ”
ရီဖူရှင်းက နတ်ဆင်အင်ပါယာကို ကြည့်ကာ ပြောသည် “နတ်ဆင်ပါယာက ကျုပ်ကို ပညာအမွေပေးဖို့ ရွေးချယ်ခဲ့တာဆိုရင် ဆရာကြီးယုံမလား…။ ကျုပ်က နတ်ဆင်တွေရဲ့ပညာကို ဒီအတိုင်း ကြည့်ဖို့ပဲလိုပြီးတော့ နတ်ဆင်အရိုးက သူ့ဘာသာ အသက်ဝင်ပြီး ကျုပ်ကို သင်ကြားပေးတယ်”
နတ်ဆင်အင်ပါယာက ရီဖူရှင်းအား ကြည့်သည်။ သူက အမှန်တကယ် တစ်ချက်ကြည့်ရုံဖြင့် သင်ယူနိုင်သည်လား။
ရီဖူရှင်းသည် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏လက်ခံမှုကို အမှန်တကယ် ရရှိခဲ့သည်လား။
သို့သော် သူသာ လိမ်ညာခဲ့လျှင် ပညာရပ်က မည်သည့်နေရာမှ လာသနည်း။
***